Friday, October 12, 2012

စုစုကို ဦးလေးစိတ်ချလက်ချ ထားခဲ့တာလား


နေသွင်
အောက်တိုဘာ ၁၁၊ ၂၀၁၂ 
ဗိုလ်ချုပ်ကျော်ဇောဆုံးပြီဆိုတဲ့သတင်းကိုကြားတော့ သူ့ရဲ့ကိုယ်တိုင်ရေးအထ္ထုပတ္တိထဲက စာတကြောင်းနှစ်ကြောင်းကို သတိယမိတယ်။ တောမခိုခင် ဗိုလ်ချုပ်နေ၀င်းရဲ့ ထောက်လှမ်းရေးစက်ကွင်းကလွတ်ဖို့ နိုင်ငံရေးနဲ့ ကင်းကင်းနေတဲ့ပုံစံမျိုး သတင်းလွှင့်ထားတဲ့အချိန်၊ နိုင်ငံ ခြားကနေပြန်ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆုံကြတဲ့အခန်းပါ၊၊
… ၁၉၇၅ – ၇၆ တွင် စုစု (ဒေါ်အောင်ဆန်းစုကြည်) ရန်ကုန်သို့ ခေတ္တပြန်လာစဉ် ကျွန်တော်နှင့်တွေ့ရာ သူက “ဦးလေးက မြေးပဲထိန်းနေတယ် ကြားပါလား။ ဗမာပြည်ကြီးအတွက် ဦးလေး တာဝန်ကျေပြီလို့များ ဦးလေးထင်နေသလား” ဟု ကျွန်တော့်ကို ရန်တွေ့ပါသည်။
ကျွန်တော်က “မင်းစိတ်ချပါ၊ ဦးလေးတာဝန် ဦးလေးကျေပွန်ပါရစေ့မယ်။ မင်းတို့လည်း ကိုယ့်အလှည့်ကျမနွဲ့ကြနဲ့ပေါ့” ဟု ပြန်ပြောခဲ့ဖူးပါ သည်။ … စသဖြင့်။။
အထက်ပါစာပိုဒ်ကို ပထမဆုံးဖတ်မိတဲ့ အချိန်ကတည်းက စုစုဟု သူခေါ်သော (အခု အသက် ၆၇ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်) နှင့် ဗိုလ်ချုပ်ကျော်ဇောတို့ တွေ့ဆုံခန်းကို စိတ်ကူးယဉ်ကြည့်မိတယ်။ တယောက်က ဗိုလ်ချုပ်အောင်ဆန်းနှင့် သွေးသောက်ရဲဘော် ရှားရှားပါးပါး သက်ရှိထင်ရှား ရဲဘော်သုံးကျိပ်ဝင်၊ တိုင်းပြည်ကို အလွန်ချစ်သော၊ ရိုးသားရဲရင့်သော စစ်သားအိုကြီး၊၊ တယောက်က ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး၊ ပြည်သူ့အသည်းနှလုံး လူထုခေါင်းဆောင်၊ စုစုနှင့် ဦးလေးတို့ တွေ့ဆုံခန်း၊ စကားနိုင်လု၊ ရန်တွေ့ကြမယ့် အရွယ်တွေ မဟုတ်ကြပေမယ့် သူတို့ နှစ်ယောက်တွေ့ဆုံခန်းက တကယ်လှပါလိမ့်မယ်။
၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် ဂျွန်ယက်တောကိစ္စအကြောင်းပြလို့ ဒေါ်စုကို နေအိမ်အကျယ်ချုပ် သက်တမ်းတိုးတော့လည်း ဗိုလ်ချုပ်ကျော် ဇောက “စစ်အစိုးရက မရိုးသား၊ ရွေးကောက်ပွဲမှာ လိမ်ဖို့ ညာဖို့ သူတို့ကိုယ်သူတို့ ယုံကြည်မှုမရှိလို့ အခုလိုလုပ်တာ” လို့ ကြေညာချက် ထုတ်တယ်။ စုစုကို မတရားလုပ်တာကို ဦးလေးက မခံ၊ တုံ့ပြန်တာဟုစဉ်းစားကြည့်တော့ ကြည်နူးသလိုလို။
အခုတော့ အဲဒီစစ်ဗိုလ်တွေရဲ့လက်ထဲမှာ စုစုကို ဦးလေးစိတ်ချသွားပြီလား၊ အဲဒီ ဗိုလ်ချုပ်တွေရဲ့လက်ထဲမှာ သူချစ်တဲ့ မြန်မာပြည်နဲ့ ပြည်သူ တွေကို စိတ်ချသွားတာများလား၊၊
အသက် ၉၃ နှစ်ဆိုသည့်အရွယ်က မီးဇာကုန် ဆီခန်းနေပြီ၊၊ သို့သော် စိတ်မကောင်းပါ၊၊
နောက်ဆုံးပြောသွားသော ရွှေတိဂုံဘုရားကို ဖူးချင်သည်ဆိုသော အာသီသ ဘယ်သူမှ မဖြည့်ဆည်းပေးလိုက်နိုင်တော့။ နိုင်ငံရေးက ခွင့်ပြု၊ မပြု ကျနော်မသိ၊ ကျန်းမာရေးက ခွင့်မပြုတော့။
တိုင်းပြည်၏ အိမ်ဦးခန်းမှာ တိုင်းပြည်ဂုဏ်ဆောင်တယောက်လို တန်ဖိုးထားလေးစားထိုက်သော တိုင်းချစ်ပြည်ချစ် မျိုးချစ်တပ်မတော်သားစစ်စစ်တယောက် သူချစ်တဲ့တိုင်းပြည်ရဲ့ပြင်ပမှာပဲ ကွယ်လွန်သွားရရှာပေပြီ၊၊  အလွန်ကြေကွဲဖို့ ကောင်းပါတယ်။
ကိုထက်မိုးရဲ့ ပြန်ကျမိုးများထဲက ကဗျာတပိုင်းတစကိုပဲ စိတ်ထဲက ရွတ်လိုက်မိတယ်။
“သေကွဲ ရှင်ကွဲလောကဓံများ
ဒို့ခေတ်မှာ ပိုများတယ်။
ဖြစ်တောင့်ဖြစ်ခဲတွေကများပြီး
အလွယ်တကူတွေက ရှားနေပြန်ပါရော ..”

http://www.facebook.com/notes/nyi-saw-lwin/ မှ ကူးယူဖော်ပြပါသည်။

No comments: