To:
အကြီးတွေ ချန်ထားခဲ့တဲ့ အမှိုက်ပုံ
·
ဒီခေါင်းစဉ်ကိုတပ်လိုက်တာနဲ့ သမ္မတကြီး ဦးသိန်းစိန်ရဲ့ ခေါင်းပေါ်မှာ
အထုပ်ကြီးနှစ်ထုပ်ကို ပြေးမြင်မိပါတယ်။ တထုပ်က ဦးနေ၀င်းပေးခဲ့တာ၊
နောက်တထုပ်က ဦးသန်းရွှေရဲ့ လက်ဆောင်။ အထုပ်ခြင်းတော့ တူသလိုလိုနဲ့
မတူပါဘူး။ ဦးနေ၀င်းအထုပ်ထဲမှာက ရာစုနှစ်ဝက်ကြာ ပြည်တွင်းစစ်က အဆိုးဆုံး။
ဦးသန်းရွှေရဲ့ အထုပ်ထဲမှာတော့ ကမ္ဘာ့အဆင့်တစ် ခြစားမှုတွေ၊
အနိမ့်ဆုံးကိုဆင်းနေတဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး။ အားလုံးက
ဆက်စပ်နေတာမို့ တပေါင်းတည်း အမှိုက်ပုံကြီးလို့လည်း ဆိုနိုင်ပါ့။
ချန်ခဲ့ပုံခြင်းလည်း မတူသေးဘူး။ ဦးနေ၀င်းက ဦးသန်းရွှေလက်ထဲ
သေနတ်တလက်ထည့်ခဲ့တာ။ သေနတ်ဆိုတာ ပစ်ရင်မိုးပေါ်ထောင်မပစ်ဘူး၊
တည့်တည့်ပစ်တာလို့လဲ လူသိရှင်ကြား သညာပေးခဲ့သေးတာ။ သူနဲ့ယှဉ်ရင်
ဦးသန်းရွှေကတော့ ဦးသိန်းစိန်လက်ထဲ တံမြက်စည်းတချောင်းနဲ့ ဂေါ်ပြားတခုတော့
ထည့်ပေးခဲ့သေးတယ်လို့ ဆိုရမှာပဲ။ ဘူဒိုဇာ အခေါက်တရာ သယ်ရမယ့် အမှိုက်ပုံကို
ရှင်းဖို့လေ။ သနားစရာကောင်းလိုက်တဲ့ သမ္မတကြီး။
သမ္မတကြီးကလည်း
သူတယောက်ထဲမနိုင်မှန်းသေချာတော့ သမ္မတရုံး ၀န်ကြီး ၆ ယောက်တောင်
စစ်ကူခေါ်ထားတာကလား။ ရော့ မင်းတထုပ် -ချစ်လွန်းလို့ ဦးအောင်မင်းကို
ငြိမ်းချမ်းရေး၊ ရော့ မင်းတထုပ် - ပြည်တွင်းရေး၊ ခွဲယူကြ။ ဒီအထဲကမှ
အကြီးဆုံးနဲ့ ကြံ့ဖွတ်များမရှင်းနိုင်တာအသေချာဆုံး အထုပ်ကြီးကို
ညီမလေးကတောင်းဆိုတဲ့အတွက်ဆိုပြီး အန်တီစုခေါင်းပေါ်တင်လိုက်တာပေါ့။ တရားဥပဒေ
စိုးမိုးရေး။ တရားရေး မဏ္ဍိုင်ကြီး ယိမ်းယိုင်နေပါပြီလို့ ရှေ့နေကြီး
ဦးသိန်းညွန့် လူသိရှင်ကြားအော်ခွင့်ရသွားပါရောလား။ တကယ်တော့
ယိမ်းယိုင်နေတယ်ဆိုတာ လျော့လျော့ပေါ့ပေါ့ပြောထားတာပါ။ ကိုယ့်ကိုယ်ကိုမို့
ငှက်မွှေးကလေးနဲ့ သုံးသပ်သလားပဲ။ ယိမ်းနေတာမဟုတ်ဘူးရှင့်။
မြေကြီးပေါ်ကိုရောက်နေလို့ လူတိုင်းခြေဖ၀ါးအောက်မှာ။ ရှေ့နေကြီး
မျက်စိမှုန်တယ်ထင်ပါ့။ ရပ်ကွက်ထဲမှာ ဘယ်သူချဲဒိုင်လဲ လူတိုင်းသိတယ်။ ရဲက
မသိဘူးဆိုတာဟုတ်ပါ့မလား။ ပါးတခါရိုက် ဒဏ်ငွေတထောင်။ သူများကြားရင်
ရယ်နေမယ်။ ဥပဒေက ဘယ်လောက်စိုးမိုးသလဲဆိုတော့ ဥပဒေခုံရုံးကြီး
ထွက်စာတင်ရတဲ့အထိပဲ။ ကဲ။
ဟော ၈၈
မျိုးဆက်ကျောင်းသားများအဖွဲ့ကလည်း ကျွန်တော်တို့လည်း
တထုပ်ယူမယ်ခင်ဗျဆိုပြီးယူသွားတာ ကျောင်းသားများဆိုတော့ ပညာရေးတဲ့။
မြန်မာနိုင်ငံပညာရေးအဆင့်အတန်းသည် နှစ် ၂၀ လောက်နောက်ကျကျန်ခဲ့ပြီတဲ့။
အကျယ်ကြီး အကျယ်ကြီးထပ်ပြောလိုက်ဦးမယ်။ UNDP ရဲ့ စစ်တမ်းများအရ
မြန်မာနိုင်ငံ လူသားဖွံ့ဖြိုးတိုးတက်မှုအဆင့်အတန်းသည် နိုင်ငံပေါင်း ၁၈၇
နိုင်ငံတွင် နံပါတ် ၁၄၉ တွင် ရှိနေပါသည်။ ဂုဏ်ယူကြပါခင်ဗျားးးးးးးးးးး။
လူရိုင်းတွေနေတဲ့ ပေါ်ပူဝါနယူးဂီနီ ရယ်၊ အယ်ကေဒါတွေ သင်တန်းပေးနေတဲ့
ယီမင်ရယ် ကိုယ့်အောက်မှာ ရှိသေးတယ်၊ မပူနဲ့။ ဆရာကြီး ဦးသိန်းက --
တက္ကသိုလ်များသည် ဘွဲ့လက်မှတ်ရိုက်ထုတ်သောစက်ရုံကြီးများ ဖြစ်နေကြပြီး
တွေ့သမျှလူ ပါရဂူ ဟုစာချိုးခံနေရပါသည်တဲ့။ ကောင်းပါ့။ကိုယ်သာ
ပညာရေးဝန်ကြီးဆိုရင်တော့ ည ည ကုလားထိုင်ကို ထ ထ စမ်းမိမလားပဲ။
လှုပ်နေတာလား၊ ညတွင်းချင်းပဲ ပျောက်သွားမလားလို့။ ရှေ့ကသွားနှင့်တဲ့
ပညာရေးဝန်ကြီးများ ချန်ခဲ့တဲ့ အထုပ်ကြီးကို ၀န်ကြီးမင်းရှင်းရင်ရှင်း၊
မရှင်းရင် ၀န်ကြီးမင်းကို ရှင်းမယ့်လူတွေပေါ်တော့မယ်။ပညာရေးလောကမှာ
ကိုယ်နဲ့မဆိုင် ဘေးထွက်ထိုင်နေကြတဲ့သူများကော၊ မလုပ် မရှူပ် မပြုတ်နေသာသလို
နေနေကြတဲ့သူများကော၊ ကိုယ်သာလျှင်
နေရာရရေးတို့အရေးလုပ်ထားခဲ့တဲ့သူများကော၊ ကျုရှင်ပေးသူကော၊ မပေးသူကော၊
နာသုံးနာနဲ့ နာတဲ့လူကော၊ စံသုံးစံနဲ့ စံတဲ့လူကော၊ အားလုံးသော ဆရာ
ဆရာမအပေါင်းတို့ အနှစ် ၂၀ စာ အမှိုက်ပုံကို ၀ိုင်းမရှင်းဘူးဆိုလျှင်
အကြီးတွေချန်ထားခဲ့တဲ့အမှိုက်ပုံလို့ တပည့်များပြောသမျှသာ ငုံ့ခံကြပေတော့။
ပြောချင်တဲ့နေရာက
အခုမှရောက်မှာပါ။ ကျန်းမာရေးပါ။ ဒီအထုပ်ကပဲပိုကြီးသလား၊ ဆရာဝန်များကိုပဲ
ပိုကြောက်သလားတော့မသိ၊ အခုအချိန်အထိ အနော်ယူပါမယ်ခင်ည
လို့ပြောတဲ့လူမပေါ်သေး။ ကိုယ်တိုင်က ဆရာဝန်ဆိုတော့လည်း ငှက်မွှေးလေးနဲ့
သုံးသပ်ရမှာပေါ့လေ။ လူနာများနဲ့ ဆရာဝန်များကြားက တိုက်ပွဲများကို ၂၀၀၉
ခုနှစ်နှောင်းပိုင်းကစလို့ သိသိသာသာ တွေ့လာရပါတယ်။ မီဒီယာများကို စ
ဖွင့်ပေးတဲ့အချိန်၊ ဆေးရုံ ဆေးခန်းဥပဒေများကို ပြင်တဲ့အချိန်
အံကိုက်လို့ဆိုရမှာပေါ့။ အတိတ်ကိုလှန်ရရင် ၁၉၈၈ အထိ ဆေးရုံနဲ့ ဆရာဝန်များဟာ
ပြည်သူများနဲ့ တသားတည်းရှိနေခဲ့တာပဲ။ သွေးချောင်းစီးခဲ့ရသော တော်လှန်ရေး
ဆိုပြီး ဓါတ်ပုံတွေပြရင် ရန်ကုန်ဆေးရုံကြီးကပုံတွေချည်းပဲ။
သွေးချောင်းစီးပါတယ်ဆိုမှတော့ ဆရာဝန်မပါလို့ ဖြစ်မလား။ သေခဲ့ကြတဲ့ဆရာဝန်၊
ထောင်ကျခဲ့တဲ့ဆရာဝန်၊ တောခိုခဲ့တဲ့ဆရာဝန်၊ ပြည်ပြေးဆရာဝန်၊ ပြည်တွင်းမှာပဲ
အစိုးရကို ပြန်တီးဖို့ မီဒီယာလုပ်တဲ့ဆရာဝန်၊အတိုက်အခံပါတီထောင်တဲ့ ဆရာဝန်၊
ဟော-- ဟိုတလောက မြောက်ပိုင်းအရိုးတွန်သံများဇတ်လမ်းထဲမှာတောင် ဆရာဝန်ပါသေး။
နေရာတိုင်းမှာ သူ့မျက်နှာဆိုတာ ဆရာဝန်ကို ပြောတာပဲ။
ဒီလောက်တသားတည်းဖြစ်နေရာကနေ ဘယ်လိုက ဘယ်လိုယုံကြည်မှုတွေ ပျက်ပြားလို့
တိုက်ပွဲတွေ ပေါ်လာသလဲလို့ မေးရင် မီဒီယာတွေကြောင့်တဲ့ရှင့်။ အင်တာနက်တွေ၊
တိုက်ရိုက်ရုပ်သံလွှင့်မှုတွေပေါ်လာပြီးနောက် နှစ်ဆယ့်တစ်ရာစုမှာ
စစ်ပွဲတွေပိုများလာတယ်လို့ ပြောကြတော့ စစ်တမ်းတခုထွက်တယ်ရှင့်။
နှစ်ဆယ့်တစ်ရာစုမှာ စစ်ပွဲတွေအနည်းဆုံးပါပဲတဲ့။ များတယ်လို့
ဘာကြောင့်ထင်ရသလဲဆိုတော့ ဆက်သွယ်ရေးစနစ်တွေ ပိုကောင်းလာလို့တဲ့။
ဒီလိုတော့လည်း တံခါးတွေပိတ်ထားတာကောင်းသလိုလိုပဲနော်။ အသံမကြားရတော့
နားငြီးသက်သာတာပေါ့။
နားလည်သလောက်ပြောရရင်
လူနာနဲ့ဆရာဝန်ကြားမှာပြသနာတွေရှိတတ်တာ တကမ္ဘာလုံးပါပဲ။ နားလည်မှုလွဲတာ၊
ပေါ့ဆမှုဖြစ်တာ၊ရောဂါမှားကုတာ၊တောင်းဆိုမှုများတာ အစုံ အစုံပေါ့။
အရင်ကလည်းရှိ၊ နောင်ကိုလည်းရှိ၊ ဘယ်ကိုသွားသွားရှိပါသတဲ့။ ( နိုင်ဂံဂျားမှာ
ဆေးကုလိုက်ရင် နတ်ရေကန်ထဲကျသလိုလို့ ထင်နေမှာစိုးလို့ ပြောပြတာပါ။) မတူတာက
ဒီလို မကျေလည်တဲ့ ပြသနာတွေကို ဘယ်လောက်များသလဲ ဘယ်လိုရှင်းသလဲ
ဘယ်သူရှင်းသလဲ ဆိုတာတွေတော့ မတူကြဘူးလေ။ အမေရိကန်မှာ၊ အင်္ဂလန်မှာ၊ စင်္ကာပူမှာ
စသဖြင့် အသေးစိတ်တွေတော့ ဆရာကြီးများပြောကြပါစေ။ မသိပဲနဲ့
မပြောတာကောင်းပါတယ်။ သိရသလောက်မှာတော့ မြန်မာပြည်မှာ ဘာမှတ်တမ်းမှတ်ရာမှ
သေသေချာချာမရှိပါဘူး။ (အရင်ကဖြစ်ခဲ့တာဘယ်နှစ်ခု အခုဖြစ်နေတာဘယ်နှစ်ခု
စသဖြင့် မှတ်တမ်းများရှိတယ်ဆိုရင်တော့ သိသူများပြောပြစေလိုပါတယ်။)
ယှဉ်ကြည့်စရာ ဒေတာ မရှိပေမယ့်
မေးကြည့်စရာလူတွေတော့ ရှိသားပဲ။ ရှေ့မှီ နောက်မှီပုဂ္ဂိုလ်ကြီးတွေ
ခန့်ခန့်ကြီးရှိတယ်လေ။ ဘာလို့ ပြသနာတွေပွလာတယ်ထင်လဲလို့ အသက် ၆၇ နှစ်အရွယ်
ဦးလေးကြီးကိုမေးကြည့်တော့ ငွေမျက်နှာကြည့်လို့တဲ့။ အဲ---- ဦးလေးကြီးက
လူနာနေရာက သူနားလည်သလိုပြောလိုက်တာကို ကိုယ်က ဆရာဝန်နေရာက နားလည်သလို
ဘာသာပြန်ကြည့်တော့ စားရိတ်မျှပေး ကျန်းမာရေးဆိုတဲ့ဟာကြီးက စတာပဲတဲ့။
ကိုကိုခင်ညွန့်တီထွင်ခဲ့တာတဲ့။ နောက်ထပ် အသက် ၆၈ နှစ်အရွယ် အန်တီကြီးကို
မေးကြည့်ပြန်တော့ ဆက်ဆံရေးကိုက လူနာကို လူလို့မှ မထင်တာတဲ့။ အဲ-----
လူနာနားလည်သလိုပြောတာကို ဘာသာပြန်ကြည့်ပြန်တော့ Dealing
ကောင်းဖို့လိုပါသည်လို့ ရေး ရေးနေတဲ့ဆရာကြီးကို သတိရပါ့။ ထားပါတော့။
မှတ်သားကုန်နိုင်ဖွယ်တွေ ဖြစ်ကုန်ရင် ဦးဏှောက်တွေတောင် ချောင်ကုန်မလားပဲ။
ဘယ်လောက်များသလဲဆိုတဲ့ မေးခွန်းကို ဖြေကြည့်ရင် တော်တော်များတယ်။ အနှစ် ၂၀
စာများတယ်လို့ ပြန်ပြောရမှာပဲ။ အနှစ် ၂၀ အမှိုက်ပုံပေါ့။
ဘယ်လိုရှင်းသလဲ
ဆိုတာလေးဆက်မေးကြည့်ဦးမှ။ တတ်နိုင်သမျှ မရှင်းပဲနေခဲ့ကြပါတယ်။ ဟုတ်တယ်လေ။
လူနာများက ဒါပြသနာကြီးပါ၊ မကျေလည်ပါဘူးလို့မှ မပြောခဲ့ကြပဲ။
ပြသနာစာရင်းထဲဘယ်လိုလုပ်ပါမှာတုန်း။ ရှေ့တင်တော့ ဆရာကြီးခင်ဗျား၊
အသက်သခင်ကြီးပါ၊ ကျေးဇူးရှင်ကြီးပါနဲ့ လက်အုပ်ကလေးချီလို့။ နောက်ကွယ်ကျမှ
အတင်းတုပ်တာ စာရင်းထည့်စရာလား။ လူနာမကျေလည်တာကို သိတာတောင်မှ
ရှင်းစရာလို့လဲ မထင်ပါဘူး။ ရှင်းဖို့လဲ မအားဖူးလေ။
တယောက်ပြီးတယောက်ကြည့်နေရတာ အသက်တောင်ဘယ်လိုရှူရမှန်းမှ မသိတာ။ ဆေးလောကရဲ့
သဘောအရ တယောက်ကိုတယောက် အပြစ်ထောက်တာထက် ရှေ့ကအမှားကို
နောက်ကပြင်ပေးခြင်းအားဖြင့်လည်း ကြီးတဲ့အမှု သေးသွားတတ်တာ ထုံးစံပါပဲ။
လူသေသွားတာတောင်မှ သေတဲ့လူလဲ သေပြီပဲလေ၊ အကျယ်အကျယ်မငြိမ်းဖွယ်တွေ
မဖြစ်လိုပါဘူးဆိုတဲ့ လူနာရှင်မျိုး မြန်မာပြည်မှာပဲ ရှာလို့ရမယ်ကော။
ဒီလိုနဲ့ပဲ တအုံနွေးနွေးစုထားခဲ့ကြတာ အနှစ် ၂၀ ကြာပါလေရော။တတိုင်းပြည်လုံး
ကြိမ်မီးအုံးဆိုပါတော့။
ဘယ်သူရှင်းလဲ ဆိုတာမှ
အသက်ပါပဲ။ ငါပဲဟဲ့ ကယ်တင်ရှင်ကြီးလို့ နာမည်ခံချင်တဲ့ မီဒီယာသမားများ
ပေါ်လာတော့ကာ ပြောပါရစေရှင်လို့ စောင့်နေကြရတဲ့ လူနာတတန်းကြီးနဲ့
လက်မလည်ဘူးဖြစ်ကုန်တာပေါ့။ ဖွလို့ကောင်းလိုက်တဲ့ အမှိုက်ပုံကြီး။
အနံ့တထောင်းထောင်းထွက်လို့။ မကောင်းသူထိပ် ကောင်းသူထိပ်
ဝါးလုံးအရှည်ကြီးနဲ့သာ သိမ်းရမ်းလိုက်။ လက်ခုပ်ဝိုင်းတီးပြီး
ဂျာနယ်ရောင်းရရင် အမြတ်ချည်းပါပဲ။ အင်း --- ဖွပုံ ဖွနည်းကလေး
နည်းနည်းပေးဦးမှ တော်မယ်ထင်ရဲ့။ ဒီမယ် ကိုကိုဂျာနယ်လစ်တို့ရဲ့ --
သတင်းတခုရရင် နှစ်ဖက်မျှမေးရတယ်ရှင့်။ လူနာပြောတာကို ခေါင်းစဉ်လုပ်ရင်
တရားရုံးမရောက်ခင် စီရင်ချက်ချသလိုဖြစ်တတ်တယ်ရှင့်။ ဆရာဝန်မှာလည်း
ပြောတတ်တဲ့ ပါးစပ်ရှိကြောင်းသိတော်မူပါစ။ ဆာဒမ်ဟူစိန်တောင်
အယူခံဝင်ခွင့်ရှိကြောင်း သတိထားစေလိုပါတယ်။ လူကြီးမင်းတို့ရဲ့ ထင်မြင်ချက်
မှန်းဆချက်များကိုလည်း မပါလေ ကောင်းလေပါပဲ။ သတင်းကို
အတင်းဖြစ်အောင်လုပ်ခြင်းအားဖြင့် ဂျာနယ်လည်း သိက္ခာကျ၊
ဆရာဝန်လည်းလူတောမတိုး၊ လူနာလည်း အမြတ်မထွက်ဖြစ်တတ်ပါတယ်။
တကယ်တမ်း
ရှင်းသင့်သူများကတော့ နှစ် ၂၀ စာ တာဝန်ရှိသူ အကြီးများပါပဲ။ မြန်မာပြည်က
ဆရာဝန်ဘွဲ့ကိုယူခဲ့ပြီး ဆရာဝန်လုပ်စားသူကော၊ မလုပ်စားသူကော၊
ပြည်တွင်းနေကော၊ ပြည်ပရောက်ကော၊ အထူးကုကော၊ ရိုးရိုးကုကော၊ ကာကွယ်ရေးသည်
ကုသရေးထက်ကောင်းသူများကော၊ ဆေးကျောင်းဆရာများကော၊
ဆေးရုံအုပ်ချုပ်ရေးများကော တိတိကျကျပြောရရင် အခုနောက်ဆုံးအသုတ်
ဆရာဝန်ဘွဲ့ယူခဲ့သူများအထိပါဝင်ပါလိမ့်မယ်။ အရင်ကတော့ အစိုးရကြောင့်
စနစ်ကြောင့်လို့ အလွယ်တကူလက်ညှိုးထိုးလို့ ရခဲ့ပေမယ့် အခုတော့
ဦးသိန်းစိန်က အထုပ်ကြီးလက်လွှဲလိုက်ပါပြီ။ မင်းတို့ဘာသာရှင်းပေတော့လို့
မပြောသော်လည်း ပြောဘိသကဲ့သို့ပါ။ ဆရာကြီးဝန်ကြီးတာဝန်လို့ ပြန်ပုံလို့လည်း
ပြသနာတွေကတော့ ပြေလည်မယ်မဟုတ်ပါဘူး။ ဖြစ်ပြီးခဲ့တာတွေကို
ပြန်မပြင်နိုင်တော့တာလည်းသေချာပါတယ်။ မင်းအပြစ်လို့လက်ညှိုးထိုး
အလုပ်ဖြုတ်လိုက်၊ ဆမ ပိတ်လိုက်ရုံနဲ့လည်း မပြေလည်ပါဘူး။
အတိုင်ပင်ခံဆရာဝန်ကြီးတာဝန်ကို လက်ထောက်ဆရာဝန်လေးပေါ်ပုံချလို့လည်း
မသင့်တော်ပါဘူး။ ဂျာနယ်ထဲဖွလို့ အပြန်အလှန်တရားစွဲကြတာတောင်မှ ဂျာနယ်နဲ့
ဆေးရုံ ကြေအေးကြပြီးတဲ့နောက် တကယ်နစ်နာတဲ့လူနာအတွက် ထည့်မတွက်တာလည်း
မဖြစ်သင့်ပါဘူး။ နောက်ဖြစ်လာမှာတွေကို ကျွန်မထက်လည်း
အများကြီးမြင်ထားပြီးသားဖြစ်နေကြမှာပါ။ ထပ်မဖြစ်အောင်
ဘယ်လိုကာကွယ်မလဲဆိုတာရယ်၊ ဖြစ်လာခဲ့ရင် ဖြေရှင်းသူနေရာမှာ ဘယ်သူကနေလို့
ဘယ်လိုဝိုင်းဝန်းအဖြေရှာပြီး လူနာလည်းမနစ်နာ၊ ဆရာဝန်လည်းမထိခိုက်ရအောင်
Win-Win solution များနဲ့ ယုံကြည်မှုများ ပြန်လည်တည်ဆောက်ကြဖို့
အချိန်ကျနေပါပြီ။ ဒီလိုမှ မဟုတ်ရင်တော့ ဦးသန်းရွှေလောက်မှ
တံမြက်စည်း၊ဂေါ်ပြားအမွေကလေးတောင် မပေးနိုင်ကြသူများအဖြစ်
မှတ်တမ်းတင်ခံကြရတော့မှာ ဖြစ်တဲ့အကြောင်း သတင်းဆိုးပါးလိုက်ရပါတယ်။
( အကြီးတွေ
ချန်ထားခဲ့တဲ့ အမှိုက်ပုံ ဆိုတာကို
ဒီလောက်ရှည်ရှည်ရှင်းပြရခြင်းအကြောင်းကတော့ ကျွန်မကို
နုတ်နုတ်စဉ်းချင်နေတဲ့ ဆရာနှစ်ယောက်အတွက်ပါ။ ကျွန်မမှာ ထပ်ပြီးတင်စရာcase ၃
ခုရှိနေပါသေးတယ်။ ဆရာတွေ သွေးတိုးကုန်မှာစိုးလို့ မတင်တော့ပါ။
ကိုယ်ယုံကြည်ရာ ကိုယ်ပြောမိတဲ့အတွက် ဆဲချင်တယ်ဆိုရင်လဲ ပြုံးပြုံးကလေး
အဆဲခံပါ့မယ်။)
No comments:
Post a Comment