Tuesday, December 13, 2011

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေး ကော်မတီကို ပြင်ဆင် ဖွဲ့စည်း



images
ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေး ကော်မတီကို အောက်ပါအတိုင်း ပြင်ဆင် ဖွဲ့စည်းလိုက်ပါတယ်။
နာယက - ဒေါ်အောင်ဆန်းစုကြည် ၊
ဥက္ကဌ- ဦးမိုးသူ ၊
ဒုဥက္ကဌ - ဦးအောင်လွင် ၊ 
အတွင်းရေးမှူး - ဇာဂနာ ၊
တွဲဖက်အတွင်းရေးမှူး (၁) - ကြည်ဖြူရှင် ၊ တွဲဖက် အတွင်းရေးမှူး (၂) - ဇင်ဝိုင်း ၊ 
အချက်အလက် ရှာဖွေစုဆောင်းရေး ကော်မတီ - ဦးစိမ်းနီ ၊ ဦးမော်လင်း ၊
ဇာတ်ညွန်းကော်မတီ - မောင်မောင်ဦး (စနိုးဝိုက်) ၊ မင်းထင်ကိုကိုကြီး ၊ ကိုလွင် (စနိုးဝိုက်) ၊ မောင်ယဉ်အောင် ၊ ဦးမိုးသူ ၊
ရန်ပုံငွေ ရှာဖွေရေးကော်မတီ - မောင်မျိုးမင်း (ရင်တွင်းဖြစ်) ၊ ထွန်းအိန္ဒြာဗိုလ် ၊ ဝေဠုကျော်၊ လူမင်း ၊ သရုပ်ဆောင် ရွေးချယ်ရေး ကော်မတီ - ဇင်ဝိုင်း ၊ ဒါရိုက်တာ- ၀ိုင်း၊ကြည်ဖြူရှင် ၊ ကျော်ဇောလင်း (အတွေးပုံရိပ်) ၊
နိုင်ငံတကာဆက်သွယ်ရေး - ဇာဂနာ ၊ အရိုင်း ၊မောင်မောင်သာမြင့် ၊ မောင်မောင်ဦး (snow white)
ပြန်ကြားရေး - ကြည်ဖြူရှင် ၊ မြစံပယ်ငုံ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှတ်ပုံတင်ဖို့ ပြင်ဆင်

2011-12-13
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဒီဇင်္ဘာ ၁၂ ရက်စွဲနဲ့ မှတ်ပုံတင်ခွင့် ပြုလိုက်တာကြောင့် ရက်ပေါင်း သုံးဆယ်အတွင်း မှတ်ပုံတင်နိုင်ဖို့ ပြင်ဆင်နေတယ် လို့ အင်န်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက အာရ်အက်ဖ်အေကိုပြောပါတယ်။
NLD
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ မှတ်ပုံပြန်တင်မည့် ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး ၂ဝ၁၁ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့က ရန်ကုန်မြို့ ရွှေဂုံတိုင်ရုံးချုပ်တွင် NLD လူငယ်ရေးရာ တာဝန်ခံ ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်းပြောကြားစဉ်။
“နေပြည်တော် မှတ်ပုံတင် သွားလျှောက်ဖို့ ကျနော်တို့ ပြင်ဆင်နေပါတယ်။ ပါတီရဲ့ ဖွဲ့စည်းပုံရော၊ မူဝါဒရော၊ အဲဒီ ၂၁ ဦးကနေ ရွေးချယ်တဲ့ ပါတီခေါင်းဆောင်၊ ဒု-ခေါင်းဆောင် အဲဒါတွေ လုပ်နေရပါတယ်။ အဲဒါပြီးတာနဲ့ ကျနော်တို့ သွားတင်မှာပါ”

ပြည်သူလူထု တစ်ရပ်လုံအတွက် တစ်ဆင့်တက် လုပ်ဆောင်ဖို့ လမ်းပွင့်သွားပြီလို့ အင်န်အယ်လ်ဒီ ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးက ပြောပါတယ်။

“ဆက်လုပ်တဲ့နေရာမှာ တဆင့်တက်ပြီး တိုးတက်အောင် လုပ်သွားနိုင်ဖို့အတွက် သူတို့ ခွင့်ပြုပြီ ဆိုတဲ့အပေါ် မူတည်ပြီးတော့ သမ္မတကြီး ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ သဘောထား ကြေညာချက်ထဲမှာ နိုင်ငံတော်နဲ့ ပတ်သက်တဲ့ ပြည်သူလူထု တရပ်လုံးရဲ့ တိုးတက်ရာတိုးတက်ကြောင်း၊ ရှေ့ဆက်ပြီးတော့ ပြည်သူလူထု လွတ်လပ်မှုနဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးနဲ့ ရရာရကြောင်း လုပ်ကိုင်ရန်ကိစ္စရပ်တွေပေါ်မှာ သဘောတူညီကြတယ်၊ လုပ်ကိုင်သွားမယ်ဆိုတဲ့အပေါ် မူတည်ပြီးတော့ အဲဒီတူညီချက်အရ လမ်းပွင့်သွားသလောက် ပွင့်တဲ့ အတိုင်းအတာအတိုင်း ဆက်လက်ပြီး ဆောင်ရွက်ကြတာပဲလို့ မှတ်ယူထားပါတယ်”

ရွေးကောက်ပွဲ ကော်မရှင်ထံ ပါတီတည်ထောင်ခွင့် လျှောက်လွှာတင်စဉ် က ပါဝင်သူ ၂၁ ဦးထဲက တချို့သာ ရွေးကောက်ပွဲမှာ ၀င်ပြိုင်မှာ ဖြစ်ပေမယ့် အဲဒီစာရင်းမှာ ပါဝင်တဲ့အတိုင်း လွှတ်တော်ကိုယ်စားလှယ် လောင်း ရွေးချယ်ရာမှာ အလွှာမျိုးစုံ ပါဝင်မှာပါလို့ အင်န်အယ်လ်ဒီ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဝင်းတင်က ပြောပါတယ်။

“ဒီ ၂၁ ဦးဟာ နိုင်ငံရေးပုံသဏ္ဍန် သဘောထားကို ပြတာပဲ။ ဘာလို့လဲ ဆိုတော့ ဒီအဖွဲ့ထဲမှာ ခေါင်းဆောင်မှု အဟောင်းထဲက ကျနော်တို့၊ ဒေါ်အောင်ဆန်းစုကြည်တို့ ၆ ယောက် ပါတယ်။ အဲဒါက လက်ရှိ ရှိနေတဲ့ ခေါင်းဆောင်မှုကို ကိုယ်စားပြုတဲ့ အစိတ်အပိုင်းလို့ ပြောရမှာပေါ့။ နောက်တခုက အမျိုသမီး ပါမယ်၊ တိုင်းရင်းသား ပါမယ်၊ နောက်ပြီးတော့ လူငယ်ကျောင်းသား ပါမယ်ဆိုတော့ အဲဒီအထဲမှာ ပုံသဏ္ဍာန်အားဖြင့် ၄ ခုရှိတယ်။ အမတ်လောင်းတွေ ရွေးတဲ့အခါမှာ လည်း ကျနော်တို့ ဒီသဘောမျိုးနဲ့ ရွေးမယ်”

အာအက်ဖ်အေရဲ့ ဒီနေ့အထိ ဆက်သွယ်မေးမြန်းချက်အရ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဦးဝင်းတင်၊ ဦးတင်ဦး၊ ဦးဉာဏ်ဝင်း၊ ဒေါ်နန်းခင်ထွေးမြင့်တို့ကတော့ မိမိတို့ ပါဝင်အရွေးခံမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

မှတ်ပုံတင်ဖို့ နေပြည်တော်ကို သွားရောက်တဲ့အခါမှာ ပါတီ ခေါင်းဆောင်နဲ့ ဒုတိယခေါင်းဆောင် ကိုယ်တိုင် လိုက်ပါကြရမှာဖြစ်ပြီး မှတ်ပုံတင်ရာမှာ ဖော်ပြရမယ့် ပါတီခေါင်းဆောင်နဲ့ ဒုတိယ ခေါင်းဆောင်ကို အခုရက်ပိုင်းအတွင်း ရွေးချယ်ဖို့ ရှိပါတယ်။




၁၀၆ ပေါင် ....

by ဒီမို ဖက်တီး on Tuesday, December 13, 2011 at 8:01am
မနေ့က အမေ့ အိမ်ကို လည်လည်သွားတယ် ။ ထွေလီကာလီ ပြောဖို့ ဧည့်သွားလုပ်တာပါ ။
အမေ့ ကြည့်ရတာ ပင်ပန်းပြီး နည်းနည်းတောင် နွမ်းနေသလိုရှိတာမို့ သားသမီးတို့ ၀တ်တရားအရ
နေကောင်း၏ မကောင်း၏ မေးမြန်းရပါတယ် ။

အစာကော ကောင်းကောင်းစားရဲ့လား ၊ စားကောင်းလား အိပ်ပျော်လားပေါ့လေ ... ဘာညာ ဘာညာ

အမေကလည်း မေးသမျှကို တခွန်းမကျန် ပြန်ဖြေပေးပါတယ် ။ စကားမစပ် အမေကလည်း ကိုယ့်လို
အီရောင်ဝါး ဧည့်ကို ပိုနှစ်သက်သလားလို့တောင် ထင်မိပါတယ်။ ဟုတ်တယ်လေ ၊ တချို့ ဧည့်တွေက
ဒေါသတွေ၊ မောဟတွေ ယူဆောင် လာတတ်ကျသည်ကိုး ။ အချို့များကျတော့လည်း ကြေငှာစာတမ်း
တွေ ၊ Analysis တွေ တပွေ့တပိုက်နဲ့ လာကျ ပြောကျပေါ့။

ထားပါတော့ .... အဲဒါနဲ့ ကိုယ်က အမေ ဘာလို့ ပိန်နေတာလည်း ၊ အရင်ကလည်း ပိန်တယ် ၊
အခုလည်း ပိန်တယ် ၊ ကျန်းမာကောင်း အောင်နေပါ။ အလုပ်တွေကိုလည်း ခွဲဝေလုပ်ဖို့ စေတနာ
ရှေ့ထား ဆရာရေးပြ လေတော့ ...

အမေက ၁၀၆ ပေါင်ပဲ တဲ့၊ အကျယ်ချုပ်မကျခင် ၂၀၀၃ တုန်းကလည်း ၁၀၆ ပေါင်၊ ၂၀၁၀ ထွက်လာ
တော့လည်း ၁၀၆ပေါင်၊ .... အခုလည်း ၁၀၆ ပေါင် ပါပဲတဲ့ ။ ဆက်ပြီး .......

"သူတပါးရဲ့ အကျဉ်းကျခံစဉ်တုန်းကဆို အမေက ပိုတောင် သတိထားတယ်။ ၀ လာရင်လည်း အိပ်လိုက်
စားလိုက်နဲ့ ပျင်းရိစွာ ဘ၀ကို ဖြတ်သန်းနေရတယ်ဆိုပြီး သူတပါးက ၀မ်းသာမယ်။ ပိန်သွားရင်လည်း
စိတ်ဓါတ်တွေကျ မစားနိုင် မအိပ်နိုင် ဖြစ်နေတယ် ဆိုပြီး အကျဉ်းချသူများက ၀မ်းသာမှာ စိုးလို့။"

အဲဒါကြောင့် မိခင်ဒေါ်ခင်ကြည် လက်ထက်ကတည်းက အသုံးပြုတဲ့ပေါင်ချိန်စက်ကလေးမှာ အပတ်စဉ်
ပေါင်ချိန်ကြည့်သတဲ့ .... အကျဉ်းကျနေစဉ်အတွင်း ခနွာကိုရော စိတ်ကိုရော မပျက်ဆီးအောင် ထိန်းသိမ်း
ထားခြင်းဟာ ကိုယ့်အပေါ်ရန်သူသဖွယ် ပြုမူဆက်ဆံခဲ့တဲ့သူတွေအပေါ် အောင်နိုင်ခြင်းပဲတဲ့ .....

အမေ့ရဲ့ စိတ်ဓါတ်ခိုင်မာမှုအပေါ် အံ့သြလေးစားစွာ ကိုယ်နဲ့ ကိုယ့် မိတ်ဆွေ ၃ ယောက်လုံးနုတ်ဆိတ်လို့
သာနေလိုက်ပါတော့တယ် ..... အမေ က ဆက်ပြီး .......

"အမေက အခုလည်း ၁၀၆ ပေါင်ပါပဲ ။ ဟိုးတလောကတော့ ပွဲတွေ ရက်ဆက်သွားလို့ ၁၁၀ ဖြစ်သွားတယ်"
လို့လည်း ပြောလိုက်ပါသေးတယ်။

အနစ်ချုပ်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စိတ်ဓါတ်ခိုင်မာမှု ၊ ပြင်းထန်မှု ပါပဲ။ အခုအချိန်မှာ ပါတီကို
မှတ်ပုံတင်တဲ့အတွက်ဒေါ်စု အရှုံးပေးလိုက်ပြီ ဘာဘာ ညာညာ သံကြောင် သံကြားတွေ ထွက်လာပါ
သေးတယ်။

ဒါပေမယ့် ဒေါ်စုအနေနဲ့ကတော့ အနိုင်ဆိုတာ ဘာလည်း အရှုံးဆိုတာ ဘာလည်းကို ကောင်ကောင်းကြီး
တွက်စပြီးသား လို့ ဒေါ်စုကို ချစ်ခင်တဲ့ သူငယ်ချင်းအားလုံးအတွက် သတင်းကောင်းပါးလိုက်ပါတယ် ...

အမေ့ ရဲ့ သံမဏိစိတ်ဓါတ်ကို အတုနိုင်စေရန် လူငယ်များထံ ရှယ်ပေးနိုင်ပါသည်။

သံမဏိဆိုတာ မာတယ်။ သံချေးမတက်ဘူး။ ဒါပေမယ့် ကွေးလို့ ဖြောင့်လို့ ရတယ်။

(၁၃-၁၂-၂၀၁၁)









 s
Min_Ko_Naing_88ကျနော်က ကိုပေါ် လို့ခေါ်တဲ့ ကိုပေါ်ဦးထွန်း (ခ) ကိုမင်းကိုနိုင်ကို ကျနော် စတွေ့စဉ်အခါက ကျနော့်အနေနဲ့  မြင်ရတွေ့ရတဲ့ သူ့ရဲ့ ဟန်ပန် အမူရာတွေနဲ့ စာဖတ်ပရိသတ်နဲ့ ရင်းနှီးစေချင်လို့ ဒီဆောင်းပါးကို ရေးရခြင်းဖြစ်ပါတယ်။ ကျနော် ကိုပေါ့်ကို စတွေ့တဲ့ အချိန်တုန်းက ကျောင်းသားသမဂ္ဂ (ဗကသ) ဖွဲ့စည်းကြောင်း မကြေငြာရသေးတဲ့ အချိန်ပေါ့။

သြဂုတ်လ (၁၀) ရက်နေ့ ဗဟန်းရဲစခန်း ပစ်ခတ်မှုက ကျနော် လွတ်လာခဲ့ပြီး၊ စတော့ဂိတ်ဂုံး (သိမ်ဖြူဂုံး) မှာ ထပ်အပစ်ခံရတော့၊ အပစ်အခတ် နဲနဲလွတ်ကင်းတဲ့ မင်္ဂလာတောင်ညွှန့်က ကားဝပ်ရှော့ တခုမှာ ကိုတင်ဌေး (ကိုတင်မောင်ဌေး) က ကျနော့်ကို ပုန်းနေခိုင်းထားခဲ့ပါတယ်။ နောက်တော့ အဲ့သည့်နေရာကနေ ၁၀၁ လမ်းက သူ့အိမ်မှာခေါ်ထားခဲ့ပါတယ်။ အဲဒီ့မှာတင်ပဲ  ကျနော်တို့ရဲ့ ခေါင်းဆောင် မင်းကိုနိုင် နှင့်  ကြုံရစုံရ သိခွင့်ရခဲ့ပါတယ်။
လူပုံစံက  အသားညိုညို ပိန်ပိန်ပါးပါးနဲ့  ရှေ့သွားကလေး နဲနဲထွက်နေတဲ့ တအိမ်လုံးက (ကိုပေါ်) လို့ခေါ်တဲ့ အနှီပုဂ္ဂိုလ်ကို ထိုအချိန်က ဘယ်သူ ဘယ်ဝါမှန်း ကျနော် မသိခဲ့ပါဘူး။ ကိုပေါ်က ဆေးလိပ်ကို အရမ်း ကြိုက်လို့လား၊ တွေးစရာတွေ များလို့ပဲ ဖိသောက်နေတာလားတော့ မပြောတတ်ဘူးခင်ဗျာ့.... ဖွာလိုက် ရှိုက်လိုက်နဲ့ တကိုယ်လုံးက အငွေ့ထွက်လောက်အောင်ကို ဆေးလိပ်သောက်ပါတယ်။ ကျန်းမာရေးလည်း ကောင်းတာ မဟုတ်ဘဲနဲ့ ချောင်းတဟွတ်ဟွတ် ဆိုးနေတဲ့ကြား ဆေးလိပ်ကို လက်က မချတဲ့အပြင် သောက်လက်စ တပိုင်းတစ ဆေးလိပ်တိုတွေကိုလည်း ဟိုတင် ဒီတင် ဟိုထား ဒီထားပေါ့ဗျာ။ သူ့အတွေးနဲ့သူ စိတ်နဲ့ကိုယ်နဲ့ မကပ်ဘဲ သူထားချင်ရာထားသွားတဲ့ ဆေးလိပ်တိုတွေကို အားလုံးထဲမှာ အငယ်ဆုံးဖြစ်တဲ့ ကျနော်ကပဲ ပြောပြောဆိုဆိုနဲ့ လိုက်သိမ်းရတာပေါ့။
စိတ်ထဲကလည်း သူ့ကို သိပ်မခင်မိတော့  ဆေးလိပ်တွေကို အဲလို လျှောက်မထားဖို့ တခါတခါဆို ဂျစ်ကန်ကန်နဲ့ ကိုပေါ့်ကို ပြောမိတယ်။ တကယ်ဆို အားလုံးထဲမှာ အငယ်ဆုံးဖြစ်တဲ့ ကျနော်ရဲ့ အဲသည်လို အပေါက်ဆိုးမှုကို တော်ရုံလူဆို ကျနော့်ကို ပိတ်ဟောက်ပစ်လိုက်မှာပေါ့။ ဒါပေမယ့် ကိုပေါ်ကတော့ ကျနော် ပွစိပွစိလုပ်တာကို ပြုံးကြည့်ရင်း ''ကဲကဲ...ညီလေး စုပြီး သိမ်းပေးထားတဲ့ ဆေးလိပ်တိုတွေ ယူခဲ့။ အကိုပြန်သောက်မယ်'' လို့ ပြောပြီး တကယ်လည်း သောက်ပါတယ်။  လေးစားစရာ ခင်မင်စရာကောင်းတဲ့ ကိုပေါ်ပါပဲ။ ဒါပေမယ့် အဲ့သည့်အချိန်ထိ ကျနော်ကတော့ သူ့ကို ကိုမင်းကိုနိုင်လို့ မသိသေးဘဲ ပွစိပွစိ လုပ်မြဲ လုပ်စဲ ပါပဲ။
ဒီလိုနှင့် ရန်ကုန် တက္ကသိုလ် ပင်မမှာ ကျင်းပတဲ့ ကျောင်းသား သမဂ္ဂ ဖွဲ့စည်းကြောင်းကြေငြာမယ့်နေ့ အတွက် ကိုတင်ဌေးက ကျနော့်ကို အထူးတာဝန်တခု  ပေးပါတယ်။ အဲဒီ တာဝန်ကတော့ ကျနော်တို့ ဗိုလ်တထောင်မြို့နယ်ထဲက ယုံကြည် စိတ်ချရတဲ့ အရပ်သား လူငယ်တချို့ကို ခေါ်ပြီး ကိုပေါ့်ကို စောင့်ရှောက်ဖို့ပါ။ အဲဒီအချိန်ထိလည်း ကျနော်သဘော မပေါက်သေးဘူး။  ကိုတင်ဌေးကိုတောင် တိုးတိုးတိတ်တိတ်နဲ့ ကိုသူရိန်ကိုရောလို့တောင် မေးလိုက်ပါသေးတယ်။ 
ကိုတင်ဌေးက'' ပေါ်ဦးကိုသာ မင်းသတိထားပေး၊  တခုခုဆိုရင် မင်းရဲ့လူတွေနှင့် သူ့ကိုဆွဲထုတ်ပြီး လွတ်ရာကိုခေါ်ပြေး'' လို့  အရေးတကြီး ပုံစံနဲ့ ကျနော့်ကို ပြောလာတဲ့အထိတောင် ကိုပေါ်က ဘယ်သူလဲဆိုတာ ကျနော်မရိပ်မိဘူး။ ကျနော့် ထုံချက်ကတော့ အနှိုင်းမဲ့ပါတယ်။
ဗကသ ကြေငြာတဲ့နေ့မှာတော့  မိန့်ခွန်းပြောတဲ့ စင်ရှေ့မှာ ကျနော်ခေါ်လာတဲ့ ကျနော်တို့ ရပ်ကွက်ထဲက ကိုဝင်းမြင့် (ကျဆုံး) ဦးဆောင်တဲ့ လူငယ်တွေက အင်အား အပြည့်နဲ့ နေရာ ယူလို့ပေါ့။ ကျောင်းဝင်ပေါက်နှင့် မိန့်ခွန်းစင်ရှေ့ကို လူးလားခေါက်ချည် သွားလိုက်ပြန်လိုက်နဲ့ ကျနော်အလုပ်များနေချိန်မှာပဲ မိန့်ခွန်းစင်ပေါ်ကနေ '' ဟုတ်ကဲ့...ကျနော် မင်းကိုနိုင်ပါ '' လို့ အောင်မြင်စွာ ထွက်လာတဲ့ အသံပိုင်ရှင်ကို လှမ်းကြည့်လိုက်တော့..........
ကျနော့် ဇက်ကလေးပုသွားသလို ပါးစပ်လည်း  ဟောင်းလောင်းပွင့်သွားမိတယ်။ အောင်မလေးဗျာ ကိုမင်းကိုနိုင်ဆိုသည်မှာ ကျနော်၏ ကိုပေါ် ဖြစ်နေပါရောလား။ 
၁၀၁ လမ်းမှာ မင်းကိုနိုင် ဆိုတာ ကလောင် အမည်တခုလိုပဲ သိထား သဘောထား မိတယ်။ ဘယ်သူမှန်း မသိသလို မေးလည်း မမေးမိပါဘူး။ ကျနော်တို့ ခေတ်က ထုံပုံ အပုံများ အခုလူငယ်တွေ ရယ်မှာပဲ။
ပွဲပြီးတော့ အဲဒီနေ့က ၁၀၁ လမ်းအိမ်ကို  ကိုပေါ် ပြန်လိုက်မလာပါဘူး။ အိမ်ပြန်ရောက်တော့ ကျနော်က '' သြော်... ကိုမင်းကိုနိုင်ဆိုတာ ကိုပေါ် ပါလား'' လို့ပြောလိုက်တော့ မစပယ် (မမိုးမြစပယ်အေး) က ကျနော့်ကို ခေါင်းခေါက်တယ်။ အဲဒီလောက်တောင် ထုံရလားတဲ့။
ဘယ်သိမလဲဗျာ........မဆလ လက်ထက်မှာ ကြီးလားတဲ့ ကျနော်တို့ အတွေ့ကြုံအရဆိုရင် ကျနော် သိထားတဲ့ လူကြီးဆိုတာ (ခေါင်းဆောင်ဆိုတာ) နည်းနည်းတော့ ထူးခြားရမယ်၊ အာဏာပြရမယ်ပေါ့။ ဒါပေမယ့် ကျနော်တို့ခေါင်းဆောင်ရဲ့ ဟိတ်ဟန်မရှိမှု၊ အားလုံးနဲ့ တသားတည်း ကျအောင် နေထိုင်တတ်မှုတွေကြောင့်  ဘာမှမသိတဲ့ ၁၆ နှစ်သား ငအူလေး ကျနော်ဟာ တကယ့်ခေါင်းဆောင်ကောင်း တယောက်ရဲ့ အရည်အချင်းတွေထဲက တခုကို မှတ်မှတ်ရရနဲ့ ထိုက်ထိုက်တန်တန်ကို သိမြင်ခွင့်ရလိုက်ပါတယ်။
Min_Ko_Naing_family
ကိုမင်းကိုနိုင် မိသားစုပုံ (ဓါတ်ပုံ - အင်တာနက်)
နောက်တော့  ကျောင်းသား သမဂ္ဂရုံးကို ရန်ကုန်ဆေးရုံကြီးမှာ လုပ်တဲ့ အချိန်၊ မှတ်မှတ်ရရပါပဲ ၊ ကိုပေါ်က  ဆေးရုံကြီး အပေါ်ထပ်မှာ လူမရှိတဲ့ သုံးထပ် အဆောင်တခုမှာ အသည်းရောင်နေလို့ ဆေးသွင်းနေရတယ်။  ကုတင်ပေါ်လှဲနေတဲ့ ကိုပေါ်က နယ်လွှတ်မယ် သွားမလားဆိုတော့ ကျနော် အားရ၀မ်းသာနဲ့ ဟုတ်ကဲ့ အကိုလို့ ပြန်ပြောလိုက်တယ်။ သာယာဝတီ သုံးဆယ်ဖက်မှာ မဟာဗျုဟာ သပိတ်တပ်ရင်းဆိုပြီး လှုပ်ရှားနေတဲ့ နယ်ခေါင်းဆောင် ကိုဂျော်လီထွန်းဆီ စာတစောင်သွားပို့ ပေးဖို့ ကျနော့်ကို ခိုင်းတာပါ။ စာလေးတစောင်အတွက် အခုခေတ်လို အင်တာနက်မ ရှိတော့ လစ်ရတာပေါ့ဗျာ။
ကျနော့်က သူငယ်ချင်း ကိုပူစီ (အမည်ရင်းကိုရေးရန် ကာယကံရှင်နှင့် မတွေ့တာကြာနေလို့ သူ့အမည်ပြောင်ကို သုံးလိုက်ပါတယ်)ရဲ့ ဆွေမျိုးတွေက သာယာဝတီဖက်မှာ နေလို့ ကျနော်အတွက် နယ်ခံရှိ ဖြစ်ရအောင် သူ့ခေါ်သွားလိုက်ပါတယ်။ ကိုပေါ်ရေးပေးလိုက်တဲ့ စာကို သေသေချာချာ ဂရုတစိုက် ယူသွားပြီး သာယာဝတီမြို့ပေါ်က ကိုဂျော်လီထွန်းတို့ သပိတ်တပ်ဆွဲထားတဲ့ မဆလ ပါတီ ယူနစ်ရုံးမှာ ကိုဂျော်လီထွန်းကို သွားတွေ့ပြီး စာပေးလိုက်ပါတယ်။ အဲဒီ့မှာတင်ပဲ ကိုဂျော်လီထွန်းက စာဖတ်ပြီးနောက် ဗြုန်းဆို ကျနော်တို့ကို ဖမ်းထားလိုက်ရောဗျာ။ မင်းတို့ဘာကောင်တွေလဲ ဘာညာနှင့်ဆိုပြီး မကျေမနပ်တွေလည်း ဖြစ်လို့ပေါ့။
ကံကောင်းလို့ ကျနော်အဖေါ်ခေါ်သွားတဲ့ ကိုပူစီ့ ဆွေမျိုးတွေက ၀ိုင်းဝန်းပြီး ကျောင်းသားတွေပါ အာမခံလို့ နည်းနည်းသက်သာရာ ရသွားပြီး ကျနော်တို့ကို အဲဒီ့ရုံးထဲမှာ အကျယ်ချုပ်သဘောမျိုး ထိန်းသိမ်းထား လိုက်ပါတော့တယ်။ ကျနော် နယ်ခံကို ရွေးခေါ်လာခဲ့မိလို့ တော်သေးတာပေါ့ဗျာ။ သူတို့ကတော့ စုံစမ်းမယ်၊ ရန်ကုန်က အကြောင်းမပြန်ရင် မင်းတို့ကို သတ်မယ်တဲ့။
ဒါနဲ့ပဲ ကျနော်လည်း အဲဒီအချိန်က ဗကသ ကို ဆက်သွယ်လို့ ရတဲ့ ဖုန်းလို့ နာမည်ကြီးနေတဲ့ ကိုတင်ဌေး (၁၀၁)လမ်း အိမ်ဖုန်း နံပါတ်ပေးလိုက်ရတယ်။
နောက်တော့မှာ ရန်ကုန်နှင့် ပြောဆိုပြီး ဆရာသမားကိုဂျော်လီထွန်းက ကျနော်တို့ကို ကျောင်းသားတွေဆိုပြီး ကောင်းကောင်းမွန်မွန် ဆက်ဆံပါတယ်။ ကျနော်သဘောပေါက်တာက ကိုဂျော်လီထွန်းက ကိုပေါ်ရေးပေးလိုက်တဲ့ အကြမ်းမဖက်ဖို့နှင့် ပြည်သူပိုင် ပစ္စည်းတွေကို ထိန်းသိမ်းဖို့ တိုက်တွန်းတဲ့ စာကို နည်းနည်းဘ၀င်မကျဘူး သြဇာပေးတယ်လို့ ယူဆပုံရတယ်။ ကျနော့်ကို ပြန်ပြောလိုက်တဲ့ စကားတွေအရ ကောက်ချက်ချတာပါ။ 
ကျနော်တို့ ရန်ကုန်ပြန်ရောက်တော့ အားရ၀မ်းသာ ကိုဂျော်လီထွန်းတို့ပေးလိုက်တဲ့ လက်ဆောင် ပစ္စည်းရလာကြောင်း ကိုပေါ်ကို ပြောတော့ ကျနော့်ကိုပေါ်က ထုံးစံအတိုင်း မရှိနွမ်းပါး သူတွေကို ပေးလိုက်တဲ့။ ဘယ်သူမှ မသုံးနဲ့တဲ့ဗျာ။ ဒါနဲ့ကျနော်လည်း လမ်းဘေးမှာ တွေ့တဲ့ အဘိုးကြီး အဖွါးကြီးတွေကို နေရှင်နယ် ထမင်းပေါင်းအိုးတို့ ဓါတ်ဘူးတို့ပေးလိုက်ရတာပေါ့။ သူတို့ကတော့ ကျနော့်ကို ကျေးဇူးတင်လိုက်ကြတာ။ တကယ်ကျေးဇူးတင်ရမှာက ကိုပေါ့်ကိုပါ။
တကယ်ဆို ကျနော်တို့ အဖွဲ့စတည်ချတဲ့ ၁၀၁ လမ်းအိမ်ရဲ့ ထမင်းပေါင်းအိုးက သိပ်မကောင်းတော့ဘူးလေ။
ကလေးသာသာ ရှိသေးတဲ့ ကျနော်ကတော့ ငါတို့အဖွဲ့အတွက် ပေါင်းအိုးရပြီဆိုပြီး ဝမ်းသာအားရယူလာ တာပဲ။ ဒီရောက်တော့ ကိုပေါ့်စကားကို မလွန်ဆန်ရဲလို့သာ သူပြောတဲ့ အတိုင်းလုပ်ခဲ့ရတာ။ ဒါပေမယ့် နောင်တချိန်ကျမှပဲ နိုင်ငံတော် ပိုင်ပစ္စည်းကို ကျနော်တို့ တရားမ၀င် သုံးစွဲတာကို မကြိုက်လို့တားမြစ်တဲ့  ကျောင်းသား ခေါင်းဆောင် မင်းကိုနိုင်ရဲ့ ပြတ်သားကင်းရှင်းမှု  ကျနော် သဘောပေါက် မိပါတယ်။
Min_Ko_Naing_03
(ဓါတ်ပုံ - အင်တာနက်)
ကိုပေါ်က မာန်မာနမရှိတဲ့ ခေါင်းဆောင်ပါ။ ကိုပေါ့်ကို ဒလမြို့မှာရှိတဲ့ မနီလာက ဖိတ်လို့ ဒလသစ်တောဝင်းထဲမှာ ခမ်းခမ်းနားနား ထည်ထည်ဝါ၀ါ အနေအထားမျိုး မဟုတ်ဘဲ အစိုးရ ၀န်ထမ်းတွေကို တရားသွားဟောဖူးပါတယ်။ ကိုပေါ့် နိုင်ငံရေး တရားကို နားထောင်ပြီး အကုန်လုံး ဒီမိုကရေစီ ဘက်တော်သားတွေ ဖြစ်ကုန်တာ ကျနော့်မျက်မြင်ပါ။ ဒလသစ်တောဝင်းမှာ ဟောပြောတာထဲက ကျနော်မှတ်မိတာ .. "ကျနော် ညညဆို အိပ်မရပါဘူး ကျနော် အိပ်လိုက်တာနှင့် သွေးတွေရွဲနေတဲ့ ၀တ်ရုံတွေ လွှမ်းခြုံထားတဲ့ ကျောင်းသားလေးတွေက ကျနော်နားကို ရောက်လာပြီး အကိုကြီး ဒီမိုကရေစီ တောင်းပေးပါလို့ လာပြောနေကြတယ် သူတို့လေးတွေ မျက်နှာမှာ မျက်ရည်တွေ စီးကြောင်းတွေနှင့် ကျနော်ကို အားကိုးတကြီး လာလာပြော နေကြတယ်။ တိုက်ပွဲဝင်ကျောင်းသားလေးတွေ ကလေးတွေရဲ့ ၀ိညာဉ်တွေက ညညဆို ကျနော်နားမှာ ၀ိုင်းရံနေကြတယ်ဗျာ သူတို့လေးတွေ မကျွတ်လွတ်သေးဘူး တိုက်ပွဲဝင်နေတုန်းပဲ။" လို့ ကိုပေါ် ဟောပြောတာကို နားထောင်တဲ့ လူတွေ အကုန်လုံး မျက်ရည်တွေကျပြီး ငိုကုန်ကြတယ်။
ကိုပေါ် အမြဲတမ်း ပြည်သူတွေအတွက် ပူပင်သောကရှိတယ်။ သူဟာ တာဝန်ရှိတဲ့ အာဏာပိုင်တယောက် မဟုတ်ပေမယ့် သူ့ကိုယ်သူ ပြည်သူတွေအတွက် တာဝန်ယူထားတဲ့ ပြည်သူ့ဖက်က ရပ်တည်တဲ့ ကျောင်းသားခေါင်းဆောင်ပါ။  စီမံကိန်း ရပ်ကွက်က လူတွေကိုနှင့် ခေါင်းဖြတ်မှုဖြစ်ကြတော့လဲ ကိုပေါ် ငွေကြာယံ ကျောင်းတိုက်ကို လိုက်သွားပြီး။ သံဃာတော် တွေတောင် ထိန်းမရတော့တဲ့ လူအုပ်ကြီးကို လိုက်လံတားမြစ်တဲ့ အလုပ် အန္တရာယ် များလှတတာကို ကိုပေါ် မကြောက် မလန့်လုပ်တာ။ လိုက်ပါသွားတဲ့ ကျနော့်ဂုတ်တွေယားနေတာ ကျနော်ငယ်ကလဲ ငယ်တော့ တော်တော်ကြောက်တာ။ သွေးဆူနေတဲ့ လူအုပ်ကြီးလက်က သတ်မယ့် လူတွေကို တောင်းယူရတာ ကျနော်ဖြင့် ကြောက်လိုက်တာဗျာ။ တိုးမပေါက် ကျပ်ညပ်နေတဲ့ ဓါးကိုယ်စီ လူတွေထဲ တိုးပြီး။ အဆင်ပြေစွာဖြင့် လူအုပ်ကြီးထံက အသက်ခံရတော့မယ့်။ မဆလပါတီ ထောက်လှမ်းရေးက ဆေးကြွေးပြီး ရပ်ကွက်မီးလိုက်ရှို့ ခိုင်းလိုက်တဲ့ စစ်မှုထမ်းဟောင်းတွေ အသတ်ခံရမဲ့ ဆဲဆဲ အသက်ကို ပြန်ရလိုက်ပါတယ်။ ကိုပေါ်ဟာ ပြည်သူ့အချစ်ကိုရတဲ့ ပါရမီရှင် ခေါင်းဆောင်တဦးပါ။ သူစကားပြောလိုက်ရင် အကုန်ငြိမ်းချမ်းသွားရတယ်။
ကျနော်ကိုပေါ့်ကို ချစ်တဲ့ အခြားအချက်တခု ရှိပါသေးတယ်။ အဲဒါက ကိုပေါ့် ကိုနောက်ပိုင်းမှာ စီးပွါးရေး လုပ်ငန်းရှင် တဦးက ( အမည်မဖေါ်တော့ဘူး) ကားစီစဉ်ပေးထားတော့ သွားလေရာ ကားနှင့် ဖြစ်လိုက်ပါသေးတယ်။ ကိုပေါ်အဲလိုဖြစ်နေတဲ့ကာလမှာ ကျနော်နှင့် ကျနော်တို့ သူငယ်ချင်း သုံးရောက် ဗိုလ်ချုပ်လမ်းနှင့် သိမ်ဖြူလမ်း မီးပွိုင့်မှာ လမ်းဖြတ်ကူးနေတာကိုလည်း သူတွေ့ရော ချက်ချင်းပဲ ကားကို ပြန်လှည့်ခိုင်းပြီး ကျနော်တို့ကို ကားပေါ် အတင်းတက်ခိုင်းပါတော့တယ်။ တနေကုန်နေပူထဲ သွားလာလို့ နံစော်နေတဲ့ ကျနော်တို့ကို နေရာမဆန့်ပေမယ့်လည်း ကျပ်ကျပ်တည်းတည်း တိုးဝှေ့တင်ပြီး ကျနော်တို့ သွားမယ့် နေရာကို လိုက်ပို့ပါတယ်။  ကားပေါ်မှာလည်း ကိုပေါ်က ကျနော့်ကို ချစ်ခင်ဖေါ်ရွေစွာ တလမ်းလုံး လည်ပင်းဖက်ထားလေတော့ ကားပိုင်ရှင်ခင်မြာ မနှစ်မြို့တဲ့ မျက်နှာပေးနဲ့ပဲ ကျနော်တို့  တလေးတစား ဆက်ဆံခဲ့တာကို အခုထိ မှတ်မိနေပါသေးတယ်။
အာဏာ မသိမ်းခင် တညအလိုမှာ ဆေးလိပ်ခုံတခုမှာ ကျနော်ကို ခေါ်တွေ့ပြီး။ ကိုပေါ်က လပွတ္တာမြို့ကို ဆန်အိတ်တွေ သယ်ဖို့ တာဝန်ပေး လွှတ်လိုက်လို့ ကျနော် အာဏာသိမ်းတဲ့နေ့က ရန်ကုန်မြို့ လမ်းမပေါ် ရှိမနေပါဘူး။ ဒါပေမယ့် ဧရာဝတီမြစ်ထဲမှာ ကိုစိန်ဖေတင်၊ ပေါက်စီတို့ နှင့် ကျနော်တို့ တာဝန်ခံပြီး ဧရာဝတီကော်ပရေးရှင်းက ထုက်သွားတဲ့ ဗညားဒလ သဘောင်္တစီးနှင့် (၁၅) ရက်လောက် စစ်တပ်နှင့် နဘန်းလုံးနေတဲ့ အဖြစ်လဲရေးပါ့မယ်။ ရန်ကုန်က မရှိဆင်းရဲသားတွေအတွက် ဆန်ဝေမယ့် အစီစဉ်နှင့် ဆန်သယ်သွားတဲ့ ကျနော်တို့ကို စစ်တပ်က လိုက်လံ သတ်ဖြတ်ဖို့ ကြိုးစားပြီး ဆန်တွေ သိမ်းယူသွားတဲ့ အကြောင်းပါ။
ကျနော်စဉ်းစားပြီး ဆက်ရေးပါဦးမယ်။ နောက်ပိုင်း အာဏာ မသိမ်းခင်နဲ့ အာဏာသိမ်းပြီးကာလတွေမှာ ကျနော်နဲ့ ကိုပေါ်အတွက် အမှတ်တရတွေ ရှိပါသေးတယ်။ ကြုံခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင်မင်းကိုနိုင် (၂) ဆိုပြီး ဆက်ရေးပါဦးမယ်။
ကျနော်ကိုယ်တွေ့ မင်းကိုနိုင် ဆိုတဲ့ ခေါင်းဆောင်က ဘယ်လိုလူသားလဲ ဆိုတာကို မသိသေးတဲ့ ညီငယ် ညီမငယ်များကို အထူးပြုပြီး ရေးခြင်းဖြစ်ပါတယ်။
ကိုမင်းကိုနိုင် အသက်ကျော်ရာကျော် ရှည်ပါစေ။
ခင်မင်လေးစားလျက်
ရဲမင်းထွန်း
ကိုမင်းကိုနိုင်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် တောင်းဆိုနေတဲ့ Group လေးတခု ဖွဲ့ထားပါတယ်။ ၀ိုင်းဝန်းအင်အားဖြည့်ပြီး ကျနော်တို့ခေါင်းဆောင်ကို အားပေးကြပါ။
https://www.facebook.com/groups/freepoliticalprisoners/

No comments: