Thursday, October 11, 2012

ဗိုလ်ကျော်ဇော

BKZ
(၁)
သူ့ကို ကျနော် စတွေ့သည်က ကျနော့် ဖိုးလေး ၏ ဧည့်ခန်းထဲတွင် ဖြစ်သည်။
……….
(၂)
ဓာတ်ပုံထဲတွင် သူ သည် စစ်ဝတ်စုံဖြင့် ပကတိ တည်ကြည်ခန့်ညား နေသည်။ ကျနော့် အမြင်အားဖြင့် သူ့ ရုပ်ပုံထဲ ရိုး ဖြောင့်ခြင်း၊ စိတ်ဓာတ်ကြံ့ခိုင်ခြင်းတွေ တဖျပ်ဖျပ် လျှံထွက်နေသည်။ သူသည် ကျနော့်ထက် အများကြီး ကြီးသော လူ ကြီးတဦး ဖြစ်သည်။ သူနှင့် ကျနော် ဆွေမျိုးနီးစပ်တော်သည်။ ထိုစဉ်က ကျနော့် အသိမှာ ဒါပဲဖြစ်သည်။
……….
(၃)
နောက် နည်းနည်းကြီးလာတော့ ကျနော့်အမေ ထံမှ သူ့အကြောင်း တစွန်းတစ သိရသည်။ သူ ဗိုလ်မှူးချုပ် တယောက် ဖြစ်မှန်း သိရသည်။ သူ ရဲဘော်သုံးကျိပ်ဝင် ဖြစ်ကြောင်း သိရသည်။ သူ ရိုးသားမှန်း သိရသည်။ ကျနော့် အမေ ငယ်စဉ် သူ မေမြို့တွင် တိုင်းမှူးဖြစ်နေစဉ် အမေ့ ကလေးဘဝ ကျောင်းပိတ်ရက်များ မေမြို့ရှိ သူ့ အိမ်ဂေဟာတွင် ကုန်ဆုံးခဲ့ ကြောင်း၊ ကလေးအရွယ်သာဖြစ်သည့် အမေ သူ နေထိုင်ရာ ခြံဝန်းထဲတွင် အလွန်ပျော်ရွှင်ကြောင်း၊ သူ သဘောကောင်း ကြောင်း၊ သူ ရာထူးမှ နှုတ်ထွက်ရကြောင်း၊ အမေ့ မင်္ဂလာ ဧည့်ခံပွဲသို့ သူ တက်ရောက်ချီးမြှင့်ခဲ့ကြောင်း၊ သူ ကျနော် မွေးသည့် နှစ်တွင် တောခိုသွားကြောင်းတွေ ထပ်သိရသည်။
(၄)
“ဗိုလ်ချုပ် ကျော်ဇော က မာနကြီးတယ် သားရဲ့၊ မဟုတ်တာလဲ ဘယ်တော့မှ မလုပ်ဘူး၊ သူ တပ်က နှုတ်ထွက်ပြီးတော့ တော်တော် ကသီရှာတယ်၊ အစိုးရဆီက ဘာမှ မတောင်းဘူး၊ သူ့ ဖာသာ နေသွားတာ” ဆိုသော စကားကတော့ အမေ့ ထံမှကျနော် ငယ်စဉ်ကတည်းက ကြားနေကြ စကားဖြစ်သည်။ “ဒေါ်ဒေါ် သန်းစိန် ကြီးကလည်း သိပ်သဘောကောင်း တာ၊ ဗိုလ်ချုပ်ကျော်ဇော အပေါ်လည်း အင်မတန် ကောင်းရှာတယ်” ကျနော် နောက်ထပ် ကြားရသော စကားဖြစ်သည်။ ကျနော် ငယ်ငယ်ကတည်းက ကျနော့် ဖိုးလေးနှင့် ဖွားလေးဆီ သီတင်းကျွတ် သွားသွား ကန်တော့တိုင်း တွေ့နေကျ သူ့ စစ်ဝတ်စုံနှင့် ပုံကို မေးမိတော့ “အဲဒါ သူ တပ်က မထွက်ခင် ဗိုလ်မှူးချုပ် ရာထူး နဲ့ ရိုက်ထားတာဖြစ်မယ်” ဟု အမေက ပြန်ဖြေသည်။ အဲဒီတုန်းက သူ့ အသက်ကို ကျနော် မေးတော့ အမေလည်း ချက်ချင်း မဖြေနိုင်။ သူ ငယ်စဉ်တုန်းကနဲ့ ချိန်ထိုး၍ တွက်ရသည်။ နောက်မှ “အဲဒီတုန်းက လေးဆယ် ဘယ်ပြည့်ဦးမလဲ၊ ၃၇ ၃၈ ပေါ့ ဟု အမေက ပြန်ဖြေသည်။ အဲဒီတော့မှ ကျနော် သူ့အသက်ကို တွက်ရသည်။ သူ့အသက် ထိုစဉ်က ၆၅ ဝန်းကျင် ရှိလောက်ပြီ။
(၅)
နောက် သူ တောခိုတုန်းက အကြောင်း အမေက ကျနော့်ကို ပြန်ပြောသည်။ “အဲဒီတုန်းက အမေ သား ကိုယ်ဝန် အရင့် အမာ ကြီးနဲ့ပေါ့” ဟု  ပြောသည်။ “အမေ တို့ဆီ သတင်းရောက်လာတော့ သတင်းစာမှာတောင် မပါသေးဘူး၊ ဒေါ်ဒေါ် သန်းစိန်ကြီး ခေါ်သွားပြီ (ထောက်လှမ်းရေးမှ ခေါ်ယူစစ်ဆေးခြင်း) ဆိုပြီး သတင်းရောက်လာတာ၊ ပြီးမှ သတင်းစာထဲ ပါလာတော့တာပဲ၊ ဗိုလ်ချုပ် ကျော်ဇော တို့ မိသားစု တောခိုသွားပြီ၊ တွေ့ရင် အကြောင်းကြားပါ ဆိုပြီး ပါလာတာ။ ဒေါ် ဒေါ်သန်းစိန်ကြီးက နောက်သုံးလေးနှစ် နေမှ လိုက်တာ သားရဲ့၊ ဥပုသ်သွားစောင့်မယ် ဆိုပြီး ဒေါ်ဒေါ်သန်းစိန်ကြီး ပျောက်သွားရော၊ နောက်မှ ဗိုလ်ချုပ်ကျော်ဇော ဆီ လိုက်သွားပြီဆိုပြီး သိရတာ” အမေက ဆက်ပြောသည်။“စန်းကျော် ဇော နဲ့ ဒေါ်ဒေါ်သန်းစိန် ကျန်ခဲ့တယ်၊ သားနှစ်ယောက်ကော လှကျော်ဇော ပါ တူတူ ပါသွားတာ”။ “ ဒေါ်ဒေါ်လဲ ကြီး ရောပေါ့၊ ခုလောက်ဆို” “စန်းကျော်ဇော ကတော့ သြစတြေးလျ မှာဆိုလား ကြားတယ်”  အမေ့ အနားသတ် စကားတွေ ဖြစ်သည်။ “ဒီလို သားရေ…ဗကပ နဲ့ တိုက်ပွဲမှာ တောထဲက စာရွက်စာတမ်းတွေ မိသွားတာ၊ အဲဒီမှာ ဗိုလ်ချုပ်ကျော်ဇော ကို တောထဲနဲ့ အဆက်အသွယ် လုပ်နေတယ်ဆိုပြီး တပ်က ထွက်လိုက်ရတာ၊ အဲဒီတုန်းက အမေ ဆယ့်ငါးနှစ် သမီးမို့ ကောင်းကောင်း မှတ်မိနေပြီ” အမေ့ ထပ်မံဖြည့်စွက်ချက်တွေ ဖြစ်သည်။ ထိုအချိန်တွင် ကျနော်လည်း ဆယ့်ငါးနှစ်ခန့် ရှိပြီမို့ အမေ့စကားတွေကို ကျနော် ကောင်းကောင်း မှတ်မိနေသည်။
“ရွေးကောက်ပွဲ ဝင်သေးတယ် သားရဲ့၊ ဒါပေမယ့် အဲဒီတုန်းက တပြည်လုံးက သန့်ရှင်း မှ သန့်ရှင်း၊ သန့်ရှင်းကို ရှုံးသွား တယ်”၊ “ကြည့်မြင်တိုင် က ဝင်တာထင်တယ်”၊ “အမလေး ဆရာကြီး သခင်ကိုယ်တော်မှိုင်း နဲ့ သိပ်ခင်တာ၊ သူတို့ ဆရာ တပည့်တွေ” “အဲ ဦးနေဝင်း အာဏာသိမ်းပြီးတော့ ဦးနေဝင်းက ဗိုလ်ချုပ်ကျော်ဇော ကိုတော့ မဖမ်းဘူး၊ ဒီတိုင်း လွှတ်ထားပေးတယ်” ကျနော် ၁၆၊ ၁၇ အရွယ် ပန်းဆိုးတန်းမှာ ကျက်စားတော့ သူ့အကြောင်း ဒီ့ထက် ခြေခြေမြစ်မြစ် သိချင်၍ အမေ့ကို မေးတော့ အမေ က ထပ်ဖြေသော စကားတွေ ဖြစ်သည်။ “အဲဒါနဲ့ သူ တောခိုရော၊ တောခိုတော့ ဖိုးလေးကြီး (ဗိုလ်ကျော်ဇော၏ ဆွေမျိုး တော်စပ်သူ ကျနော့် ဖိုးလေး ဗိုလ်မှူးကြီး စိုးဝင်း) က မန္တလေးတိုင်းမှာ တာဝန် ကျနေတာ၊ ဗိုလ်ချုပ်ကျော်ဇော ကလဲ မန္တလေးဘက်က ထွက်သွားတော့ ဦးနေဝင်း က ဖိုးလေးကြီးအကြောင်းစုံစမ်းပြီး ဖိုးလေးကြီး ရိုးမှန်းလဲသိ၊ ဘာမှမသိမှန်းလဲ သိတော့ ဘာမှတော့ မလုပ်ပါဘူး၊ စိတ်ချရတဲ့ နေရာပို့လိုက်ဆိုပြီးပြောတယ်၊ အဲဒါနဲ့ စစ်ဘက်ကနေ သတ္ထုတွင်းကိုရောက်သွားတာ” “အမလေး သူတို့ ညီအစ်ကိုတွေ သိပ်ချစ်တာ၊ သူတို့ အစ်ကိုကြီး ဦးပု ဆိုတာ ရှိတယ်၊ သူက ဖိုးလေးကြီး ကို ပြောတယ်လေ၊ “ငါကွာ၊ ငါရယ် မင်းရယ် မောင်ရွှေ (ဗိုလ်ချုပ်ကျော်ဇော အမည်ရင်း) ရယ် ထမင်းတူတူ တခါလောက် ပြန်စားချင်လိုက်တာကွာ” တဲ့။ အမေ့ ဆင့်တွဲ စကားတွေ ဖြစ်သည်။ ဘာ ပဲဖြစ် ဖြစ် ထိုစဉ်က ဗကပ ပြိုကွဲသွားပြီ။ သူ တရုတ်ပြည်မှာ ခိုလှုံနေရပြီ ဖြစ်သည်။
(၆)
သူ့အကြောင်းနှင့်တကွ သူ့ဘဝ တခုလုံးကို လှိုင်လှိုင်သိရသည် က အင်တာနက်ပေါ်မှ ဖြစ်သည်။ သည့်မတိုင်မီ ကျနော် လက်လှမ်းမီသမျှ ဖတ်ရသော သူ့အကြောင်း တစွန်းတစတွေက ချယ်ရီမဂ္ဂဇင်း ထုတ်ဝေသူ ဗိုလ်မှူးကြီးဟောင်း တင် မောင် (မြတ်ထန်) ရေးသားသည့် “တိုင်းပြည်က နုနု မုန်တိုင်းက ထန်ထန်” စာအုပ် နှင့် မိုးမိုးတာရောစန် (ဗိုလ်မှူးကြီး ခင်မောင်သောင်း) ရေးသားသည့် “မုန်တိုင်းကို မမှု အံတုလေသော်” စာအုပ်တွေ ထဲမှ ဖြစ်သည်။ ၂၀၀၇ ခုနှစ်တွင် တော့ သူ့ ကိုယ်တိုင်ရေး အထ္တုပ္ပတ္တိ ကို အင်တာနက် ပေါ်ကတစ်ဆင့် ကျနော် ဖတ်ရှုရသည်။ ကျနော်လည်း ထိုအခါမှ သူ့ ဘဝ ဖြစ်စဉ် တခုလုံးကို သူ ရေးထားသမျှ သိရသည်။ သူ့ ဇနီး ဒေါ်ဒေါ်သန်းစိန် ကွယ်လွန်သွားကြောင်းကိုတော့ ကွယ်လွန်ချိန် ကတည်းက ကျနော်တို့ ကြားထားပြီး ဖြစ်သည်။ နောက် သမီးဖြစ်သူ ဒေါက်တာ လှကျော်ဇော ရေးသား သော ပန်ဆန်းမှ မိသားစုဘဝ ဖြတ်ပိုင်းတစကို ဖတ်ရသည်။ နောက် ရွှေဝါရောင်တော်လှန်ရေး ပြီးကာစတွင်လား မသိ၊ သူ့ စကားသံကို အင်တာနက်မှ ထပ်ကြားရသည်။ နောက်တော့ သူ့ မွေးနေ့ (ကိုးဆယ်ပြည့်တွင် ဖြစ်မည် ထင်သည်) တွင် တိုင်းပြည်သို့ သူ ကူမင်းမှ ပြောကြားသော စကားတို့ကို ကျနော် ကြားရသည်။ ဘာပဲဖြစ်ဖြစ် သည်ဘက်နှစ်ပိုင်း တွေတွင် အင်တာနက်က တဆင့် ပေါ်ထွက်လာသော သမိုင်းမှန်ကူကွက်တွေ သမိုင်း မှန်ကွဲစတွေအပေါ် သူ့အရိပ်တွေ သူ့ အရောင်တွေ ရိုးရိုးရဲရဲ ပြိုးပြက်နေသည်။ ယခု ကိုးဆယ့်တနှစ် ပြည့်တွင်လည်း တိုင်းပြည်သို့ ပြောသော သူ့စကား ကျနော် ဖတ်ရသည်။
(၇)
“ဗိုလ်ချုပ်ကျော်ဇော က ကွန်မြူနစ်လေ၊ တရုတ်ဖြူတွေကို တကယ် ဖိတိုက်တာကိုး၊ အဲဒီတုန်းက တိုင်းပြည်မှာ လျှမ်း လျှမ်းတောက် ပေါ့” “သူ့သားလေး က စာမေးပွဲ ကိစ္စနဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတယ်၊ အဲဒီတုန်းကများ ဗိုလ် ချုပ် ကျော်ဇော ကော ဒေါ်ဒေါ်သန်းစိန် ကော သိပ်စိတ်ထိခိုက် သွားတာပဲ၊ တွတ်တွတ်၊ တွတ်တွတ်၊ သားလေး နာမည်” “အမေ့ ကို တင်လေး လို့ ခေါ်တာလေ၊ သိတယ် သိတယ်၊ လှကျော်ဇော တို့လည်း သိတယ်၊ မမတင်လေး လို့သာ ပြော လိုက်” အမေ ကတော့ ယခုအထိ သူ့ ငယ်စဉ်ဘဝ ကို တမ်းတမ်းတတ ပြန်ပြောရင်း သူ့ အကြောင်းတွေ ပြောဆဲ ပြော မြဲ ဖြစ်သည်။ တလောကတော့ အင်တာနက် ဖိုရမ် တခုတွင် ဖိုရမ်အဖွဲ့ဝင် တယောက် ကူမင်း သွားရင်း ဗိုလ်ချုပ် ကျော် ဇော နှင့် တွေ့ခဲ့ကြောင်း ကျနော် ဖတ်ရသည်။ ကျနော်ကတော့ သူ့ရုပ်လွှာကို မြင်ယောင်နေရင်း အမေ့ထံမှ သူ့အ ကြောင်းတွေကိုပဲ နားထဲ ပြန်ပြန် ကြားနေမိသည်။ သူ့အမည်မှာ “ဗိုလ်ကျော်ဇော” ဖြစ်သည်။

စိမ်းစို
(အများသိပြီးဖြစ်သော ဗိုလ်မှူးချုပ်ကျော်ဇော နှင့် မိသားစုဝင် အမည်များမှ အပ ကျန်အမည်များကို အခြေအနေအရ ပြောင်းလဲထားပါသည်။)

No comments: