Friday, October 5, 2012

လမ်းကြောင်းကားပေါ်မှာ - ၁

{သွန်းနေစိုး}

by Thorn Nay Soe on Thursday, October 4, 2012 at 12:59pm ·
ယေဘုယျ အများအခေါ်အားဖြင့်တော့ အချုပ်ကားဟုခေါ်ကြပါသည်။ ကျနော်တို့ကတော့ လမ်းကြောင်းကားတဲ့။

အနံ၁၀ပေx အလျား၁၂ပေx အမြင့် ၆ပေခန့်ရှိသော ကားအပြာရောင်ကြီး။ နောက်ပိုင်းဘော်ဒီတစ်ခုလုံးက သံထည်များဖြင့် ခင်း၊ကာ၊ မိုးအုပ်ထားသည်။ နေ့လည် နေ့ခင်းများဆိုလျှင်ဖြင့် ပူလိုက်သည့်ဖြစ်ချင်း။ အဲဒီလေးထောင့် သံသေတ္တာကျဉ်းကျဉ်းလို ကားနောက်ခန်းကလေးမှာ လူ ၃၀၊ ၄၀ခန့် စုတင်တက်၏။ နောက်ခန်း သံပြားကြီးတွေရဲ့ လူတစ်ရပ်စာလောက်အမြင့်မှာ သံတိုင်ပေါက်ကလေးတွေ ဖောက်ထား၏။ အပေါက်ကလေးတွေက တကယ့်ကို ကျဉ်းကျဉ်းကလေးရယ်ပါ။

ထိုအပေါက်ကလေးတွေမှာ တစ်ယောက်နဲ့တစ်ယောက် တိုးဝှေ့ကာ အပြင်လောကကို ကြည့်ရ၏။ တစ်ခါတစ်လေ ထိုအပေါက်နေရာလုရင်း ရန်ပွဲကလေးများလည်း ဖြစ်ရချေသေး၏။ သို့သော် သံတိုင်ပါက်ကလေးတွေက ကြည့်ရတာ မသက်သာ။ သူက လူတစ်ရပ်တိတိမှာလည်း မဟုတ်တတ်ဘဲ ခါးနည်းနည်းကိုင်းမှ အပြင်ကို မြင်ရ၏။ ဒီတော့ သူ့အပေါက်မှ အပြင်ကို ကြာကြာကြည့်လျှင် ခေါင်းမူးသည်။ ဘာပဲဖြစ်ဖြစ် ကျနော်တို့တွေကတော့ အလုအယက်ကြည့်ကြတာပါပဲ။ ဘာမှမဟုတ်။ မလွတ်လပ်သောဘ၀တွေဆိုတော့ အပြင်လောကကို မြင်ခွင့်ရသလောက်လေး မြင်ကြည့်ကြတာပေါ့။ ဒါပေမဲ့အပြင်လောကကြီးက ကျနော်တို့ကို ကြိုဆိုပုံမနွေးထွေးလှပါ။ အပြင်က လူတစ်ယောက်ယောက်နဲ့များ မျက်နှာချင်းဆိုင်မိလျှင် မသိမသာ နှာခေါင်းရှုံကာ မျက်နှာလွှဲသွားတတ်ကြသည်။

တစ်ချို့ကလည်း နိမိတ်မကောင်းဘူးဆိုသည့်သဘော။
တစ်ချို့ကလည်း ကျနော်တို့ကို အထင်သေးပုံရပါသည်။ သူတို့အမြင်မှာ ကျနော်တို့က ရာဇ၀တ်သား၊ အပြစ်သားတွေ မဟုတ်လား။
ဘာပဲဖြစ်ဖြစ် လူတွေ ဘယ်လိုတုန့်ပြန်တုန့်ပြန် ကျနော်တို့ကတော့ အပြင်လောကကို အငမ်းမရ ငေးမောဆဲပါပဲ။ ကျနော်လည်း ထိုအထဲမှာ တစ်ယောက်အပါအ၀င်။
ကျနော်ပါသည့်လမ်းကြောင်းကားနေ့တွေမှာတော့ ကောင်လေးတွေမှာ အပြင်လောကကို စနောက်ခွင့်မရ။ အချုပ်သားဆိုတာကလည်း လူစုံဆိုတော့ လမ်းဖြတ်သွားသည့် မိန်းကလေးတွေကိုမြင်လျှင် စချင်နောက်ချင်တတ်သောသဘောရှိပါသည်။ ဘာပဲဖြစ်ဖြစ်သူတို့လည်း မွန်းကြပ်နေကြတာ မဟုတ်လား။ ကျနော်သူတို့ကိုပြောဖြစ်သည်။

`ငါတို့မှာကွာ အလိုလိုနေရင်းတောင် လူအထင်သေးခံနေရတဲ့အထဲ မင်းတို့က အခုလို ဗလွတ်ရွှတ်တ လျှောက်နောက်နေရင်ပိုဆိုးတာပေါ့´
ဆိုတော့ ...
`ကျနော်တို့ ရိုင်းရိုင်းစိုင်းစိုင်းကြီး မနောက်ပါဘူးဗျာ´
တဲ့။ ဟုတ်ပါသည်။ သူတို့ခမျာ အပြင်လောကက လူငယ်လေးတွေလောက်တောင် နောက်ပြောင်တာ နှုတ်မရဲကြရှာပါ။
`ဘာပဲဖြစ်ဖြစ် တို့က ခုချိန်မှာ လူအထင်သေးခံဘ၀ဆိုတာ မမေ့ပါနဲ့´
ဟု ကျနော်ဖျောင်းဖျရသည်။ ကျနော့်စကားကိုတော့ သူတို့ နားထောင်ကြရှာပါသည်။

ထောင်ထဲမှာက ကျနော်က နည်းနည်းနာမည်ကြီးသည်။ စာရေးဆရာမို့လည်းပါ၏။ သူတို့ လျှောက်လဲချက်တွေ ဘာတွေ ရေးပေးသည်။ ရှေ့နေလို မဟုတ်နိုင်တောင် တတ်သလောက် မှတ်သလောက်ပေါ့။ အဖေကလည်း ဥပဒေစာအုပ်တွေ သွင်းပေးပါသည်။ သူတို့ တရားရုံးမှာ အစစ်ခံရတာတွေကိုလည်း ကျနော်တတ်နိုင်သလောက် အကြံပေးပါသည်။ သူတို့ အများစုက ရှေ့နေမငှားနိုင်ကြ။ ဒီတော့ ကျနော့်ကို အားကိုးသူ တော်တော်များသည်။ ကျနော့်သြဇာ တော်တော်ရှိသည်ပေါ့။ တစ်ဆောင်ထဲ နေရသူတွေဆိုလျှင် ပို နာခံပါသည်။ ကျနော်က ထောင်အရာရှိတွေကို သူတို့ကိုယ်စား အရေးဆိုပေးတာတွေဘာတွေ ရှိတတ်တာကိုး။ ဒါပေမဲ့ အပေါက်ကလေးတွေက လုယက်စုပြုံတိုးကြည့်တာကိုတော့ ကျနော်ဘယ်လိုမှ တားမရပါ။ ဘာလို့ဆို ကျနော်ကိုယ်တိုင်လည်း အဲဒီလို ကြည့်သူတွေထဲ တစ်ယောက်အပါအ၀င်ကိုး။

လမ်းတလျှောက် ကားကြီးကားငယ်တွေ နံဘေးမှ တဝေါဝေါဖြတ်သန်းသွားကြ၏။ ရန်ကုန်က ကားအတော်များလာတာ သိသာသည်။ ဒီတော့ ကျနော်တို့ လမ်းကြောင်းကားတွေမှာ အသွားအပြန်ယာဉ်ကြောတွေပိတ်ပြီး ပိုအချိန်တွေကြာ။ ပိုဒုက္ခတွေရောက်ကြတာပေါ့။ တရားရုံးကို တရားရင်ဆိုင်ဖို့ရာ ထောင်ကနေ တစ်ပတ်တစ်ခါလောက်ပျမ်းမျှ လာကြရ၏။ ဒီတော့ လမ်းကြောင်းကားကို တစ်ပတ်တစ်ခါလောက်စီးကြရတာပေါ့။ တစ်ပတ်တစ်ကြိမ် အဆိုးဆုံးဝဋ်ဒုက္ခပါပဲ။ ဒါပေမဲ့ တစ်နည်းအားဖြင့်လည်း လမ်းကြောင်းကားစီးရသည်ဆိုသည်က မိသားစုနှင့် တွေ့ရတော့မည်ဆိုသည့်သဘော။ အင်းစိန်ကို ထောင်ဝင်စာလာတွေ့ဖို့က သူတို့မှာ ဝေးလျားပင်ပန်းလွန်းလှသည် မဟုတ်လား။ ထောင်ဝင်စာဆိုသည်က စောင့်ရတာ တမေ့တမော။ ပြီးတော့ သန်းခေါင်စာရင်းပါသူမှလွဲလို့ တွေ့လို့ရသည်မှ မဟုတ်လေပဲ။ ဒီတော့ဘာပဲဖြစ်ဖြစ် မိဘများမိတ်ဆွေသူငယ်ချင်းများနှင့် တွေ့ဖို့ရာမှာ ရုံးထုတ်ချိန်ကလေးကိုသာ အားကိုးရပါသည်။ ဒီတော့လည်း ခံပေဦးပေါ့ဝဋ်ဒုက္ခ။

သံသေတ္တာလို ကျဉ်းကျဉ်းကလေးထဲမှာ ပူကလည် ပူလှ တစ်ခါတစ်လေ လေတောင် ကောင်းကောင်းရှူမရချင်နှင့် ၂နာရီကြာလောက် စီးကြရတော့ တော်တော်တောင့်ခံကြရပါသည်။
ကျနော်တို့တွေ အချုပ်ကားဘေး သံတိုင်ပေါက်ကလေးတွေက တိုးဝှေ့နေကြတာက အဲဒီလို အသက်ရှုမ၀တာကြောင့်လည်းပါပါသည်။

လမ်းနံဘေးက ကားကြီးကားငယ်တွေ ကားကောင်းကားလှတွေကို ကြည့်ရင်း ကျနော်သက်ပြင်းချမိသည်။ ငါလည်း တစ်ချိန်က အဲဒီလို အကောင်းစားကားတစ်စီးနဲ့ ခန့်ခန့်ကြီး သွားလာဘူးသည်ပဲ။ အဲဒီတုန်းကတော့ အမှန်တိုင်းပြောရပါလျှင် အချုပ်ကားတွေကို ယောင်လို့ပင် မကြည့်မိပါ။ အထဲက ခေါင်းကလေးတွေပူးပြီး စုပြုံတိုးဝှေ့နေကြသော ဘ၀တွေကိုလည်း မစာနာမိခဲ့။ အမှန်တိုင်းပြောရပါလျှင် အဲဒီလို အချုပ်ကားနဲ့ လမ်းမှာဆုံလျှင် လာဘ်တိတ်ပါပြီကွာ ဟုပင် ချက်ချင်းမျက်နှာလွှဲမိဘူးခဲ့ပါသည်။

ကျနော်က စာပေလောကမှာ ၀င်ငွေတော်တော်ကောင်းခဲ့ဘူးသည်။ အဲဒီလို သွေးနားထင်ရောက်နေဆဲကာလက အချုပ်ကားမပြောနှင့် လမ်းနံဘေးမှ ပြည့်ကြပ်နေသော လိုင်းကားအတွင်းမှလူများကိုပင် အံ့သြစွာ ကြည့်ခဲ့ဘူးသည်။ ဘယ်လိုများ ဒီလောက်မွန်းကြပ်တဲ့ကားမျိုးကို သူတို့ စီးနိုင်ကြပါသလဲ။ ငါသာဆိုလျှင် ဘယ်လိုမှ စီးနိုင်မှာ မဟုတ်ဘူး။ အဲဒီလိုဘ၀ကိုလည်း ဘယ်တော့မှရောက်မှာ မဟုတ်ဘူး ... ဟု ဘ၀င်မြင့်ခဲ့ဘူးသည်။ တိုက်ဆိုင်သည်ဟုပင် ပြောရမလား တစ်နေ့မှာ အချုပ်ကားနှင့် ဖြတ်သွားတုန်း အဲဒီလို ပြည့်ကြပ်ညပ်နေသော လိုင်းကားတစ်စင်း ဘေးက ဖြတ်သွားတာကြုံစဉ် စိတ်က တစ်ချိန်ကအတွေးကို သတိရလိုက်မိသည်။ ငါ့ကို ခုချိန်များ ဟိုဘက်က ကြပ်ညပ်နေတဲ့ လိုင်းကားထဲ ပြောင်းထည့်ပေးမယ်ဆိုရင် ဘာကိုမဆို ငါ ပေးဝံ့ပါရဲ့။
အဲဒီအတွက် ကျနော့်ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကို ဖြတ်ပေး၊ လှီးထုတ်ပေးရမယ်ဆိုတောင် နှောင့်နှေးမိမည် မထင်။ ဟိုမှာက လူကြပ်တောင် စိတ်ချောင်သည်လေ။

ကျနော် လမ်းကြောင်းကားကို ပထမဆုံးစီးဘူးချိန်က အဖြစ်ကို သတိရမိနေပါသည်။
အဲဒီတုန်းကလည်း ကျနော်သံတိုင်ပေါက်ကလေးက ချောင်းကြည့်နေဖြစ်ခဲ့တာပါပဲ။
မီးပွိုင့်တစ်ခုမှာ မိတော့ ပလက်ဖောင်းပေါ်မှ ကလေးတစ်ယောက်နှင့် မျက်နှာချင်းဆိုင်မိသည်။ သူတောင်းစားကလေးပါ။ မျက်နှာက ပေရေနေ၏။ နှပ်ချေးစီးချောင်းကလေးတွေက ပါးပြင်တစ်ဘက်တစ်ချက် စွန်းထင်းလျက်။ ကျနော့်ကို ရယ်ပြလိုက်တော့ သွားကလေးတွေ ပိုးစားကျိုးပဲ့နေတာ တွေ့သည်။ အင်္ကျီဘောင်းဘီကလေးတွေက ခပ်ညစ်ညစ်၊ ခပ်နွမ်းနွမ်း။

မျက်လုံးချင်းဆုံကာ ရယ်ပြပြီးသည်နှင့် သူ ကျနော့်ကို အကြည့်မလွှဲတော့။
သူ့လက်ထဲမှ အထုပ်ကလေးကို တဖြည်းဖြည်းမြောက်လာသည်။
ဘာထုပ်များလဲ? ကျနော် မသဲကွဲ။
လက်ကလေးမြောက်ကာ ကျနော့်ဆီ အထုပ်ကလေးကို သူ ကမ်း၏။
ထိုအခါမှ ကျနော်သေချာ ငုံ့ကြည့်မိသည်။ ပေါင်မုန့်ထုပ်ကလေးပါလား။
ပလတ်စတစ်အိပ်ကလေးနှင့် ထုတ်ထားသည်။ ပေါင်မုန့်ဆိုပေမဲ့ အပဲ့အရွှဲ့ အစအနကလေးတွေပါ။ တစ်နေရာရာက သူတောင်းလာပုံရပါသည်။ အခု ထို ကလေးက သူစားဖို့ တပင်တပန်းတောင်းထားသော အထုပ်ကလေးကို ကျနော့်ဆီ ကမ်းပေးနေပေပြီ။

ကျနော်က မယူ။ သူက ခုန်ဆွ ခုန်ဆွကလေးဖြင့် မရအရ ကမ်းပေးနေ၏။
`ဦးဦး ဦးဦး၊ ရော့ ... ရော့ ယူ ယူ´
ကားပေါ်မှ လူတွေအားလုံး အံ့သြနေကြ၏။
ကလေးက ခုန်ဆွခုန်ဆွ ကမ်းပေးဆဲ။ သူ့နံဘေးမှာ အမေဖြစ်ဟန်တူသူ ပါလာသည်။
`ယူလိုက်ပါ မောင်လေးရယ်´
`ဟင် ကျနော် မယူပါဘူး၊ သူ့ခမျာ သူစားဖို့ ပင်ပင်ပန်းပန်းတောင်းထားရတဲ့ဟာ´
`ဒါပေမဲ့ သူက ပေးချင်နေတာကိုး၊ ယူလိုက်ပါ မောင်လေးရယ်´

ကျနော်က အရင်က အလွန်မာနကြီးခဲ့ဘူးသူဖြစ်ပါသည်။
သြော် ငါ့ဘ၀က တောင်းစားတဲ့ကလေးကတောင် ပြန်သနားရတဲ့ဘ၀ ရောက်နေပြီလား။
တွေးရင်း မျက်ရည်စို့မိသည်။ လက်က ကားပြတင်း သံတိုင်ကလေးတွေကို တင်းတင်းဆုပ်ကိုင်ထား၏။ ကလေးကို ပြူးကြောင်ငေးကြည့်ရင်း ဆွံအသလို ဖြစ်မိ၏။
ကလေးက ခုန်ဆွခုန်ဆွ ကမ်းနေဆဲ့။ ကားက ထွက်စပြုပြီ။

`ယူလိုက်ပါ မောင်လေးရယ်၊ နင်မယူရင် သူ ငိုလိမ့်မယ်´
ဟုတ်ပါရဲ့ သူ့မျက်ဝန်းကလေးတွေမှာ မျက်ရည်စို့နေသလိုလို
သူရော ကျနော်ပါ မျက်ရည်ဝဲနေကြပါလေ၏။
`ပေးပေး´
ကျနော်လက်ကို ခက်ခက်ခဲခဲထုတ်ကာ ယူရ၏။ သံတိုင်ပေါက်ကလေးက တော်တော်ကျဉ်းသည်မို့ အကျယ်ဆုံး အပေါက်နေရာကို ရွေးကာ ယူရခြင်းဖြစ်ပါသည်။ ကျနော့်လက်ကို အောက်အချ။ သူက အောက်က လမ်းခုန်ပေး၏။ ပလက်ဖောင်းက မြင့်နေလို့ တော်သေးတာပေါ့။
ကျနော့်လက်ထဲ အထုပ်ကလေးရောက်သည်နှင့် ကားက ၀ူးကနဲ ထွက်သွားသည်။ ကလေးက ကျေနပ်သွားဟန်ဖြင့် ကျန်ရစ်၏။
ကျနော်က လက်ထဲရောက်လာသော အထုပ်ကလေးကို အငေးသားကြည့်နေမိသည်။

(ဆက်ရေးပါဦးမည်)

No comments: