Thursday, October 18, 2012

ငြိမ်းချမ်းရေး ပြန်လည်ဆွေးနွေးရန် ကမ်းလှမ်းချိန် ဖားကန့်တွင် တိုက်ပွဲများ ပြန်ဖြစ်


ရန်ကုန်၊ အောက်တိုဘာ ၁၈ The Voice Daily Newsletter

အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့က တိုက်ပွဲများ ဖြစ်ပွားနေသော ကချင်လွတ်လပ်ရေး တပ်မ တော် (ကေအိုင်အေ) နှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ပြန်လည် ကမ်းလှမ်းချိန်တွင် ဖားကန့်မြို့တွင် တိုက်ပွဲများ ရက်သတ္တ တစ်ပတ်ကြာ ငြိမ်သက်ပြီး အောက်တိုဘာ ၁၇ ရက်နေ့ ညတွင် လက်နက်ကြီး များဖြင့် အပြန်လှန် ပစ်ခတ်ခဲ့ကြကြောင်း ဒေသခံများက The Voice Weekly သို့ ဆက်သွယ် ပြောကြားသည်။

" အမြောက်သံ ၁၂ ချက် တိတိရှိပြီ" ဟု ဖားကန့် မြို့နယ် ဆိုင်းတောင်ကျေးရွာရှိ စစ်တပ်ကုန်း အနီးတွင် နေထိုင်သူ အမျိုးသား တစ်ဦးက ဆိုသည်။

အဆိုပါ လက်နက်ကြီးများ အပြန်အလှန် ပစ်ခတ်မှုသည် သြဂုတ်လ လကုန်ပိုင်း တွင် ဖားကန့် တစ်မြို့လုံးကို တုန်ဟီး သွားစေသော ဝေမိသားစု ပိုင် ကုမ္ပဏီ ယမ်းဂိုဒေါင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် နေရာအနီး ရှိ လမှောင်ကုန်း တွင် ဖြစ်ပွား ခဲ့ကြောင်း ၄င်းက ဆိုသည်။

ယင်းအပြင် နတ်မှော်ကျေးရွာရှိ ပအို့ဝ်း လွတ်မြောက်ရေး အဖွဲ့ (PLO) ၏ ကျောက်မျက် တူးဖော်ရေး ကုမ္ပဏီ ပိုင် ကမ္ဘာကျော် ကျောက်စိမ်းတောင် လိုင်ဂူကြီး ရှိသည့် နေရာတွင်လည်း အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ကုမ္ပဏီပိုင်အ ဆောက်အအုံများ မီးလောင် သွားခဲ့ကြောင်း ယင်းနေရာနှင့် တစ်မိုင်ကျော် အကွာရှိ ဖားပြင် ကျေးရွာ ဒေသခံ များ ထံမှ သိရသည်။

" ရွာထဲမှာတော့ ငါးယောက်သေပြီး တစ်ယောက် ဆေးရုံရောက်သွားတယ်။ စစ်တပ်တွေ ထဲမှာတော့ မပြောတတ်ဘူး" ဟု မှော်မောင်းလျန် ကျေးရွာရှိ အမျိုးသားတစ်ဦးက ဆိုသည်။

အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ ဒုတိယ ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ရုံးဝန်ကြီး ဦးအောင်မင်းသည် တိုက်ပွဲများ ဖြစ်ပွားနေသော ကေအိုင်အေ နှင့် နိုင်ငံရေး ဆွေးနွေးမှုများ ဆက်လက် ပြုလုပ်ရန် အောက်တိုဘာ ၁ဝ ရက်နေ့ တွင် အကြောင်း ကြားခဲ့သည်။

No comments: