ရခိုင့်အရေးနှင့်ပက်သက်၍ ဒေါက်တာအေးမောင်နှင့် တွေ့ဆုံခြင်း | ||||
|
OIC ရုံး မြန်မာနိုင်ငံတွင် ဖွင့်လှစ်လာမည်အပေါ်
ကန့်ကွက်ဆန္ဒပြခြင်းများနှင့် မျက်မှောက်ကာလ ရခိုင်ပြည်နယ်အတွင်း
ကြုံတွေ့ခံစားနေကြရသော ပြဿနာ၊ အခက်ခဲများနှင့် ပက်သက်၍
ရခိုင်တိုင်းသားများတိုးတက်ရေးပါတီ(RNDP)မှ ဥက္ကဌ ဒေါက်တာအေးမောင်အား
အာရ်ကန်တိုင်းမ်စ် သတင်းဌာနမှ မခိုင်ခိုင်ထွန်းက တွေ့ဆုံမေးမြန်းခဲ့သည်။

AT။ ။ ပြည်သူ့ဆန္ဒနဲ့ မကိုက်ညီလို့
နိုင်ငံတော်အစိုးအရအနေနဲ့ အိုအိုင်စီကို
ရုံးဖွင့်လှစ်ခွင့်မပြုတော့တဲ့အပေါ်မှာ ဒေါက်တာအေးမောင်ရဲ့ သဘောထားက
ဘယ်လိုရှိပါလဲ ရှင့်။
ဒေါက်တာအေးမောင်။ ။ အိုအိုင်စီရုံးကို
ဖွင့်လှစ်ခွင့် မပေးတော့ဘူးဆိုတော့ ဝမ်းသာပါတယ်၊ အစိုးရကို ကျေးဇူးလည်း
တင်ပါတယ်။ အစိုးရတိုင်းက ပြည်သူဆန္ဒကို လေးစားတဲ့အစိုးရ၊ ပြည်ထောင်စုအပေါ်မှာ
လေးစားလိုက်နာသော အစိုးရဖြစ်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ကလည်း
ပြည်သူတွေရဲ့ဆန္ဒနဲ့ ထပ်တူဖြစ်ပါတယ်။
AT။ ။ VOA သတင်းဌာနက အစ္စလာမ်အသင်းချုပ် ဥက္ကဌနဲ့
အင်တာဗျူးတစ်ခုမှာ OIC ရုံးဖွင့်ခွင့် ပြည်တွင်း ငြိမ်းချမ်းမှုကို
မထိခိုက်သင့်လို့ ဆိုထားတာတွေ့ရပါတယ်။ ဒေါက်တာအေးမောင်အနေနဲ့ ခုလို OIC
ရုံးဖွင့်မှာကို ပြည်သူတွေ ကန့်ကွက်ဆန္ဒပြကြတာဟာ ပြည်တွင်းငြိမ်းချမ်းမှုကို
ထိခိုက်တယ်လို့ ယူဆပါလား ရှင့်။
ဒေါက်တာအေးမောင်။ ။ ငြိမ်းချမ်းမှုကို
မထိခိုက်သင့်ဆိုတာက တကယ်လို့ ထိခိုက်ပြီးသွားပြီးဆိုရင် ပြန်လုပ်လို့
မရတော့ပါဘူး။ သူတို့ လာစိုက်မဲ့ရုံးကလည်း ဘာသာရေးရုံး ၊ ပြီးတော့
ဘယ်လိုပုဂ္ဂိုလ်တွေက လာထောက်ပံ့ပြီး လုပ်မယ်ဆိုတာလည်း မသိရဘူး။
နိုင်ငံပေါင်း (၅၇)နိုင်ငံပူးပေါင်းပြီး ရုံးလာထိုင်မှာဖြစ်တယ်။ နောက်ပြီး
သူတို့က အခြားနေရာတွေမှာ ရုံးစိုက်သလား ဆိုတာပြန်ကြည့်ရမယ်။ ဥပမာ- အာသံ၊
ထိုင်းတောင်ပိုင်း၊ ဖိလစ်ပိုင် အစရှိတဲ့ နိုင်ငံတွေမှာပေါ့။
ကမ္ဘာလုံးပုံရဲ့နောက်က အစိမ်းရောင်အရိပ်ဆိုတာကလည်း သူတို့ရဲ့ တံဆိပ်၊
တစ်ကမ္ဘာလုံး သိမ်းပိုက်မယ်ဆိုတဲ့ စိတ် ရှိလား၊ မရှိလား
ကျွန်တော်တို့မသိနိုင်ဘူး၊ အာသံပြည်နယ်က ရခိုင်မျိုးနွယ်စုတွေ အသတ်ခံရ၊
အမေရိကန် သံအမတ်ကြီးတွေ အသတ်ခံရတာတွေမှာ နိုင်ငံတကာမှ ပြစ်တင်ရှုတ်ချတာတွေ
ရှိခဲ့သလား။ ယခုဖြစ်တဲ့ ပြဿာနာက ဘာသာတူ၊ လူမျိုးတူတွေ ဖြစ်ကြတဲ့
ပြဿနာမဟုတ်ဘူးလေ၊ ဘာသာမတူ လူမျိုးမတူတဲ့သူတွေ ဖြစ်ကြတာ အထူးသဖြင့် ဘင်္ဂလီနဲ့
ရခိုင်ပေါ့။ ကိုယ့်မြန်မာနိုင်ငံရဲ့ နိုင်ငံရေးကို သူတို့က
ဘာသာရေးရုံးဖွင့်ပြီးတော့ ဝင်စွက်ဖက်မယ်ဆိုတော့ ယခုလက်ရှိ ကူးပြောင်းနေတဲ့
ငြိမ်းချမ်းရေးကို ထိခိုက်နိုင်ပါတယ်။ ရခိုင်မှာက နှစ်ပေါင်းများစွာကတည်းက
ပြဿနာဖြစ်ခဲ့တာတွေ ရှိပါတယ်။ အိုအိုင်စီ လာပြီးရုံးမစိုက်ခင်ကတည်းက
ရသေ့တောင်လူထု အစည်းအဝေးမှာလည်း အိုအိုင်စီ ရုံးစိုက်တာကို
ကန့်ကွက်တဲ့အကြောင်းကို ထုတ်ဖော်ခဲ့ပြီး ဖြစ်ပါတယ်။ ပြည်သူလူထုတွေရဲ့
ဆန္ဒတွေဖြစ်တဲ့ တောင်းဆိုချက်၊ ကန့်ကွက်ချက်၊ အကြံပြုချက်တွေကို
ထပ်တူကျအောင် လုပ်ဆောင်ပေးရမှာက ပါတီတွေရဲ့ တာဝန်ဖြစ်ပါတယ်။ ရသေ့တောင်
လူထုအစည်းအဝေး မလုပ်ခင် နေပြည်တော် ဆွေးနွေးပွဲမှာလည်း ဒေါ်ခင်စောဝေကို
နယ်စပ်ရေးရာဝန်ကြီး ဦးသိန်းဌေးကို အိုအိုင်စီနဲ့ ပတ်သက်ပြီး သဘောထားကို
မေးမြန်းခိုင်းခဲ့ပါတယ်။ မည့်သည့် ဘာသာရေး စွက်ဖက်မှုကိုမှ လက်မခံဘူး၊
(၁၅)ရက်မတိုင်ခင်ကလည်း ဗိုလ်မှူးကြီး ထွေးလှနဲ့ ဆွေးနွေးပါတယ်။
(၁၅)ရက်နေ့မှာ တစ်ပြိုင်တည်းလုပ်ဖို့၊ လက်မခံလျှင် နောက်ထပ်လည်း ဖြစ်လာမယ့်
အစီအစဉ်ရှိပါတယ်လို့ ပြောခဲ့တာတွေ ရှိပါတယ်။
AT။ ။ RNDP အနေနဲ့ အခုဖြစ်ပေါ်နေတဲ့ ရခိုင်ပြည်တွင်း
ပြဿနာအခက်ခဲတွေကို ဘယ်လိုပုံစံမျိုး ရင်ဆိုင်ဖြေရှင်းသွားမယ့်
လုပ်ငန်းစဉ်တွေ ရှိပါလဲ ရှင့်။
ဒေါက်တာအေးမောင်။ ။ ရခိုင်ပြည်က ပြဿနာအခက်အခဲတွေကို
ဘယ်လိုပုံစံမျိုးနဲ့ ရင်ဆိုင်ဖြေရှင်းသွားမှာလဲဆိုတော့ ဖြစ်ပြီးသွား တဲ့
ပြဿနာက ဘာကြောင့်ဖြစ်တယ်ဆိုတာကို ဖြစ်သွားတဲ့ပဋိပက္ခရဲ့ဇစ်မြစ်ကို
ပြန်ပြီးလေ့လာရမယ်။ ရောဂါကိုသိမှ ဆေးကုလို့ရမှာ ဖြစ်တယ်။ ပြဿနာကို အဓိက
ဖြေရှင်းပေးရမှာက အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကို ဖန်တီးခွင့်ရနေသော
အစိုးရမှာတာဝန်ရှိတယ်။ အစိုးရကို တိုက်တွန်းပြီးတော့ ပြည်သူလုထုရှေ့က
မားမား မတ်မတ် ရပ်တည်သွားမယ်။ အစိုးရတစ်ယောက်တည်း လက်ခံနေရုံနဲ့
မပြီးသေးဘူး။ ပြည်သူလူထုကလည်း လက်ခံဖို့လိုတယ်။ ဒီကိစ္စကို လွှတ်တော်မှာ
ရေတို၊ ရေရှည်ပြဿနာဆိုပြီး ဆွေးနွေးသွားမယ်။ ရေတိုအားဖြင့်တော့
လက်ရှိပဋိပက္ခကို ပြန်စစ်ဆေးမယ်၊ အတူယှဉ်တွဲ ထားမယ်ဆိုရင်တောင်
သီးသန့်သတ်မှတ်ထားသော့ အကွာအဝေးမှာ ထားရမယ်။ အတူထားမယ်ဆိုရင်
သူ့ရဲ့အုပ်ချုပ်မှုအတိုင်း ဘင်္ဂလီတွေရဲ့ ပညာရေး၊ ကျန်းမာရေးတွေကို
သီးသန့်ထားရှိရပါမယ်။ ရခိုင်ပြည်သူတွေရဲ့ စိတ်လုံခြုံရေးအတွက် သက်ဆိုင်ရာ
လုံခြုံရေးအဖွဲ့က ရခိုင်ရွာများနည်းသောနေရာများတွင် လုံခြုံရေးများ
ယူပေးရမယ်။ ရခိုင်ပြည်က ဆရာ၊ ဆရာမတွေက စာသင်ပေးရမည်ဆိုလျှင်
သူတို့တွေရဲ့လုံခြုံရေးကို ရဲများက တာဝန်ယူပေးရမယ်။ ဘင်္ဂလီတွေ
နေထိုင်တဲ့နေရာအနားမှာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ တက္ကသိုလ်ကျောင်းတွေ
မလုံခြုံဘူးဆိုလျှင် ရွာ(သို့) ၄င်းအဆောက်အအုံများကို ပြောင်းပေးရမယ်။
အခုက ရခိုင်မြေကို သိမ်းလိုသော ဆန္ဒကနေ နိုင်ငံရေးတိုက်ပွဲ၊ ဘာသာရေး၊
နိုင်ငံပေါင်းစုံရဲ့ ဖိအားပေးမှုတွေအထိ ဖြစ်လာတယ်။
၁၉၈၂ ဥပဒေအရ နိုင်ငံသားဖြစ်ခွင့် ဥပဒေကို ယူပြီးတော့
တိုင်းရင်းသားဖြစ်ခွင့်၊ စာပေ၊ ယဉ်ကျေးမှု၊ ပိုင်ဆိုင်မှုတွေကို
ဖန်တီးကြတာဖြစ်တယ်။ ရခိုင်ပြည်သူတွေ ဘင်္ဂလီတွေ ကူးသန်းရောင်းဝယ်ရေး၊
ဆက်ဆံရေး လုပ်ပါလို့တော့ ပြောလို့မရပါဘူး။ သူတို့ဆန္ဒအရ ဆုံးဖြတ်ရပါမယ်။
တကယ်လို့ ယုံကြည်မှုတည်ဆောက်လို့ ရတယ်ဆိုရင် စက်ရုံတွေ၊ အလုပ်ရုံတွေမှာ
မသုံးမဖြစ် သုံးသွားရမယ်ဆိုရင်လည်း ဘင်္ဂလီတွေထဲမှ ယုံကြည်စိတ်ချရတဲ့သူတွေပဲ
သုံးသွားမှာဖြစ်ပါတယ်။ နောက်ထပ်လူဦးရေများလာပြီး ပြဿနာတွေ ဖြစ်လာအောင်
ထပ်လုပ်လာမယ်ဆိုရင် တားဆီးရမှာဖြစ်ပါတယ်။ ရေရှည်မှာတော့ ၁၉၄၂ က ပြဿနာတွေကို
စုံးစမ်း၊ ယခုလက်ရှိ ပြဿနာတွေကို စုံးစမ်းစစ်ဆေးပြီး အစိုးရနဲ့
ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
AT။ ။ စစ်တွေမှာ ဦးသူရတို့ ဦးဆောင်တဲ့
စုံစမ်းစစ်ဆေးရေးအဖွဲ့ အခြေစိုက်ရုံးဖွင့်လှစ်လာမယ့်အပေါ်မှာ RNDP အနေနဲ့
ပူးပေါင်းလုပ်ဆောင်သွားမယ့် အစီစဉ်တွေရှိပါလား ရှင့်။
ဒေါက်တာအေးမောင်။ ။ အစိုးရ ဖွဲ့စည်းပေးထားသော
ကော်မတီအဖွဲ့မှာ ကျွန်တော်တို့လည်း ပါဝင်တာဆိုတော့ တကယ်လို့ သူတို့ လာပြီး
ငွေကြေးခိုင်မာသော အဖွဲ့အစည်းလား ဒါမှမဟုတ် အုပ်စု(သို့) အဖွဲ့အစည်းတစ်ခုက
အခြေစိုက် ရုံးဖွင့်မယ်ဆိုရင် သူတို့က ကော်မတီရဲ့ ရည်မှန်းချက်၊
ဖွဲ့စည်းပုံကို လက်ခံပြီးလုပ်လျှင် ပူးပေါင်းပြီး လုပ်ဆောင်သွားမယ်။
ကော်မတီ၏ ဖွဲ့စည်းပုံ ရည်မှန်းချက်ကို ပျက်အောင် လာလုပ်လျှင်တော့
ကျွန်တော်တို့က လက်မခံနိုင်ပါဘူး။
AT။ ။ နောက်ထပ်ဖြည့်စွက် ပြောကြားနိုင်တာလေးများရှိရင် ပြောပြပေးပါလား ရှင့်။
ဒေါက်တာအေးမောင်။ ။ ကျွန်တော်တို့အနေနဲ့
ရခိုင်ဒေသမပျောက်ဖို့ဆိုတာ အရေးကြီးပါတယ်။ ပြည်ပမှာ ရောက်ရှိနေကြတဲ့
ပါတီတွေ၊ အဖွဲ့အစည်းတွေ၊ လမ်းမှန်ကိုရောက်အောင် လုပ်ပေးနေကြတဲ့
ပုဂ္ဂိုလ်တွေ၊ ပညာရှိတွေကို ရခိုင်ပြည်မှာရှိတဲ့
သဘာဝအရင်းအနှီးတွေကိုအသုံးချပြီး ရခိုင်ပြည်သူတွေရဲ့ ပညာရေး၊
ကျန်းမာရေးတွေကို ဝိုင်းဝန်းလုပ်ဆောင်ပေးကြပါ။ ဘင်္ဂလားဒေ့ရှ်ဖက်က
ခြံစည်းရိုးခိုင်မာရေးကို အစိုးရအနေနဲ့ တစ်ယောက်တည်း မတတ်နိုင်လျှင်
နိုင်ငံတကာကို အကူအညီတောင်းပြီး လုံခြုံအောင်ကာပေးပါ။ ပြည်ပက ပါတီ၊
အဖွဲ့အစည်းတွေ အနေနဲ့လည်း တာဝန်တစ်ခုကို လေးလေးနက်နက်ယူပြီး
ပြည်သူတွေနဲ့အတူ ဝိုင်းဝန်းပြီး ထမ်းဆောင်ပေးကြပါ။ နယ်စပ်လုံခြုံရေးအတွက်
ပြည်ပကအဖွဲ့အစည်းတွေအနေနဲ့ ငြိမ်းချမ်းရေးယူပြီး တိုင်းရင်းသား
ပြည်သူလူထုတွေ နဲ့ ပူးပေါင်းဆောင်ရွက်ပေးကြပါလို့ ပြောချင်ပါတယ်။
AT။ ။ အခုလိုဖြေကြားပေးတဲ့အတွက် ကျွန်မတို့ အာရ်ကန်တိုင်းမ်စ် သတင်းဌာနက အထူးပင်ကျေးဇူးတင်ရှိပါတယ် ရှင့်။
http://arakantimes.net/burmese/index.php/2012-02-24-06-58-57/552-2012-10-16-12-20-24
No comments:
Post a Comment