Sunday, July 22, 2012

ဆိုက္ကားသမားနဲ့နှိုင်း၊ မြို့တော်ဝန်နဲ့ မနှိုင်းနဲ့



ဖိုးထက်
ဇူလိုင် ၂၂၊ ၂၀၁၂
ကျုပ်တို့လူငယ်တွေ ကြားထဲမှာ တစ်ယောက်နဲ့တစ်ယောက် နှိမ်ချလိုက်ချင်လို့ဘဲဖြစ်ဖြစ်၊ နှိပ်ကွပ် လိုက်ချင်လို့ဘဲဖြစ်ဖြစ် ခိုင်းနှိုင်းပြီးပြော တတ်တဲ့ စကားလေးတွေရှိတတ်တယ်မို့လား။ ဥပမာအားဖြင့် “ ရုပ်ကိုက ဆိုက္ကားသမားရုပ်နဲ့”၊ “အရက်သမား ရုပ်နဲ့” ဆိုတဲ့ စကားနှစ်ခွန်းက တော့ လူသုံးနည်းနည်း များလေမလားလို့။
ဆိုက္ကားသမားနဲ့ အရက်သမားကို တန်ဖိုးမရှိတဲ့ လူ့ အန္ဓလို့ သတ်မှတ်ချင်တဲ့ သဘောပါနေပါတယ်။ ပြောခံရတဲ့သူက သူ့ကို ဆိုက္ကားသမားနဲ့ နှိုင်းခံလိုက်ရလို့ နာတတ်ကြသည်။ အရက်သမားနဲ့ ယှဉ်ပြီး သတ်မှတ်ခံလိုက်ရလို့ စိတ်ဆိုးတတ်ကြပါတယ်။ ဒါပေသိ သေသေချာချာ တ ချက်လောက် စိတ်ကိုရပ်ပြီးတွေးကြည့်မယ်ဆိုရင် ကျုပ်က ဆိုက္ကားသမားတွေဘက်ကနာချင်တယ်။ ဆိုက္ကားသမားတွေဆိုတာ လမ်းဘေးမှာ ဂိတ်ထိုး၊ ကျားကွက်ရွှေ့ကစား၊ ပါးစပ်စည်းကမ်းမရှိ၊ အုပ်စုနဲ့ နည်းနည်းဇာကျယ်ချင်တတ်ကြပေမယ့် ရည်ရည်မွန်မွန် ဆိုက္ကားသမားတွေ အများကြီး ကျုပ်တွေ့ဖူးပါတယ်။
ကျုပ် ငယ်ငယ်ကဆိုရင် မန္တလေးမှာ ဆိုက္ကားနင်းပြီး ဆေးကျောင်းတက်နေ တဲ့ ဆေးကျောင်းသားတယောက်တွေ့ဘူးတယ်။ ခေတ်လုပ်ပြီး ထင်ရှားပေါ်လွင်အောင် ဆိုက္ကားနင်းနေတာ မဟုတ်ပါဘူး။ တကယ်ကိုဘဲ ကျောင်းစရိတ်ကာမိအောင်ကြိုးစားတဲ့ အစ်ကိုကြီးတစ်ယောက်ပါ။ အဲဒီလိုလူမျိုးကိုမျက်ကွယ်ပြုပြီး ဆိုက္ကားသမားကိုနှိမ်ချင်တယ်ဆိုရင် သိပ်တော့မဟုတ်လှသေးဘူးလေ။
နောက်ဗျာ ဆိုက္ကားနင်းတာ လွယ်တယ်မထင်နဲ့ဗျ။ ဆိုက္ကားပေါ်တက်ခွပြီးနင်းကြည့်ရင် ဆိုက္ကားနင်းခြင်း အနုပညာကို ခင်ဗျားသဘောပေါက် လာမယ်။ စက်ဘီးတစ်စီးစီးရတာနဲ့ တစ်ခြားစီပါ။ တစ်ဖက်ဖက်ကိုဆွဲဆွဲချသွားလို့ သတိထားပြီး ထိန်းကျောင်းရတယ်။ ခရီးသည်၊ ၀န်တင်ပြီး တော့ ဆိုက္ကားတစ်စီးကို မတိမ်းမမှောက်ရဘဲ လိုရာခရီးရောက်အောင် ဆိုက္ကားနင်းရတာ အလေ့အကျင့်ရရင်သာ လွယ်တယ်လို့ ထင်ရတာ။ တကယ်ကျတော့ အတော်လေးအားစိုက်ပြီး ခက်ခက်ခဲခဲနင်းရပါတယ်လေ။
ချိုင့်ခွက်တွေ၊ ကုန်းအတက်တွေကြားထဲမှာ ရှောင်ရင်းရှားရင်း ဆိုက္ကားတစ်စီးကို လမ်းဘေးဆွဲချမသွားအောင် ခင်ဗျားစိတ်ကူးနဲ့ နင်းကြည့် စမ်းပါ။ စိတ်ဇောချွေးမထွက်လာရင် ခင်ဗျား ကျုပ်ကိုပြောချင်သလို ပြောစမ်းပါလေ့။ ခရီးသည်ကို ဆိုက္ကားပေါ်က မဆင်းစေရဘဲ ဆင်းတွန်း စရာရှိတာတွန်း၊ ဆွဲစရာရှိတာ ဆွဲ၊ ခြေသလုံးကြွက် သားတွေ တောင့်နေအောင် အားစိုက်ရတယ်။ ကိုယ့်ဆိုက္ကားကို စီးနေကြဖောက်သည်ဆိုရင် ပိုလို့တောင် ဂရုစိုက်ရပါသေးတယ်။ ထားတော့ ဒါကဆိုက္ကားနင်းခြင်းဆိုတာ လွယ်ပါတယ်လို့ထင်နေတာကို ကျုပ် က ခြေဖျက်ချင်တာ။
နောက်တစ်ချက်က မိမိကိုယ်ကာယကို အားပြု၊ သင့်တင့်လျောက်ပတ်တဲ့ အခကြေးငွေယူပြီး ခရီးသည် သွားလိုရာကို ပို့ဆောင်ပေးရတဲ့ ဆိုက္ကားသမားကို ကျုပ်ကတော့ မနှိမ်ချင်ဘူးဗျ။ လူတွေက မော်တော်ကား ငှားစီးရင်သာ သိပ် ဈေးမဆစ်ချင်ကြတာ။ ဆိုက္ကားသမား ပြောတဲ့ ဈေးဆိုရင် ဆစ်လိုက်ချင်ကြသေးတာ။ ဆိုက္ကားဆိုတာမျိုးက Taxi တွေလို မီတာနဲ့သွားလို့ရတာလဲ မဟုတ်ဘူး။ လမ်းပေါ်က အခက်အခဲပေါင်း များစွာကို ကိုယ့်မှာရှိတဲ့ ခွန်အားကိုစိုက်ထုတ်ပြီး အညင်သာဆုံးဖြစ်အောင် ဖြတ်ကျော်ရတာမို့လား။ ဒီတော့ ဆိုက္ကားသမားပြောတဲ့ ကူးတို့ အခကြေးငွေ အနည်းငယ်များနေရင်တောင် ပေးသင့်ပါတယ်လို့ ကျုပ်ကတော့ထင်မိတယ်။
ကျုပ်ငယ်ငယ်က အိမ်စာမလုပ်ရင်ဘဲ ဖြစ်ဖြစ်၊ လူကြီး မိဘစကားနားမထောင်ရင်ဘဲ ဖြစ်ဖြစ် အမေက ဆိုက္ကားသမားဖြစ်မယ့်ကောင်လို့ ဆဲ တတ်တယ်။ အမေက ကျုပ်ကိုနာအောင်ပြောသလို ကျုပ်ကလဲနာတယ်။ ကျုပ်ကိုများ ဆိုက္ကားသမားနဲ့နှိုင်းစရာလားပေါ့။ ဒါပေသိ အသက် နည်းနည်းကြီးလာတော့ ကျုပ်နာတတ်တာက ဘက်ပြောင်းလာတယ်။ ကျုပ်ကို သူငယ်ချင်းမိတ်ဆွေတွေက ဆိုက္ကားသမားနဲ့ ခိုင်းနှိုင်းပြီး ဆူ လိုက်၊ ဆဲလိုက်ရင် ဆိုက္ကားသမားတွေဘက်က နာတတ်လာတယ်။ ကိုယ်ကာယကိုအားပြုပြီး လုပ်ကိုင်စားသောက်ရတဲ့ လူတန်းစားတရပ် လုံးကို စော်ကားတယ်လို့ ကျုပ် ခံစားလာရတယ်။ ဆိုက္ကားသမားတွေမှဘဲ လူတွေက နှိမ်ချချင်နေတဲ့ စိတ်ကို ကျုပ်ကတော့ တတ်နိုင်သလောက် ဆန့်ကျင်တယ်။
တစ်ဝမ်းတစ်ခါး စားဝတ်နေရေးအတွက် ကာယအားပြုပြီး လုပ်ကိုင်စားသောက်နေရတဲ့ ဆိုက္ကားသမားဆိုတဲ့ လူတန်းစားထက် ဆိုးရွားတဲ့ လူတွေ မရှိတော့ဘူးလား။ ဆိုက္ကားသမား ပါးစပ်ကျနေတာဘဲလို့ပြောပြီး လမ်းဘေးက ဖြတ်သွားဖြတ်လာ ကောင်မလေးတွေ၊ မမကြီး၊ အန် တီကြီးတွေဆို စနောက်ချင်တဲ့ ဆိုက္ကားသမားတွေနဲ့ ယှဉ်ပြောတာကို လက်ခံပါတယ်။ ဆိုက္ကားသမားမှဘဲ ပါးစပ်စည်းကမ်းမရှိတာလား။ ဆိုက္ကားသမားတွေ အရိပ်မှာ ဂိတ်ထိုးရင်း ဖြတ်သွား ဖြတ်လာ လူတွေကို စနောက်ကောင်း စနောက်ပါလိမ့်မယ်။ အပြင်လောကကြီးမှာ ဆို က္ကားသမားမဟုတ်တဲ့ လူတွေကြားထဲမှာ ပါးစပ်စည်းကမ်းမရှိ ပြောချင်ရာပြော၊ ကိုယ်ပြောတဲ့စကား ဘယ်ရောက်လို့ ရောက်မှန်းမသိတဲ့ လူ တွေ မရှိတော့ဘူးလား။ အများကြီးမှ အများကြီးပါ။
ဥပမာအားဖြင့် မြို့တော်ဝန်ပြုတ်ကြီးတယောက်ဆိုပါတော့။ ပါးစပ်စည်းကမ်းမရှိ ပေါက်လွတ်ပဲစားပြောတဲ့ သူ့စကားတွေကိုဖတ်မိပြီး “ရုပ် ကိုက ဆိုက္ကားသမားရုပ်နဲ့” လို့ သူငယ်ချင်းကမှတ်ချက်ပြုတော့ ကျုပ်က အသဲထိအောင် နာတယ်ဗျ။ ဆိုက္ကားသမားတွေဘက်က နာသာရယ်။ ဆိုက္ကားသမားဆိုတာ ခရီးသည်သွားလိုရာကို မပင်မပန်း ချေချောမွေ့မွေ့ရောက်ဖို့နဲ့ ကိုယ့်ရဲ့ကိုယ်ကာယ၊ ကျွမ်းကျင်မှုကို လဲစားရှာတာဗျ။ ဒီလူကြီးက မပင်မပန်း ခိုးဝှက် ချမ်းသာလာပြီး လောကခရီးသည် လူတွေကို အဆင့်အတန်းမရှိ စကားတွေနဲ့ စော်ကားတာကြတော့ ကျုပ်က ဆိုက္ကားသမားမဖြစ်လိုက်ရတာတောင် နောင်တရချင်တယ်။
လူ့တန်ဖိုးကို လူတွေက အပြင်ပန်းကြည့်ပြီး သတ်မှတ်ကြတယ်ထင်ပါရဲ့။ အပြစ်လို့ ပြောလို့မရပေမယ့် အမှန်လို့တော့ဖြင့် တထစ်ချ သတ် မှတ်လို့ မရပါဘူး။ ဒါဆိုရင် ကျုပ်ဆိုတဲ့ လူသတ္တ၀ါတစ်ကောင်ရဲ့တန်ဖိုးကို ဘယ်လို သတ်မှတ်ကြမှာတုံး။ မုန်းတဲ့သူတွေက နှိမ်ချမယ်။ အ ပြစ်အနာအဆာရှာမယ်။ တိုက်ခိုက်မယ်။ နှိုင်းယှဉ်ပြီး ပြောမယ်။ စိတ်သဘောအတိုင်း ရှိကြ၊ ပြောကြပါစေပေါ့။ ဒါပေမယ့် ကျုပ်အမေလို ကျုပ်ကိုတိုးတက်စေချင်လို့ ဆိုက္ကားသမားနဲ့ နှိုင်းပြီး ဆဲတတ်တာကိုတော့ လက်ခံရမှာပါဘဲ။ အခုအသက်အရွယ်ထိကို ကျုပ်ကွမ်းတွေဝါးပြီး ပါးစပ်ကြီး နီရဲနေရင် အမေက နင့်ရုပ် “နင်ပြန်ကြည့်စမ်း။ လမ်းဘေးက ဆိုက္ကားသမားရုပ်နဲ့” လို့ ဆူတတ်၊ ဆဲတတ်တုန်း။ ဘယ်လိုဘဲဖြစ်ဖြစ် ဒီတစ်ခေါက် အမေမကြိုက်တာလုပ်မိလို့ အမေက ကျုပ်ကို ဆိုက္ကားသမားနဲ့နှိုင်းယှဉ်ပြီးဆဲလာမယ်ဆိုရင် ပြန်တော့ပြောရမယ်ဗျ။ အသက် တွေကြီးကောင်ကြီးမားနဲ့ သားအမိနှစ်ယောက် စကားမများချင်ပေမယ့် အမေ့ကို ပြန်တော့ပြောရအုံးမယ်။
“အမေ ကျနော့်ကို ဆိုက္ကားသမားနဲ့ နှိုင်းချင်နှိုင်း၊ မြို့တော်ဝန်နဲ့ မနှိုင်းနဲ့” လို့ ပြန်ပြောရမယ်။ ကျုပ်ပြန်ပြောရင် လုံးဝမကြိုက်တဲ့အမေ စိတ် ဆိုးကာမှ ဆိုးပေရော့။ “ကျနော်ဆိုက္ကားသမားလုပ်မယ် မြို့တော်ဝန်မလုပ်ချင်ဘူး” လို့ အထွန့်တက်ရအုံးမယ်။ တွေ့ကရာနဲ့ ကောက်ပေါက်ကာ မှ ကောက်ပေါက်ရော့ဘဲ။ ဘယ်ဗျာ ဆိုက္ကားသမားဘဲလုပ်မယ်ဗျ။ ရွံ့အံချင်စရာ လူ့အန္ဓ မြို့တော်ဝန်တော့ မလုပ်ဘူးဗျ။

No comments: