Monday, April 9, 2012

သတင်းရေးသားသူကို ဖော်ထုတ်ရန် တာဝန်မရှိဟု The Voice ဂျာနယ် အယ်ဒီတာချုပ်ပြော


2012-04-09
သတ္တုတွင်း ၀န်ကြီးဌာနက The Voice ဂျာနယ်ကို ပြစ်မှုဆိုင်ရာ ပုဒ်မ ၅၀၀ နှင့် တရားစွဲလျက်ရှိရာမှာ သတင်းရေးသားသူ အမည်ကို ဖော်ပြဖို့ တရားလိုဘက်က တရားရုံးမှာ ဦးတိုက်လျောက်ထားချက်ကို The Voice ဂျာနယ် အယ်ဒီတာချုပ်က စာနယ်ဇင်းကျင့်ဝတ်အရ သတင်းရေးသားသူကို ဖော်ထုတ်ရန် တာဝန်မရှိဟု ဒီကနေ့ ဒဂုံမြို့နယ်တရားရုံးကို အစီရင်ခံလိုက်ပါတယ်။
RFA
The Voice Weekly ဂျာနယ် ထုတ်ဝေသူနှင့် သတင်းရေးသားသူကို ဥပဒေကြောင်းအရ အရေးယူမည်ဟု ၂၀၁၂ ခုနှစ် မတ်လ ၁၃ ရက်ထုတ် သတင်းစာတွင်ဖော်ပြထားပါသည်။
သတ္တုတွင်း ၀န်ကြီးဌာနက မတ်လ ၁၆ ရက်နေ့ထုတ် စာစောင်မှာ အစိုးရ ၀န်ကြီးဌာနတချို့၏ အလွဲသုံးစားမှုများ စစ်ဆေးတွေ့ရှိ ဆိုတဲ့သတင်းကို ဖော်ပြခဲ့တာနဲ့ ပတ်သက်ပြီး သတ္တုတွင်း ၀န်ကြီးဌာနက မဟုတ်မမှန် စွပ်စွဲရေးသားချက်ဆိုပြီး ထုတ်ဝေသူ အယ်ဒီတာချုပ်နှင့် သတင်းရေးသားသူတွေကို အရေးယူဖို့ ဒဂုံမြို့နယ်တရားရုံးကို ဦးတိုက်လျောက်ထားခဲ့တာ ဖြစ်ပါတယ်။
ဒီအမှုနဲ့ ပတ်သက်ပြီး ဧပြီလ ၄ ရက်နေ့ ရုံးချိန်းမှာ တရားရုံးက သတင်းရေးသားသူကို စာဖြင့်တင်ပြဖို့ တောင်းဆိုခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး The Voice ဂျာနယ်ဘက်က လိုက်ပါဆောင်ရွက်တဲ့ ဗဟိုတရားရုံးချုပ်ရှေ့နေ ဦးသိန်းညွန့်က-
" ၇၄ ပေါ့ဗျာ။ ရုပ်ရှင်မင်းသမီးကြီး ဒေါ်သီသီနဲ့ ဆက်စပ်တဲ့ စီရင်ထုံးမှာ သတင်းရေးသားသူ၊ စာစောင်ထုတ်ဝေသူနဲ့ ပတ်သက်ရင် တာဝန်ခံ အယ်ဒီတာမှာ ယေဘုယျ တာဝန်ရှိတယ်လို့ စီရင်ထုံးပြုပါတယ်။ အဲတာကို ကျွန်တော်တို့ တင်ပြတယ်။ နောက်တစ်ခုက သမိုင်းသာဓကပေါ့။ ၁၉၃၆ ဗိုလ်ချုပ်အောင်ဆန်း အိုးဝေဂျာနယ်မှာ အယ်ဒီတာလုပ်တယ်။ ငရဲခွေးကြီးလွတ်နေပြီဆိုတဲ့ ဆောင်းပါး ပါလာတယ်။ အဲတာ ရေးသူကတော့ သတင်းစာဆရာကြီး ဦးညိုမြ။ သို့သော် ဗိုလ်ချုပ်အောင်ဆန်းက အိုးဝေမှာပါတဲ့ စာရေးသူကို ထုတ်ဖော်မပြောတဲ့အတွက် ကျောင်းထုတ်ခြင်း ခံခဲ့ရတယ်။ အဲဒီ အကျိုးဆက်ကြောင့်လည်း ဒုတိယ ကျောင်းသားသပိတ်ကြီး ပေါ်လာတာပါ" လို့ပြောပါတယ်။
ဒါ့အပြင် သတင်းရေးသားသူကို တင်ပြဖို့ မေးမြန်းချက်ဟာ ပြီးပြည့်စုံခြင်း မရှိဘူးလို့လည်း ဦးသိန်းညွန့်က ပြောပါတယ်။ အမှုကိုလာမဲ့ ဧပြီလ ၂၇ ရက်နေ့မှာ ထပ်မံချိန်းဆိုထားတာ ဖြစ်တယ်လို့ သိရပါတယ်။

No comments: