Wednesday, October 17, 2012

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်နှင့် အမေး အဖြေ


Wednesday, 17 October 2012


ပြန်ကြားရေးဝန်ကြီး ဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ် (ဓါတ်ပုံ-ဒုဝန်ကြီး၏ဖေ့စ်ဘုတ်)
·၀န်ကြီးဦးရဲထွဋ်ခင်ဗျား...သတင်းစာနဲ့ရုပ်မြင်သံကြားတွေက ဒို့တာဝန်အရေးသုံးပါးဆိုတာတွေမထည့်ပါနဲ့တော့ဗျာ...စစ်ရာဇ၀တ်နံ့နံလွန်းလို့ပါ။ဖြုတ်သင့်နေပါပြီ။

“ဒီမိုကရေစီစနစ်ကိုကျင့်သုံးပြီဆိုရင် နိုင်ငံပိုင်သတင်းစာများဟာ အစိုးရအဖွဲ့ တစ်ခုတည်း၊ ဒါမှမဟုတ်အာဏာရပါတီတစ်ခုတည်းကို ကိုယ်စားပြုပြီး ရေးသားတင်ဆက်လို့ မရတော့ပါဘူး
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်နှင့်အမေးအဖြေ
ရန်ကုန်မီဒီယာအယ်ဒီတာအဖွဲ့ မေးမြန်းသည်



ပြန်ကြားရေးဝန်ကြီးဌာန၏ ထိပ်ပိုင်းစီမံခန့်ခွဲသူများအား ပြောင်းလဲအပြီးတွင် ၀န်ကြီးဌာန က တာဝန်ယူထုတ်ဝေနေသည့် နေ့စဉ်ထုတ်သတင်းစာများ၏ အသွင်သဏ္ဍန်နှင့် အကြောင်းအရာများ သိသိသာသာတိုးတက်ပြောင်းလဲလာသည်ကိုတွေ့ရသည်။ ပြန်ကြားရေးဝန်ကြီးဌာနက နိုင်ငံပိုင်မီဒီယာများကို  ပြည်သူ့ဝန်ဆောင်မှုမီဒီယာများ အဖြစ်သို့ပြောင်းလဲမည်ဟု တရားဝင်ထုတ်ဖော်ပြောကြားထားသည်။ အောက်တိုဘာ (၁၈) ရက်နေ့တွင် ကြေးမုံ၊မြန်မာ့အလင်းနှင့် နယူးလိုက်အော့ဖ်မြန်မာသတင်းစာများအားလုံး ကို နေပြည်တော်တွင်နေ့စဉ်ရောင်စုံသတင်းစာများအဖြစ်သို့လည်းကောင်း၊ကြေးမုံနှင့် မြန်မာ့အလင်းကို ရန်ကုန်တွင် တစ်ပတ်ခြားရောင်စုံသတင်းစာများအဖြစ်သို့လည်း ကောင်း အရည်အသွေးတိုးမြှင့်ပြောင်းလဲထုတ်ဝေလိုက်ပြီဖြစ်သည်။ အစိုးရသတင်းစာတွေ တကယ်ပြောင်းလဲတော့မှာလား၊အနာဂတ်သတင်းစာလုပ်ငန်းအခြေအနေတွေ ဘယ်လိုရှိလာမည်လဲဆိုသည်မှာ စိတ်ဝင်တစားရှိနေကြသည့်အကြောင်းအရာဖြစ်သည်။ ထို့ကြောင့် ရန်ကုန်မီဒီယာသည် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်အား သိလိုသည်များကို အောက်တိုဘာ ၁၇ရက်က မေးမြန်းခဲ့ရာ……


ရန်ကုန်တိုင်းမ
် -ဒုဝန်ကြီးခင်ဗျား။ အခုနိုင်ငံပိုင်သတင်းစာတွေဖြစ်တဲ့မြန်မာ့အလင်း ၊ကြေးမုံနှင့် The New Light of Myanmarတွေကိုအသွင်သစ်ရောင်စုံသတင်းစာများအဖြစ် အောက်တိုဘာ၁၈ရက်ကစတင်ပြီးထုတ်ဝေတော့မှာဖြစ်ပါတယ်။ယခုလိုဆောင်ရွက်ရတဲ့ ရည်ရွယ်ချက်ကို သိပါရစေ။

ဦးရဲထွဋ်။
     သမ္မတကြီးကအစိုးရအဖွဲ့ရဲ့မူဝါဒဟာ ပြည်သူကိုဗဟိုပြုတဲ့မူဝါဒဖြစ်ရမယ် လို့ ကျွန်တော်တို့ကိုညွှန်ကြားထားပါတယ်။ ပြည်သူတွေက နိုင်ငံပိုင် သတင်းစာတွေက သတင်းတွေပြည့်ပြည့်စုံစုံဖော်ပြတာ၊ သတင်းစာရဲ့ ပုံသဏ္ဍန်၊တင်ဆင်ပုံတွေ ပြောင်းလဲ တာကိုလိုလားနေပါတယ်။ ဒ့ါကြောင့်အဲဒီဆန္ဒကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် အခုလို ပြုပြင်ပြောင်းလဲမှုတွေဆာင်ရွက်ပေးတာဖြစ်ပါတယ်။


ရန်ကုန်တိုင်းမ
်-နိုင်ငံပိုင်သတင်းစာတွေကို အရင်အစိုးရလက်ထက်မှာ စာဖတ်သူတွေ သိပ်ပြီးတော့ သဘောမတွေ့ခဲ့ပါဘူး။ ဒီမိုကရေစီအစိုးရသစ် တက်လာပြီး နောက်ပိုင်းမှာအပြင်အဆင်နှင့် သတင်းပိုင်းတွေပါ အသွင်ပြောင်း လာတာကိုတွေ့ရပါတယ်။ အလားတူဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်မှူးချုပ်ကျော်ဇောစတဲ့ ယခင်ကမဖော်ပြခဲ့တဲ့ သတင်းများကိုယခုအခါ နိုင်ငံပိုင်သတင်းစာများ မှာဖော်ပြလာတာတွေ့ရပါတယ်။ ဘာကြောင့်ပါလဲ။

ဦးရဲထွဋ
်-  ဒီမိုကရေစီစနစ်ကိုကျင့်သုံးပြီဆိုရင် နိုင်ငံပိုင်သတင်းစာများဟာအစိုးရအဖွဲ့ တစ်ခုတည်း၊ ဒါမှမဟုတ်အာဏာရပါတီတစ်ခုတည်းကိုကိုယ်စားပြုပြီး ရေးသားတင်ဆက်လို့ မရတော့ပါဘူး။ အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်၊ တရားရေးမဏ္ဍိုင်များရဲ့ လုပ်ဆောင်ချက်များကို ပြည်သူတွေကို အသိပေးသလိုတစ်ဖက်ကလဲ ပြည်သူတွေရဲ့ ဆန္ဒတွေ၊ သူတို့လိုအပ်နေတဲ့ သတင်းအချက်အလက်တွေကိုပေးဖို့လိုအပ်လာပါတယ်။ နောက်ပြီးသမ္မတကြီးရဲ့ မူဝါဒအရရော၊ ပြည်ထောင်စုဝန်ကြီးရဲ့ သဘောထားကရော အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးကိုအလေးထားဦးစားပေးသလို၊ နိုင်ငံပိုင်သတင်းစာများကိုလည်းစတုတ္ထမဏ္ဍိုင် ပီသစွာဆောင်ရွက်စေချင်တဲ့အတွက် သတင်းအချက်အလက်များရွေးချယ်ဖော်ပြရာမှာစာတည်းအဖွဲ့များအနေနဲ့ ပိုပြီးလုပ်ဆောင်နိုင်ခွင့်ရှိလာပါတယ်။ ဒါ့ကြောင့်လည်းယခင်ကမဖော်ပြခဲ့ တဲ့သတင်းမျိုးကိုသတင်းစာများမှာတွေ့မြင်လာရတာဖြစ်ပါတယ်။

ရန်ကုန်တိုင်းမ
်- ပုဂ္ဂလိကသတင်းစာတွေ ထုတ်ခွင့်ရလာတော့မယ်လို့ သိရပါတယ်။ ဘယ်အချိန်လာက် ပုဂ္ဂလိက သတင်းစာတွေထုတ်ဝေခွင့်ရမှာပါလဲ။

ဦးရဲထွဋ်
- ပြည်ထောင်စုဝန်ကြီးဦးအောင်ကြည်ကဒီဗွီဘီသတင်းဌာနနဲ့တွေ့ဆုံမေးမြန်းမှု မှာသူ့အနေနဲ့ ၂၀၁၃ ခုနှစ်အစောပိုင်းမှာ ပုဂ္ဂလိကသတင်းစာထုတ်ဝေခွင့်များ ရရှိလာလိမ့်မယ်လို့ မျှော်လင့်ကြောင်း၊ တစ်ဖက်ကလည်းလိုအပ်တဲ့ institution ဆိုင်ရာတည်ဆောက်မှုတွေကိုဆောင်ရွက်ဖို့လိုကြောင်း၊ အဲဒါတွေ အသင့်ဖြစ်လာရင် ၂၀၁၃ ခုနှစ်အစောပိုင်းမှာ ဖြစ်လာမယ်လို့ ပြောခဲ့ပါတယ်။ အဲဒီအတိုင်းပဲဖြစ်ပါလိမ့်မယ်။ ပြန်ကြားရေးဝန်ကြီးဌာနဘက်က ဖြည့်ဆည်းပေးရမယ့်ကိစ္စများကိုတော့ ကျွန်တော်တို့ ကြိုးပမ်းလုပ်ဆောင်နေပါတယ်။

ရန်ကုန်တိုင်းမ်
- အခုလိုအသွင်သစ် ရောင်စုံသတင်းစာများအဖြစ် အသွင် ပြောင်းလဲနေတာဟာပုဂ္ဂလိကသတင်းစာတွေမထွက်ခင် ဈေးကွက်ကို ကြိုတင်ခြေလှမ်းရယူတာလို့ အချို့ကပြောဆိုနေကြပါတယ်။ ပုဂ္ဂလိကသတင်းစာတွေ ထွက်လာရင် သူတိုနဲ့ဘယ်လိုယှဉ်ပြိုင်မှာလဲ။

ဦးရဲထွဋ
်- ဒီကနေ့ ပြည်ထောင်စုဝန်ကြီးကရည်မှန်းချက်ချမှတ်လုပ်ဆောင်နေတာဟာ နိုင်ငံပိုင်သတင်းစာများကို အများပြည်သူဝန်ဆောင်မှုမီဒီယာအဖြစ် ပြောင်းလဲဖို့ ဖြစ်ပါတယ်။ ဒီလိုပြောင်းလဲတဲ့အခါ ပြည်သူတွေယုံကြည်အားကိုးတဲ့ သတင်းစာတွေဖြစ်ဖို့ သတင်းရေးသားတင်ဆက်မှု၊ သတင်းစာဖွဲ့စည်းမှုပုံသဏ္ဍန်တွေအားလုံးပြောင်းလဲဖို့ လုပ်ဆောင်နေရပါတယ်။ အခု မြင်နေရတဲ့အပြောင်းအလဲများဟာအဲဒီရည်ရွယ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။ ဈေးကွက်လုဖို့ဆိုတာ ကျွန်တော်တို့ တစ်ခါမှ မစဉ်းစားမိပါဘူး။ ကျွန်တော်တို့က အများပြည်သူဝန်ဆောင်မှုမီဒီယာဖြစ်တဲ့ အတွက် ၀န်ဆောင်မှုပိုင်းကိုပဲအလေးပေးစဉ်းစားပါတယ်။ တကယ်လို့ ပုဂ္ဂလိကသတင်း စာများနဲ့ ပြိုင်ဖို့ဆိုရင်လည်းသတင်းအရည်အသွေးနဲ့ တိကျခိုင်မာမှုများ မှာပဲ ယှဉ်ပြိုင်ဖို့စဉ်းစားပါတယ်။ ဈေးကွက်ကိစ္စဆိုတာမိမိအရည်အသွေးကြောင့်ရလာမယ့် နောက်ဆက်တွဲရလဒ်အဖြစ်ပဲသဘောထားပါတယ်။

ရန်ကုန်တိုင်းမ
် - အီလက်ထရောနစ် မီဒီယာဖွံ့ဖြိုးတိုးတက်လာတဲ့အတွက် နိုင်ငံတကာမှာသတင်းစာတွေကိုဖတ်သူနည်းလာပါတယ်။ ဒါကြောင့် နိုင်ငံပိုင် သတင်းစာတွေအနေနဲ့လဲဘယ်လို ပြင်ဆင်ထားပါသလဲ။ လက်ရှိရောအရှုံးခံပြီး ထုတ်ဝေနေရပါသလား။

ဦးရဲထွဋ
်- အီလက်ထရောနစ်မီဒီယာတွေရဲ့ ယှဉ်ပြိုင်မှုကိုဘယ်လိုကျော်လွှားမလဲဆိုတာ နိုင်ငံတကာသတင်းစာတွေလည်းရင်ဆိုင် နေရတဲ့ပြဿနာဖြစ်ပါတယ်။ ကျွန်တော်တို့ လည်း ဒီစိန်ခေါ်မှုကိုကျော်လွှားနိုင်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။ ဒီလိုကျော်လွှားတဲ့ အခါမှာ သတင်းစာပါသတင်းများရဲ့ တိကျခိုင်မာမှု၊ ဘက်စုံထောင့်စုံသုံးသပ် ရေးသားမှု စတဲ့ အရည်အသွေးများနဲ့ စာဖတ်ပရိသတ်ကိုဆွဲဆောင်နိုင်ဖို့ ကြိုးစားဖို့လိုသလို ပုံနှိပ်မီဒီယာသက်သက်သာမကကျန်တဲ့ အီလက်ထရောနစ်မီဒီယာ ပလက်ဖောင်းများ ပေါ်မှာပါ သတင်းစာများကိုတင်ဆက်နိုင်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။
နိုင်ငံပိုင်သတင်းစာများအနေနဲ့ ယခင်နှစ်များလည်းမရှုံးပါဘူး။ အမြတ်ရှိပါ တယ်။ အခုဘဏ္ဍာရေးနှစ်မှာတော့ နိုင်ငံတော်ကကုန်ကြမ်းနဲ့ စက်သုံးဆီ ၀ယ်ဖို့ လိုအပ်ချက်ရဲ့ ၂၂ % ပဲထုတ်ပေးထားပြီးကျန်ငွေများကိုမိမိဘာသာ ၀င်ငွေရှာဖွေဆောင်ရွက်တဲ့ စနစ်ကိုကျင့်သုံးနေပါတယ်။ ဘဏ္ဍာရေးနှစ် ကုန်ရင်တော့ အဖြေတစ်ခုသိရမှာဖြစ်ပါတယ်။


ရန်ကုန်တိုင်းမ်
- ယခင်ကဆိုရင် နိုင်ငံပိုင်သတင်းစာ ၆ စောင် ရှိခဲ့တယ်လို့ သိရပါတယ်။ အနာဂတ်မှာ လက်ရှိထုတ်ဝေနေတဲ့ အရေအတွက် ပိုမို ထုတ်ဝေသွားဖို့ ရှိပါသလား။ နိုင်ငံပိုင် သတင်းစာတွေကိုပုဂ္ဂလိကအား လွှဲပြောင်းလုပ်ကိုင်ခွင့် ပေးဖို့ရောရှိပါသလား။

ဦးရဲထွဋ
်- အခုအထိတော့ လက်ရှိသတင်းစာသုံးစောင်ကိုပဲ ပီပြင်တဲ့ အများပြည်သူ ၀န်ဆောင်မှုမီဒီယာများအဖြစ် ပြောင်းလဲနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေပါ တယ်။ နောက်ထပ်အသစ်ထုတ်ဝေဖို့ မစဉ်းစားသေးပါဘူး။ အများပြည်သူ ၀န်ဆောင်မှုမီဒီယာကို ပုဂ္ဂလိကကို လုံးဝလွှဲလိုက်ရင် စီးပွားရေးသက်သက် Commercial Newspaper ဖြစ်သွားပါလိမ့်မယ်။ ဒါ့ကြောင့်အဲဒီလိုလုပ်ဆောင်ဖို့ မဖြစ်နိုင်ဘူးလို့ထင်ပါတယ်။ သို့သော် သတင်းစာလုပ်ငန်းကိုတိုးချဲ့နိုင်ဖို့အတွက် အနည်းစုရှယ်ယာကို ပြည်သူတွေကို ထုတ်ရောင်းတာမျိုးဆိုတဲ့ ဆောင်ရွက်မှုမျိုးတော့ ရှိနိုင်ပါတယ်။ အဲဒီလို ဖြစ်နိုင်ဖွယ်ရှိတဲ့ ဘဏ္ဍာရေးဆိုင်ရာလုပ်ဆောင်မှုနည်းလမ်းများကိုတော့ စဉ်းစားသုံးသပ်ဆဲဖြစ်ပါတယ်။

ရန်ကုန်တိုင်းမ်
- နိုင်ငံပိုင်သတင်းစာ state newspapers အဖြစ်ကနေ ပြည်သူ့ဝန်ဆောင်မှု သတင်းစာများ public services newspapers များအဖြစ်ပြောင်း မယ်လို့သိရပါတယ်။ ဘယ်တော့ လောက်စပြောင်းမှာလဲ။

ဦးရဲထွဋ
်- နိုင်ငံပိုင်သတင်းစာများကို အများပြည်သူဝန်ဆောင်မှုမီဒီယာများအဖြစ် ပြောင်းလဲမှုကို အခုပဲစတင်နေပြီလို့ ပြောလို့ရပါတယ်။ ပြီးခဲ့တဲ့ နှစ်လအတွင်းမှာ ကျွန်တော်တို့ အနေနဲ့ အများပြည်သူဝန်ဆောင်မှုမီဒီယာများအဖြစ် ပြောင်းလဲနိုင်ရေးအတွက် ကြီးမားတဲ့ ပြောင်းလဲမှုတွေလုပ်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်ထဲမှာတော့ ပိုပြီးသိသာထင်ရှား တဲ့ပြောင်းလဲမှုများကို မြင်တွေ့ရမှာဖြစ်ပါတယ်။
ရန်ကုန်တိုင်းမ်- အဲသလိုပြောင်းဖို့ ဘာတွေလိုအပ်မယ်ထင်ပါသလဲ။

ဦးရဲထွဋ်
-အများပြည်သူဝန်ဆောင်မှုသတင်းစာအဖြစ်ပြောင်းတဲ့အခါပထမဆုံးလိုအပ်ချက် ကတော့အတတ်ပညာဆိုင်ရာလိုအပ်ချက်ဖြစ်ပါတယ်။ ဗဟိုဦးစီးစနစ်နဲ့ နှစ်ပေါင်းများစွာအသားကျလာတဲ့စာတည်းများ၊သတင်းထောက်များကိုသတင်းရယူမှု၊ ရေးသားမှုနည်းစနစ်တွေပြောင်းလဲကျင့်သုံးတတ်အောင်သင်ကြားပေးဖို့လိုပါတယ်။ ဒုတိယလိုအပ်ချက်ကတော့စာတည်းများ၊ သတင်းထောက်များအနေနဲ့ အများပြည်သူဝန်ဆောင်မှုသတင်းစာနဲ့ Commercial Newspaper ကြားမှာရေးသားပုံ၊တင်ဆက်ပုံ၊အကြောင်းအရာတစ်ခုကိုချဉ်းကပ်ပုံ၊အကြောင်းအရာ    ရွေးချယ်ပုံတွေကွာခြားမှုရှိတယ်ဆိုတာနားလည်အောင်ဆောင်ရွက်ပေးဖို့ဖြစ်ပါတယ်။ အများပြည်သူဝန်ဆောင်မှု သတင်းစာဟာလူစိတ်ဝင်စားတဲ့သတင်းများသာမက လူတွေစိတ်မ၀င်စားတဲ့၊ဈေးကွက်မ၀င်တဲ့အခြားအနည်းစုအုပ်စုများဥပမာ၊ ကလေးသူငယ်များရဲ့ကိစ္စများကိုလည်းရေးသားတင်ဆက်ဖို့တာဝန်ရှိတယ်ဆိုတာမျိုး ဖြစ်ပါတယ်။တတိယလိုအပ်ချက်ကတော့နည်းပညာလိုအပ်ချက်ဖြစ်ပါတယ်။ ခေတ်မီပုံနှိပ်နည်းပညာများ၊သတင်းအချက်အလက်နည်းပညာများအသုံးပြုတတ် အောင်လေ့ကျင့်သင်ကြားပေးဖို့လိုပါတယ်။
ရန်ကုန်တိုင်းမ်- ပြန်ကြားရေးဝန်ကြီးဌာနက ယခုထုတ်ဝေနေတဲ့ ကြေးမုံသတင်းစာကိုလုပ်ငန်းရှင်တစ်ဦးကိုပေးလိုက်ပြီးအစုရှယ်ယာတွေခေါ်တော့မယ်၊ အများပိုင်ကုမ္ပဏီလုပ်ပြီးကြေးမုံထုတ်မယ်ဆိုပြီးသတင်းတွေကြားနေရပါတယ်။မှန်ပါ သလား။အဲသလို ပုဂ္ဂလိကနဲ့ပူးပေါင်းလုပ်ဖို့အနာဂတ်အစီအစဉ်တွေရောရှိပါသလား။

ဦးရဲထွဋ
်- ကြေးမုံသတင်းစာကိုလုပ်ငန်းရှင်တစ်ဦးကိုလွှဲပေးမယ်ဆိုတာမဟုတ်ပါဘူး။ အများပြည်သူဝန်ဆောင်မှုသတင်းစာအဖြစ်ပဲရှိမှာပါ။
ရန်ကုန်တိုင်းမ်- ယခုဆိုပြည်တွင်းသတင်းဂျာနယ်တော်တော်များများကနေ့စဉ်ထုတ် သတင်းစာထုတ်ဖို့ပြင်ဆင်နေကြပါပြီ။သူတို့အဆင်သင့်ဖြစ်နေပြီလို့ယူဆပါသလား။ ဘာတွေလိုအပ်ချက်ရှိမယ်ထင်ပါသလဲ။

ဦးရဲထွဋ
်- ပြည်တွင်းဂျာနယ်များအနေနဲ့ နေ့စဉ်သတင်းစာထုတ်နိုင်ဖို့အတွက်ဘဏ္ဍာရေး လိုအပ်ချက်၊ နည်းပညာနဲ့ စက်ပစ္စည်းပိုင်းဆိုင်ရာလိုအပ်ချက်များအသင့်ဖြစ်နေပြီလို့ ထင်ပါတယ်။ဒါပေမယ့်ကျင့်ဝတ်ပိုင်းဆိုင်ရာ၊အတတ်ပညာပိုင်းဆိုင်ရာဖြည့်ဆည်းမှု အပိုင်းကတော့လုပ်စရာတွေကျန်ဦးမယ်ထင်ပါတယ်။ကျွန်တော်တို့ နိုင်ငံပိုင် သတင်းစာများမှာလည်းအဲဒီစိန်ခေါ်မှုရှိပါတယ်။ကျွန်တော်တို့က၆၀နှစ်များအစပိုင်းက စာနယ်ဇင်းအတတ်ပညာနဲ့ ကျင့်ဝတ်အတွေ့အကြုံများကိုအခြေခံပြီးစဉ်းစားတာ များနေတယ်လို့ ထင်ပါတယ်။ဒါပေမယ့်နိုင်ငံတကာမှာကအဲဒီကဏ္ဍတွေမှာအယူအဆတွေ၊ ကျင့်သုံးပုံတွေအများကြီးပြောင်းနေပါပြီ။ဒါကိုလေ့လာဖို့လိုမယ်ထင်ပါတယ်။အခုစာနယ် ဇင်းကောင်စီကဆောင်ရွက်မယ်ဆိုတဲ့အတတ်ပညာနဲ့ ကျင့်ဝတ်ဆိုင်ရာဖွံ့ဖြိုးရေး အစီအမံများဟာနေ့စဉ်သတင်းစာထုတ်ဝေရာမှာ ကြုံတွေ့နိုင်တဲ့စိန်ခေါ်မှုများကို ကျော်လွှားနိုင်ဖို့ အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်။
ရန်ကုန်တိုင်းမ်- စာပေစိစစ်ရေးရဲ့ ကြိုတင်စိစစ်မှုကင်းလွတ်ခဲ့တာအတော်ကလေး အရှိန်ရနေပါပြီ။အဲဒီအပေါ်အားသာချက် အားနည်းချက်တွေမြင်တာရှိရင် ပွင့်ပွင့်လင်းလင်းဆွေးနွေးပေးပါ။
ဦးရဲထွဋ်- စာပေစိစစ်ရေးကင်းလွတ်တဲ့အတွက်ပြည်သူလူထုအတွက်သတင်းအချက် အလက် တွေပိုမိုရရှိလာနိုင်တယ်၊စာနယ်ဇင်းသမားများအနေနဲ့လည်းမိမိတို့လုပ်ငန်း ကိုပိုပြီးတက်တက်ကြွကြွလုပ်လာနိုင်တယ်လို့ ထင်ပါတယ်။ဒါဟာစစ်မှန်တဲ့စတုတ္ထမဏ္ဍိုင် အဖြစ်ပေါ်ပေါက်ရေးကိုအများကြီးအထောက်အကူဖြစ်စေပါတယ်။

အားနည်းချက်ပြောပါဆိုရင်တော့ကျွန်တော်တို့ ဌာနဆိုင်ရာတွေဘက်ကစပြောရမှာပါ။ ဌာနဆိုင်ရာများအနေနဲ့ စာနယ်ဇင်းများကိုသတင်းအချက်အလက်များထုတ်ပြန်ပေးရာ မှာမလိုအပ်တဲ့တုန့်ဆိုင်းမှုတွေရှိနေဆဲဖြစ်တယ်။ဒါ့ကြောင့်ဌာနတိုင်းမှာသတင်းထုတ်ပြန်ရေးနဲ့ ပတ်သက်ပြီးတိကျတဲ့မူဝါဒများ၊တာဝန်ပေးမှုများရှိဖို့ လိုတယ်လို့ထင်ပါတယ်။ နောက်ပြီးမီဒီယာများနဲ့ ဆက်ဆံရေးကိုလည်းလေ့လာဖို့လိုတယ်လို့ထင်ပါတယ်။


စာနယ်ဇင်းများဘက်ကိုပြောရင်တော့လွတ်လပ်ခွင့်ကိုကျင့်သုံးတဲ့နေရာမှာ ကျင့်ဝတ်နဲ့ လူ့အဖွဲ့အစည်းအပေါ် တာဝန်ရှိမှုများကိုထည့်သွင်းစဉ်းစားဖို့ လိုအပ်ချက်တွေရှိနေ တယ်လို့ပဲထောက်ပြချင်ပါတယ်။ဒါကလည်းအသွင်ကူးပြောင်းရေး ဖြစ်စဉ်တိုင်းမှာတွေ့ရ လေ့ရှိတာကြောင့်ကျော်လွှားနိုင်မယ်လို့ယုံကြည်ပါတယ်။စာနယ်ဇင်းကောင်စီနဲ့ စာနယ်ဇင်းအဖွဲ့အစည်းများကလည်းလိုအပ်တဲ့အရည်အချင်းမြှင့်တင်မှုများလုပ်သွားမယ်လို့ ထင်ပါတယ်။အမကြီးဒေါ်အောင်ဆန်းစုကြည်ကနောက်ဆုံးလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာမီဒီယာတွေအနေနဲ့ ရှောင်ကြဉ်အပ်တဲ့စိတ်ထားလေး အကြောင်းပြောသွားတာဟာလည်းကျွန်တော်တို့ အပါအ၀င်စာနယ်ဇင်းသမားများ အားလုံးသတိပြုသင့်တဲ့အချက်လို့ထင်ပါတယ်။

ရန်ကုန်တိုင်းမ် - အခုလိုသိလိုသမျှဖြေကြားပေးတဲ့အတွက် ဒုတိယ၀န်ကြီးကို ကျေးဇူးတင်ပါတယ်။
yangoon time 

No comments: