Thursday, March 15, 2012

သူခိုးနိုင်ငံရဲ့ပြယုဂ်


ဘုရားရင်ပြင်တော်ဝတ်ပြု
ဖိနပ်ချွတ်ရတဲ့နိုင်ငံမှာ
အတန်တန် အခေါက်ခေါက်
ဖိနပ်တွေပျောက်လွန်းလို့
သော့ခလောက်နဲ့ဖိနပ်ကိုခတ်
ဒေ၀ဒတ်ဥာဏ်စူးရှပြီး
ရူးကြတဲ့သူတွေလို့ထင်ကြမှာ။

ဤအမြင် ဤအထင်ကိုက
ဘာကိုဖေါ်ပြလိုက်ပါသလဲ
ဝမ်းနည်းစရာပါပဲ
ဆဲလဲဆဲရမှာ အစစ်
ခေတ်ကိုက သူခိုးခေတ်
လှေကားထစ်လို တထစ်ပြီးတထစ်
အပေါ်ရစ်က အောက်အထစ်ထိ
တထစ်ပြီးတထစ်ခိုး
အဖြစ်သနစ်ကဆိုးတော့
သူခိုးစင်စစ် ဖြစ်ကရော။

လမ်းပြင်တဲ့အဖြစ်ကိုဆန်စစ်ကြည့်
ဟိုခေတ် ဟိုအခါ
လမ်းခင်းတဲ့အင်ဂျင်နီယာ
လမ်းခင်တဲ့နေရာမှာ
ကတ္တရာ အ၀ခင်း
ခိုးဝှက်ခြင်း ရောင်းစားခြင်းမရှိ
လမ်းပေါ်မှာ ကတ္တရာတွေတအိအိ
နေထိတဲ့အခါ ကတ္တရာတွေပျော်ကျလာ
ဖိနပ်အောက်လွှာမှာပင် ကပ်ပါလာ
ဒါ..ဘာကိုပြောပါသလဲ
ကတ္တရာ မချွေတာ မခိုးပါ
လမ်းပေါ်မှာအပြည့်ဖုံး
ကတ္တရာ အပြည့်သုံး။

ဒီကနေ့ ဒီအခါ သူခိုးခေတ်မှာ
ကတ္တရာတွေ ခြေထောက်ပေါက်
လမ်းပေါ်ကို မရောက်
အနောက်ပေါက်က အမြတ်ဖေါ်
ခိုးရောင်းကြပါသနော်
အမှုတော်ကျေပါပေ့
ခိုးစားတဲ့ဓလေ့။

သူခိုးဓလေ့ အမြစ်တွယ်
အဖြစ်ရယ်က ဘယ်မကောင်း
ဟိုရောင်း ဒီရောင်း ရောင်းနိုင်တာရောင်း
ခေါင်မိုးခွာရောင်း ပျဉ်ပြားခွာရောင်း
အိမ်အကောင်းလည်းမနေရ ဖွတ်ဖွတ်ကျေမွ
စိမ်းမြတဲ့တောင်သလင်း ပြောင်ရှင်းနေပါပြီ
မြစ်မင်းဧရာလည်း လည်စင်းပြီးခံရ
ရေကာထာဆက်ဆောက်ကြတော့မတဲ့။

အပြောမညီ ကတိမတည်
ပလီပလာ ညာချင်သလိုညာ အခါခါ
တစာစာလိမ် အကြိမ်ကြိမ်
ငြိမ်လေသမျှ ကလိမ်ကျ
သေချိန်ရောက်တော့မှ ငိုနေကြတော့မှာလား။

တက္ကသိုလ်ဘုန်းကြွယ(မတ်လ ၁၄ ၂၀၁၂)

No comments: