Tuesday, December 13, 2011

အရေးကြီး ရည်မှန်းချက်များ အတွက် ဗြိတိန် ဝန်ကြီး မြန်မာပြည် သွားမည်

အရေးကြီး ရည်မှန်းချက်များ အတွက် ဗြိတိန် ဝန်ကြီး မြန်မာပြည် သွားမည်


ကိုဝိုင်း | အင်္ဂါနေ့၊ ဒီဇင်ဘာလ ၁၃ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၁၁ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။         ။ အမေရိကန်နှင့် သဘောထားတူညီထားသော အရေးကြီး ရည်မှန်းချက်များ အတွက် အထောက်အကူပြုစေရန် အပြုသဘော ဆက်ဆံရေးအဖြစ် မြန်မာနိုင်ငံသို့ လာမည့် နှစ်ဆန်းပိုင်းတွင် သွားရောက် မည်ဟု ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝီလျံ ဟိတ် William Hague က တနင်္လာနေ့၌ ပြောကြားလိုက်သည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟယ်လာရီ ကလင်တန်နှင့် ဝါရှင်တန် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ဒီဇင်ဘာ ၁၂ ရက်နေ့က တွေ့ဆုံ ဆွေးနွေးမှုအပြီး မစ္စတာ ဟိတ်က သတင်းထောက်များကို ထုတ်ဖော် ပြောဆိုခြင်း ဖြစ်ကြောင်း ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

“ကျနော် မြန်မာနိုင်ငံကို ဇန်နာဝါရီလ အစောပိုင်းမှာ သွားလည်ပါမယ်။ နိုင်ငံခြားရေးဝန်ကြီး ကလင်တန် သွားခဲ့တာ ကိုလည်း ကြိုဆိုပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေး လွတ်လပ်မှု ရှိတာကို မြင်တွေ့ချင်တာနဲ့ ရှေ့မှာရှိတဲ့ သိပ်အရေး ကြီးတဲ့ ရည်မှန်းချက်တွေကို အထောက်ကူ ဖြစ်စေမယ့် အပြုသဘော ထိတွေ့ဆက်ဆံရေးမူဟာ ကျနော်တို့ရဲ့ တူညီတာတွေပါပဲ” ဟု မစ္စတာဟိတ်က သတင်းထောက်များကို ပြောသည်။


အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟယ်လာရီ ကလင်တန်နှင့် မစ္စတာ ဟိတ် ဝါရှင်တန် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ဒီဇင်ဘာ ၁၂ ရက်နေ့က တွေ့ဆုံစဉ် (Photo:: FCO)

ခရီးစဉ် အသေးစိတ်ကို ထုတ်ပြန်ခြင်း မရှိသေးသော်လည်း ဆယ်စုနှစ်များစွာအတွင်း ဗြိတိန်-မြန်မာ နှစ်နိုင်ငံ အဆင့်မြင့်ဆုံး သံတမန် ဆက်ဆံရေးတခု ဖြစ်လာဖွယ် ရှိသည်။

ကန်နိုင်ငံခြားရေး ဝန်ကြီး မစ္စစ် ဟယ်လာရီကလင်တန်ကလည်း ယင်းခရီးစဉ်ကို ကြိုဆိုလိုက်ပြီး သံတမန် ဆက်ဆံရေးကို ထိန်းထားခြင်းဖြင့် မြန်မာအစိုးရသစ်၏ လုပ်ဟန်များကို စမ်းသပ်ခွင့်ရမည်ဟု ထုတ်ဖော်ခဲ့သည်။

“၂၁ ရာစုမှာ ဒေသတွင်းမှာ မြန်မာနိုင်ငံအတွက် သင့်လျော်တဲ့ နေရာတခုရမှာ ပိတ်ဆို့နေတဲ့ အတားအဆီးတွေကို
ဖြေရှင်းသွားရေးအတွက် အခွင့်အလမ်းတခု ရှိနေပါတယ်” ဟု မစ္စစ်ကလင်တန်က သတင်းထောက်များကို ပြောဆို ခဲ့သည်။

သို့သော် ဗြိတိန်ဝန်ကြီးချုပ်၏ ခရီးစဉ်သည် ဥရောပသမဂ္ဂနှင့် အတူ မြန်မာနိုင်ငံအပေါ် ပစ်မှတ်ထား ဘဏ္ဍာရေး ပိတ်ဆို့မှုနှင့် လက်နက် တင်ပို့ရေး တားမြစ်ပိတ်ပင်မှုထားမှုများကို ကြီးကြီးမားမား ပြောင်းလဲစေမည် မဟုတ်ဟု ဗြိတိန်အခြေစိုက် ဘားမားကမ်ပိန်း - ယူကေ Burma Campaign – UK က သုံးသပ်သည်။

ယင်းအပြင် နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးရေး၊ တိုင်းရင်းသားဒေသ ထိုးစစ်များ ရပ်ဆိုင်ရေး၊ စစ်မှန်သည့် အမျိုးသားရင်ကြားစေ့ရေးနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကဲ့သို့သော စံနှုန်းမျာအပေါ် မြန်မာအစိုးရ၏ လုပ်ဆောင်ချက်ကသာလျှင် အဓိကကျဖွယ်ရှိသည်ဟု ရှုမြင်ထားသည်။

“ဝီလျံ ဟိတ်အနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတအောင် ကျင်းပပေးဖို့ တိုက်တွန်းနိုင်ပါတယ်။ အဲဒီ စံနှုန်းအဆင့်တွေကို အစိုးရက ဖော်ဆောင်လာရင် ဗြိတိန်နဲ့ အီးယူတို့က ပိတ်ဆို့ထားတာတွေကို လျှော့ပေါ့ပေး ဖို့ ပြောပါလိမ့်မယ်” ဟု ဘားမားကမ်ပိန်း - ယူကေ ဒါရိုက်တာ မက်ခ် ဖါမန်နာ Mark Farmaner က မဇ္ဈိမကို
ပြောသည်။

မစ္စတာ ဟိတ်၏ ယခုခရီးစဉ်သည် နိုဝင်ဘာလ ၁၅ ရက်နေ့က ဗြိတိန်အစိုးရ နိုင်ငံတကာဖွံ့ဖြိုးရေးဌာန DFID ဝန်ကြီး အင်ဒရူးမစ်ချယ်လ်၏ မြန်မာပြည်ခရီးစဉ်အပြီး တလမပြည့်မီ ထပ်မံသွားရောက်မည့် ဗြိတိန်အဆင့်မြင့်အရာရှိတဦး၏ ခရီးစဉ်လည်း ဖြစ်သည်။

အင်ဒရူးမစ်ချယ်လ်၏ နိုဝင်ဘာလ ၁၅ ရက် ခရီးစဉ်၌ ဒုသမ္မတ သီဟသူရတင်အောင်မြင့်ဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် စက်မှုဖွံ့ဖြိုးရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေး၊
ပြည်ထောင်စု ဒုဝန်ကြီးများနှင့် သီးခြားစီ တွေ့ဆုံခဲ့သည်။ အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံသွားခဲ့သည်။

တွေ့ဆုံမှုများတွင် မြန်မာ့နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲနေမှု၊ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ငြိမ်ချမ်းရေး ဆောင်ရွက်
နေမှုနှင့် မြန်မာ-ဗြိတိန် နှစ်နိုင်ငံအကြား ဆက်ဆံရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စများ ဆွေးနွေးခဲ့ကြသည်။

DFID သည် မြန်မာနိုင်ငံ ပညာရေးနှင့် ကျန်ားမရေးအတွက် ၂ဝ၁၂ မှ ၂ဝ၁၅ ခုနှစ်အထိ လေးနှစ်တာအတွင်း ခန့်မှန်းခြေ ပေါင် သန်း ၁၈ဝ (အမေရိကန်ဒေါ်လာ သန်း ၃ဝဝ) ကို ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့များ၊
နိုင်ငံတကာနှင့် ဒေသခံ NGO များ၊ ရပ်ရွာအဖွဲ့အစည်းများမှတဆင့် ကူညီပေးသွားရန် ရှိသည်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်နှင့်ပတ်သက်၍ တရားဝင်မသိရသေးသော်လည်း လာရောက်မည် ဆိုပါက
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရနိုင်ဖွယ်ရှိသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က မျှော်လင့် ထားသည်။

“ဘာလို့လည်းဆိုတော့ အမေရိကန်တောင် ခွင့်ပြုသေးတယ်။ ဗြိတိသျှလည်း ခွင့်ပြုမှာပေါ့။ လာလို့ ရှိရင်
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့မှာပေါ့ခင်ဗျ။ အမေရိကန်တို့ ဗြိတိသျှတို့ကတော့ တနိုင်ငံထဲ လိုပဲလေ” ဟု NLD ဒုဥက္ကဋ္ဌ ဦးတင်ဦးက မဇ္ဈိမကို ပြောသည်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီအုံကြွမှုကို ပစ်ခတ်နှိမ်နင်း၍ အာဏာသိမ်းခဲ့သည့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်
ရေး အဖွဲ့ - နဝတလက်ထက် ၁၉၈၉ မှ စ၍ နိုင်ငံ၏အမည်ကို အင်္ဂလိပ်ဘာသာဖြင့် Burma ဟု သုံးနေရာမှ Myanmar ဟု ပြောင်းလဲသုံးနှုန်းလာသော်လည်း အမေရိကန်နှင့် ဗြိတိန်တို့ကမူ Burma ဟုသာ ဆက်သုံးနေဆဲ
ဖြစ်သည်။

No comments: