Friday, December 16, 2011

ဒုဗ္ဗစ ပုဂ္ဂိုလ်ဆိုသူတွေဟာ အမှန်တကယ်မှာ ဘယ်သူတွေပါလည်း

ဒုဗ္ဗစ ပုဂ္ဂိုလ်ဆိုသူတွေဟာ အမှန်တကယ်မှာ ဘယ်သူတွေပါလည်း .....

တိုင်းကျိုးပြည်ကျိုး ရှေ့ ရှူဆောင်ရွက်နေတဲ့ ရွှေည၀ါဆရာတော်ကို ဒုဗ္ဗစ ပုဂ္ဂိုလ်လို့  နိုင်ငံတော်သံဃနာယကအဖွဲ့ က သတ်မှတ်ရန်လို့  စာထုတ်လိုက်တာဟာ အင်မတန်စော်ကားရိုင်းပြတာဘဲ။

ဒုဗ္ဗစ ပုဂ္ဂိုလ်ဆိုတဲ့ အနက်အဓိပ္ပါယ်ဟာ - ဆိုဆုံးမရခက်သော ပုဂ္ဂိုလ်၊ စကားနားမထောင် အမှားမပြင်နိုင်သူ မနာယူသူလို့  ဆိုလိုပါတယ်။

တိုင်းကျိုးပြည်ကျိုး ရှေ့ ရှူဆောင်ရွက်နေတဲ့ ရွှေည၀ါဆရာတော်ကို ဒုဗ္ဗစ ပုဂ္ဂိုလ်လို့ သတ်မှတ်မယ့် ဒီ “နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ” ဟာ စစ်မှန်မှုရှိကြရဲ့ လားလို့  ပြန်လည်သုံးသပ်ကြည့်ရပါလိမ့်မယ်။ ဒုဗ္ဗစ ပုဂ္ဂိုလ်ဆိုတာ ဘယ်သူဘယ်ဝါတွေသာ ဖြစ်နေပါသလည်းဆိုတာ ကြည့်ကြရပါလိမ့်မယ်။

တစ်ပါတီ အာဏာရှင် နေ၀င်းလက်ထက်ကတည်းက စတင်ပြီး ဖွဲ့ စည်းခဲ့တဲ့ ဒီ “နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ” ဆိုတာ သာသနာတော်သန့် ရှင်းစင်ကြယ်ရေး၊ သာသနာတော် ပြန့် ပွားတိုးတက်ရေး အစရှိတဲ့ ရည်ရွယ်ချက်တွေကို အမြင်ကောင်းရုံသာ ပြဌာန်းပြီး ပြောဆိုခဲ့ကာ လက်တွေ့ မှာလည်း “နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ” ဟာ အာဏာရှင်တွေရဲ့  လက်ကိုင်တုတ်အဖွဲ့ အဖြစ် ပိုမိုဆိုးရွားစွာ ဖြစ်ပေါ်လာခဲ့ပါတယ်။

သံဃာထုအတွင်း အာဏာရှင်အစိုးရက စေလိုရာကို ကိုယ်စားပြောပေးနိုင်မယ့်၊ အလိုကျ လိုက်လျောပေါင်းဖက်နိုင်မယ့်၊ လက်ဆောင်လှူဖွယ်ပစ္စည်းတွေ နေရာရာထူးတွေ အဆောက်အဦး ဇိမ်ခံပစ္စည်းတွေနဲ့  ပေးကမ်းလှူဒါန်းပြီး သာယာမှု ဂုဏ်အမည်ကျော်ကြားမှုတို့ အပေါ် ယိမ်းယိုင်ကုန်ကြတဲ့ သက်တော်ဝါတော်ကြီး ဆရာတော်ကြီးအချို့ အပါအ၀င် ကိုယ်ကျိုးရှာ နေရာမက်ကြတဲ့ သံဃာအချို့ ကို ဒီ “နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ” မှာ ဥက္ကဌနေရာတွေ အတွင်းရေးမှူးနေရာတွေ ပေးပြီး သာသနာတော်အကျိုး တိုင်းပြည်နဲ့  လူမျိုးအကျိုးထက် အာဏာရှင်အကျိုးကို ရှေ့ ရှူအလေးထားပြီး သံဃာအချင်းချင်း ပြန်လည်ဖိနှိပ်အုပ်ချူပ်ခိုင်းစေပါတော့တယ်။ အာဏာရှင်တွေရဲ့  အသုံးချမှုကို အတ္တလောဘမှောင်တိုက်နေကြပြီဖြစ်တဲ့ “နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ” ဟာ သာသနာတော်အကျိုးကိုလည်း အမှန်တကယ်မဆောင်ရွက်၊ သံဃာထုကိုလည်း အကျိုးယုတ်စေနေတဲ့ ဖောက်ပြန်နေကြသော ပြည်သူအကျိုးကို မငဲ့ကွက်သော အတုအယောင် သံဃာအဖွဲ့  ဖြစ်နေပါတယ်။

ဒီလို ခေတ်အဆက်ဆက်မှာ ပိုမိုကာ ဆိုးရွားလာနေတဲ့ “နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ” ရဲ့  လုပ်ရပ်တွေကြောင့် - အာဏာရှင်များထံမှ တံစိုးလက်ဆောင်တွေ မယူဖို့ ၊ အာဏာရှင်တွေ ပေးတဲ့ အထူးအခွင့်အရေးတွေ မမက်မောဖို့ ၊ အာဏာရှင်တွေ ကပ်လှူတဲ့ ဇိမ်ခံပစ္စည်းတွေနဲ့  မသာယာဖို့ ၊ ဗုဒ္ဓရှင်တော်မြတ် ဟောကြားဆုံးမ လမ်းညွှန်ခဲ့တဲ့ သွန်သင်မှုတွေ ပြဌန်းသတ်မှတ်ခဲ့တဲ့ ပညတ်ချက်တွေကို လိုက်နာကျင့်သုံးဖို့ ၊ စစ်မှန်သော သာသနာတော် အကျိုး သံဃာထုအကျိုးကို မကြည့်ဘဲ အာဏာရှင်တွေ ခိုင်းစေသမျှ အလိုကျ လိုက်လုပ်ပေးနေမှုတွေကို ရပ်ဆိုင်းဖို့ ၊ သံဃာတော်များအား မတရားသော ဖိနှိပ်ကန့် သတ် တားဆီးပိတ်ပင်မှုတွေကို မလုပ်ဆောင်ဖို့  - အစရှိတဲ့ မေတ္တာရပ်ခံမှုတွေကို ပြည်သူလူထုအနေနဲ့ ရော သံဃာထုအနေနဲ့ ရော နိုင်ငံတော်မဟာသံဃနာယကအဖွဲ့ ကို မကြာခဏဆိုသလို လျှောက်ထားခဲ့ကြပါတယ်။

ယခုထိတိုင် ထောင်သွင်းအကျဉ်းချခံနေရဆဲ ဆရာတော် ဦးဂမ္ဘီရအပါအ၀င် ရွှေဝါရောင်တော်လှန်ရေးအတွင်းမှ သံဃာတော်ရှင်သူမြတ်များ ၊ အာဏာရှင်လက်ပါးစေများ လက်ချက်နဲ့  ပျံလွန်တော်မူခဲ့ကြရတဲ့ သံဃာတော်များ၊ ထောင်တွင်းမှာ သံဃာတော်များရဲ့  ရုံမြန်းထားးတဲ့ သင်္ကန်းတော်တွေကို အဓမ္မ ဆွဲချွတ်မှုတွေ၊ ရိုင်းစိုင်းသော စကားလုံးများနဲ့  ပြောဆိုတာမက ရိုက်ပုတ်ညဉ်းပမ်းမှုတွေကို ခံကြရတဲ့ သံဃာတော်တွေ အခြေအနေကို သိပါလျက်နဲ့  ကျူးလွန်စော်ကားသူ အာဏာရှင်တွေကိုဖြင့် ကန့် ကွက်ရှုတ်ချ တားဆီးမှုမပြုရဲဘဲ၊ ဒီလိုဖြစ်ပျက်မှုတွေ အာဏာရူးလက်ပါးစေတွေရဲ့  လုပ်ရပ်တွေကိုဖြင့် ကြားသိမြင်တွေ့ နေပါလျက်နဲ့  မသိချင်ယောင်ဆောင် မကြားချင်ယောင်ဆောင် မမြင်ချင်ယောင်ဆောင်နေကြမှုတွေကို မပြုလုပ်ဘဲ သာသနာတော်အကျိုး ကာကွယ်စောင့်ရှောက်ဖို့  သံဃာထုအကျိုး ကာကွယ်စောင့်ရှောက်ဖို့  လျှောက်ထားကြပေမယ့် အချည်းနှီးသာ ဖြစ်ပါတယ်။

ဒီလို သံဃာထုကရော ပြည်သူလူထုကရော သာသနာတော်အကျိုး တိုင်းပြည်လူမျိုးအကျိုးကို ကြည့်ပြီး အာဏာရှင်များ ခိုင်းစေရာအတိုင်း မဖြစ်စေဖို့  ပြောဆိုလျှောက်ထားပေမယ့် ယနေ့ ထိတိုင် ယခုလိုမျိုး သံဃာထုအပေါ် ဖိနှိပ်တားမြစ်မှုတွေကို အာဏာရှင်အလိုကျ လက်ပါးစေ “နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ” က ဆက်လက်လုပ်ဆောင်နေတာမို့  တကယ်ဆိုရင် ဒုဗ္ဗစ ပုဂ္ဂိုလ်ဆိုတာ “နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ” ကို ဆိုဆုံးမရခက်သော ပုဂ္ဂိုလ်များ၊ စကားနားမထောင် အမှားမပြင်နိုင်သူများလို့  ပြောဆိုရမှာ ဖြစ်ပါတယ်။
ထို အတူဘဲ မဆလခေတ် န၀တခောတ် နအဖခောတ်အဆက်ဆက် လူပြောင်း ရာထူးပြောင်း နေရာပြောင်းတွေသာ လုပ်ပြနေကြတဲ့ အာဏာရှင်ဟောင်းများ အာဏာရှင်လက်သစ်များဟာလည်း ဒုဗ္ဗစ ပုဂ္ဂိုလ် - ဆိုဆုံးမရခက်သော ပုဂ္ဂိုလ် - စကားနားမထောင် အမှားမပြင်နိုင်သူများ လို့  တစ်ထစ်ချ ပြောဆိုရမှာ ဖြစ်ပါတယ်။

မင်းကျင့်တရား (၁၀) ပါးနဲ့  အညီ တိုင်းပြည်အပေါ် တရားမျှတစွာ ကျောသားရင်သား မခွဲခြားဘဲ အုပ်ချူပ်ဖို့ ၊ လူသားအချင်းချင်း ညဉ်းပမ်းနှိပ်စက် သတ်ဖြတ် အနိုင်ကျင့်မှုတွေ ရပ်တန့် ဖို့ ၊ လိမ်ညာပြောဆို ဟန်ဆောင်ကောက်ကျစ်မှုတွေကို ပြုပြင်ပြောင်းလဲဖို့ ၊ တိုင်းရင်းသားပြည်သူလူထုအပေါ်တင်မက ဘုရားသားတော် ရဟန်းသံဃာရှင်သူမြတ်တွေကိုပါ ဖိနှိပ်ချူပ်ချယ်နေတာတွေ မတရားအမိန့် ထုတ် တားမြစ်နေတာတွေ ပစ်ခတ်သတ်ဖြတ်နေတာတွေ၊ အရိုအသေအလေးအမြတ်ထားရာ ငြိမ်းချမ်းအေးချမ်းရာ ဘုရားကျောင်းကန်တွေကို ထိခိုက်နစ်နာ ပျက်ဆီးစေတာတွေကို မလုပ်ဆောင်ဖို့ ၊ တိုင်းရင်းသားပြည်သူလူထုအပေါ် ညှာတာထောက်ထား ရိုးသားဖြောင့်မတ်စွာ မှန်မှန်ကန်ကန် ဆောင်ရွက်အုပ်ချူပ်သော မင်းကောင်းမင်းမြတ် အုပ်ချူပ်သူများ ဖြစ်အောင် မြန်မာပြည်သူပြည်သား ရဟန်းရှင်လူအပေါင်းက ရင်တွင်းဆန္ဒတွေ ထုတ်ဖေါ်ပြသကြပေမယ့် ဆက်လက်ဆိုးရွားမြဲ ဆိုးရွားနေဆဲဖြစ်တဲ့ အာဏာမက်မောသူအုပ်စုနဲ့  ရမ်းကားကြမ်းတမ်းပြနေကြတဲ့ လက်ပါးစေအခွင့်အရေးသမား ရိုင်းစိုင်းသူများကိုသာ ဒုဗ္ဗစ ပုဂ္ဂိုလ် - ဆိုဆုံးမရခက်သော ပုဂ္ဂိုလ် - စကားနားမထောင် အမှားမပြင်နိုင်သူများ လို့  တစ်ထစ်ချ ပြောဆိုရမှာ ဖြစ်ပါတယ်။

ဒုဗ္ဗစ ပုဂ္ဂိုလ် - ဆိုဆုံးမရခက်သော ပုဂ္ဂိုလ် - စကားနားမထောင် အမှားမပြင်နိုင်သူများဟာ “နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ” နဲ့  ဆက်လက်ဆိုးရွားမြဲ ဆိုးရွားနေဆဲဖြစ်တဲ့ အာဏာမက်မောသူအုပ်စုနဲ့  ရမ်းကားကြမ်းတမ်းပြနေကြတဲ့ လက်ပါးစေအခွင့်အရေးသမား ရိုင်းစိုင်းသူများ ဖြစ်တာမို့  အမိမြန်မာနိုင်ငံတော်မှာ မကြာခင် အချိန်ကာလတွေမှာ သာသနာတော် မှေးမှိန်နေရာကနေ ပျောက်ကွယ်သွားနိုင်ပါတယ်။

ဒုဗ္ဗစ ပုဂ္ဂိုလ်ဆိုသူတွေဟာ အမှန်တကယ်မှာ ဘယ်သူတွေပါလည်း .....

No comments: