Friday, October 12, 2012

လာမည့်ရွေးကောက်ပွဲအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရန်လိုဟု ALD ထောက်ပြ

ကောင်းမြတ်ဖြိုး ( မြစ်မခ)
by Myit Makha Mediagroup on 12 Oct, 2012


၂၀၁၅ တွင်ကျင်းပမည့် ရွေးကောက်ပွဲအတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ရန်လိုအပ်သည်ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌက ဆိုသည်။
 
 ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ဒီမိုကရေစီအခြေခံမူများနှင့် ပြည်ထောင်စုစစ်စစ်မူဖြင့်သော်လည်းကောင်း မကိုက်ညီသည့်အချက်အလက် ဥပဒေများကို ပြင်ဆင်လိုခြင်းဖြစ်သည်။
 
 “ဦးတို့ကြေငြာချက်ထဲမှာပါတဲ့အတိုင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်လို့ရမယ်၊ ပြည်သူ့အတွက် စစ်မှန်တဲ့ ပြည်ထောင်စု တစ်ခုကို သွားနိုင်မယ်ဆိုရင် စဉ်းစားပေးမယ်၊ မဟုတ်ဘူးဆိုရင်တော့လည်း စဉ်းစားရမှာပဲ” ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်(ဗဟို)မှ ဥက္ကဌ ဦးဦးလှမြင့်က ပြောသည်။

တိုင်းရင်းသားလူမျိုးများသွေးစည်းညီညွတ်ရေးအား အမျိုးသားပြန်လည်သင့်မြတ်ရေး ဦးတည်ချက်ဖြင့် ဆောင်ရွက်လိုကြောင်းကိုလည်း သိရသည်။
 
 အဆိုပါပါတီအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်းမရှိခဲ့ပေ၊ ထိုသို့ပါဝင်ယှဉ်ပြိုင်မှုမပြုလုပ်ခြင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား သဘောမကျသောကြောင့်ဖြစ်ကြောင်း ၎င်းတို့၏ (၂၄)နှစ်မြောက်နှစ်ပတ်လည်အခမ်းအနားတွင်ပြောကြားခဲ့သည်။

၎င်းတို့ပါတီအနေဖြင့် ရခိုင်ပြည်တွင်လုပ်ဆောင်လျက်ရှိသော စီမံကိန်းများအား ဒေသတစ်ခုလုံး တိုးတက်ဖွံ့ဖြိုး မှုလက်တွေ့ ခံစားနိုင်ရန် နှင့် ပေါ်ပေါက်လာမည့် ဆိုးကျိုးများအား ကာကွယ်နိုင်ရန်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၎င်းတို့ ၏ (၂၄)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနား ကြေငြာချက်တွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်တွင် ယခုအချိန်၌ မြန်မာ-တရုတ် ရွှေ သဘာဝဓါတ်ငွေ့နှင့် ရေနံပိုက်လိုင်းစီမံကိန်းအားဆောင်ရွက်လျက်ရှိနေသည်။
 
 အဆိုပါစီမံကိန်းကြောင့် သဘာဝရေထွက်နှင့် ရေထိန်းတောများပျက်စီးခြင်း သာသနိကနယ်မြေများ၊ လမ်းများပျက်စီးခြင်း ကုန်းနေသတ္တ၀ါများ၊ ဇီဝမျိုးစုံမျိုးကွဲများထိခိုက်ပျက်စီးခြင်း၊ ကန်းရိုးတန်းနှင့် သန္တာကျောက်တန်းများထိခိုက်ပျက်စီးခြင်းများ ဖြစ်ပေါ်လာနိုင်ကြောင်း မြန်မာ-တရုတ်ပိုင်းလိုင်းစောင့်ကြည့်ရေးကော်မတီမှဆိုသည်။
 
ရခိုင်ဒီမိုကရေစီပါတီအနေဖြင့် ပါတီရုံးများမှာ ရခိုင်ပြည်နယ်တွင် (၁၇)မြို့နယ် ရှိသော်လည်း ယခုအချိန်တွင် ရန်ကုန်မြို့အပါအ၀င် မြို့နယ်(၂၀)ရှိပြီဖြစ်ကြောင်းသိရသည်။
 
၎င်းပါတီသည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် တတိယအများဆုံးအနိုင်ရပါတီဖြစ်ပြီး၊ ၂၀၁၅ ခုနှစ် တွင်လည်း ပါဝင်ယှဉ်ပြိုင်ရန်အတွက် ရာထားကြောင်းသိရသည်။
 

No comments: