Thursday, October 4, 2012

ဓားပြကို ဓားပြလို့ အော်သူကို တရားစွဲဆိုထားခြင်းဖြစ်သောကြောင့် လိုက်ပါကူညီဆောင်ရွက်ခြင်း ဖြစ်ကြောင်း


by Naung Taw Lay on Thursday, October 4, 2012 at 3:05pm ·
ဓားပြကို ဓားပြလို့ အော်သူကို တရားစွဲဆိုထားခြင်းဖြစ်သောကြောင့် လိုက်ပါကူညီဆောင်ရွက်ခြင်း ဖြစ်ကြောင်း လမ်းပြကြယ် ဦးအေးမြင့် ဆို
မတူကွဲပြားခြင်း နှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ဦးနေမျိုးဝေကို ဇေကမ္ဘာကုမ္ပဏီမှ အသရေ ဖျက်မှုနှင့် မင်္ဂလာဒုံ မြို့နယ်တရားရုံးတွင် စွဲဆိုထားရာ (၃)ပတ်မြောက် ရုံးချိန် ( ၄.၁၀.၂၀၁၀ ) ရက်နေ့တွင် လမ်းပြကြယ် ရှေ့နေ ဦးအေးမြင့်ပါ ရှေ့နေ(၅)ဦးသည် ဦးနေမျိုးဝေ ဘက်မှ လိုက်ပါကူညီဆောင်ရွက်ရန် ရောက်ရှိလာခဲ့ရာ ဦးနေမျိုးဝေအား ဇေကမ္ဘာကုမ္ပဏီ မန်နေဂျာ ဦးမြင့်ဇော်မှ တရားစွဲဆိုခြင်းအပေါ် သုံးသပ်ပြောဆိုပေးနိုင်ပါရန် မေးမြန်းဖြစ်ခဲ့သည်။

မေး - အန်ကယ် ဇေကမ္ဘာက ဦးနေမျိုးဝေကို စွဲဆိုတဲ့အမှုနဲ့ ပတ်သက်ပြီး အမှုရဲ့ အခြေအနေလေးကို ဖတ်ပြီး သွားပြီဆိုရင် စွဲဆိုထားတဲ့ အပေါ်မှာ အန်ကယ်ရဲ့ အမြင်လေးကို စပြောပေးပါ။
ဖြေ - ဖတ်ပြီးသွားပါပြီ။ ဒီအမှုက သာမာန်အားဖြင့်ကြည့်ရင်တော့ ပြစ်မှုဆိုင်ရာ ဥပဒေ၊ ရာဇသတ်ကြီး ပုဒ်မ (၅၀၀) ဂုဏ်သိက္ခာကို ညှိုးနွမ်းစေတယ်ဆိုပြီး တိုင်တဲ့အမှု။ သို့သော် အခင်းဖြစ်ရတဲ့ နောက်ကွယ်မှာ နိုင်ငံရေး ပါတယ်။ နိုင်ငံရေးဆိုလို့ လက်သီးလက်မောင်းတန်းပြီးလုပ်ရမဲ့ ဟာလားဆိုတော့ မဟုတ်ဘူး။ တိုင်းပြည် အတွက် အရေးကြီးဆုံးအချက်ကို ပြုပြင်ပြောင်းလဲနေတယ်။ နိုင်ငံတော်က အကြီးအကဲပိုင်းတွေလဲ ပြောင်းလဲ နေတယ်။ ၂၀၀၈ အခြေခံဥပဒေကို သဘောတူတာ မတူတာ ထားအုံး။ နိုင်ငံတော်လူကြီးတွေက အဲဒီအခြေခံ ဥပဒေနဲ့အညီ ပြောင်းလဲနေပေမယ့် အောက်ခြေမှာ လိမ်နေသေးတယ်။ တချို့က လူကြီးတွေပါ လိမ်နေသေး တယ်။ အဲဒီလိုလိမ်တဲ့ ကိစ္စတွေမှာ တစ်ဖက်က နိုင်ငံရေးပါတီ တစ်ဖက်ကတရားလိုအုပ်စုကလည်း လက်ရှိရွေး ကောက်ခံ လွှတ်တော်ကိုယ်စားလှယ်ဆိုတော့ သာမန်ဥပဒေမျက်စိနဲ့ပဲ ရိုးရိုးကြည့်ရင်တော့ ပစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မအရ ပုဒ်မ(၅၀၀)လို့ထင်တယ်။ ဒါသည် တိုင်းပြည်တစ်ခုလုံးကို ပြောင်းလဲနိုင်အောင် လူစိတ်ဝင်စားတဲ့ အပြောင်းအလဲကို စမ်းသပ်လိုက်တာပဲ။ ဒီတရားရုံးက။ လက်ရှိ အာဏာရပုဂ္ဂိုလ်က တိုင်းပြည်မှာ ပြဌားန်းထား တဲ့ ဥပဒေနဲ့အညီ မလုပ်ဘဲနဲ့ ရှင်းရှင်းပြောရရင် လယ်ယာမြေဓားပြတိုက်တာ။ လယ်သမားနားလည်အောင် ပြောတာ။ ဥပဒေအရ သိမ်သိမ်မွေ့ပြောလို့ရတယ်။ ဇေကမ္ဘာကုမ္ပဏီက လယ်ယာမြေဓားပြတိုက်တာကို ဓားပြ တိုက်နေပါတယ်လို့ အော်တာက နေမျိုးဝေ။
အဲဒီတော့ ဓားပြလာတိုက်ရင် ဓားပြတိုက်နေပါတယ်လို့ အော်ရမယ့် တာဝန်က ဘယ်သူ့တာဝန်လဲ။ အတိုက် ခံရတဲ့သူရဲ့ တာဝန်လေ။ မအော်တတ်ရင် ဘေးကရွာသားပါဝင်အော်တယ်လေ။ အဲဒီတော့ ပုဒ်မ(၅၀၀) ဆိုတာ မှာ ကင်းလွတ်ခွင့်လည်း ရှိတယ်။ ဒီအမှုမှာ တရားစွဲတဲ့လူဟာ ဦးမြင့်ဇော်ဆိုတာ သိရတယ်။ ပုဂ္ဂိုလ်ရေး အရတော့လေးစားတယ်။ ဥပဒေအရကြတော့ သူ့ကိုတို့က ထောက်စရာမလိုဘူး။ ဇေကမ္ဘာ ကုမ္ပဏီက မန်နေ ဂျာကို အားလုံးလွှဲအပ်ထားတယ်ဆိုတာက တို့ဥပဒေမှာ မယုံဘူး။ တရားခွင်ရှေ့မှာ မယုံဘူး။ ဇေကမ္ဘာကနေ သူ့ကို ဒီကိစ္စအရပ်ရပ်အတွက် လွှဲပြောင်းထားပါတယ်ဆိုတဲ့ စာရွက်စာတမ်း ပါရမယ်။ ငါလည်း ဦးအေးမြင့် (လမ်းပြကြယ်)ဆိုတာကိုဖြုတ် ဇေကမ္ဘာမန်နေဂျာချုပ်ဆိုပြီး ငါလာစွဲရင်ရော။ ဟုတ်ပြီလား။ ဒီအမှုမှာ လော လောဆယ် ကြည့်ခြင်းအားဖြင့် သူဟာ ဇေကမ္ဘာ ကုမ္ပဏီရဲ့ ဇုန်(၄)လို့ပြောတဲ့ဟာပေါ့ဗျာ ။ အဲဒီဟာကို လွှဲအပ် ထားကြောင်း ဒါရိုက်တာအဖွဲ့ဝင်တွေရဲ့ အစည်းအဝေးဆုံးဖြတ်ချက်ပါရမယ်။ အမှုမစစ်သေးဘူးနော်။ သူတရား လိုအစစ်မှန် ဟုတ်လား/ မဟုတ်လား။ ဒုတိယတစ်ချက်က ဇေကမ္ဘာဒါရိုက်တာ အဖွဲ့က ဟောဒီစက်မှုဇုန် (၄) ပေါ့။ ဘာဇုန်လည်းတော့ မသိဘူး။ ဇုန်ချင်ရာ ဇုန်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ နေမျိုးဝေကို တရားစွဲပါဆိုတဲ့ ဆုံးဖြတ်ချက်ပါရမယ်။ စတည်ကတည်းက ပါရမယ်ဆိုတော့ ရှင်းရှင်းပြောရရင် နင်ငါ့ပစ္စည်းလုတယ်ဆိုပြီး မရလို့ ပြန်လုတာပဲ။ ဥပဒေအရ သိက္ခာရှိရှိ မလုပ်ဘူး။ နိုင်ငံရေးအရ သိက္ခာရှိရှိမလုပ်ဘူး။ သူခိုးပါလို့ ၊ ဓားပြပါလို့ အော်တာကို ရှက်လို့ပြန်ပြီး တရားစွဲတာ။

မေး - အန်ကယ်လည်း အစောပိုင်းက ရွှေနံ့သာလယ်သမားတွေကိစ္စမှာ လာပြီးဟောပြောတာတွေရှိတယ်။ သိမ်းဆည်းခံရတဲ့ အပိုင်းကို ဘယ်လိုမြင်လဲ။ ခရိုနီဆန်ဆန်ပဲ လုပ်သွားတာလား။ သိမ်းဆည်းမှုပုံစံလေးကို အန်ကယ်အမြင်ပြောပါ။
ဖြေ - ခရိုနီဆန်ဆန် လို့ပြောမယ့်အစား ယုတ်မာ ပတ်စပ်ဆုံး ဓားပြအကြီးစား ပုံစံနဲ့လုပ်သွားတယ်လို့ပဲ ပြောရ မယ်။ ဘာကြောင့်လဲ။ ကုမ္ပဏီသည် နိုင်ငံတော်ပြဌားထားတဲ့ ဥပဒေနဲ့ အညီလုပ်ရမှာဖြစ်သလို ဒီကုမ္ပဏီသည် လက်ရှိဥပဒေကိုလည်း လေးစားရမယ်။ သူသိမ်းနေတဲ့အချိန်မှာ လယ်ယာမြေကို ဇေကမ္ဘာကုမ္ပဏီက ဦးခင်ရွှေ သည် ၁၉၅၃ ခုနှစ်လယ်ယာမြေနိုင်ငံပိုင် ပြုလုပ်ရေး ဥပဒေအရ ၀ယ်ပိုင်ခွင့်ရှိလား။ လယ်ယာမြေအရောင်း အ၀ယ် မပြုလုပ်ရ။ ၁၉၆၃ လယ်ယာမြေသီးစားချထားရေး ဥပဒေမှာလည်း မပြုလုပ်ရ။ ဥပဒေက နောက်ပိုင်းမှာ ပျက်သွားပြီနော်။ ဖျက်လိုက်ပေမယ့် သူ့ရဲ့ဆောင်ရွက်ချက်သည် အဲဒီဥပဒေနဲ့ပဲလေ။ ဒါသည် လယ်ယာမြေကို အရောင်းအ၀ယ်လုပ်တာ မဟုတ်ဘူးလား။ နောက်ပြီး လက်တစ်လုံးခြားလုပ်တာ။ ခုနက ဖတ်လိုက်တယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရကနေ ဒီကုမ္ပဏီကို စက်မှုဇုန်အဖြစ်ပေးလိုက်တာလား၊သီးစားချပေးလိုက်တာ လား။ အဲဒီရန်ကုန်တိုင်းဒေသကြီးအစိုးရက ဥပဒေအရ လုပ်ပေးပိုင်ခွင့်မှမရှိတာ။ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အနေနဲ့လုပ်ပိုင်ခွင့်မရှိဘူး။ မှားနေတာ ဘယ်သူလဲ။ ရှင်းရှင်းပြောရရင်ကွာ မင်းသားခေါင်းဆောင်ထားတဲ့ ဘီလူး က ပြီးရင် သူတော်ကောင်းယောင်ဆောင်ပြီး လုပ်ပြမယ်။ ဓားပြပါလို့အော်တာကို သိက္ခာဆယ်နေတာ။ တကယ် တန်း ရှင်းမယ်ဆိုရင် နိုင်ငံတော်က ပြဌာန်းထားတဲ့ ဥပဒေကို ဖောက်ဖျက်တာသည် ဇေကမ္ဘာ။ ဇေကမ္ဘာ ဒီလယ် တွေကို ရအောင်ဆောင်ရွက်ပေးတဲ့ အကျင့်ပျက်ဝန်ထမ်း ၊ အကျင့်ပျက် တာဝန်ရှိပုဂ္ဂိုလ်သည် ဥပဒေကို လုံးဝ ဆန့်ကျင်တယ်။ လယ်ယာမြေအရောင်းအ၀ယ် မလုပ်ရဘူးလေ ၅၃ဥပဒေအရ။ အဲဒီအချိန်မှာ သူလုပ်ထားတယ်။ ဒီလယ်ကို သီးစားပြန်ချရအောင်လည်း သူက ဘာမို့လို့လဲ။ အဲဒီက စမှားပြီ။ အခြေခံကိုက ဘုမသိ ဘမသိ ကျေးရွာဥက္ကဌကို ငွေပေးတယ်။ သက်သေခံအထောက်အထား မရှိပေမယ့် မြင်နေရတာပဲ။ ရပ်ကျိုးရွာကျိုး ရွာသူရွာသားအတွက် လုပ်ရမယ့် ကျေးရွာဥက္ကဌက ခရိုနီပိုင်တဲ့ ကုမ္ပဏီကို ဘောမနေတာကြ တော့ ဘာလုပ်မလဲ။

မေး - ဟုတ်ကဲ့ပါ အန်ကယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရက လယ်သမားတွေနဲ့အပြိုင် သီးစားလျှောက်ထား တဲ့ ဇေကမ္ဘာကို လုပ်ပိုင်ခွင့်ချပေးလိုက်တယ်။ အဲဒီနောက်မှာ လယ်သမားတွေက မြေယာမှုခင်းဖွင့်တယ်။ မြေယာမှုခင်းဖွင့်တော့လည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရရဲ့ ဆုံးဖြတ်ချက်ကို ကိုးကားပြီးတော့ ရပ်ကျေးက လည်း ဇေကမ္ဘာကိုပဲ ထပ်ချပေးတယ်။ မြို့နယ်ကိုတင်တော့ သူတို့မှာ စစ်ဆေးပိုင်ခွင့်မရှိဘူးဆိုပြီး လွှဲပြောင်း ပေးတယ်ပေါ့။ အဲဒါကို အန်ကယ်အနေနဲ့ ဥပဒေအရ သုံးသပ်ပေးပါအုံး ။
ဖြေ - တိုင်းပြည်ပျက်စီးတာ အကျင့်ပျက်ဝန်ထမ်း ကလိမ်တွေကြောင့်။ စပ်ကူးမပ်ကူး ကာလမှာ ၀န်ထမ်းတွေ က ဥပဒေနဲ့အညီ မလုပ်ဘဲ ဂျပန်စစ်ပြေးခါနီး ပစ္စည်းရသမျှ သယ်သလို လုပ်နေကြတာ။ ရန်ကုန်တိုင်းဒေသကြီး အစိုးရက ဇေကမ္ဘာကို ပေးပိုင်ခွင့်မရှိဘူး။ ၁၉၅၃လယ်ယာမြေနိုင်ငံပိုင် ပြုလုပ်ရေး ဥပဒေအရ။ ၁၉၆၃ သီးစားချ ထားရေးမှာလည်း လုံးဝမရှိဘူး။ သူတို့အနေနဲ့ ဥပဒေမှာ မရှိဘဲ ပေးတာကိုကြတော့ နိုင်ငံတော်က ဘာလုပ်နေ လဲ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း(၈) ပုဒ်မ(၃၅၆)သည် ဘာလဲ။ ရွတ်ပြအုံးမယ်။ နိုင်ငံတော်သည် နိုင်ငံ သားတစ်ဦး၏ မရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ ရွှေ့ပြောင်းနိုင်သော ပစ္စည်းကို ဘာလုပ်ရမှာလဲ။ အကာအကွယ် ပေးရမယ်လို့ ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရပေးသလား။ လယ်သမားတွေလုပ်နေတဲ့ မရွှေ့ပြောင်းနိုင် သောပစ္စည်းလေ။ ၁၉၅၃ လယ်မြေနိုင်ငံပိုင် ပြုလုပ်ရေး ဥပဒေကိုလည်း ဆန့်ကျင်တယ်။ ၁၉၆၃ သီးစားချထား ရေးဥပဒေကိုပါ ဆန့်ကျင်တယ်။
အဲဒီမှာ ပြောပြချင်တာက လယ်ယာမှုခင်း ၊ လယ်ယာမှုခင်းဆိုတဲ့ ပြဿနာ။ ၁၉၆၃ ခုနှစ် ပုဒ်မ ၉ ၊ ၁၀ ၊ ၁၁ အရ စစ်ဆေးရတယ်။ အခြေခံမှာ မြေယာကော်မတီက ကျေးရွာဥက္ကဌ။ သူ့ဘက်ကိုယ့်ဘက် စစ်တာပဲ။ သို့သော် ရှေ့နေတွေ လိုက်ပါဆောင်ရွက်ခွင့်မရှိဘူး။ လယ်သမားခံရတာ အဲဒါ။ ဆုံးဖြတ်တဲ့ကောင်ကလည်း ဘာမှနား မလည်။ ငဖြူနိုင်စေ ၊ ငမဲနိုင်စေ တစ်လအတွင်း အယူခံတက်။ မြို့နယ်အဆင့် မြေစာရင်းရုံးကပါလာပြီ။ အဆိုး ဆုံးပဲ။ ပညာတတ်ပါလာပြီ။ ခေါ်စစ်ချင်တဲ့သူစစ်ပြီးတော့ `အထုပ်ကြီးရင် အလုပ်ပြီးတယ်´ ။ ဟုတ်တယ်မှတ် လား။ ရှေ့နေရှေ့ရပ်ပါခွင့်ပြုထားရင် ဒီလိုပြဿနာတွေ မပေါ်ပေါက်ဖူးပေါ့။


၎. ၁၀. ၂၀၁၂ ရက်နေ့ရုံးချိန်းတွင် ဇေကမ္ဘာကုမ္ပဏီမန်နေဂျာဦးမြင့်ဇော်မှ ကျမ်းသစ္စာကျိန်ဆို၍ သက်သေ ထွက်ဆိုရာတွင်လည်း ၎င်း၏ ရှေ့နေမှ အကြိမ်ကြိမ်အဖန်ဖန် နိမိတ်ပြမေးခွန်းများ မေးမြန်းခြင်းအပေါ် အကြိမ်ကြိမ်ကန့်ကွက်ခဲ့ရပြီး သက်သေခံအဖြစ် တင်ပြသည့် အစည်းအဝေး ဆုံးဖြတ်ချက်ဟူသည့်စာရွက်အား မိတ္တူတင်ပြထားရာမှ မူရင်းတင်ပြရန်တရားသူကြီးမှ အမိန့်ချမှတ်ပေးခဲ့သည်။ ဇေကမ္ဘာကုမ္ပဏီ မန်နေ ဂျာမှလည်း တင်ပြခဲ့သည်။ ဦးမြင့်ဇော်၏ ထွက်ဆိုချက်တွင် ဦးနေမျိုးဝေသည် ဇေကမ္ဘာကုမ္ပဏီဥက္ကဌ ဦးခင်ရွှေအား နိုင်ငံတော်အာဏာ အလွဲသုံး စားမှုဖြင့် တရားစွဲဆိုမည်ဟူသည့် The Voice ဂျာနယ်ပါ ပြောဆိုချက်ကို တင်ပြ၍ တခြားသော ကုမ္ပဏီများမှ ၎င်း၏ ဥက္ကဌကြီး ဦးခင်ရွှေအား တရားစွဲဆိုမည့် သတင်းနှင့်ပတ်သက်၍ မေးမြန်လာကြခြင်းကြောင့် အရှက်ရခဲ့ကြောင်းဖြင့် တင်ပြသွားသည်။ တရားလိုထွက် ဆိုချက်နှင့် ပတ်သက်၍ နှစ်ဖက်တင်ပြလိုသော အတိုက်အခံပြောဆိုချက်များကို ၁၁ ရက်နေ့တွင် စာဖြင့်ရေးသားတင်ပြရန် တရားသူကြီးမှ ဆုံးဖြတ်ပေး၍ ၁၈ ရက်နေ့တွင် ဆက်လက်ကြားနာစစ် ဆေးသွား မည်ဖြစ်ကြောင်း သိရသည်။

အမှုစစ်ဆေးကြားနာပြီးချိန်တွင် လမ်းပြကြယ် ရှေ့နေဦးအေးမြင့်အား မီဒီယာများမှ ဦးနေမျိုးဝေဘက်မှ လိုက်ပါကူညီဆောင်ရွက်ဖြစ်ပုံနှင့် ပတ်သက်၍ မေးမြန်းရာ `ကိုနေမျိုးဝေက နိုင်ငံရေးသမားဖြစ်တယ်။ သူ့ပါတီ အတွက် အလုပ်လုပ်သလို နိုင်ငံတော်က အားကိုးလို့ရတဲ့ လယ်သမားကို ဥပဒေအရ စော်ကားခံရတဲ့အတွက် သူက ကူညီပေးတာ။ ကူညီပေးတဲ့လူတစ်ယောက်ကို တရားစွဲတဲ့အတွက် သူ့မှာ အားနည်းနေတယ်။ သူ့ကို ရှေ့ကနေ နာမ်နှိမ်လိုက်တယ် ၊ ဦးချိုးလိုက်တယ်ဆိုရင် နောက်လူတွေ မတော်လှန်ရဲအောင် စွဲတဲ့အမှုဖြစ်နေ တယ်။ ဒီအမှုမျိုးမှာ သူ့မှာ ငွေရှိမှ အမှုကလွတ်နိုင်မယ်ဆိုရင် တို့တွေသင်ထားတဲ့ ဥပဒေပညာအလကားပဲ၊ ရှေ့ နေကျင့်ဝတ်ကလည်း အလကားဖြစ်သွားမယ်။ ပြည်သူလူထုရဲ့အကျိုး လူ့အခွင့်အရေးတွေခံစားနိုင်ဖို့ ပြဌာန်း ထားတာဖြစ်တယ်။ အဲဒီတော့ သူ့ပြဿနာကို သူကလည်း စေတနာနဲ့ကူညီပြီး လုပ်ခဲ့သလို သူ့ကိုလည်း လာကူညီပေးတယ်။ နေမျိုးဝေသည် အများအတွက် အလုပ်လုပ်ရင်းထောင်ထဲကို ရောက်တော့မယ်ဆိုရင် ဥပဒေအရ ကြည့်ရင်တော့ ပုဒ်မက သေးသေးလေး။ တခြားလယ်သမားအရေး ဆောင်ရွက်မယ့်လူတွေကို မင်တို့ကြည့်ထား ။ ဒီလို တရားရုံးရောက်မယ်လို့ လုပ်တဲ့ကိစ္စမို့လို့။ အဲဒါမျိုးကြရင် အများကိုကူညီတဲ့သူကို မကူညီနဲ့လို့ပြောတာ ခြိမ်းခြောက်နည်းတစ်မျိုးပဲလေ။ ´ အဲဒီအတွက် သူ့အနေဖြင့် လိုက်ပါကူညီဆောင်ရွက် ခြင်းဖြစ်ကြောင်းဖြင့် ပြောဆိုသွားပါသည်။



နောင်တော်လေး  ၊ ရွှေမှုန် 

No comments: