Wednesday, October 17, 2012

ပြည်ထောင်စုစစ်စစ်သာဖြစ်စေလိုသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ




ယမင်း(မြစ်မခ)

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် ပြည်ထောင်စုကြီးအတွင်းမှ ခွဲထွက်မည်ဆိုသော သဘောထားခံယူချက်များ မရှိကြောင်းနှင့် ငြိမ်းချမ်းသောနည်းလမ်းများဖြင့်သာ
ဖြေရှင်းလိုကြကြောင်း ပြည်ခိုင်ဖြိုးပါတီညီလာခံတက်ရောက်နေသော တိုင်းရင်းသားကိုယ်စားလှယ်များထံက သိရှိရသည်။

“ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ သဘောထားကို လေ့လာကြည့်မယ်ဆိုရင် ဒီပြည်ထောင်စုကြီးထဲက ခွဲထွက်မယ်ဆိုတဲ့သဘောထား လုံးဝမရှိဘူး။ အကြမ်းဖက်လုပ်ရပ်တွေကို ရှောင်ရှားပြီးတော့ ပြဿနာကိစ္စအ၀၀ကို ငြိမ်းချမ်းတဲ့နည်းလမ်းတွေနဲ့ပဲ ဖြေရှင်းလိုကြပြီးတော့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရယ်၊ ကိုယ်ပိုင် ပြဌာန်းခွင့်ရယ်၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရရှိရေးတို့ကိုပဲ လိုလားပါတယ်” ဟု ပြည်ခိုင်ဖြိုးပါတီမှ ကချင်ပြည်နယ်ပါတီကော်မတီဝင် ဦးဘရန်ရှောင်က ပြောသည်။

ပဋိပက္ခဖြစ်ရသည့် အကြောင်းအရင်းများမှာ လူမျိုးတစ်မျိုးစီ၏ဓလေ့ထုံးစံနှင့်ရိုးရာယဉ်ကျေးမှု မတူညီခြင်း၊ နိုင်ငံရေးယုံကြည်ချက် မတူညီခြင်း၊ အင်အားနည်းသော လူမျိုးစုငယ်များသည် မိမိတို့ အပေါ် နှိမ့်ချဆက်ဆံခံရမှုကို လက်တုံ့ပြန်လိုခြင်း ငြိမ်းချမ်းရေးတည်ဆောက်သူအချင်းချင်း ယုံကြည်မှု မတည်ဆောက်နိုင်ခြင်းတို့ကြောင့်ဖြစ်ကြောင်းလည်း သိရှိရသည်။

“လက်နက်ကိုင်အဖွဲ့တွေနဲ့ ညှိနှိုင်းမယ်။ ငြိမ်းချမ်းရေးရရှိအောင်လို့ လုပ်နေကြပါတယ်။ ဖြစ်မယ့် အလားအလားတွေလည်း အများကြီး ရှိပါတယ်။ အားလုံးဖြစ်အောင်လည်း လုပ်ဆောင်ပေးဖို့ အစီအစဉ် ရှိတယ်။ ညှိလည်း ညှိနှိုင်းပြီးပါပြီ” ဟု ရှမ်းပြည်နယ်အလယ်ပိုင်း လွယ်လွင်ခရိုင်၊ ပါတီအတွင်းရေမှူး ဦးထွန်းရွှေက ပြောသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့အနေဖြင့်လည်း အလွတ်သဘောတွေ့ဆုံမှုမှ တရားဝင်တွေ့ဆုံဆွေးနွေးလို ခြင်းဖြစ်ကြောင်း၊ မူအားဖြင့် တိတိကျကျချမှတ်ကာ ဆွေးနွေးချင်ကြောင်း၊ ပြည်ထောင်စုအခွင့်အရေးရှိသော ပြည်ထောင်စု စစ်စစ်ဖြစ်ချင်ကြောင်း၊ ရသင့်ရထိုက်သည် များအား တရားမျှတစွာဖြင့် တွေ့ဆုံဆွေးနွေးနိုင်မည် ဆိုပါက ပြည်ထောင်စုစစ်စစ်ဖြစ်လာနိုင်သော အနေအထားရှိကြောင်း သိရှိရသည်။

ပြည်ထောင်စုအစိုးရသစ်လက်ထက်၌ ၂၀၁၁ခုနှစ်မှစ၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များနှင့် ငြိမ်းချမ်းရေးအတွက် အထူးဒေသ(၂) ၀ တိုင်းရင်းသားအဖွဲ့၊ အထူးဒေသ(၄)မိုင်းလားအဖွဲ့၊ ကလိုထူးဖောကရင်တိုင်းရင်းသားအဖွဲ့၊ RCSS/SSA (ရှမ်းတိုင်းရင်းသားအဖွဲ့)၊ ချင်းတိုင်းရင်းသား အဖွဲ့(CNF) ၊ကရင်တိုင်းရင်းသားများအဖွဲ့(KNU)၊ (KNU/KNLA)၊ ကရင်နီတိုးတက်ရေးပါတီ(KNPP)၊ ရခိုင်တိုင်းရင်းသားအဖွဲ့(ALP)၊ နာဂတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(NSCN(K))၊ မွန်ပြည်သစ်ပါတီ (NMSP)တို့နှင့် အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးသဘောတူလက်မှတ် ရေးထိုးနိုင်ခဲ့ကြသော်လည်း ကချင်ပြည်နယ်ရှိ(KIO/KIA)အဖွဲ့နှင့်မူ အလွတ်သဘောဆွေးနွေးမှုများသာ ရှိခဲ့သည်။

“သမ္မတကြီး ညွှန်ကြားထားတာကတော့ အပြောင်းအလဲ မရှိဘူး။ အကုန်လုံးက ညွှန်ကြားထားတာနဲ့ အောက်ခြေ မှာ ဖြစ်ပျက်နေတာက ကွာခြားနေတာ တခြားစီပဲ။ ပြည်ထောင်စုမြန်မာနိုင်ငံဆိုတော့ တစ်ပြည်နယ်၊ တစ်ကဏ္ဍ၊ တစ်ဖွဲ့ကျန်ခဲ့ရင်လည်း ဒီမိုကရေစီလမ်းကြောင်းပေါ်သွားတဲ့ အချိန်မှာ အားနည်းစေတယ်” ဟု ကချင်ပြည်နယ် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီမှ ဦးခက်ထိန်နန်က ပြောသည်။

မူရင်းသတင်း----Myit Makha Mediagroup

Post By : အေးချမ်းမွန်

No comments: