၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် လုပ်ကြံခံခဲ့ရသော ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ အာဇာနည် ခေါင်းဆောင် ကြီး ၉ ဦး၏ နောက်ဆုံး ခရီးမြင်ကွင်းကို ၁၉၄၈ ခုနှစ် ဧပြီ လထုတ် ဟံသာဝတီသတင်းစာ အချို့တွင် ဖတ်ရသည်။ အာဇာနည်ကြီးများအပေါ် ထိုခေတ်ထိုအခါက မြန်မာနိုင်ငံသူ နိုင်ငံသားများ၏ အလေးအနက် ထားပုံများကို ဖတ်ရသည်မှာ ကြက်သီးမွှေးညင်း ထစရာ။
အာဇာနည်တို့၏ ဈာပနကို ၁၉၄၈ ခုနှစ် ဧပြီ ၁၁ ရက်တွင်မှ ကျင်းပခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်အဆင့် ဈာပန အခမ်းအနား အဖြစ် ဈာပနကော်မတီ ဖွဲ့စည်းကာ ကျင်းပရာ ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျဆုံးသွားခဲ့သော အာဇာနည် ခေါင်းဆောင်ကြီး များ၏ ရုပ်ကလပ်များမှာ ဂျူဗလီဟောတွင် အများပြည်သူအား ကြည့်ရှုခွင့် ပြုထားခဲ့သည်။ အာဇာနည် ခေါင်းဆောင်ကြီး တစ်ဦးဖြစ်သူ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်းမှာမူ မီးသင်္ဂြိုဟ်ပြီးဖြစ်ရာ ၁၉၄၈ ခုနှစ် ဧပြီ ၇ ရက်နေ့တွင် တောင်တန်းဝန်ကြီး ၅ ဦး၊ ပါလီမန်အမတ် ၂ဝ ဦးနှင့် ဈာပန ကော်မတီ ၃ ဦးတို့က ရှမ်းပြည်သို့ သွားရောက်ကာ အရိုးပြာကို ယူဆောင်ခဲ့ကြပြီး ၁ဝ ရက်နေ့အရောက် ရန်ကုန်သို့ ပြန်လာခဲ့ကြသည်။
ဈာပန ကျင်းပမည့်နေ့ မတိုင်မီ ဟံသာဝတီသတင်းစာများတွင် ဈာပနအခမ်းအနား အတွက် ကြိုတင်ပြင်ဆင်ပုံများကို ဖော်ပြထားရာ ဖဆပလအဖွဲ့ချုပ်၏ ညွှန်ကြားလွှာမှာ “၁၉၄၈ ခု ဧပြီ ၁၁ ရက် မွန်းတည့် ၁၂ နာရီ အချိန် ဂျူဗလီဟောသို့အရောက် အခစား အလုပ်သမားမှန်သမျှ မိမိတို့၏ အသင်းအဖွဲ့ အလံတော်များကို တစ်ဝက်လွှင့်ထူပြီး ပန်းခွေ ၉ ခုကျစီ ယူဆောင်ကာ လက်မောင်းတွင် အဝတ်နက်များ ပတ်ဆင်၍ အင်တိုက် အားတိုက် စုရုံးကြရန်”ဟု ဖြစ်သည်။ ထို့ပြင် ဆိုရှယ်လစ်ပါတီကလည်း “မြန်မာတစ်ပြည်လုံးရှိ ဆိုရှယ်လစ်ပါ တီဝင်များသည် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်၊ ကျေးရွာတွင် ဖဆပလ အလံတော်အောက်ရှိ အဖွဲ့အစည်း အသီးသီးနှင့် ပူးပေါင်းလျက် သင်္ဂြီုဟ်မည့် နေ့တွင် ၁။ ပျော်ရွှင်မှုဟူသမျှ လုံးဝ ရပ်စဲခြင်း ၂။ အလံတစ်ဝက် လွှင့်ထူခြင်း ၃။ လက်ပတ်အနက်များ ပတ်ဆင်ခြင်း ၄။ ဘာသာ အလိုက် အလှူအတမ်း ကောင်းမှု ကုသိုလ်များ ပြုလုပ်၍ အမျှပေးဝေခြင်းတို့ကို ညီညာဖြဖြ ဆောင်ရွက်ကြရန်”ဟု ညွှန်ကြားထားသည်။
ထို့ပြင် ဆရာများ သမဂ္ဂ၊ ကြက်တံဆိပ် ပြည်သူ့မော်တော်ယာဉ်၊ အလုပ်သမား အစည်းအရုံး စသည့် အဖွဲ့အစည်း အသီးသီးကလည်း ဈာပနအတွက် အလားတူ ပြင်ဆင်ကြသည်။ နောက်ထပ် ဆင့်ဆိုချက်တစ်ခုမှာ ဗမာမွတ်ဆလင် အမျိုးသမီးများအဖွဲ့မှ ဖြစ်ပြီး “အဖွဲ့ဝင်များသည် တနင်္ဂနွေနေ့ နံနက် ၁ဝ နာရီတိတိ အမှတ် ၃၄၊ လန်ကစ္စတာလမ်း၊ ဒေါ်ခင်ခင်ကြီးအိမ်တွင် လာရောက်စုဝေးကြရမည်။ ထိုနေရာမှတစ်ဆင့် ဈာပနပို့ရန် ဂျူဗလီဟောသို့ ဌာနချုပ် အမှုဆောင်များ နှင့်အတူ ချီတက်ကြရမည်”ဟု ဆိုသည်။
ဈာပနနေ့တွင် ယာဉ်ရထားများ အားလုံး ရပ်နားထားမည် ဖြစ်သကဲ့သို့ ဆိုင်များ၊ ရုံးများအားလုံးလည်း ပိတ်ထားမည်ဟု ကြိုတင် ကြေညာကြသည်။ သိမ်ကြီးဈေးက “သိမ်ကြီး ဈေးဗဟိုရ် သမဂ္ဂဝင် ဈေးလူထုကြီးသည် နောက်ဆုံး အလေးပြုသောအားဖြင့် လွမ်းသူ့ပန်းခွေ ၉ ခုဖြင့် တစ်နေ့လုံး ဈေးပိတ်၍ အင်တိုက်အားတိုက် လိုက်ပါ အလေးပြု ကြမည်ဖြစ်ပါကြောင်း” ကြေညာသကဲ့သို့ ကာဌေး၊ ဂလုပ်၊ ပလေဒီယံ၊ ကာလ်တန်ရုံများ ကလည်း ထိုနေ့တစ်နေ့လုံး ပိတ်ထားမည့် အကြောင်း ကြော်ငြာထည့် ထားကြသည်။ လက်ပတ်နာရီဆိုင် တစ်ဆိုင်၏ စိတ်ဝင်စားဖွယ် ကြော်ငြာမှာ “နက်ဖြန် နောက်ဆုံး အလေးပြုရန် သတိပေးပါရစေ။ ဗမာ့ လွတ်လပ်ရေး အရယူရာ၌ ကျဆုံးရရှာသော ဗိုလ်ချုပ်ကြီး ဦးအောင်ဆန်းနှင့် အပေါင်းပါဝန်ကြီးတို့၏ ရုပ်ကလပ်ကို အာဇာနည်ကုန်း၌ သင်္ဂြိုဟ်မည် ဖြစ်ရာ နောက်ဆုံး အလေးပြုသောအနေဖြင့် လှည်းနေ လှေအောင်း မြင်းစောင်းမကျန် ညီညာဖြဖြ ချီတက်ကြကုန်အံ့။ မီးတစ်လုံးနဲ့ဆိုင်၊ နံပါတ် ၄၂ စီ၊ သိမ်ကြီးဈေး”ဟု ဖြစ်သည်။
ဧပြီ ၁ဝ ရက်ညက ဒေါ်ခင်ကြည်နှင့် သူနာပြုများက အလောင်းများကို အဝတ်လဲပေးကြောင်း သတင်းတိုကို လည်း ၁၉၄၈ ခုနှစ် ဧပြီ ၁၁ ရက်ထုတ် ဟံသာဝတီ သတင်းစာတွင်ဖတ်ရသည်။ သောကကို ရင်မှာ ပိုက်ထားရခိုက်တွင်ပင် သူနာပြုတစ်ဦး၏ တာဝန်ကိုပါပူးတွဲ ထမ်းဆောင်ခဲ့သည့် အာဇာနည့် ကတော် ဒေါ်ခင်ကြည်၏ ရဲစွမ်းသတ္တိကိုလည်း မှန်းဆမိရသည်။ အော် အာဇာနည်မျိုးကို မွေးထုတ်သူ မဟုတ်ပါလား။
၁၃ဝ၉ ကဆုန်လဆန်း ၄ ရက်၊ တနည်း ၁၉၄၈ ခုနှစ်၊ ဧပြီ ၁၁ ရက် တနင်္ဂနွေနေ့ နံနက် ဈာပန အခမ်းအနား ကျင်းပပုံ အသေးစိတ်မှာလည်း စိတ်လှုပ်ရှားကြေကွဲဖွယ်ရာ။
ထိုနေ့နံနက် ၆ နာရီခွဲတွင် သံဃာတော်အပါး ၁ဝဝ ကို ဂျူဗလီ ဟောတွင် သင်္ဃန်းကပ်ကာ ၉ နာရီ တွင် သရဏဂုံ တင်ကြသည်။
“နံနက် ၁ဝ နာရီကျော် အချိန် ကစ၍ မြစ်ဖျားခံရာဒေသရှိ စမ်းချောင်း ကလေးများပမာ လူအစုလိုက် အစု လိုက်တို့သည် ရက်ကွက်လေးများမှ ခြေလျင်လာကြသည်ကို ဧပြီ ၁၁ ရက်တွင် မြင်ကြရ၏”ဟု ဟံသာဝတီ သတင်းက အစပျိုးသည်။ “မော်တော် ဘတ်စ်များ မထွက်ခြင်းကား ခြေလျင် လာသောလူဦးရေပိုများစေဖို့ပင်” ဟု နောက်စာပိုဒ်တွင် ရှင်းပြထားသည်။ ဂျူဗလီဟော အတွင်းသို့ လူထုကြီး ဝင်ရောက်အလေးပြုကြရာ လူများလွန်းကာ အားလုံးက တခမ်းတနား လာကြသဖြင့် အာဇာနည်ကြီးများ၏ အလောင်းများ ရှိနေသည့်တိုင် မွှေးကြိုင်နေသည်ဟု ရေးထားသည်မှာ စိတ်ဝင်စားဖွယ်။ “ရွှေသလွန်တွင် တင်ထားသော ခေါင်းများကို ၁၁ နာရီအချိန်လောက်တွင် ချထားလေပြီ။ ဂျူဗလီရုံတွင် သင်းပျံ့သော ရေမွှေးနံ့ ကလေးတို့သည် ပရိသတ်၏ နှာခေါင်းတွင်းသို့ ဝင်လာတော့သည်” ဟူ၏။
ဂျူဗလီဟောမှ အာဇာနည်ကုန်းသို့ အာဇာနည်ကြီးများ၏ အလောင်းများအား နေ့လည် ၁ နာရီတွင် စတင်သယ်ဆောင်ကာ ဈာပန အခမ်းအနားကို စတင်ခဲ့ကြသည်။ ဟံသာဝတီမှာ “ဗိုလ်ချုပ်၏ အလောင်းကို အမြှောက်တင် မော်တော်ကားပေါ်သို့ တင်ရန် ဂျူဗလီ အရှေ့ဘက်မှ စောင့်နေ၏။ သံခမောက်နှင့် ဓားတံဆိပ်များ ပခုံးတွင် တပ်ဆင်ထားသော မြန်မာစစ်သားများကပါ စောင့်နေ၏။ ခေါင်းတိုင်း ခေါင်းတိုင်း တွင် ပြည်ထောင်စုအလံ ဖုံးထား၏” ဟု ရေးထားသည်။
ထို့နောက် ဖြစ်စဉ်များကို ဆက်လက်တင်ပြထားသည်မှာ “ဗိုလ်ချုပ် နှင့်တကွ ခေါင်းဆောင်များကို နောက်ဆုံး ရိုသေခြင်းအဖြစ် အရိုအသေ ပြုကြရပါတော့မယ် ခင်ဗျား ဟူသော အသံကြီးသည် ဂျူဘလီရုံပေါ်မှ အသံချဲ့စက်နှင့် ပြောလေပြီ။ ဓာတ်ပုံဆရာ၊ သတင်းထောက်ကအစ စစ်သားနှင့် အရာရှိတို့ပါ ပုရွက်ဆိတ် ခဲသလို ခဲနေကြပြီ။ အစီအစဉ်ကို သုံးကြိမ်ဖတ်၏။ ကုန်းတပ်၊ ရေတပ်၊ လေတပ်တို့သည် စစ်၏ ခေါ်သံကို ကြားရဘိသည့်အလား စစ်ဗိုလ်က အမိန့်ပေးသည့်အခါ အရိုအသေပြုကြပုံမှာ လူတိုင်း၏ စိတ်ကို ထိခိုက်စေ၏။ ဝမ်းနည်းသော အထိမ်းအမှတ် အဖြစ် သေနတ်ပြောင်းဝကို ဇောက်ထိုးထားရ၏။ သေနတ်များကို လက်မောင်းအောက်၌ထား၏။ မသွားချင်သွားချင် ခြေထောက်ကို ဆွဲကာ သွားခြင်းကား Death Match ဝမ်းနည်းဘွယ်ရာ အထိမ်းအမှတ်ပင် ဖြစ်၏” ဟု ဖြစ်သည်။
ဗိုလ်ချုပ်၏ အလောင်းတင် အမြောက်ရထားနောက်မှ သခင်မြ ရုပ်ကလပ်ကို သလွန်ညောင်စောင်း ထက်တင်၍ ထီးဖြူတစ်လက်မိုးကာ လော်ရီကားနှင့် တင်ဆောင်ပုံ၊ ယင်းနောက်မှ ဂျစ်ကားပေါ်တွင် သခင်မြ၏ ပုံစသဖြင့် အလောင်းနှင့် ရုပ်ပုံများကို အာဇာနည်များအား လုံးကိုယ်စီအတွက် စီစဉ်ထားပုံ၊ အစဉ်လိုက်အားဖြင့် ဒီးဒုတ်ဦးဘချို၊ မန်းဘခိုင်၊ မိုင်းပွန်စော်ဘွားကြီး၊ ဦးရာဇတ်၊ ဦးဘဝင်း၊ ဦးအုန်းမောင်၊ ကိုထွေးဟု စီစဉ်ထားပုံတို့ကို ဖတ်ရသည်။
နေ့လည် ၂ နာရီ ၁၅ တွင် အာဇာနည်ကုန်းပေါ်သို့ ရောက်လာကြပြီ။ လိုက်ပို့သူများထဲတွင် သခင် ကိုယ်တော်မှိုင်းနှင့် သခင်ထိပ်တင် ကိုယ်တော်ကြီးတို့ ပါဝင်သည်။ အခမ်းအနားတွင် ဗိုလ်မှူးအောင်က အဓိဋ္ဌာန်စာတမ်းကို ဖတ်ပြီး လူထုက လိုက်ဆိုကြသည်။ အဓိဋ္ဌာန်မှာ အာဇာနည်ကြီးများ အသက်ပေးကာ အရယူပေးခဲ့သည့် လွတ်လပ်ရေးကို ခိုင်မာ တည်မြဲအောင် ကြိုးစားမည်ဟု ဖြစ်ပြီး ခေါင်းဆောင်ကြီးများ၏ ဝိဥာဉ်က အဓိဋ္ဌာန်ကို မဖောက်ဖျက် မသွေဖီအောင် အလင်းရောင် ပေးနိုင်ကြပါစေဟု ဆုတောင်းနှင့် အဆုံးသတ်သည်။ အုတ်ဂူများမှာ ဗိုလ်ချုပ်အောင်ဆန်း၏ဂူက အလယ်တွင် ဖြစ်ပြီး ဗိုလ်ချုပ်ဂူ လက်ယာဘက်တွင် သခင်မြ၊ ဦးဘဝင်း၊ မိုင်းပွန်စော်ဘွားကြီး၊ ဦးအုန်းမောင်၊ လက်ဝဲဘက်တွင် ဒီးဒုတ်ဦးဘချို၊ မန်းဘခိုင်၊ ဦးရာဇတ်၊ ကိုထွေးတို့၏ ဂူများ ရှိနေသည်။
ထိုစဉ်က ရန်ကုန်မြို့လူဦးရေ ၆ သိန်းတွင် လေးသိန်းခန့် ဈာပနပို့ ဆောင်ခဲ့သည်ဟု ဟံသာဝတီက ခန့်မှန်းသည်။ ထိုဈာပနတွင် ဝန်ကြီးချုပ် သခင်နုက မိန့်ခွန်းပြောကြား သည်။ မိန့်ခွန်းတွင် ပြည်သူလူထု အနေဖြင့် အသည်းနှလုံး ကြိမ်မီးအုံးကဲ့သို့ ပူဆွေးသောက ရောက်နေသည်ကို သိပါကြောင်း၊ သို့သော် အမြဲတစေ ငိုကြွေးပြီး ပူဆွေး မနေသင့်ပါကြောင်း၊ ကျဆုံးသွားသော ခေါင်းဆောင် ဖခင်ကြီးတို့၏ ဂုဏ်၊ကျေးဇူး၊ လုပ်ငန်းစဉ် ဟူသည့် ထာဝစဉ် အမွေအနှစ်ကြီးများကို အမြဲတစေ သတိရ စောင့်ထိန်းပြီး တည်မြဲ တိုးတက်လာအောင် ဆောင်ရွက်ကြကာ ပူဆွေးမှုကို ဖြေဖျောက်နှစ်သိမ့် သွားစေလိုကြောင်းနှင့် ထိုအမွေအနှစ်များ ဖြစ်သော မဏ္ဍိုင်ကြီး ၅ခုကို စောင့်ထိန်းရမည် ဖြစ်ကြောင်းတို့ကို ရှင်းပြခဲ့သည်။
သခင်နု ပြောသည့် မဏ္ဍိုင်ကြီး ၅ ခုမှာ သစ္စာမဏ္ဍိုင်၊ ညီညွတ်ရေး မဏ္ဍိုင်၊ ဒီမိုကရေစီမဏ္ဍိုင်၊ လွတ်လပ်ရေးမဏ္ဍိုင်နှင့် ကမ္ဘာ့အာဇာနည်ကြီးများ၏ ကျင့်ကြံရိုး မဏ္ဍိုင်တို့ ဖြစ်ကြသည်။ သစ္စာမဏ္ဍိုင်အား “ဗိုလ်ချုပ်တို့ သခင်မြတို့ အစရှိတဲ့ ခေါင်းဆောင် ကြီးတွေဟာ သူတို့ရဲ့ နိုင်ငံရေးရာဇ ဝင်တလျှောက်လုံးမှာ နိုင်ငံရေးစလိုက် တဲ့အချိန်ကစပြီး အသက်သွေးမြေ ကျရတဲ့အထိ ဘယ်ကလောက်ကြီး ကျယ်တဲ့ ဘေးကြီး၊ အန္တရာယ်ကြီးတွေ တွေ့တွေ့ နည်းနည်းမှ မတုန်လှုပ်၊ ဖောက်ပြန်ခြင်း မရှိဘဲ စလယ်ဆုံး ရဲရဲကြီး ဆောင်ရွက်ခြင်း”ဟု အနက် ဖွင့်သည်။ ညီညွတ်ရေးမဏ္ဍိုင်နှင့် ပတ်သက်၍ မြန်မာပြည် ရာဇဝင် တလျှောက် အနော်ရထာ၊ ဘုရင့်နောင်နှင့် အလောင်းဘုရား လက်ထက်တွင်သာ လက်နက်နှင့် အရသိမ်းခဲ့သဖြင့် ညီညွတ်ကိန်း ဆိုက်ခဲ့ရကြောင်း၊ ဗိုလ်ချုပ်၊ သခင်မြအစရှိသည့် ခေါင်း ဆောင်ကြီးများ လက်ထက်တွင်မူ လက်နက်မပါ အင်မတန် ဖြူစင်သည့် မေတ္တာဖြင့်သာ ပြည့်ဝခိုင်မာသော ညီညွတ်ရေးမဏ္ဍိုင်ကို သူတို့သက်တမ်းများ မဆုံးခင် တည်ဆောက်ခဲ့ကြရာ သည်ညီညွတ်ရေးမျိုးမှာ ဥဒါန်း မကြေမည့် မဏ္ဍိုင်ကြီး ဖြစ်ကြောင်း၊ လူထုက ထိုမဏ္ဍိုင်ကြီးကို မြတ်နိုးရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တတိယမဏ္ဍိုင်ဖြစ်သည့် ဒီမိုကရေစီ မဏ္ဍိုင်အား ရှင်းပြရာတွင် “ နိုင်ငံအတွင်းမှာ ရှိကြတဲ့ ပြည်သူလူထု လူမျိုးစု အားလုံးတို့အပေါ်မှာ ထင်တိုင်းကျင့်ရင် ကျင့်လို့ရတဲ့ ပြည်သူ့အာဏာကို ချွင်းချက်မရှိ လက်ဝယ်ရောက်နေလျှက်နဲ့ မတရား မမျှတမှုတွေကို ရဲရဲကြီး သုတ်သင် နှိမ်နင်းပြီး နိုင်ငံသစ်တည်ထောင်ရေး မှာ ကမ္ဘာက အံ့သြချီးကျူးလို့ မကုန်နိုင်တဲ့၊ တရားမျှတတဲ့ အခြေခံကြီး တွေကို လူထုဆန္ဒအရ အသက်သွေးတွေ အဆုံးခံပြီး ကျွန်တော်တို့ယူကျုံး မရ ဖြစ်လောက်အောင် ကွယ်လွန်သူ ခေါင်းဆောင်ကြီးတွေဟာ တည်ဆောက်ပေးခဲ့ကြတယ်။ အဲဒီလို မဏ္ဍိုင်မျိုး တည်ဆောက်နိုင်တာဟာ နယ်နယ်ရရ မဟုတ်ပါဘူး။ ဒီနိုင်ငံဖြစ်ဖြစ် ဘယ်နိုင်ငံဖြစ်ဖြစ် များသောအားဖြင့် နိုင်ငံရေးခေါင်းဆောင်တွေ ဟာ အာဏာမရခင်တော့ တရားမျှတရေးဆိုတဲ့ အပြောနဲ့ စခန်းသွားပြီး အာဏာရကြတော့ ကိုယ့်အတွက် သော်လည်းကောင်း၊ ကိုယ့်ဆွေမျိုး၊ လူမျိုးအုပ်စုကလေးအတွက်သော် လည်းကောင်း ကျင့်သုံးကြတာတွေ ဟာ နေ့စဉ်နဲ့အမျှ ရာဇဝင်မှာ အထင်အရှားပါ။ ဒါကြောင့် ဒီလိုတွေ့ရခဲတဲ့ တရားမျှတရေး ဒီမိုကရေစီသစ် မဏ္ဍိုင်ကြီးကိုသာ ဆည်းပူးကြမြတ် နိုးကြပေတော့”ဟု ဆိုသည်။
စတုတ္ထမဏ္ဍိုင်ဖြစ်သည့် လွတ်လပ်ရေး မဏ္ဍိုင်ကြိုမူ နှစ်ပေါင်း ၁ဝဝ ကျော်အတွင်း လွတ်လပ်ရေးအတွက် အမျိုးမျိုး စတေးခဲ့ကြသော်လည်း သည်ခေါင်းဆောင်များ လက်ထက် တွင်မှ ရခဲ့သည့် လွတ်လပ်ရေးကို ညွှန်းဆိုခဲ့သည်။ ပဉ္စမမဏ္ဍိုင်ကြီး ဖြစ်သည့် ကမ္ဘာ့အာဇာနည်ကြီးများ၏ ကျင့်ကြံရိုးမဏ္ဍိုင်ကို ရှင်းပြရာ “ပြည်သူလူထုကြီးအပေါ်မှာ မေတ္တာစိတ် တွေ လွှမ်းလွန်းလို့ သူတို့ရဲ့အသက် သွေးကို သူတို့စောင့်သိချင်တဲ့ ဆန္ဒ အလျဉ်းပယ်ခွာ၍ အာဇာနည်ကြီး တို့ရဲ့ ကျင့်ရိုးလမ်းစဉ်အတိုင်း ရဲရဲကြီး စွန့်လွှတ်ခဲ့ပေတယ်။ ဒါကြောင့် အဲဒီလို စွန့်နိုင်ခဲ ကျင့်နိုင်ခဲတဲ့ အာဇာနည်တွေရဲ့ ကျင့်စဉ်မဏ္ဍိုင်ကြီးကို ပြည်သူလူထုကြီးက အမြတ်တနိုး ဆည်းပူးကြရန် ကျွန်တော်လေးနက်စွာ တိုက်တွန်းပါတယ်”ဟု ဆိုခဲ့သည်။
ထို့နောက် ရန်ကုန်မြို့မြောက်ပိုင်းမှ ပျံသန်းလာသည့် လေယာဉ် ၄ စင်းပေါ်မှ ပန်းမိုးများ ကြဲချခဲ့ရာ လူထုမှာ လွန်စွာ ကြေကွဲကြကြောင်း၊ နိုင်ငံတော်သမ္မတ၏ ပန်းခွေကို အတွင်းဝန် ဦးရွှေဘော်က ချပြီး ဖဆပလကိုယ်စား သခင်နုက ပန်းခွေချကြောင်း၊ နိုင်ငံတော်သီချင်းကို တီးမှုတ်ကာ အခမ်းအနား ရုတ်သိမ်းခဲ့ကြောင်းများကို ဟံသာဝတီမှာ ဖော်ပြထားပါသည်။
အာဇာနည်ကြီးများ၏ နောက်ဆုံးခရီးအား အစိုးရနှင့်နိုင်ငံရေးပါတီ များ၊ လူထုအဖွဲ့အစည်းများနှင့် လူထုများအပါအဝင် စီးပွားရေးလုပ် ငန်းကြီးများကပါ ကြေကွဲသောက ဂုဏ်ပြုမှုကို တညီတညာတည်း ပြသ သည့် ပုံရိပ်များကို ဖတ်ရသည်မှာ ကြက်သီးမွှေးညင်း ထစရာပင်။
အာဇာနည်မျိုး သေရိုး မရှိပါချေ။
အောင် --------------------- (အာဇာနည်နေ့နှင့် ပတ်သတ်သည့် မြို့မမောင်မောင်ကြီး၏ ဓာတ်ပုံများအား အသုံးပြုခွင့် ပေးခဲ့သော သားဖြစ်သူ ခင်မောင်လေး(The Picture Man)နှင့် ၁၉၄၈ခုနှစ် ဟံသာဝတီ သတင်းစာများ၏ သတင်းများကို ကိုးကားခွင့် ပေးခဲ့သော သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်အား မြန်မာအင်ဒီပဲန်ဒင့် ဂျာနယ်က အထူးကျေးဇူးတင်ရှိပါသည်။)
No comments:
Post a Comment