Saturday, October 13, 2012

ရိုးသားသောစစ်ဗိုလ်တစ်ဦး (ဒဂုန်တာရာ)


by Aungmyo Tun on Friday, October 12, 2012 at 6:57am ·
ဂျပန်ခေတ် စမ်းချောင်းရှိသူ့ အိမ်တွင် ကျွန်တော်နှင့် ဗိုလ်စကြာကို ထမင်းကျွေးဖူးသည်။
ဗိုလ်စကြာနှင့်သူက ခင်မင်သည်။ ကျွန်တော်က ဗိုလ်ကျောဇောနှင့်တော့ မရင်းနှီး။ သူက ကြည့်မြင်တိုင်
ဆရာဖြစ်သင်တန်းကျောင်းတွင်နေသူဖြစ်ပါသည်။ ထမင်းစားပွဲတွင် ဗိုလ်စကြာ၊ ဗိုလ်ကျော်ဇောနှင့်အတူ
နိုင်ငံရေးအကြောင်းပြောဖြစ်သည်။ ထိုထမင်းစားပွဲတွင် ဗိုလ်စကြာက ကျွန်တော့်အတွက် ခရမ်းရောင်
ဘန်ကောက်လုံခြည်တစ်ထည် လက်ဆောင်ပေးသည်။ ဒါကို ဗိုလ်ကျော်ဇောက ကြည့်ကာငေးမောနေသည်။
ကျွန်တော်က ဗိုလ်ကျော်ဇောထက် သူ့ သားတွေ၊ မြေးတွေနှင့် ရင်းနှီးသည်။ သူ့ သားတွေ၊ မြေးတွေက
ကျွန်တော့်စာဖတ်ပရိသတ်။ သူ့ သားအကြီးတစ်ယောက်က ကောလိပ်ကျောင်းသားဘ၀ကတည်းက
ကျွန်တော်နှင့်ရင်းနှီးသည်။ ကျွန်တော်နေသောအိမ်မှာလည်း ကောလိပ်ဂျင်နေ၀င်းအိမ်ဖြစ်သဖြင့်လည်းကောင်း၊
ရဲဘော်သုံးကျိပ်ဝင်ဗိုလ်ဇေယျ၏သမီးဖြစ်သဖြင့်လည်းကောင်း သူတို့ နှင့်ပါ ရင်းနှီးကြသည်။ သူ့ သား
ကျွန်တော်နာမည်မမှတ်မိတော့၊ အောင်ကျော်ဇောဖြစ်မည် ထင်ပါသည်။ သူတောမခိုခင်က
ကျွန်တော့်ထံလာသွားတာ မှတ်မိနေသည်။ သူနှင့်လည်း ပြန်မဆုံဖြစ်။ အသံလှိုင်းတွေမှာတော့
သူ့ အသံ တစ်ခါတစ်ရံကြားရသည်။

သူ့ မြေးကောင်လေးကတော့ သူ၏ဇနီးသည်ကျောင်းဆရာမ (ရေဒီယိုဆရာမ)နှင့်အတူ ကျွန်တော်နေထိုင်ရာ
သာမိုင်းခမ်းအထိ လာရောက်လည်ပတ်ကြပါသည်။ သူတို့ က စာသမားတွေကိုး။ ကျွန်တော့်ကို တယ်လီဖုန်းမှ
နေ၍ မန္တလေးမှ ဓာတ်ပုံဆရာကတစ်ဆင့် ဗိုလ်ကျော်ဇော၏ အတ္ထုပတ္တိအတွက် အမှာစာတောင်းသည်ဟု
ကျွန်တော့်တူမကပြန်ပြောသည်။

ကျွန်တော်သူ့ စာကို ဖတ်မိသလို မဖတ်မိသလိုနှင့် မမှတ်မိ။ ကျွန်တော်က ဗိုလ်ကျော်ဇောနှင့် အသက်
သိပ်မကွာ။ ကျွန်တော်တို့ က အသက် ၁၀၀ တန်းဆိုပါတော့။ ကျွန်တော်နှင့် အသက်မတိမ်းမယိမ်းဖြစ်မည်။
သူက ဒီမှာမရှိ။ ယခုစာအုပ်ထွက်မည်ဆိုသဖြင့် ၀မ်းသာရသည်။ သူက ရဲဘော်သုံးကျိပ်ဝင်။ သူကိုယ်တိုင်ရေး
ဆိုတော့ မြန်မာပြည်နိုင်ငံရေးနှင့်ပက်သက်၍ ထဲထဲဝင်ဝင်သိနိုင်သဖြင့် အဖိုးတန်သောသမိုင်းအချက်အလက်တွေ
ပါဝင်မည်။ ကျွန်တော်နှင့် ဆရာကြီးသခင်ကိုယ်တော်မှိုင်းအိမ်တွင် တစ်ခါတစ်ရံဆုံတတ်သည်။ အမြဲတမ်းတော့
မဟုတ်။သူက ဗန်းမော်တင်အောင်နှင့် ပို၍ခင်သည်။

ထို့ ကြောင့်လားမသိ။ ကိုတင်အောင်မှာ သူ့ သားနာမည်ကို ဗိုလ်ကျော်ဇောနာမည် ထည့်ထားသည်။
ရဲဘော်သုံးကျိပ်ဝင်စစ်ဗိုလ်ထဲမှ မြန်မာ့နိုင်ငံရေး၏အတွင်းရေးအစစ်အမှန်ကို အပြောပြနိုင်ဆုံးပုဂ္ဂိုလ်တစ်ယောက်
ဖြစ်သည်။ သမိုင်းအချက်အလက်မှန်မည်။ သူက ကိုအုန်းမြင့်နှင့်လည်းခင်သည်။ ကျွန်တော်က သူတို့ လောက်
မရင်းနှီး။ တစ်ခါတစ်လေတော့ ဆုံတတ်သည်။

ယခင်က မြန်မာပြည်နိုင်ငံရေးပါတီအဖြစ် ကွန်မြူနစ် ဆိုရှယ်လစ် ပါတီနှစ်ခုသာ အင်အားကြိးသော
နိုင်ငံရေးပါတီများဖြစ်သည်။ သူကကွန်မြူနစ်စနစ်ကို ယုံကြည်သူ။ သူတင်မဟုတ် ထိုခေတ်ကကလူငယ်များ
ကြားထဲတွင် လက်ဝဲ၊ လက်ယာဟူသော စကားလုံးခေတ်စားခဲ့သည်။ လက်ဝဲသမားအများစုကတော့
နိုင်ငံရေးအတွေးအခေါ် ရင့်ကျက်ကြသည်။ စာဖတ်နာသူ၊ ရိုးသားသူများဖြစ်နေသည်ကိုတွေ့ ရသည်ဟု
နောင်အခါသုံးသပ်မိသည်။ ရိုးသား၍ ကိုယ်ကျိုးမရှာသော တိုးတက်သောလူငယ်များသာ လက်ဝဲ၀ါဒကို
စိတ်ဝင်စားကြသည့်အခါဖြစ်သည်။ ကွန်မြူနစ်စနစ်ကို ဘာ့ကြောင့်ပညာတတ်လူငယ်များစိတ်ဝင်စားကြသလဲ
ဆိုသောမေးခွန်း မေးစရာဖြစ်လာသည်။

ဗိုလ်ကျော်ဇောက တိုင်းပြည်ကိုရိုးရိုးသားသားချစ်သူ။ စစ်ဗိုလ်ဘ၀ဟာ ရာထူးကြောင့်စည်းစိမ်ရသည့်အထဲမှာ
မပါခဲ့။ ဒါက သူ့ အတွက်ရည်မှန်းချက်မဟုတ်။ ရိုးသားသူ။ သူက သူယုံကြည်သည့် ကွန်မြူနစ်ပါတီအပေါ်
သစ္စာရှိသူဟု ခံစားရသည်။ ကျွန်တော်က အိမ်လွမ်းစိတ္တဇသမားဆိုတော့ သူ့ ကိုကိုယ်ချင်းစာမိသည်။
ကျွန်တော်တို့ လို အသက် ၁၀၀ တန်းလူတွေက ဘာတွေများသူတို့ ထင်သလို တိုင်းပြည်ဖျက်ဆီးမည့်သူတွေ
ဖြစ်လာပါသလဲ။ အထင်မှားတာလား၊ အထင်လွဲတာလား၊ လား... လား...။ သေချာတာကတော့
တိုင်းပြည်ချစ်ပြည်သူထဲတွင် ဗိုလ်ကျော်ဇောက ရိုးသားသောစစ်ဗိုလ်တစ်ဦးအဖြစ် ချစ်တာတော့အမှန်ဖြစ်သည်။
ဗိုလ်ကျော်ဇောက ဗမာပြည်ကွန်မြူနစ်ပါတီဝင်တစ်ယောက်ဖြစ်သည်။


ဒဂုန်တာရာ - သာမိုင်းခမ်း

No comments: