Thursday, December 29, 2011

တနှစ်ပြောင်းခဲ့ပြန်ပြီ။


နှစ်တနှစ် ကူးပြောင်းဖို့ 
ပြက္ခဒိန်လဲလိုက်တဲ့အခါ
(အော်) တနှစ်ပြောင်းပြန်ပြီ------
ကျန်ခဲ့တဲ့နှစ် ------
သင် ဘာတွေ ပေးခဲ့သလဲ
သင် ဘာတွေရခဲ့သလဲ
ဝေဒနာတွေ စေတနာတွေ အချိုးကျတွက်လိုက်
(တကယ့်ဘ၀ထဲမှာ)
ရင်နာစရာတွေက အများသား
မယုံကြည်နိုင်တဲ့ ပြောင်းလဲမှုတွေ
မရေရာတဲ့ ခြေလှမ်းတွေ
ကဲ ဒီလိုနဲ့ ပဲ တနှစ်ပြောင်းခဲ့ ပြီလေ။

မျှော်လင့်ခြင်းတောင်းထဲက
နေလောင်သစ်သီးပုပ်တွေ
လွှင့်ပစ်ဖို့ လည်း မမေ့လိုက်ပါနဲ့ 
နှစ်သစ်ထဲမှာ စိတ်အညစ်တွေ မပါကြေးပေါ့
အရောင်မတူ အခြေမတူတာတွေ
အတွေးမတူပဲ ဖေးကူတာတွေ
ကဲ ဒီလိုနဲ့ ပဲ တနှစ်ပြောင်းခဲ့ ပြီလေ။

တိမ်းစောင်းလည်နေတဲ့ ကမ္ဘာကြီးထဲ
အတိမ်းအစောင်းတွေက အများသား
အသက်ရှင်ဖို့  ထမင်းစားသူတွေ
သံသရာထဲမှာ လည်ပတ်
စက်ရူပ်တွေလို နှလုံးသား မဲ့ လာနေကြ
လက်တကမ်း သာယာမှုတွေကြား
တဒင်္ဂနှစ်မျော
ပိုးဖလံတွေနဲ့  လူသား တသားထဲဖြစ်ခဲ့
ဒီလိုနဲ့ ပဲ တနှစ်ပြောင်းခဲ့ ပြီလေ။

ငိုလိုက်ကြ
ရန်ဖြစ်လိုက်ကြ
ဒုက္ခသည်တွေဖြစ်လိုက်ကြ
စစ်ဖြစ်လိုက်ကြ
ဆန္ဒတွေပြလိုက်ကြ
မသိယောင်ဆောင်လိုက်ကြ
ဟန်ဆောင်ခြင်း ရန်စောင်ခြင်း
အပြုံးတွေ ပျောက်ကွယ်လု ကမ္ဘာကြီးထဲ
ဒီလိုနဲ့ ပဲ တနှစ်ပြောင်းခဲ့ ပြီလေ။

အမုန်းကြောင့်ဖြစ်တဲ့ စစ်
မမုန်းပဲဖြစ်တဲ့ စစ်
အိမ်တွင်းတိုက်ပွဲ
ကွန်မြူနီတီတွင်းတိုက်ပွဲ
အဖွဲ့ အစည်းတွင်းတိုက်ပွဲ
မျိုးဆက်တိုက်ပွဲ
တိုက်ပွဲပေါင်းများစွာ
ကိုယ့်ဘက်ကကြည့်လိုက်ရင် ကိုယ်မှန်နေသမျှ
ရေရှည်တိုက်ပွဲတွေ
ဒီလိုနဲ့ ပဲ တနှစ်ပြောင်းခဲ့ ပြီလေ။

နှစ်ကူးအပြောင်းမှာ
စိတ်အညစ်တွေ သိမ်းထုပ်လိုက်ပါ
လွတ်လပ်မှုရှာသူတွေကို လွတ်လပ်ခြင်းပေးလိုက်ပါ
ဆာလောင်သူတွေအတွက် သင့်ပန်းကန်ထဲက ဖဲ့ ခြွေ ဝေငှ
 ပြီး----တိမ်တိုက်တခုလိုလွှင့်ဖို့ 
အဆင်သင့်ပြင်ထားလိုက်ပါ
လက်ချည်းဗလာပြန်သွားရမယ့်ဘ၀မှာ
စေတနာ ဒိုင်းလွှားနဲ့ 
အရာအာလုံးကို ကျော်ဖြတ်နိုင်ပါစေ။

No comments: