Friday, October 5, 2012

ရန်ကုန်မြို့တော် အတိတ် ယနေ့နှင့် အနာဂတ်



Photo
7Day News Journal
ဒေါက်တာကျော်လတ်
ရန်ကုန်မြို့ကို ၆ ရာစုနှစ်က မွန်ဘုရင်များ တည်ထောင်သွားကြောင်း၊ ၁၇၅၅ ခုနှစ်တွင် အလောင်းဘုရား ထပ်မံတည်ဆောက်၍ ရန်ကုန်ဟု အမည်ပေးခဲ့ကြောင်း စသည်တို့မှာ မိမိတို့ သမိုင်းမှတ်တမ်းများတွင် တွေ့ရှိရပေသည်။
ထို့နောက် ၁၈၅၂ ခုနှစ် အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲ ပြီးဆုံးပြီးနောက် အင်္ဂလိပ်တို့သည် အောက်မြန်မာနိုင်ငံ၏ မြို့တော်အဖြစ် ပြုလုပ်ရန် ရည်ရွယ်ချက်ဖြင့် ရန်ကုန်မြို့တော်ကို ပြန်လည်စီမံကိန်းရေးဆွဲ၍ တည်ထောင်ခဲ့ကြပြန်လေသည်။ ထိုသည်တို့မှာ မြို့ပြအဖြစ် တည်ဆောက်ခဲ့ခြင်းတို့နှင့် ပတ်သက်သော မှတ်တမ်းများသာ ဖြစ်ပေသည်။ သို့ပါသော်လည်း ရွှေတိဂုံစေတီတော်ကုန်းတော် သိင်္ဂုတ္တရကုန်း ပတ်ဝန်းကျင်တစ်ဝိုက်၊ ဆူးလေစေတီတော်နှင့် ဗိုလ်တထောင်စေတီတော် ပတ်ဝန်းကျင်တစ်ဝိုက်တို့တွင်မူ လူနေရပ်ကွက်များမှာ ရှေးနှစ်ပေါင်းများစွာကပင် တည်ရှိခဲ့ပေမည်။ ရန်ကုန်မြို့ ပတ်ဝန်းကျင်တွင် ယခုတွေ့ရှိရသည့် ရှေးဘုရားများနှင့် ဆင်းတုတော်များမှာ ပုဂံခေတ် ၁၁ ရာစုနှစ်များက ဖြစ်ခဲ့ဟန်တူပြီး မိမိတို့ သမားရိုးကျ မှတ်တမ်းများအရ မြတ်စွာဘုရားလက်ထက်ကပင် ရွှေတိဂုံစေတီတွင် ဆံတော်များနှင့် ဌာပနာခဲ့သည်ဟု ပါရှိဖော်ပြထားသည်။
အလောင်းဘုရားလက်ထက်က ယခု ဆူးလေစေတီတော်သည် မိုးတွင်းအခါ ရေများပတ်လည်ဝိုင်း၍ ကျွန်းကဲ့သို့သော နေရာအမြင့်တွင် တည်ရှိခဲ့သည်။ အလောင်းဘုရားသည် ထိုဆူးလေစေတီတော်၏တောင်ဘက် ယခု ကုန်သည်လမ်းခန့်တွင် ရှိသောနေရာမှ မြစ်ကမ်းနားအထိ သစ်တပ်မြို့ရိုး တည်ဆောက်ခဲ့သည်။ ၁၈၅၂ ခုနှစ်တွင် မြို့ပြပုံစံများ ရေးဆွဲခဲ့၍ ၁၈၅၅ ခုနှစ် ပတ်ဝန်းကျင်တွင် တည်ဆောက်ခဲ့ကြရာတွင် အရေးကြီးဆုံး လမ်းမကြီးဖြစ်သည့် Dalhousie လမ်း (မဟာဗန္ဓုလလမ်း)နှင့် ဆူးလေဘုရားလမ်းတို့ကို ဆူးလေစေတီတော်ကို ဦးတိုက်၍ တည်ဆောက်ခဲ့ကြသည်။ မြို့ပြပုံစံ ရေးဆွဲခဲ့သော Alexander Fraser ဆိုသူ အင်ဂျင်နီယာသည် ယဉ်ကျေးသမှုဖြင့် ဆူးလေစေတီတော် ပတ်ဝန်းကျင်တွင် စေတီတော်ထက် ပိုမိုမြင့်မားသော အဆောက်အအုံများ မတည်ဆောက်ခဲ့ပေ။
အင်္ဂလိပ်တို့ ၁၉ ရာစုနှစ်တွင် တည်ဆောက်သွားသော ရန်ကုန်မြို့မှာ ယခု မြို့ထဲခေါ် ဗိုလ်ချုပ်လမ်း (Montgomerie St.)နှင့် ကမ်းနားလမ်းတို့အကြားကို Commercial Area ဟု သတ်မှတ်ခဲ့ကြပြီး အတွင်းဝန်များရုံး၊ သိမ်ကြီးဈေး၊ ရုပ်ရှင်ရုံ စသည့် လူအများသုံးရန်၊ သွားလာရန် အဆောက်အအုံများကို နေရာချထားခဲ့ကြသည်။ ထိုစဉ်က မြို့ပြင်ဟု ဆိုနိုင်သော ဗိုလ်ချုပ်ပန်းခြံ၊ (Dalhousie Park) တိရစ္ဆာန်ဥယျာဉ်၊ (Victoria Park) ကန်တော်မင်္ဂလာပန်းခြံ၊ (Cantonment Garden) စသည်တို့ကို Green Zone ခေါ် စိမ်းလန်းစိုပြည်ရေး နေရာများအဖြစ် သတ်မှတ်ကြ၍ ထိုစဉ်အခါက ရန်ကုန်မြို့သည် Green City of Asia ဟု ကျော်ကြားခဲ့သည်။ ထိုစဉ်အခါက ယခု ရှင်စောပုလမ်း၊ ကန်တော်ကလေး အစရှိသော နေရာများအထိသာ ရန်ကုန်မြို့၏ မြောက်ပိုင်းအစွန်းပိုင်းဟု သတ်မှတ်ခဲ့ကြ၍ ရှင်စောပုလမ်းကို Boundary Road ဟု ခေါ်ခဲ့၍ ရန်ကုန်မြို့သည် ၁၉၀၀ ပြည့်နှစ်ခန့်တွင် ၂၈ စတုရန်းမိုင်သာ ရှိခဲ့သည်။ မြို့ပြတည်ဆောက်ပုံစနစ်မှာ အင်္ဂလိပ်တို့ ယင်းတို့၏ ကိုလိုနီများတွင် တည်ဆောက်ခဲ့သော Grid Pattern ခေါ် လေးထောင့်ကွက်ပုံစံ ဖြစ်ခဲ့ပြီး ယင်းတို့၏ ကိုလိုနီဖြစ်ခဲ့သော အမေရိကန်ပြည်ရှိ Washington, New York, Philedephia စသော မြို့များ၏ ပုံသဏ္ဌာန်နှင့် ခပ်ဆင်ဆင်တူခဲ့သည်။
ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံး၍ မကြာခင် ၁၉၄၈ ခုနှစ်တွင် မိမိတို့နိုင်ငံ လွတ်လပ်ရေးရရှိခဲ့ပြီး ဆိုးရွားသော ပြည်တွင်းစစ်နှင့် ကြုံကြရသည်။ ပြည်တွင်းစစ်ကြောင့် ကျေးလက်ဒေသများ မငြိမ်မသက်ကြ၍ ကျေးလက်ဒေသများမှ လူပေါင်းများစွာ ရန်ကုန်မြို့သို့ လာရောက်ခိုလှုံခဲ့ကြရသည်။ ထို ၁၉၅၀ ပြည့်နှစ်နောက်ပိုင်း ယခု တော်လှန်ရေးပန်းခြံ၊ ရွှေတိဂုံစေတီတော် ပတ်ဝန်းကျင် စသောနေရာများတွင် ဆင်းရဲသူ၊ ဆင်းရဲသားများ တဲအိမ်ကလေးများ ဆောက်လုပ်၍ ကျပ်တည်းစွာ နေထိုင်ခဲ့ကြရသည်။ ရန်ကုန်မြို့လူဦးရေမှာ ၁၉၄၀ ပြည့်နှစ်တွင် ငါးသိန်းခန့်မှ ၁၉၅၀ ပြည့်နှစ်တွင် ၁ ဒသမ ၃ သန်းအထိ တိုးပွားခဲ့သည်။ ၁၉၅၉ ခုနှစ်နောက်ပိုင်း သာကေတ၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပမြို့တို့ကို အသစ်ချဲ့ တည်ဆောက်ပြီး ဘောက်ထော်၊ ရန်ကင်း စသောနေရာများကိုလည်း ရန်ကုန်မြို့ဧရိယာထဲသို့ ပါဝင်ထည့်သွင်းခဲ့သဖြင့် ၁၉၆၂ ခုနှစ်ခန့်တွင် မြို့ဧရိယာမှာ ၈၀ စတုရန်းမိုင်ခန့်သို့ ကျယ်ပြန့်သွားသည်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း ရွှေပြည်သာ၊ လှိုင်သာယာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ ဒဂုံအရှေ့ စသည်တို့ကို တိုးချဲ့တည်ဆောက်ခဲ့ကြ၍ ယခုအခါ ရန်ကုန်မြို့၏ ဧရိယာမှာ ၃၀၆ စတုရန်းမိုင်အထိ ကျယ်ပြန့်လာသည်။
ထိုသို့ လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော်ခန့်အတွင်း များစွာတိုးချဲ့ခဲ့ကြသော်လည်း အဓိကလိုအပ်ချက်ဖြစ်သော လမ်းများ၊ ရေပေးရေးစနစ်များနှင့် လျှပ်စစ်လိုင်းများသာ တိုးချဲ့ဆောက်လုပ်ခဲ့ကြ၍ အများပြည်သူတို့နှင့် မြို့သာယာရေးအတွက် ပန်းခြံများ၊ ဥယျာဉ်များ၊ ကလေးကစားကွင်းများ  စသည်တို့မှာ လုံလောက်မှုမရှိခဲ့ပေ။ တိုးချဲ့ခဲ့သော မြို့သစ်များ တည်ဆောက်ခဲ့ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ဆင်းရဲသားများနှင့် မချမ်းသာသော ၀န်ထမ်းတို့ကို နေရာချထားရန်ဖြစ်ခဲ့၍ တိုးချဲ့မြို့သစ်များတွင် အများစုသော မြေကွက်များမှာ ပေ ၄၀ x ပေ ၆၀ နှင့်သာ စီမံခဲ့ပြီး ထိုမြို့သစ်များတွင် စနစ်တကျ ခိုင်ခံ့သော ရေမြောင်းများ၊ မိလ္လာစနစ်များလည်း မရှိခဲ့ပါ၍ ယခုအခါ ထိုမြို့သစ်များ၏ များစွာသော နေရာတို့တွင် ရေကြီးခြင်း၊ မြောင်းပိတ်ဆို့၍ လျှံထွက်ခြင်းစသော ပြဿနာများနှင့် ရင်ဆိုင်နေရပေသည်။
ရန်ကုန်မြို့သည် ၁၉၆၀ ခန့်တွင် စတုရန်းမိုင် ၈၀ ခန့်မှ ယနေ့ ၃၀၆ စတုရန်းမိုင်အထိ တိုးချဲ့ခဲ့သော်လည်း ရန်ကုန်မြို့ လူဦးရေသည် နှစ်စဉ် ၂ ဒသမ ၅ ရာခိုင်နှုန်းခန့်နှင့် တိုးပွားလျက်ရှိရာ လက်ရှိ လူဦးရေငါးသန်းကို အခြေခံပါလျှင် နှစ်စဉ် လူပေါင်း ၁ ဒသမ ၂၅ သိန်းခန့် တိုးပွားလျက် ရှိပါသည်။ ရန်ကုန်မြို့၏ အနာဂတ်လူဦးရေမှာ အတိအကျ မျှော်မှန်း၍မရဘဲ နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေးဖွံ့ဖြိုးမှုနှင့် နိုင်ငံတော်၏ မြို့ပြဖွံ့ဖြိုးမှု မူဝါဒပေါ်တွင် မူတည်ပေမည်။
ရန်ကုန်မြို့ လူဦးရေသည် ၂ ဒသမ ၅ ရာခိုင်နှုန်းနှင့် နှစ်စဉ်တိုးပွားပါလျှင် ၂၀၅၀ ပြည့်နှစ်တွင် ၁၃ သန်းကျော်ခန့်အထိ တိုးပွားနိုင်ပြီး ၃ ဒသမ ၃ ရာခိုင်နှုန်းနှင့် တိုးပွားပါလျှင် ထို ၂၀၅၀ ပြည့်နှစ်တွင် ၁၈ သန်းခန့်အထိ ရှိနိုင်ပါသည်။ နိုင်ငံတော်အ၀န်း အခြားမြို့ပြများကိုလည်း ဖွံ့ဖြိုးစေရန် ဆောင်ရွက်သင့်ပါသည်။ ထိုတိုးပွားလျက်ရှိသော လူဦးရေအတွက် လူနေရပ်ကွက်များ၊ အလုပ်အကိုင်အတွက် စက်ရုံ၊ အလုပ်ရုံများ၊ ကျောင်းများ၊ ဆေးရုံများ၊ ဈေးဆိုင်များ စသည်တို့အတွက် လက်ရှိ မြို့ဧရိယာကို ထပ်မံတိုးချဲ့ရပေဦးမည်။ ထိုသို့ မြို့တိုးချဲ့သည့်အခါ ၀င်ငွေနိမ့် မိသားစုများအတွက် အိမ်ရာများအပြင် ၀င်ငွေအလယ်အလတ်ရှိသူများ၊ ၀င်ငွေမြင့်သူများအတွက်ပါ မြေကွက်များ အိမ်ရာစီမံကိန်းများနှင့် ပူးတွဲအကောင်အထည် ဖော်ကြရပေမည်။ ထို့အပြင် နောက်တိုးချဲ့မြို့များတွင် စနစ်တကျ လမ်းများ၊ ရေထုတ်စနစ်များ၊ မိလ္လာစနစ်များ၊ ပန်းခြံများ၊ ကျောင်း၊ ဆေးရုံ အစရှိသည်တို့ ပါဝင်သော အဆင့်မြင့်မြို့ကွက်များ ဖြစ်သင့်ပေသည်။ သို့မှသာ ရန်ကုန်မြို့၏ အဆင့်မြင့် ရပ်ကွက်များတွင် မြေဈေး၊ အိမ်ဈေး လွန်စွာကြီးမြင့်လျက်ရှိသော ပြဿနာကို တစ်နည်းတစ်ဖုံ လျှော့ချရာရောက်ပေမည်။
ရန်ကုန်မြို့၏ အခြားအရေးကြီးသော ပြဿနာတစ်ရပ်မှာ သမိုင်းနောက်ခံ အခြေအနေတို့ကြောင့် မိမိတို့မြို့၏ တောင်ပိုင်းတွင်ရှိသော မြို့ထဲခေါ် စီးပွားရေးဇုန်တွင် အထူးဈေးဆိုင်အမျိုးမျိုးနှင့် ကုန်တိုက်ကြီးများ၊ ရုပ်ရှင်ရုံများ စသည့် စီးပွားရေးဆိုင်ရာ အဆောက်အအုံများ၏ အများစုမှာ စုပေါင်း၍ တည်ရှိနေသည်။ ထိုသို့ စီးပွားရေးဆိုင်ရာ အဆောက်အအုံများ စုဝေးနေသည့်အတွက်လည်း လူများနေထိုင်ခြင်းကို ဆွဲဆောင်သဖြင့် ထို (CBD)ခေါ် စီးပွားရေးဗဟိုနေရာတွင် လူနေသိပ်သည်းမှု မြင့်မား၍ အလုပ်အကိုင် အခွင့်အလမ်းများ၏ စုဝေးရာနေရာလည်း ဖြစ်သည်။ ထိုသည်ကို အကြောင်းပြု၍ နေ့စဉ် ရန်ကုန်မြို့ထဲသို့ ဦးတည်သွားသော ယာဉ်များနှင့် ခရီးသည်များကြောင့် ရန်ကုန်မြို့၏ အဓိက လမ်းမကြီးများတွင် မကြာမကြာ ပိတ်ဆို့နေရသည်။ မြို့ထဲတွင် သွားလာလှုပ်ရှားရန် ကျပ်တည်းကြရသည်။ ထိုပြဿနာမှာ Land -use Pattern ခေါ် မြေအသုံးချမှု ပုံစံကြောင့်ဖြစ်၍ ယင်းကို ပြင်ဆင်ရမည်ဖြစ်သည်။ ပြင်ဆင်ရန်နည်းလမ်းမှာ ယခုလက်ရှိ CBD ကဲ့သို့သော အထူးဆိုင်များ၊ ရုပ်ရှင်ရုံများ၊ ဈေးများ၊ ဟိုတယ်များ ပါဝင်သော ဒုတိယစီးပွားရေးဇုန် တစ်ရပ်ကို ဖော်ထုတ်ရန် လိုအပ်လျက်ရှိသည်။ ထိုလုပ်ငန်းရပ်ကိုလည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ စတင်ဆောင်ရွက်လျက်ရှိသည်။ ရန်ကုန်မြို့တွင် နှစ်စဉ်တိုးပွားလျက်ရှိသော လူဦးရေ ၁ ဒသမ ၂၅ သိန်းခန့်အတွက် Affordable Housing ခေါ် အများပြည်သူ လက်လှမ်းမီသော အိမ်ရာများ ပေါ်ပေါက်ရန်လည်း ပုံမှန် ဆက်လက်ဆောင်ရွက်ခြင်းနှင့်အတူ Housing Financing System ခေါ် အိမ်ရာကဏ္ဍအတွက် ငွေပေးချေမှုစနစ် တစ်ရပ်ကိုလည်း အမြန်ဆုံး ဖော်ထုတ်သင့်ပေသည်။
ယခုအခါ ရန်ကုန်မြို့တွင် လူဦးရေ ငါးသန်းခန့်ရှိပြီး ရေပေးဝေရေးစနစ်၊ ရေမြောင်းများစနစ်၊ အများသုံး သယ်ယူပို့ဆောင်ရေးစနစ်၊ ယာဉ်ကြောပိတ်ဆို့မှု စသည့်ပြဿနာများ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်မှာ အများအသိပင် ဖြစ်ပေသည်။
ထိုကိစ္စများနှင့် ပတ်သက်၍ အများပြည်သူတို့၏ မျက်စိနှင့်နားဟု ခေါ်ဆိုနိုင်သော မီဒီယာများက စာရေးသူကို ထိုကိစ္စ ဘာကြောင့်ဖြစ်ရသလဲ၊ဘယ်လိုလုပ်နေတာလဲ စသည်ဖြင့် မကြာမကြာ မေးကြပါသည်။ မြို့ပြဒေသကြီး တစ်ရပ်ဆိုသည်မှာ လူများနေထိုင်သည့် ရပ်ကွက်များ အလုပ်အကိုင်အတွက် စက်မှုဇုန်များ၊ ကုန်စည်ဖြန့်ဖြူးရေးအတွက် ဈေးများ၊ ရေပေးရေးစနစ်များ၊ လူများစွန့်ပစ်သည့် အမှိုက်သိမ်းစနစ်များ စသည့်စနစ်များ စုပေါင်းပါဝင်နေပြီး ထိုစနစ်ပေါင်းစုံတို့မှာလည်း တစ်ခုနှင့်တစ်ခု အမှီသဟဲ ပြုနေကြပေသည်။ ဤပြဿနာများမှာ ရေရှည်၊ ရေတို စီမံကိန်းများ ရေးဆွဲ၍ ဖြေရှင်းကြရပေမည်။
ထို့အတွက် အချိန်၊ လူအင်အား၊ ငွေအင်အား စသည်တို့ လိုအပ်ပေသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာ စီမံကိန်းမရှိ၊ တတ်သိသူ ပညာရှင်များကိုလည်း မတိုင်ပင်နှင့် လျစ်လျူရှုထားခဲ့သည်မှာ ကြာခဲ့ပေသည်။ ထိုသည်တို့ကို ပြင်ဆင်ရန် အဓိကအရေးကြီးဆုံးမှာ (၁) အများပြည်သူအကျိုးကို ရှေးရှု၍ (၂) ဘက်ပေါင်းစုံမှလေ့လာ၍ (၃) ဖြေရှင်းရန် စိတ်ဓာတ်နှင့် ဆုံးဖြတ်ချက် (Will and Determination)ရှိရန် လိုအပ်ပေသည်။ ထို့ (Will and Determination)ရှိသော စနစ်သို့ မိမိတို့တိုင်းပြည် ကူးပြောင်းနေပြီဟု ယူဆပါ၍ စာရေးသူမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကို လာရောက်ကူညီနေခြင်း ဖြစ်ပါသည်။       ။

No comments: