Monday, December 12, 2011

NLD က ပြည်သူသို့ ပန်ကြားချက် အမှတ် ၂ ဆက်ထုတ်ပြန်မလား

Tuesday, December 13, 2011

NLD က ပြည်သူသို့ ပန်ကြားချက် အမှတ် ၂ ဆက်ထုတ်ပြန်မလား

NLD က ပြည်သူသို့ ပန်ကြားချက် အမှတ် ၂ ဆက်ထုတ်ပြန်မလား

အနှစ် ၂ဝ ကျော် နိုင်ငံရေးခရီးထဲမှာ အန်အယ်လ်ဒီဘက်က ရှင်းစရာတွေ ကျန်နေတဲ့အတွက် နောက်ဆက်တွဲ ပြည်သူသို့ ပန်ကြားချက် အမှတ် ၂ ဆက်ထွက်ဖို့ လိုတယ်လို့ မဲဆန္ဒရှင်တချို့က ယူဆပါတယ်။ အန်အယ်ဒီဘက်က ဘယ်လိုအချက်တွေ ပြည်သူကို အသိပေးဖို့ လိုနေသလဲဆိုတာ ဦးစိန်ကျော်လှိုင်က ခုလို သုံးသပ်ထားပါတယ်။

ဧပြီလ ၆ ရက်နေ့က ထုတ်ပြန်တဲ့ အန်အယ်လ်ဒီရဲ့ ပြည်သူသို့ ပန်ကြားချက်မှာ အနှစ် ၂ဝ ကျော် ကာလတလျှောက် ပြည်သူတွေ ပေးထားတဲ့ တာဝန်ကို ကျေပွန်အောင် မထမ်းဆောင်နိုင်တဲ့အတွက် ပြည်သူကို တောင်းပန်ထားတာ တွေ့ရပါတယ်။

လက်နက်ကိုင် စစ်အစိုးရလက်အောက်မှာ ဖိနှိပ်မှုမျိုးစုံ ကြုံရတဲ့အတွက် ၉ဝ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်မဖော်နိုင်လို့ အန်အယ်လ်ဒီကို အပြစ်တင်စရာ အကြောင်းမရှိပေမယ့် မဲဆန္ဒရှင်ပြည်သူတွေကို ခုလို လေးလေးစားစား တောင်းပန်တာဟာ မြန်မာ့နိုင်ငံရေးသမိုင်းမှာ စံထားလောက်တဲ့ မှတ်တမ်းတခု ဖြစ်သွားပါတယ်။

ဒါပေမယ့် အန်အယ်လ်ဒီဟာ စစ်အစိုးရ ရွေးကောက်ပွဲ ဥပဒေသစ်အရ နိုင်ငံရေးပါတီအဖြစ် ပြန်ပြီး မှတ်ပုံမတင်ဘူးလို့ ဆုံးဖြတ်တဲ့အတွက် ပါတီရပ်တည်မှု သက်တမ်းက တလလောက်ပဲ ကျန်ပါတော့တယ်။ အချိန်သိပ်မကျန်တော့တဲ့အတွက် အန်အယ်လ်ဒီရဲ့ နိုင်ငံရေးကြိုးပမ်းမှုသမိုင်းထဲက ပြည်သူတွေ မရှင်းမလင်းဖြစ်နေတဲ့ ကိစ္စတွေပါ ပြည်သူသို့ ပန်ကြားချက် အမှတ် ၂ မှာ ထည့်သွင်းရှင်းပြသင့်တယ်လို့ မဲဆန္ဒရှင်တွေဘက်က ယူဆပါတယ်။
ဥပမာ - မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်ဖြစ်တဲ့ Mr. Razali Ismail အကူအညီနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အစိုးရကြား ယုံကြည်မှုတည်ဆောက်ခဲ့တုန်းကလည်း ပြည်သူတွေ အများကြီး မျှော်လင့်ခဲ့တာမို့ ဘယ်လို တည်ဆောက်ခဲ့သလဲဆိုတဲ့ အသေးစိတ် အချက်တွေကို ပြည်သူကို အသိပေးဖို့ အချိန်တန်ပြီလို့ မဲဆန္ဒရှင်တွေဘက်က ထောက်ပြပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Mr. Razali Ismail
အဲဒီအချိန်က အခြေအနေတွေ အရမ်းသိမ်မွေ့လွန်းတဲ့အတွက် မီဒီယာတွေကို မပြောနိုင်သေးပါဆိုပြီး အန်အယ်လ်ဒီ ခေါင်းဆောင်ပိုင်းက ပြောခဲ့ပါတယ်။ ခုဆိုရင် ၂ဝဝ၃ ခု မေလ ၃ဝ ရက် ဒီပယင်း အကြမ်းဖက်မှု ဖြစ်ပြီးကတည်းက ယုံကြည်မှုတည်ဆောက်ရေး ပျက်သွားပြီလို့တောင် အန်အယ်လ်ဒီဘက်က တရားဝင် ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကတော့ ပြည်သူသို့ ပန်ကြားချက်မှာ ဒီအချက်လည်း ပါသင့်တယ်ဆိုတာ အန်အယ်လ်ဒီ ခေါင်းဆောင်ပိုင်းကို တင်ပြပေးပါ့မယ်လို့ အာရ်အက်ဖ်အေကို ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ ၁၉၉ဝ ခုနှစ်များ အစောပိုင်းမှာ အန်အယ်လ်ဒီနဲ့ စစ်အစိုးရ ပထမဆုံးအကြိမ် စကားပြောဖြစ်ဖို့အတွက် ဘယ်သူက ကြားဝင် စေ့စပ်ပေးခဲ့သလဲဆိုတာ မေးစရာ ဖြစ်နေပါတယ်။

အန်အယ်လ်ဒီ ဥက္ကဌ ဦးအောင်ရွှေရဲ့ မေတ္တာရပ်ခံချက်အရ ကြားဝင်စေ့စပ်ပေးခဲ့သူဟာ ဦးနန်းနွယ် ဖြစ်ပါတယ်လို့ ရန်ကုန်မြို့နေ ဦးနန်းနွယ်ကိုယ်တိုင် အာရ်အက်ဖ်အေကို ပြောပါတယ်။ ဦးနန်းနွယ်ဟာ စစ်အစိုးရနဲ့ ရင်းနှီးသူ ပုဂ္ဂိုလ်ဖြစ်ပြီး ဦးအောင်ဆန်းဦးနဲ့ပါ ရင်းနှီးသူ ဖြစ်ပါတယ်။

ဒါပေမယ့် ဦးနန်းနွယ် ပြောသလို မဟုတ်ဘူးလို့ အန်အယ်လ်ဒီ အလုပ်အမှုဆောင် ဦးလွင်က အာရ်အက်ဖ်အေကို ပြောပေမယ့် ဘယ်လိုနည်းနဲ့ စစ်အစိုးရနဲ့ ပထမဆုံးအကြိမ် တွေ့ဖြစ်တယ် ဆိုတာတော့ ရှင်းပြမသွားပါဘူး။

ဦးလွင်က ငြင်းဆိုပေမယ့် အန်အယ်လ်ဒီနဲ့ စစ်အစိုးရ ပထမဆုံးအကြိမ် စကားပြောဖြစ်ဖို့အတွက် သူ စေ့စပ်ပေးခဲ့ရတယ် ဆိုတာကို ဦးနန်းနွယ်က ရန်ကုန် နိုင်ငံရေးသမား အတော်များများကိုပါ ပြောပြခဲ့ပါတယ်။

ဒီနေရာမှာ ဦးလွင် ပြောတာ မှန်သလား၊ ဦးနန်းနွယ် ပြောတာ မှန်သလားဆိုတာ မဲဆန္ဒရှင်တွေ မဝေခွဲနိုင်ဖြစ်နေလို့ ဦးအောင်ရွှေရော ဦးနန်းနွယ်ပါ သက်ရှင်ထင်ရှား ရှိနေတုန်းမှာ သမိုင်းမှန်သိအောင် အန်အယ်လ်ဒီက ပြည်သူသို့ ပန်ကြားချက် အမှတ် ၂ မှာ ရှင်းရှင်းလင်းလင်း ပြောသင့်တယ်လို့ ရန်ကုန် နိုင်ငံရေးအသိုင်းအဝိုင်းက ယူဆပါတယ်။

တကယ်တော့ စစ်အစိုးရနဲ့ တွေ့ဖို့ ကြိုးစားတာဟာ တိုင်းပြည်အကျိုးအတွက် ဖြစ်တာမို့ ဦးနန်းနွယ်လို စစ်အစိုးရနဲ့ ရင်းနှီးသူက ကြားဝင် စေ့စပ်ပေးတာ မှန်တယ်ဆိုရင်တောင် အန်အယ်လ်ဒီက အပြစ်ကျူးလွန်တာမျိုး မဟုတ်တဲ့အတွက် ပြည်သူကို အမှန်အတိုင်း အသိပေးသင့်တယ်လို့ ယူဆသူတွေက ယူဆပါတယ်။
တတိယ အငြင်းပွားစရာ အချက်ကတော့ ၉ဝ ခုနှစ် ရွေးကောက်ပွဲအပြီးမှာ ခုအကျယ်ချုပ်ကျနေတဲ့ စစ်အစိုးရ ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ခင်ညွန့်က အန်အယ်လ်ဒီကို အာဏာလွှဲဖို့ ကမ်းလှမ်းခဲ့တယ် ဆိုတဲ့ အချက်ဖြစ်ပါတယ်။

၉ဝ ခုနှစ် ရွေးကောက်ပွဲ နိုင်တဲ့အချိန်မှာ ဗိုလ်ချုပ်ခင်ညွန့်ကိုယ်တိုင်က အန်အယ်လ်ဒီ ခေါင်းဆောင်နှစ်ဦးဖြစ်တဲ့ ဦးအောင်ရွှေနဲ့ ဦးချစ်ခိုင်တို့ကို တွေ့ဆုံဆွေးနွေးပြီး ရွေးကောက်ပွဲရလဒ်ကို စွဲကိုင် အန်အယ်လ်ဒီက ဦးဆောင် အစိုးရဖွဲ့ရင် နဝတကနေ အပြည့်အဝထောက်ခံ ရပ်တည်ပေးမှာ ဖြစ်တယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို ပါတီက ဖယ်ထုတ်ဖို့နဲ့ အစိုးရအဖွဲ့ထဲ ဘယ်သောအခါမှ မပါဝင်စေဖို့ဆိုတဲ့ ခြွင်းချက်နဲ့ ဖြစ်ရမယ်ဆိုပြီး ကမ်းလှမ်းခဲ့ဖူးပါတယ်။

ဒီအချက်ကို ဖော်ထုတ်သူကတော့ လက်ရှိ အန်အယ်လ်ဒီ မျိုးချစ်အဖွဲ့နဲ့ ထဲထဲဝင်ဝင် နီးစပ်သူလည်းဖြစ်၊ အသက် ၇ဝ ကျော် အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်ပြီး လောလောဆယ် အင်္ဂလန်မှာ နေထိုင်သူလည်း ဖြစ်ပါတယ်။ ဒါတွေကို သက်ရှိထင်ရှား ရှိနေသေးတဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အန်အယ်ဒီ ခေါင်းဆောင်အများအပြား သိပါတယ်လို့ပါ သူက ဆက်ပြောပါတယ်။

စစ်အစိုးရဘက်က အဲသလို အာဏာလွဲဖို့ ကမ်းလှမ်းခဲ့တာ မှန်တယ်ဆိုရင် အန်အယ်လ်ဒီ ခေါင်းဆောင်ပိုင်းက ဘာကြောင့် ပြည်သူကို အဲဒီအချိန်က အသိမပေးခဲ့သလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ ပြီးခဲ့တဲ့ အနှစ် ၂ဝ ကသာ အသိပေးခဲ့ရင် တိုင်းပြည် ခုလောက် နာပါ့မလားလို့ ဝေဖန်သူတွေလည်း ပေါ်ထွက်လာပါတယ်။ ဒါကြောင့် ဒီအချက်ကိုလည်း ပြည်သူသို့ ပန်ကြားချက် အမှတ် ၂ မှာ အန်အယ်လ်ဒီက ရှင်းသင့်တယ်လို့ ထောက်ပြကြပါတယ်။

သောတရှင်များခင်ဗျား …

အန်အယ်လ်ဒီဘက်က ပြည်သူသို့ ပန်ကြားချက် အမှတ် ၂ ထွက်ဖြစ် မထွက်ဖြစ် ဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ကြောင်းပါခင်ဗျား …။

(RFA ဦးစိန်ကျော်လှိုင်ရဲ့ ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်ကာလ သုံးသပ်ချက်မှ ကောက်နှုတ်ချက်)

(ခင်ရတနာ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ ...)
 
 
 
 
 
 
 

ဗိုလ်မှူးကြီးစိန်မြ ကျဆုံခြင်းနှစ်ပတ်လည်နေ့တွင် သမိုင်းမှတ်တမ်း မှားယွင်းဖော်ပြခြင်းကို ပြင်ဆင်ပေးရန် တောင်းဆို

ပြည်သူ့ကာကွယ်ရေးတပ် (PDF) ကို စတင်တည်ထောင်ခဲ့သည့် ဗိုလ်မှူးကြီး စိန်မြ ကျဆုံးခြင်း ၁၈ နှစ်မြောက်အထိမ်းအမှတ် သံဃာတော်များအား ဆွမ်းကပ်လှူဒါန်းပွဲကို ထိုင်း-မြန်မာနယ်စပ် တောရကျောင်းတွင် ကျန်ရစ်သူ တပ်မိသားစုဝင်များက ယနေ့ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့သည်။
ဗိုလ်မှူးကြီး စိန်မြအား ရည်စူး၍ သံဃာတော်များအား ဆွမ်းကပ်လှူဒါန်း
ဗိုလ်မှူးကြီး စိန်မြအား ရည်စူး၍ သံဃာတော်များအား ဆွမ်းကပ်လှူဒါန်း
ဗိုလ်မှူးကြီးစိန်မြ ကျဆုံးသည့် နှစ်ပတ်လည်နေ့နှင့်ပတ်သက်၍ “ဗိုလ်မှူးကြီး စိန်မြဟာ မြန်မာ့လွတ်လပ်ရေးသမိုင်းမှာ ထင်ရှားတဲ့ ၁၃၀၀ ပြည့်အရေးတော်ပုံနဲ့ စတင်ပြီးတော့ နယ်ချဲ့ ဆန်ကျင့်ရေး၊ ဖက်ဆစ်ဆန့်ကျင်ရေးတွေကနေ (၈၈) အရေးတော်ပုံမှာလဲ ပါဝင်ခဲ့ပြီး ကျဆုံးသွားတဲ့အချိန်အထိ ပြည်သူလူထုဘက်ကနေ ဒီမိုကရေစီအရေးတွက် ပါဝင်ကြိုးပမ်းခဲ့တဲ့သူ ဖြစ်ပါတယ်၊ သူရဲ့ ဂုဏ်ကျေးဇူးကို သတိတရရှိတဲ့အနေနဲ့ရော နောင်လာ နောက်သားတွေအနေနဲ့ ဒီသမိုင်းတွေကို သင်ခန်းစာရယူစေနိုင်ဖို့ ရည်ရွယ်ပြီး အခုလို နှစ်စဉ် ပြုလုပ်နေတာဖြစ်ပါတယ်” ပြည်သူ့ကာကွယ်ရေးတပ် နိုင်ငံရေးစစ်ရေးဦးဆောင်ကော်မတီ ဥက္ကဌ ဦးကျော်ထက်က ပြောသည်။
ဗိုလ်မှူးကြီးစိန်မြသည် လွတ်လပ်ရေးကြိုးပမ်းမှုနှင့် မြန်မာ့တပ်မတော်သမိုင်းတွင် ထိပ်ပိုင်းအရေးပါသည့် အခန်းကဏ္ဍများတွင် ပါဝင်ခဲ့သူဖြစ်ပြီး စစ်တပ်ပြုပြင်ပြောင်းလဲရေးနှင့်ပတ်သက်၍ တစုံတရာ ပြောင်းလဲမှုဖြစ်အောင် လုပ်ဆောင်နိုင်သည့် ပုဂ္ဂိုလ်တဦးဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ယနေ့ပြုလုပ်သည့် အခမ်းအနားတွင် ဗိုလ်မှူးကြီး စိန်မြ ကျဆုံးခြင်းနှင့် ပတ်သက်၍ ဗိုလ်မှူးချုပ်တင့်ဆွေ (တင့်ဆွေ-ဖျာပုံ) ရေးသားသည့် “ကျောပိုးအိတ်ကလေးကို ချီကာလွယ်” စာအုပ်မှ သမိုင်းအမှားများကို ပြင်ဆင်ပေးရန် တောင်းဆိုချက်ကိုလည်း ထုတ်ပြန်ခဲ့သည်။
“မဆလခေတ်က ဗိုလ်ချုပ်တဦးဖြစ်တဲ့ တင့်ဆွေ ဖျာပုံရေးထားတဲ့ စာအုပ်ထဲက ပြည်ပြေးဌာနချုပ်ကို ဝင်ရောက် စီးနင်းခြင်းနှင့် သူသဂြိုင်္လ်ခဲ့သော အလောင်းများဆိုတဲ့နေရာမှာ ဗိုလ်မှူးကြီး စိန်မြဟာ အရှေ့ပိုင်းတိုင်းမှူး၊ ပြည်ထဲရေးဝန်ကြီး အဲဒီကနေ အနားယူသွား ပြီးတော့ သောင်းကျန်းသူနဲ့ပေါင်းပြီး မွန်ပြည်သစ်ပါတီဝင်ဖြစ်သွားတယ်၊ နောက်တခါ ကေအန်ယူတွေ သေနတ်နဲ့ ပစ်သတ်ပြီး နတ်အိမ်ထောင်မှာ ပစ်ထားခဲ့တယ်၊ အဲဒါကို သူရဲဘော်တွေက အကြောင်းကြားလို့ ကောင်းကောင်း သဂြိုင်္လ်လိုက်ပါကွာဆိုပြီး ပြောခဲ့တယ်ဆို ပြီး ရေးထားတယ်၊ အဲဒီအချက်အလက်တွေဟာ လုံးဝအမှားတွေဖြစ်တယ်” ဟု ဦးကျော်ထက်က ဆက်ပြောသည်။
ဗိုလ်မှူးကြီးစိန်မြသည် မကွယ်လွန်မီအချိန်ထိ မာနယ်ပလောဌာချုပ်တွင် ရှိနေပြီး ပြည်သူ့ကာကွယ်ရေးတပ် တပ်မှူးကြီး၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ နိုင်ငံရေးဦးဆောင်ကော်မတီ အကြံပေး၊ စစ်ရေးကော်မတီဝင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ရဲ့ ဗဟိုစည်းရုံးရေး ကော်မတီဝင်အဖြစ် ဆောင်ရွက်နေဆဲ ငှက်ဖျားပိုး ဦးနှောက်ထဲဝင်သည့်အတွက် ထိုင်းနိုင်ငံ၊ ဇင်းမယ်ဆေးရုံမှာ တက်ရောက်ကုသရင်း ကျဆုံးသွားခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
“သူ့ကို ဇင်းမယ်မြို့မှာဘဲ သဂြိုင်္လ်ခဲ့တာပါ၊ အဲဒီမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ ခေါင်းဆောင်တွေ ရဲဘော်တွေလဲ ယနေ့အထိ သက်ရှိထင်ရှားရှိနေပါတယ်၊ ကျနော်တို့ တုန့်ပြန်ချင်တာက ဗိုလ်မှူးကြီးစိန်မြ ကျဆုံးစဉ်မှာ စာရေးသူ ဗိုလ်ချုပ် တင့်ဆွေဆိုတာ တပ်မတော်ထဲမှာ မရှိတော့ပါဘူး၊ ၈၈ အရေးတော်ပုံကာလမှာဘဲ မဆလဟာ ချုပ်ငြိမ်းသွားပါပြီ၊ နောက်တခုက ဗိုလ်မှူးကြီး စိန်မြဟာ အသတ်ခံရတယ်ဆိုတာ မဟုတ်ဘူး၊ ငှက်ဖျားကြောင့် သေတယ်ဆိုတဲ့ ဆေးမှတ်တမ်းအထောက်အထားတွေလဲ ရှိပါတယ်” ဟု ပြောသည်။
စာရေးသူ ဗိုလ်ချုပ်တင့်ဆွေ (တင့်ဆွေ- ဖျာပုံ) အနေဖြင့် မြန်မာ့သမိုင်းတွင် အစဉ်လာကြီးမားသည့် ပုဂ္ဂိုလ်အား ယခုကဲ့သို့ လွဲမှားစွာ သရုပ်ဖျတ်၍ ရေးသားခြင်း မှားယွင်းကြောင်း နောင်လာနောက်သားများနှင့် ပြည်သူလူထုကို သမိုင်းမှား အမှတ်မမှားရအောင် စာရေးသူအနေဖြင့် အမှားပြင်ဆင်ချက်ရေးသားပြီး တောင်းပန်းဖို့ လိုကြောင်း PDF ဥက္ကဌ ဦးကျော်ထက်က ဆက်ပြောသည်။
 

No comments: