Saturday, October 6, 2012

ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်အများစု စက်သုံးဆီရောင်းချရာ၌ သတ်မှတ်အခြင်အတွယ် ပြည့်မီခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့

PDF Print
Friday, 05 October 2012 22:16
ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်အများစုမှာ စက်သုံးဆီရောင်းချရာ၌ သတ်မှတ်အခြင်အတွယ် ပြည့်မီခြင်းမရှိကြောင်း  စွမ်းအင်ဝန်ကြီးဌာနမှ စစ်ဆေးတွေ့ရှိခဲ့ပြီး ယင်းပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်များတွင် ထူး၊ မက်စ်မြန်မာ၊ ရွှေတောင်၊ မြ၀တီ၊ ဧရာရွှေဝါ၊ ယုဇန အစရှိသည့်ကုမ္ပဏီများကပိုင်ဆိုင်သည့် စက်သုံးဆီအရောင်းဆိုင်များ ပါဝင်နေကြောင်း သတင်းရရှိသည်။
စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းများ တင်သွင်းသိုလှောင်  သယ်ယူဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီသည် ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်များတွင် ဖြန့်ဖြူးရောင်းချနေသည့် စက်သုံးဆီများနှင့်ပတ်သက်၍ အရည်အသွေး၊ အခြင်အတွယ်နှင့် တရားမ၀င်စက်သုံးဆီ ဖြန့်ဖြူးရောင်းချမှုများကို ထိန်းသိမ်းကြပ်မတ်နိုင်ရန်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများ ပါဝင်သည့်စစ်ဆေးရေးအဖွဲ့က စက်တင်ဘာလ  ၂၆ ရက်နှင့် ၂၇ ရက်များတွင် ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင် ၂၃ ဆိုင်ကို ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့စစ်ဆေးရာတွင် အရောင်းဆိုင် ၂၃ ဆိုင်အနက် စက်သုံးဆီအရောင်းဆိုင် ၂၁ ဆိုင်ရှိ ပန့်များသည် သတ်မှတ်အခြင်အတွယ် ပြည့်မီခြင်းမရှိဘဲ လျော့နည်းနေကြောင်း  စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။
သတ်မှတ်အခြင်အတွယ် ပြည့်မီခြင်းမရှိဘဲ လျော့နည်းနေကြောင်း စစ်ဆေးတွေ့ရှိခဲ့သည့် အရောင်းဆိုင် ၂၁ ဆိုင်နှင့် ၎င်းဆိုင်ပိုင်ရှင်များဖြစ်သည့် သက်ဆိုင်ရာပုဂ္ဂလိကလုပ်ငန်းရှင် ကုမ္ပဏီအဖွဲ့အစည်းများသို့  ပထမအကြိမ် တရားဝင်စာဖြင့် သ တိပေးသွားမည်ဖြစ်ကြောင်းနှင့် ထို ကဲ့သို့ အခြင်အတွယ်လျော့နည်း ကြောင်း ထပ်မံစစ်ဆေးတွေ့ရှိရပါက  စက်သုံးဆီသိုလှောင်ဖြန့်ဖြူးရောင်းချ ခွင့်လိုင်စင်ကို ပြန်လည်သုံးသပ်၍ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
သတ်မှတ်အခြင်အတွယ် ပြည့်မီခြင်းမရှိဘဲ လျော့နည်းနေကြောင်း  စစ်ဆေးတွေ့ရှိခဲ့သည့် ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်များတွင် ထူးထရေးဒင်း၊ မက်စ်မြန်မာ၊ ရွှေတောင်၊ မြ၀တီ၊ ဧရာရွှေဝါ၊ ယုဇန အစရှိသည့် ပုဂ္ဂလိကလုပ်ငန်းရှင်ကုမ္ပဏီ အဖွဲ့အစည်းများ ပိုင်ဆိုင်သည့်အရောင်းဆိုင်များ ပါဝင်နေကြောင်းလည်း သိရှိရသည်။
သတ်မှတ်အခြင်အတွယ် ပြည့်မီခြင်းမရှိဘဲ လျော့နည်းနေကြောင်း  စစ်ဆေးတွေ့ရှိခဲ့သည့် ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင် ၂၁ ခုမှာ ရတနာ၊  ရာဇာမင်းကုမ္ပဏီ၊ နီလာရိုးမကုမ္ပဏီ၊ ထူးထရေးဒင်းကုမ္ပဏီ၊ Petro Star (ပိုင်ပြည့်စုံကုမ္ပဏီ)၊Green Luck ကုမ္ပဏီ၊ သူရိယစွမ်းအင်၊ Denko ကုမ္ပဏီ၊ Silver Wave ကုမ္ပဏီ၊ မက်စ်မြန်မာကုမ္ပဏီ၊ ငါးလုပ်ငန်းနှင့် ရေထွက်ပစ္စည်း ၂၀၀၀ ကုမ္ပဏီ၊ ရွှေတောင်ကုမ္ပဏီ၊ Petro K၊ မြတ်မေတ္တာမွန်ကုမ္ပဏီ၊ New Day Energy ကုမ္ပဏီ၊ မြန်မာနိုင်ဂရု(ပ်) ကုမ္ပဏီ၊ ပက်ထရိုအေအမ်ပီ၊ ကောင်းဇော်ဟိန်းကုမ္ပဏီ၊ ဧရာရွှေဝါကုမ္ပဏီ၊  Petro Green (ယုဇနကုမ္ပဏီ)၊ လင်းလက်အောင်(မြ၀တီထရေးဒင်း) အစရှိသည့် ပုဂ္ဂလိကလုပ်ငန်းရှင် ကုမ္ပဏီ အဖွဲ့အစည်းများကပိုင်ဆိုင်သည့်  စက်သုံးဆီဆိုင်များဖြစ်ကြောင်း သိရှိရသည်။
အဆိုပါပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်များမှာ မင်္ဂလာဒုံမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ တာမွေမြို့နယ်၊ လမ်းမတော်မြို့နယ်၊ ဗဟန်းမြို့နယ်၊ သုဝဏ္ဏ(သင်္ဃန်း ကျွန်းမြို့နယ်)၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ဗိုလ်တတောင်မြို့နယ်၊ လှိုင်မြို့နယ်၊ သာကေတမြို့နယ်၊ ကြည့်မင်တိုင်မြို့နယ်နှင့် ဒဂုံမြို့နယ်တို့တွင် ရှိသည့် ဆိုင်များဖြစ်ကြောင်းလည်း သိရှိရသည်။
စက်သုံးဆီ သိုလှောင်ဖြန့်ဖြူးရောင်းချခွင့်ကို ယခင်က အစိုးရကသာထိန်းချုပ်ထားပြီး ၂၀၁၀ပြည့်နှစ် ဇွန်လ ၁၀ရက်နေ့မှ ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ထိုသို့ပုဂ္ဂလိကသို့ လွှဲပြောင်းရောင်းချ ခဲ့သော စက်သုံးဆီဆိုင် ၂၆၁ဆိုင် အနက် လက်ရှိအချိန်ထိ ၂၅၆ဆိုင် ဖွင့်လှစ်ရောင်းချနေပြီး အရောင်းဆိုင် ၁၄၀ ကို အသစ်ဖွင့်လှစ် ရောင်းချခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။
wmt5

No comments: