Thursday, October 4, 2012

သံတွဲတွင် ညမထွက်ရအမိန့် ရုပ်သိမ်းရန် ပြည်သူ့ဆန္ဒကောက်ယူ

သံတွဲတွင် ညမထွက်ရအမိန့် ရုပ်သိမ်းရန် ပြည်သူ့ဆန္ဒကောက်ယူ
မိုးဝေ ရခိုင်ပြည်နယ် (မြစ်မခ)
by Myit Makha Mediagroup on 5 Oct, 2012



 ပြည်တွင်းပြည်ပခရီးသွားများလာရောက်လည်ပတ်လျက်ရှိသည့် ရခိုင်ပြည်နယ်သံတွဲမြို့တွင်  ထုတ်ပြန် ထားသော  ညမထွက် ရအမိန့်အား ရုပ်သိမ်းရန်ပြည်နယ်အစိုးရအဖွဲ့က စဉ်းစားနေကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့တာဝန်ရှိသူတစ်ဦးထံက သိရသည်။
 
သံတွဲမြို့၏ ခရီးသွားလုပ်ငန်းများ ပုံမှန်လည်ပတ်စေရန်အတွက်  လက်ရှိထုတ်ပြန်ထားသော  ညမထွက်ရ အမိန့် ပုဒ်မ(၁၄၄)ကို ရုပ်သိမ်းရန် မြို့လူထု၏ ဆန္ဒသဘောထားများ ကောက်ယူခိုင်းထားကြောင်း ရခိုင်ပြည်နယ်သတင်းပြန်ကြားရေးနှင့် မှတ်တမ်း စုဆောင်းရေး ဆပ်ကော်မတီ ရခိုင်ပြည်နယ်ဥပဒေချုပ်ဦး လှသိန်းက ပြောသည်။
 
ယင်းသို့ ပုဒ်မ ၁၄၄ကို ရုပ်သိမ်းလိုက်ခြင်းအားဖြင့် ရခိုင်ပြည်နယ်၏ ခရီးသွားလုပ်ငန်းနှင့်၎င်းလုပ်ငန်းများကို အမှီသဟဲ ပြုနေကြသည့် ပြည်နယ်သူပြည်နယ်သားများ  သွားလာရေး အဆင်ပြေရန်နှင့် အလုပ်အကိုင်များ အဆင်ပြေချောမွေ့စေရေးအတွက်   သံတွဲမြို့တွင် ထုတ်ပြန်ထားသော  ညမထွက်ရအမိန့်အား ရုပ်သိမ်းရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က စီစဉ်နေခြင်းဖြစ်သည်ဟု ဦးလှသိန်းကဆိုသည်။
 
သံတွဲမြို့သည် ခရီးသွားလုပ်ငန်းများတည်ရှိရာ နေရာတစ်ခုဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွားများအနေဖြင့် သွားရေး လာရေး အဆင်ပြေရန် မြို့ခံလူထုက ပြည်နယ်အစိုးရဆီ တင်ပြမှုများရှိခဲ့ကြောင်းကိုလည်း သိရသည်။
 
အောက်တိုဘာ(၁၀)ရက်နေ့တွင် သံတွဲမြို့တွင်ပုဒ်မ (၁၄၄)ကို ရုပ်သိမ်းမည်ဟုသိရပြီး အလားတူမြို့နယ်များ ကိုလည်း  ပြန်လည်ပြင်ဆင် သုံးသပ်သွားမည်ဟု ထွက်ပေါ်နေသည့် သတင်းများအရ သိရသည်။
 
ညမထွက်အရအမိန့်ဥပဒေပုဒ်မ(၁၄၄)ကို ကျူးလွန်သူများကို ဖမ်းဆီးခဲ့ရာ အများစုပြန်လွှတ်ပေးပြီးပြီဟူ၍လည်း စုံစမ်းသိရှိရသည်။
 
ဇွန်လ(၁၀)ရက်နေ့က ထုတ်ပြန်ခဲ့သည့် ညမထွက်ရအမိန့်ကို  စစ်တွေ၊ကျောက်တော်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်ဖြူ၊ရမ်းဗြဲ၊ သံတွဲမြို့နယ်စသည့်မြို့နယ်တို့၌ ည ၇နာရီမှ မနက် ၅ နာရီ အထိ သတ်မှတ် ထားဆဲဖြစ်သည်။
 

No comments: