Friday, October 12, 2012

မြန်မာပြည်ဘုန်းတော်ကြီးကျောင်းများနဲ့ ပြည်ပသာသနာ





မြန်မာဘုန်းတော်ကြီးကျောင်းများနဲ့ ပြည်ပသာသနာ
အရှင်အာဒိစ္စ၀ံသာလင်္ကာရ(လန်ဒန်)
အရှေ့တိုင်းမှာ ထွန်းကားတဲ့ ဗုဒ္ဓသာသနာဟာ အနောက်တိုင်းမှာလဲ အထိုက်အလျှောက် ပြန့်ပွားလာခဲ့ပါပြီ။ ယခင်က ဆိုရင် သံဃာတော်များကို ဖူးမျှော်လှူဒါန်းဖို့ အလွန်ခက်ခဲခဲ့သော်လည်း ယခုဆိုရင် သံဃာတော်များက မြန်မာတို့နေထိုင်ရာ နိုင်ငံအသီးသီးမှာ သာသနာပြုကြွရောက်ပေးလို့ ဒီလိုအပ်ချက်ကို ဖြည့်ဆည်းလိုက်နိုင်ပြီဖြစ်ပါတယ်။

နိုင်ငံခြားဆိုတာ ရတနာသုံးပါး ကိုးကွယ်စရာမရှိလို့ ရပ်ပြစ်ရှစ်ပါးထဲမှာပါတယ်၊ မနေသင့်ဘူးဆိုတဲ့ သို့လောသို့လောဖြစ် နေတဲ့ သံသယတွေသည်လဲ သံဃာ့ဂုဏ်ကျေးဇူးကြောင့် အဝေးသို့ လွင့်စင်ပျောက်ကွယ်သွားပါပြီ။ သာရေး နာရေးအတွက် အလှူရေစက် လက်နဲ့မကွာ ပြုလုပ်ချင်သူများ၊ အဘိဓမ္မာစတဲ့ ဗုဒ္ဓစာပေကို လေ့လာလိုက်စားလိုသူများ၊ သံသရာက ထွက် မြောက်ရေးအတွက် ၀ိပဿနာတရား ပွားများလိုသူများအတွက်လည်း လွယ်လင့်တကူ ကုသိုလ်ပါရမီ ဖြည့်ကျင့်နိုင်ပါပြီ။

    ခရစ်ယာန်ဘာသာ ထွန်းကားတဲ့ တိုင်းပြည်တွေမှာ ခရစ်ယာန်ကျောင်းတွေကို လမ်းမကြီးတွေ၊ မြို့ကြီးတွေနဲ့ နေရာအ နှံ့မှာ မြင်တွေ့နိုင်သလို ဗုဒ္ဓဘာသာထွန်းကားတဲ့ တိုင်းပြည်တွေမှာလဲ ဘုရားကျောင်းကန် စေတီပုထိုးကို နေရာအနှံ့မှာ တွေ့ မြင်နိုင်မှာဖြစ်ပါတယ်။ ထို့အတူ ဗုဒ္ဓသာသနာ ထွန်းကားလာပြီဖြစ်တဲ့ အနောက်တိုင်းမှာလဲ မြန်မာဘုန်းတော်ကြီးကျောင်း၊ ထိုင်းဘုန်းတော်ကြီးကျောင်း၊ သီရီလင်္ကာဘုန်းတော်ကြီးကျောင်း၊ လာအိုဘုန်းတော်ကြီးကျောင်းတွေကို နေရာအနှံ့မှာ သဒ္ဓါ စေတနာ တိုးပွားစရာအဖြစ် ၀မ်းမြောက်ဝမ်းသာ မြင်တွေ့ရမှာဖြစ်ပါတယ်။

သာသနာ တ၀က်သီသီ နင်းခါမှ
  ကမ္ဘာမှာ စက်ချည်လင်းစေဖို့
သည်အသင်း အချိန်ကျပြီလို့ နှလုံးဝယ်ရည်
“ပဏ္ဍိတရယ်” ထေရ်သနင်း မဟိန္ဒလိုပ ဘုန်းလယ်တီ။
    သီဟိုဠ်ကျွန်းသို့ သာသနာပြုကြွတဲ့ အရှင်မဟိန္ဒနဲ့ ဥပမာခိုင်းနှိုင်းကာ လယ်တီဆရာတော်ကြီး၏ နိုင်ငံခြားသာသနာပြု ကိစ္စများကို ဆရာကြီးသခင်ကိုယ်တော်မှိုင်းက လေးချိုးဖြင့် ဂုဏ်ပြုခဲ့တာဖြစ်ပါတယ်။ ရှေးသူတော်ကောင်းကြီးများရဲ့ မျှော် မှန်းချက်ဟာ မျက်မှောက်ခေတ် မျိုးဆက်သစ်များအတွက် အကျိုးသက်ရောက်မှုရှိတာ အမှန်ပင်ဖြစ်ပါတယ်။ လယ်တီဆ ဆရာတော်ကြီးရဲ့ ၀ိပဿနာနဲ့ အဘိဓမ္မာတရားတော် များဟာ အဲသည်ခေတ်ကတည်းက အင်္ဂလန်အပါအ၀င် နိုင်ငံခြားတိုင်း ပြည် အတော်များများမှာ ပြန့်နှံ့နေပြီဖြစ်ပါတယ်။

   နိုင်ငံခြားရောက် မြန်မာဒကာ၊ ဒကာမများရဲ့ ပင့်လျှောက်မှုဖြင့် ကြွရောက်လာကြတဲ့ သံဃာတော်များကလည်း ရှေးဆ ရာတော်ကြီး များရဲ့ ပြည်ပသာသနာပြု မျိုးစေ့ကို ဆက်လက်ရှင်သန် တိုးပွားအောင် ကြိုးစားကြလို့ နိုင်ငံတကာမှာ မြန်မာ ကျောင်းတွေ ကြီးပွားတိုးတက် လာခြင်းဖြစ်ပါတယ်။ ယခင်ကဆိုရင် ကလေးတွေကို ဗုဒ္ဓဘာသာ အခြေခံတရားတော်များနဲ့ ဝေးမှာကို မိဘတွေက စိုးရိမ်ကြရပါတယ်။ အခုဆိုရင် ဘုန်းတော်ကြီးကျောင်းတွေမှာ သံဃာတော်များက ကလေးများအတွ က် ဗုဒ္ဓဘာသာ အခြေခံသင်ခန်းစာများကို တာဝန်ယူ သင်ကြားပေးနေပြီဖြစ်လို့ ရတက်မအေး ဖြစ်စရာ မလိုတော့ပါဘူး။

ရဟန်းတော်တွေ ပြည်ပသာသနာပြု ကြွတယ်ဆိုတာလဲ ဗုဒ္ဓဘာသာအကြောင်း စိတ်ဝင်စားကြတဲ့ တိုင်းတပါးသားတွေ ကို ဟောပြောပို့ချဖို့ သက်သက်တင် မဟုတ်ပါဘူး။ ကိုယ့်ရဲ့မျိုးဆက်သစ်တွေ ကိုယ့်ယဉ်ကျေးမှု၊ ဘာသာ သာသနာ၊ အဆုံး အမနဲ့ မဝေးရအောင် စောင့်ရှောက်ပေးဖို့ တာဝန်သည်လည်း အဓိကအကြောင်း တခုပင်ဖြစ်ပါတယ်။ အခုဆိုရင် တိုင်းပြည် အသီးသီးမှာ မြန်မာမိသားစုတွေ တိုးပွားလာပြီဖြစ်လို့ မြန်မာဘုန်းတော်ကြီးကျောင်းအသစ်တွေ တည်ဆောက်ကြဖို့ အား ထုတ်နေကြကြောင်း ကြားသိရပါတယ်။ တကယ်လုပ်သင့်တဲ့ ကိစ္စပင်ဖြစ်ပါတယ်။ နေရာအနှံ့ ပြန့်ကျဲစွာ နေထိုင်ကြတဲ့ မြန် မာမိသားစုတွေအတွက် တနေရာတည်းမှာရှိတဲ့ တခုတည်းသောဘုန်းကြီးကျောင်းမျှနဲ့ အဆင်ပြေနိုင်မှာ မဟုတ်ပါဘူး။

လက်ရှိအခြေအနေကို ကြည့်မယ်ဆိုရင် မြန်မာဘုန်းတော်ကြီးကျောင်းများနဲ့ ပြည်ပသာသနာဟာ ဟိုစဉ်ကထက် အဆ ပေါင်းများစွာ တိုးတက်အောင်မြင်နေပြီဖြစ်ကြောင်း တွေ့မြင်နိုင်ပါတယ်။ ရောက်ရှိနေတဲ့ ကိုယ့်မြန်မာအသိုင်းအ၀န်းကို ကူ ညီမှုများစွာ ပေးနေသလို ကိုယ့်တိုင်းပြည်က ရေဘေးလေဘေးနဲ့ ပညာရေး၊ ကျန်းမာရေးစတဲ့ လူမှုရေးတွေကိုလည်း ဘုန်း တော်ကြီးကျောင်းတွေက အလှူငွေကောက်ခံ မှုများပြုလုပ်ကာ လိုအပ်သလို ကူညီထောက်ပံ့မှုများ ပေးနေပါတယ်။ ပြည်ပ သာသနာပြုဆိုပေမယ့် တချက်ခုတ်  နှစ်ချက်ပြတ် ပြည်တွင်း အတွက်ပါ ဆောင်ရွက်ပြီးသားဖြစ်ပါတယ်။

    ဒါ့အပြင် နိုင်ငံခြားရောက်လာတဲ့ မြန်မာတွေ ရောက်စမှာ ခေတ္တနေဖို့ တည်းခိုဖို့ အခက်အခဲဖြစ်တဲ့အခါ ဘုန်းတော်ကြီး ကျောင်းတွေဆီ ဦးတည်ရောက်လာကြတာများပါတယ်။ ဘာသာမရွေး လူမျိုးမရွေးဘဲ မြန်မာအချင်းချင်း ယိုင်းပင်းကူညီတဲ့ ဓလေ့ဟာ မြန်မာ့ရိုးရာ အစဉ်အလာ တခုပင်ဖြစ်ပါတယ်။ ပြည်တွင်းမှာ ရေးဘေး မီးဘေးကြုံလို့ အိုးအိမ်မဲ့ဖြစ်သွားသူတွေက ဘုန်းတော်ကျောင်းတွေမှာ ယာယီတည်းခို နေထိုင်ကြ သလိုမျိုး သဘောပင်ဖြစ်ပါတယ်။ အားငယ်နေသူတွေကို ကူညီတာ မြန်မာတွေရဲ့ မင်္ဂလာရှိတဲ့ အစဉ်အလာတခုဖြစ်ပါတယ်။

    ထို့အတူ မြန်မာပြည်က ကြွရောက်လာကြတဲ့ ဆရာတော် သံဃာတော်များဟာ ပြည်ပမှာ နယ်လှည့်ပြီး တရားဓမ္မများ ချီးမြှောက်တဲ့အခါ ဘုန်းတော်ကြီးကျောင်းတွေ ရှိတဲ့အတွက် အဆင်ပြေပါတယ်။ အိမ်တွေမှာ တည်းခိုရတာနဲ့ ဘုန်းတော် ကြီးတပါးဟာ ဘုန်းတော်ကြီးကျောင်းမှာ တည်းခိုသီတင်းသုံးရတာက ၀ိနည်းတော်နဲ့ညီလို့ အလွန်သင့်မြတ်ပါတယ်။ မာတု ဂါမများနဲ့ တမိုးတရံတည်းအောက်မှာ မကျိန်းသင့်ဆိုတဲ့ ၀ိနည်းတော်ဥပဒေနဲ့ လွတ်သွားပါတယ်။ ဒေသခံဆရာတော်များနဲ့ အတူ လက်ရှိ ပြည်တွင်းပြည်ပ သာသနာရေးအကြောင်းများကိုလည်း လွတ်လပ်စွာ ဆွေးနွေးတိုင်ပင်လို့ ရပါတယ်။

    ဘုန်းတော်ကြီးကျောင်းများဟာ လူအများစု သိတဲ့နေရာ လူအများရဲ့ စုရပ်တခုလိုဖြစ်လို့ မြန်မာပြည်က ကြွရောက်လာ ကြတဲ့ ဆရာတော်ကြီးများ တရားဟော တရားပြ သင်တန်းတွေ ချီးမြှောက်ပို့ချပေးဖို့ အဆင်အပြေဆုံးဌာနများပင်ဖြစ်ပါတယ်။ နိုင်ငံခြားရောက် မြန်မာ ဘုန်းတော် ကြီးကျောင်းတွေရဲ့
 ကျေးဇူးကြောင့်ပဲ နိုင်ငံခြားရောက် မြန်မာဒကာ၊ ဒကာမများဟာ မြန်မာနိုင်ငံမှာ နာမည်ကြီးဆရာတော်များရဲ့ တရားပွဲတွေကို ကိုယ်နေတဲ့ နိုင်ငံအသီးသီးမှာ နာကြားခွင့်ရနေပြီဖြစ်ပါတယ်။

    အနုပညာသမားများရဲ့ ဂီတဖျော်ဖြေပွဲများကို ရန်ကုန်သွားပြီး ကြည့်စရာ မလိုတော့ဘူး။ နာမည်ကြီးဖြစ်တဲ့ ဂီတအနုပ ညာသမားတွေ ကိုယ်တိုင် နိုင်ငံခြားထွက်လာပြီး နိုင်ငံခြားရောက် ညီအစ်ကို   မောင်နှမတွေကို
 ဖျော်ဖြေပေးနေပြီဖြစ်ပါတယ်။ အဲဒီအနုပညာ သမားတွေ ပြည်ပနိုင်ငံများကို လာခွင့်ရဖို့ ဖိတ်စာကို ပြည်ပနိုင်ငံများမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းတွေက ကူညီဆောင်ရွက်ပေးကြတာ များပါတယ်။ တဦးတယောက်ထံက ဖိတ်စာထက် ဘုန်းတော်ကြီးကျောင်း အသင်းတွေအနေ နဲ့ ဖိတ်စာပေးတာက ပိုမိုအားကောင်းတာမို့ အနုပညာ သမားအများစုဟာ ဘုန်းတော်ကြီးစပွန်စာများနဲ့ လာတာများပါတယ်။

  မြန်မာဘုန်းတော်ကြီးကျောင်းတွေနဲ့ ပတ်သက်လို့ တချို့က သူတို့အမြင်လေးတွေကို ပြောလာတယ်။ “တပည့်တော် အနေနဲ့ ခြံကျယ် ကျယ်ကြီးထဲမှာ ဘုန်းကြီးကျောင်းအကြီးကြီး တကျောင်းဆောက်ပြီး ပြန့်ကျဲနေတဲ့ ဘုန်းတော်ကြီးကျောင်း တွေကို တနေရာတည်းမှာ စုထားချင်တယ်။”လို့ ဆိုလာတယ်။ တိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ တိုးတက်မှုတခုဆီကို ရှေးရှုသင့်ပါတယ်။ ဘုန်းကြီးကျောင်း တကျောင်းတည်းက လူဦးရေများပြားလာပြီဖြစ်တဲ့ ပြန့်ကျဲနေတဲ့ မြန်မာပရိသတ်အတွက် ကူညီပံ့ပိုးမှုတွေ စောင့်ရှောက်မှုတွေကို လုပ်ပေးနိုင်ဖို့ မလွယ်ကူပါဘူး။ အခြားဘာသာဝင်တွေရဲ့ church ကျောင်းတွေကိုပဲ ကြည့်ပါ၊ သူ့လူမျိုးတွေ အဆင်ပြေအောင် လူစည်ကားတဲ့ လမ်းမကြီးတွေ ရဲ့ ထောင့်တွေမှာ တည်ဆောက်ထားပေးရတယ်။

  တိုးတက်မှုကို ရှေးရှုကြတဲ့အခါ church ကျောင်းတွေလောက် မများရင်တောင် မြန်မာတွေရှိတဲ့နေရာမှာ ဘုန်းတော်ကြီး ကျောင်းတွေကို တည်ဆောက်ပေးနိုင်ရင် မြန်မာတို့အတွက် အဆင်ပြေပြီဖြစ်ပါတယ်။

  နောက်ဆုံးအနေနဲ့အကြံပြုချင်တာလေပြောချင်ပါတယ်။ တည်ဆောက်ပြီးသား၊ တည်ဆောက်နေဆဲ မြန်မာ ဘုန်း တော်ကြီးကျောင်းတွေ   ရေရှည်တည်တံ့ဖို့ အရေးကိုလည်း စဉ်းစားကြဖို့ လိုအပ်လာပါပြီ။ အကောင်းဆုံး တိုးတက်မှုဆိုတာ တည်ထောင်မှု စောင့်ရှောက်မှု နှစ်ခုစလုံး လိုအပ်ပါတယ်။ မြန်မာဘုန်းတော်ကြီးကျောင်းတွေ တိုးတက်အောင်မြင်ပြီး အများအကျိုး သာသနာအကျိုးကို ပိုမိုဆောက်ရွက်နေစေကြောင်း ဆန္ဒပြုပါတယ်။
အရှင်အာဒိစ္စ၀ံသာလင်္ကာရ
The DhammadhipatiVihara
ဓမ္မာဓိပတိ ၀ိဟာရ လန်ဒန်-ရွှေကျင်ကျောင်း

No comments: