Tuesday, October 16, 2012

သူပုန်ကျောင်းသားဘ၀(၃)


by Ko Oo on Tuesday, October 16, 2012 at 12:54pm ·
ရှုပ်ရှုပ်ရှက်ရှက်ကြားကရုန်းထခဲ့ရသည်၊
ကိုကိုဦး(တပ်ရင်း-၁၀၂)၊ အောက်တိုဘာ(၁၆)ရက်၊ ၂၀၁၂

ပထမဦးဆုံးကျင်းပမည့်ညီလာခံအတွက် သေ့ဘောဘိုးစခန်းက ကိုယ်စားလှယ်အတွက် ကျနော်၊ကိုဝမ်ဟုတ်နဲ့ဘုန်းကိုတို့သုံးဦးကို စခန်းမှရွေးချယ်ပေးလိုက်ကြပါတယ်၊
တကယ်ပါသင့်တဲ့ကိုလှအောင် ကျန်ခဲ့တဲ့အတွက်လည်း မယုံကြည်နိုင်အောင် ဖြစ်ခဲ့ရပါတယ်၊ ထိုအချိန်ထဲကပင် ကျနော်တို့ရဲ့နောက်မှာ မဟာမိတ်ရဲ့ဖိအားတွေကရှိနေခဲ့ပြီဖြစ်ပါတယ်၊ ထိုအချိန်က တပ်ပေါင်းစု အတွက်ကျောင်းသားရေးရာကို ကေအင်ယူက ဗိုလ်ချုပ်ကြီး တာမလာဘောနဲ့ ကေအိုင်အေက ဒေါက်တာထူးဂျာတို့က တာဝန်ယူထားပါတယ်၊ တကယ်တန်းညီလာခံကို ကျင်းပမည့်ဝမ်းခါ စခန်းကိုရောက်သည်အထိ ညီလာခံကိုယ်စားလှယ် ရွေးချယ်မှုတွေက စနစ်တကျမဖြစ်ခဲ့သေးပါ၊

အခြေခံစခန်းကိုအခြေခံပြီး လာကြတဲ့သူတွေရှိကြသလို ဘန်ကောက်မှာလာသော ကိုယ်စားလှယ်များ ဗကကကိုယ်စားလှယ်များလည်းရှိခဲ့ပါတယ်၊ မွန်ဒေသမှလာသော ကိုယ်စားလှယ် အဖွဲ့ဆိုလျှင် နှစ်ဖွဲ့တောင်ဖြစ်နေခဲ့တယ်၊ ကရင်ဒေသမှာရှိသော စခန်းများသာ စခန်းလူဦးရေကို ထည့်မတွက်ပဲ စခန်းတစ်ခုကိုသုံးဦးဆီဖြင့် တက်လာခဲ့ကြတယ်၊ ကိုယ်စားလှယ်စီစစ်ရေး ကိစ္စကို သဘာပတိအဖွဲ့ကို တိုင်တည်ပြီး ညှိနှိုင်းရွှေးချယ်ခဲ့ရသော်လည်း အတော်ကိုပရမ်းပတာ နိုင်ခဲ့တယ်ဆိုတာကိုတော့ အားလုံးက၀န်ခံရပါလိမ့်မယ်၊

မွန်ဒေသအတွက် စခန်းကရွေးချယ်ပေးလိုက်တဲ့ ကိုယ်စားလှယ်များဖြစ်တဲ့ ကိုတင်စိုးနောင်၊ ဆရာဦးစိုးသန်းနဲ့ ကိုဆန်းထွန်းတို့အပါအ၀င် ကိုထွန်းအောင်ကျော်၊ကိုသန်းဝင်း၊ကိုကိုလေး၊ ကိုထွန်းဦး(ဇူးလူး)၊ကိုအောင်ကြည်ဦးတို့ပါ ပါလာခဲ့တဲ့အတွက် ဘုရားသုံးဆူကိုယ်စားလှယ် တွေက ရှစ်ဦးဖြစ်သွားခဲ့ရတယ်၊ ဘန်ကောက်မှလာသော ကိုယ်စားလှယ်တွေဆိုရင်လည်း
ကိုမောင်မောင်သိန်း အပါအ၀င်၊ ကိုညာဏ်လင်းရွှေ၊ သာသာဦး၊ စိုးမြတ်သူ(မသီတာ-နော်ဝေအသံ၏အစ်ကို-ပြည်တွင်း၌အဖမ်းခံရ)တို့ပါလာခဲ့ပြီး ဗကသကိုယ်စားလှယ် တွေအနေနဲ့ ကိုဝင်းမိုး၊ ကိုအောင်နိုင်၊ ကိုကျော်ထင်(လက်ရှိချင်းမိုင်) တို့ဖြစ်လာခဲ့ပါတယ်၊

ကိုလှိုင်ဘွား(လက်ရှိကနေဒါ)နဲ့ ကိုမောင်မောင်လွင်(ကြွက်ကြီး) တို့ကလည်း မောကဲစခန်း ကိုယ်စားလှယ်အဖြင့် ညီလာခံတက်ရောက်ရန် ကြိုးပမ်းခဲ့သော်လည်း ကော်မရှင်ကခွင့်မပြုခဲ့၊
ဘုရားသုံးဆူစခန်း ကိုယ်စားလှယ် နှစ်သုတ်ဖြစ်ခဲ့သည့်ကိစ္စအပေါ် အငြင်းပွါးခဲ့ကြသေးသော်လည်းပဲ နောက်ဆုံးကော်မရှင်က အတည်ပြုပေးတဲ့အတွက် အားလုံးပင် ညီလာခံတက်ရောက်ခွင့် ရခဲ့ကြပါတယ်၊ တကယ်တန်းမှာဆိုရင် သေ့ဘောဘိုးစခန်းလူဦးရေက အခြားသောစခန်းများထက် နှစ်ဆမကများနေသော်လည်းပဲ သုံးယောက်သာ တက်ခွင့်ရခဲ့ပါတယ်၊ ကရင်နီဒေသမှာ စိုင်းမျိုးဝင်းထွန်းနဲ့ ကိုကြည်မင်းတို့ လာရောက်တက်ခဲ့ကြသော်လည်းပဲ ကချင်နဲ့ပအို့ဖက်မှ လာသောကိုယ်စားလှယ်များကိုမူ မတွေ့ခဲ့ရပါ၊

ဖွဲ့စည်းပြီးပြီးခြင်းမှာပဲ် ဘန်ကောက်ကိုယ်စားလှယ်များ ဘန်ကောက်ကို ညီလာခံပြီးပြီးခြင်း ပြန်တက်သွားသလို ဥက္ကဌကိုထွန်းအောင်ကျော်၊ ဒုဥက္ကဌကိုဝင်းမိုး၊ တွင်း(၁)ကိုအောင်နိုင် (ဗွီအိုအေ)တို့ကလည်း မဟာဘန်ကောက်မြို့တော်ကို ရှေ့ဆင့်နောက်ဆင့်ဆိုသလို တက်သွားကြတော့ ကော့မူးရာစခန်း(၀မ်ခ)မှာ ကျနော်နဲ့ ကိုကျော်ထင်(လက်ရှိချင်းမိုင်) နှစ်ယောက်သာ ဗဟိုကော်မီတီကိုယ်စားကျန်ခဲ့တယ်၊ ကိုသန်းဝင်းနဲ့ ကျန်ဗဟိုအဖွဲ့ဝင်များကတော့ မာနာပလောဘက်ကို ကိုယ့်အစီအစဉ်နဲ့ကိုယ် ထွက်သွားကြသလိုဖြစ်ခဲ့တယ်၊ ဗဟိုကော်မီတီ အစည်းအဝေးဆုံးဖြတ်ချက်အရဆိုလျှင် ဗဟိုရုံးကို စစ်ပူနေဆဲဖြစ်တဲ့ ကော့မူးရာစခန်းမှာပဲ ယာယီရုံးစိုက်ဖို့ ဆုံးဖြတ်ထားခဲ့ပါတယ်၊ ကော့မူးရာစခန်းမှာရှိတဲ့ ရခိုင်လွတ်မြောက်ရေး တပ်မတော်က ကျနော်တို့ကို သူတို့ရဲ့ဘားတိုက်ဟောင်းတစ်ခုမှာ နေရာချထားပေးပါတယ်၊

တခါတလေ ဟိုတုန်းကအကြောင်းတွေပြန်စဉ်းစားကြည့်ရင် ရယ်ချင်သလိုလိုနဲ့ စိတ်မကောင်း ဖြစ်မိတာအမှန်ပါ၊ ဗဟိုကော်မီတီရုံးသာဆိုတယ်၊ လက်ထဲမှာ ငွေသားတစ်ထောင်မပြည့်လို့ ဘဏ္ဍာရေးမှုးကြီးဖြစ်တဲ့ ကိုကျော်ထင်ရဲ့ ညီးတွားသံကိုအမြဲကြားနေရပါတယ်၊ ညနေတိုင်း ဘန်ကောက်တက်သွားတဲ့လူတွေ ပြန်လာမလားလို့ အစပိုင်းမှာမျှော်မိပေမဲ့ နောက်ပိုင်းမှာ ဒီလိုပဲနားလည်လိုက်တယ်၊ ဘန်ကောက်က တော်တော်တန်ခိုးကြီးပါလား၊ လူတွေရဲ့စိတ်ကို အတော်ပြောင်းလဲနိုင်ပါလားလို့၊ ကျနော်စိတ်ထဲမှာတော့ သူတို့ဘန်ကောက်မှာ စိတ်ကြိုက်နေလို့ဝရင် ပြန်လာလိမ့်မယ်လို့ပဲ စိတ်ထဲကထားလိုက်တော့တယ်၊ အစပဲရှိပါ သေးတယ်၊ နည်းနည်းတော့ တရားကျချင်သလိုဖြစ်လာတယ်၊ တော်လှန်ရေးကိုလုပ်မယ်လို့ ကြုံးဝါးထားသူတွေက ဘန်ကောက်ကို စတင်ခင်တွယ်နေပြီဆိုတော့လည်း ရှေ့ဆက်ခရီးလမ်းကတော့ မလွယ်ရေးချမလွယ်ဘူးဆိုတာကိုတော့ စဉ်းစားမိခဲ့ပါတယ်၊

ဘန်ကောက်ကိုတက်သွားပြီး လုံးဝပြန်မပေါ်လာတာကတော့ ကိုမောင်မောင်သိန်း၊ ကိုစိုးမြတ်သူ၊ ကိုသာသာဦး၊ ကိုတင်လေးတို့ဖြစ်ကြတယ်၊ ကိုတင်လေးကတော့ တပ်မဟာ(၄)ဒေသမှာ ရဲဘော်နှစ်ယောက်နဲ့အတူ လုံးဝပျောက်ဆုံး(အသတ်ခံရ)တဲ့ သတင်းကိုကြားရပြီး စိုးမြတ်သူကိုတော့ ရန်ကုန်မှာအဖမ်းခံရတော့မှပဲ သြော် သူရန်ကုန်ကို ရောက်သွားပါလားလို့ သိလိုက်ရပါတော့တယ်၊ အခြေအနေတွေကတော့ တော်တော်လေးကို
ရှုပ်ရှုပ်ထွေးထွေးပင်၊ မာနာပလောမှာတစ်စု၊ ကော့မူးရာမှာတစ်စု၊ ဘန်ကောက်မှာတစ်စု
လက်ကိုင်ဖုံးမရှိတဲ့ကာလမှာ ဖြစ်ချင်တိုင်းဖြစ်နေတာကိုတော့ အဲဒီတုန်းကဗဟိုကော်မီတီရဲ့ ပုံရိပ်ကို တွေးကြည့်လို့ရနိုင်ပါတယ်၊

ထိုင်းဝန်ကြီးချုပ်ချာဗာလစ်ကလည်း တပ်ခ် မြို့ မှာ ကြိုဆိုရေးစခန်းဖွင့်ပြီး တောခိုကျောင်းသား ကျောင်းသူတွေကို မြန်မာ့အစိုးရအား မျက်နှာလိုမျက်နှာရလုပ်ပြီး ပြန်ပို့နေတဲ့ကာလဖြစ်သလို၊ လူရွှင်တော်အရိုင်းနဲ့ ကိုကိုလတ် (ရန်ကုန်တက္ကသိုလ်လှုပ်ရှားမှုမှာဦးဆောင်ပါဝင်ခဲ့သူတစ်ဦး) တို့က အဖွဲ့ဖွဲ့ပြီး ကျောင်းသားများကို မြ၀တီမှတဆင့် လာရောက်စည်းရုံးခေါ်ယူနေတဲ့ အချိန်ထိ ဘန်ကောက်ရောက်ခေါင်းဆောင်ကြီးများ ပြန်မလာသေး၊ ရခိုင်ဘားတိုက်မှာယာယီဖွင့်ထားတဲ့ ဟာလာဟင်းလင်း ဗဟိုကော်မီတီရုံးကိုကြည့်ပြီး ကျန်နေကြသူအားလုံးက တော်တော့လေးကို စိတ်တိုလာခဲ့ကြတယ်၊ အရှိုင်းနဲ့ကိုကိုလတ်တို့အုပ်စုကလည်း တော်တော်လေးကို အတင့်ရဲလာကြပြီး မဲဆောက်မြို့ပေါ်အထိ ရောက်လာခဲ့ကြတယ်၊ ကျနော်တို့ တစ်ခုခုလုပ်ရတော့မယ်ဆိုတာကိုသိလို့ ရှိတဲ့သူတွေတိုင်ပင်ကြပြီး ကိုကျောက်ခဲ(ကေအင်ယူ)နဲ့ မဲဆောက်ကိုလိုက်တက်သွားကြတယ်၊
ကိုကိုလတ်ကိုဖမ်းနိုင်ဖို့ကို ရဲဘော်တစ်ယောက်ကို အသုံးချခဲ့ရတယ်၊ သူကမြန်မာပြည်ထဲကို အရမ်းပြန်ချင်ပြီး သူလိုပဲပြန်ချင်တဲ့သူတွေ အများကြီးရှိတယ်ဆိုပြီး ကိုကိုလတ်ရှိရာကိုလွတ်ပြီး မျှားယူရတယ်၊ အောင်မလေး ဘသားချောက ရှောရှောရှုရှုပဲပါလာခဲ့တယ်၊ မယ်ပရောက်တော့ မှ သူမှားမှန်းသိပေမဲ့ တော်တော်လေးကိုနောက်ကျခဲ့တယ်၊ ထိုင်းကမ်းကနေ စခန်းထဲကို လှေနဲ့အကူးမှာ ကိုကျောက်ခဲက သူရဲ့ဗျောက်အတိုလေးကိုသုံးပြီး အကူအညီပေးခဲ့တယ်၊

ကိုကိုလတ်ကို ဗဟိုကော်မီတီများစုံတဲ့အထိ ကေအင်ယူအချုပ်ခန်းထဲမှာထားဖို့ ဆုံးဖြတ်ပြီး ကောင်းကောင်းမွန်မွန် ထားရှိခဲ့ပါတယ်၊ တခါတလေ ကျနော်တို့နေထိုင်ရာ ဘားတိုက်နားက ဘောလီဘောကွင်းအထိ အချုပ်စောင့်သူနဲ့ သူနားလည်မှုယူပြီး သူသွားလာနိုင်ခဲ့ပါတယ်၊ ဒီကောင်က ကရင်ကြီးကို ဘယ်လိုစည်းရုံးလိုက်သလဲမသိဘူး တစ်နေ့ကျတော့ ကိုကိုလတ် အချုပ်ကနေ ထွက်ပြေးသွားပြီလို့ သတင်းရတယ်၊ ဖြစ်ဖို့များတာ အချုပ်စောင့်သူက သူကိုလွတ်ပေးလိုက်တာ ဖြစ်လိမ့်မယ်၊ အဲဒါနဲ့ ကျနော်နဲ့ မော်လမြိုင်ကိုသန်းလွင်က မဲဆောက်ကိုတက်ပြီးသူ့ကိုပြန်ဖမ်းနိုင်ဖို့ စီစဉ်ရပြန်တယ်၊
ကိုကျောက်ခဲကားနဲ့ မယ်တော်ကမ်းနဖူးကို အမြန်သွားပြီး စောင့်နေတုန်း ကိုကိုလတ်ရောက် လာခဲ့တယ်၊ ကိုသန်းလွင်က သူမှာပါလာတဲ့ ဓါးအတိုလေးနဲ့အသာထောက်ပြီး ဒုတိယတစ် ခေါက်ကိုကျောက်ခဲကားနဲ့ သူပြန်ပါခဲ့တယ်၊ သူ့ကိုအချုပ်ခန်းထဲ ပြန်သာထည့်ခဲ့ရတယ်၊ ဒီအချုပ်စောင့်နဲ့တော့ ဒီကောင့်ပြေးဦးမယ်ဆိုတာ တွက်မိပြီးသား၊ မတတ်နိုင်ဘူး၊ မိမိတို့ ဗဟိုကော်မီတီက ပိုင်ဆိုင်တာဆိုလို့ လောက်လေးဂွတစ်လက်မျှပင်မရှိသေး၊

အဲဒီလို စိတ်ညစ်နေတဲ့အချိန်မှာတောင် ကျနော်ကို စိတ်ချမ်းသာအောင်လုပ်ပေးနေသူ တစ်ယောက်ရှိနေခဲ့သေးတယ်၊ သူကကိုတယ်နယ်လ်ဆင်(ကေအင်ယူ)ပဲ၊ သူကကျနော်အတွက် အခမဲ့အကျိုးဆောင်ပေးခဲ့တယ်၊ သေ့ဘောဘိုးစခန်းက ကျနော်တွေ့ချင်တဲ့ မာလာဆောင်သူလေးတစ်ယောက်ကို သူ့ဆိုင်ကယ်လေးနဲ့တင်ပြီး ကျနော်ရှိရာ ကော့မူးရာစခန်းကို မကြာခဏ ခေါ်လာပေးတတ်တယ်၊ သူလာရင်ကျနော်ပျော်ရသလို မုန့်ဖိုးလေးလည်းရတတ်တယ်လေ၊ ရှက်စရာလည်းမဟုတ်တော့ပါဘူးဗျာ၊ ကျနော်တို့ ဗဟိုရုံးမှာ သောက်စရာ ဆေးလိပ်တောင် အခက်အခဲရှိနေတဲ့အချိန်လေးမှာ သူ့ဆီကမုန့်ဖိုးလေးဟာ သိပ်ကိုတန်ဖိုးရှိခဲ့တယ်၊ သူလေးက ဘယ်သူတွေဆီက ဘယ်လိုရပြီး ဘယ်လိုစုထားမှန်းမသိပေမဲ့လည်း သူမကိုမုန့်ဖိုးပေးသူတွေ ရှိနေမှာပဲဆိုတာ ခန့်မှန်းမိပါတယ်၊ အဲဒီအချိန်တုန်းက သေ့ဘောဘိုးစခန်းကို အမ်ဂျီအိုတွေ အရမ်းလာသလို ကရင်ဂိတ်မှုးတွေကလည်းငွေရွှင်တဲ့ အချိန်ဖြစ်တာမို့ မာလာဆောင်သူတွေ အတွက် မုန့်ဖိုးလေးတွေရတတ်ပါတယ်၊ အဲဒီအချိန်တုန်းက သူမဟာ ကျနော်အတွက် ဘ၀မှာ အလွန်အဓိပါယ်ရှိခဲ့တဲ့ အချိန်တွေကို ဖန်တီးပေးခဲ့သူပါ၊ ခုတော့လည်းပြီးခဲ့ပါပြီ၊

ဘန်ကောက်ရောက် ဗဟိုကော်မီတီတွေကလည်း အလွန်ကိုအလုပ်များနေတယ်ထင်ပါတယ်၊ လနဲ့ချီပြီးတောင် ပြန်မလာနိုင်ကြသေး၊ မျှော်တာတော့မဟုတ်ပါ။ ရှေ့ဆက်ဘာလုပ်ရမယ် ဆိုတာက အားလုံးစုံညီတွေ့ကြတိုင်ပင်ကြဖို့လိုတယ်လေ၊ အခုတော့ ကိုယ့်လမ်းကိုယ်ဖေါက် နေကြသလိုဖြစ်နေတယ်၊ အားလုံးကိုပြန်စုပေးလိုက်တာကတော့ ဒီအေဘီညီလာခံ ပဲဖြစ်ပါတယ်၊ မယ်ဒလေစခန်းမှာ ဒီအေဘီညီလာခံလုပ်မှာဖြစ်တဲ့အတွက် အားလုံးရောက်ရာ အရပ်ကနေပြန်လာပါလို့ မကြေငြာပဲနဲ့တောင် တဖွဲဖွဲပြန်ရောက်လာကြတယ်၊ မကဒတ ကိုယ်စားလှယ်(၅)ဦးအတွက် ကိုထွန်းအောင်ဂျော်၊ ကိုဝင်မိုး၊ ကိုသန်းဝင်း၊ ကိုအောင်နိုင်နဲ့ ကျနော်တို့တက်ခွင့်ရခဲ့တယ်၊ ကိုယ်စားလှယ်အားလုံး ပထမဦးဆုံးသော တပ်ပေါင်းစုဖွဲ့စည်းမဲ့ ညီလာခံကို တက်ဖူးခဲ့ကြရတာပါ၊ အတွေ့အကြုံကနည်းသေးတော့ ကျနော်တို့အားလုံး ၀င်ရောက်ဆွေးနွေကြတာနည်းပြီး တိုင်းရင်းသားခေါင်းဆောင်တွေ ပြည်ချစ်ခေတ်ကပြည်ပမှာ ကျန်ခဲ့တဲ့နိုင်ငံရေးသမားတွေရဲ့ပြောစကားကို နားထောင်ခဲ့ကြတာများခဲ့ပါတယ်၊

ဒီအေဘီဖွဲ့ကာစက လုပ်ငန်းကော်မီတီအထဲမှာ မကဒတ ကိုယ်စားလှယ်များမပါရှိသေးပဲ မာနာပလောရောက်တော့မှာ ပြန်လည်တိုးချဲ့ဖွဲ့စည်းတော့မှ ကိုသန်းဝင်းက တွဲဘက်အထွေ ထွေအတွင်းရေးမှုးဖြစ်လာခဲ့တယ်၊ ပြသနာကအဲဒီမှာနည်းနည်းရှိနေချင်ပြီ၊ ဒီအေဘီဖွဲ့စည်း သည့်ကိစ္စကို ကရင်နီတွေဖက်ကသိပ်မကျေနပ်ချင်သလိုရှိပါတယ်၊ ကိုယ်စားလှယ်စေလွတ် တာကိုမတွေ့ရပါ၊ လက်ရှိ အမျိုသားစီမိုကရေစီတပ်ပေါင်းစု ဥက္ကဌက ကရင်နီခေါင်းဆောင် စောမောရယ်ဖြစ်ပြီး ဒီအေဘီဖွဲ့လိုက်တော့ ကေအင်ယူခေါင်းဆောင် ဗိုလ်ချုပ်ကြီးစောဘိုမြက တပ်ပေါင်းစုဥက္ကဌသစ်ဖြစ်လာမဲ့အပေါ် မလိုလားသည့်လက္ခဏာများကိုတွေ့ခဲ့ရပါတယ်၊
အခြားတဖက်ကိုပြန်ကြည့်မယ်ဆိုရင် မာနာပလောမှာအခြေစိုက်ထားတဲ့ ကချင်ခေါင်းဆောင် ဦးဘရန်ဆိုင်းတို့ကလည်း ကေအင်ယူခေါင်းဆောင်များနဲ့ တပ်ပေါင်းစုအတွင်းနိုင်ငံရေးအားပြိုင် မှုတွေရှိနေတာကိုတွေ့ရပြန်တယ်၊

ဒီလိုတပ်ပေါင်းစုအတွင်း နိုင်ငံရေးအားပြိုင်မှုတွေရဲ့ ဂယက်ရိုက်ခတ်မှု ကျနော်တို့ကျောင်းသား များရဲ့ အသစ်စက်စက်တပ်ဦးကိုပါ ရိုက်ခတ်လာခဲ့ပါ့တယ်၊ မိမိတို့စတင်ဖွဲ့စည်းဖွဲ့စည်းကပင် တစ်ဦးကိုတစ်ဦး အပြန်အလှန်လေးစားမှု အားနည်းရာကနေ အုပ်စုလေးလို့ မသိမသာလေး ဖြစ်လာကြတယ်၊ တဖြေးဖြေးနဲ့ အားပြိုင်ပွဲလေးတွေ ဖြစ်လာကြတဲ့အပေါ် ကျနော်တို့ အမောင်ကျောင်းသားတွေကလည်း တိုင်းရင်းသားခေါင်းဆောင်တွေကို အတင်းချည်းကပ်ပြီး အချင်းချင်းကိုပြန်ပြီး ဂျောက်တွန်းနောက်တွန်း လုပ်လာကြတယ်၊ ကိုသန်းဝင်းနဲ့ ကိုထွန်းအောင်ဂျော်တို့က ဗိုလ်ချုပ်ကြီးစောဘိုမြ(သို့) အောင်ထွန်းလေးကို ဗိုက်ကိုပွတ်ပြီး နားလည်မှုရှိလွန်းနေတဲ့ ကာလဖြစ်တာမို့ ကေအင်ယူနဲ့နီးစပ်လွန်းတဲ့အုပ်စုလို ဖြစ်လာကြတယ်၊ အလားတူပဲ ကိုထွန်းဦး၊ ကိုကိုလေးနဲ့ ကျန်ရှိနေတဲ့ ဗဟိုကော်မီတီဝင် အများစုကလည်း အားလုံးစုမိသွားပြီး ကေအင်ယူကိုအားပြုကာ နေခဲ့ကြတယ်၊

အလားတူ ဗကသနောက်ခံနဲ့လာကြသူုတွေဖြစ်တဲ့ ၀င်မိုး၊အောင်နိုင်၊ကိုကိုဦး(ကျနော်) တို့က လည်း အုပ်စုတွေလိုဖြစ်လာခဲ့ကြတယ်၊ ကိုဝင်းမိုးနဲ့ကိုအောင်နိုင်တို့က အဲဒီကာလက ကချင် ခေါင်းဆောင်ပိုင်းနဲ့ တော်တော်နီးစပ်ခဲ့ကြတယ်၊ ပြောရမယ်ဆိုရင်တော့ ကိုထွန်းအောင်ဂျော် ကိုသန်းဝင်းတို့က ကရင်အားပြုသူတွေဖြစ်လာကြပြီး ကျနော်တို့က ကချင်အားပြုသူတွေအလို
လိုဖြစ်လာရတယ်၊ ကျနော်တို့အားလုံး အစမကောင်းခဲ့တာကိုတော့ ၀န်ခံရပါလိမ့်မယ်၊ ကချင် ခေါင်းဆောင်တွေနဲ့ သိပ်မရင်းနှီးသော်လည်းပဲ ၀င်းမိုးတို့နဲ့အတူသွား အတူလာတဲ့အခါတွေမှာ တော့ တပ်ပေါင်းစုရဲ့ အက်ကြောင်းသေးသေးလေးကို ရှင်းရှင်းလင်းလင်းမြင်ခဲ့ရပါတယ်၊ ချင်းမိုင်က ထိုင်းဗိုလ်မှုးကြီးထုံကလည်း ကချင်ခေါင်းဆောင်တွေနဲ့ တော်တော့ကိုနီးစပ်ပြီး ကေအင်ယူ အပေါ်မှာလည်း သြဇာရှိပုံရခဲ့ပါတယ်၊ ဗိုလ်မှုးကြီးထုံက ၀င်းမိုးနဲ့အောင်နိုင်ကို တော်တော်လေးကို အရေးပေးပြီး ဘော်ဒါဘော်ချက်လို ရင်းနှီးမှုကိုတွေ့ခဲ့ရတယ်၊

အခြားတဖက်မှာလည်း ကရင်နီကလည်း ကရင်နီနိုင်ငံတော်ဆိုတဲ့ မူကိုကိုင်ပြီး ဒီအေဘီထဲကို တင်းပြည့်ကျပ်ပြည့်ဝင်ဖို့ မဖြစ်နိုင်ကြောင်း နိုင်ငံရေးအရ ခပ်ပါးပါးလေး ညှပ်ကြောင်းပေးနေဆဲ ကာလဖြစ်ပါတယ်၊ အဲဒီလို အက်ကြောင်းလေးတွေရှိနေရင် တော်လှန်ရေးဟာ အောင်မြင်နိုင်ပါ့မလားဆိုတဲ့ သံသယက စဉ်းစားတတ်တဲ့လူသားတဦးမှာ မသိမသာလေး တွယ်ကပ်ပါလာခဲ့ကတော့ ဆန်းလိမ့်မယ်မထင်ပါဘူး၊

ကျနော်က လူသားတစ်ယောက်အနေနဲ့ဖြစ်စေ ပြည်သူပြည်သား တစ်ယောက်အနေနဲ့ဖြစ်စေ
သမိုင်းကတောင်းဆိုလာတဲ့ လက်နက်ကိုင်တော်လှန်ရေးကို မဖြစ်မနေလုပ်ဆောင်ဖို့ ပါဝင်ဖို့ ဆုံးဖြတ်ပြီးလာခဲ့သူပါ၊ တချိန်ကျရင် အောင်ပွဲခံမဲ့ပုံရိပ်တွေကို ညစဉ်တွေးပြီးကျေနပ်ခဲ့ရသူပါ၊
အခုတော့ ကျနော်အိပ်မက်ထဲတရေးနိုးထလာခဲ့ရပါပြီ၊ ရှေ့မှာပိုမိုခက်ခဲရှုပ်ထွေးတဲ့ တော်လှန်ရေးတစ်ခု စောင့်မျှော်နေမယ်ဆိုတာ သိလိုက်ရတော့ နှစ်တို အောင်ပွဲနဲ့အတူ အိမ်ပြန်နိုင်ရေး ရည်မှည်းချက်ကြီးကို ရင်ထဲမှာနင့်နင့်သီးသီးကို မြိုချပြီးမေ့ပျောက်
လိုက်ရပါတော့တယ်၊ ကျနော်ရဲ့ ရဲဘော်ရဲဘက် မိတ်ဆွေကြီးအချို့ကိုလည်း ငါတို့ဘ၀က ကရင်ရရ မွန်ရရ ဒီမှာခေါင်းချရမဲ့ဘ၀နော်သူငယ်ချင်း ဆိုပြီး ဘ၀ကိုသတ်မှတ်ချက်တွေပေးခဲ့ ကြတယ်၊ ရွှေပြည်တော်မျှော်တိုင်းဝေးခဲ့တော့လည်း ရောက်တဲ့နေရာငါ့ကမ္ဘာပေါ့ကွာ၊

ကျနော် မဲဆောက်မာနာပလောဒေသကို နည်းနည်းစိတ်ပျက်လာတာကို ၀န်ခံပါတယ်၊ မွန်ဒေသဖက်ကို ရောက်သွားရင်ကောင်းမှာပဲလို့ စိတ်ကူးလေးအစပေါ့၊ ဒီအေဘီအစည်းအဝေး ပြီးပြီးခြင်းမှာပဲ တိုက်ခိုက်မှုက ပြောင်ပြောင်ကြီးစလာပါတော့တယ်၊ တိုက်ခိုက်မှုတွေအထဲမှာ ကိုထွန်းဦး(ဇူးလူး)က အဆိုးဆုံးလို့ပြောရမယ်၊ နောက်ကွယ်မှာတော့ ကျနော်တို့ကျဆုံးရေးကို လိုလားကြတဲ့ ဗဟိုကော်မီတီဝင်ဟောင်းတွေ ပါနေမယ်ဆိုတာကိုတော့ ပြေးကြည့်စရာမလို တွေးကြည့်ယုံနဲ့ရနိုင်ပါတယ်၊

ကချင်ခေါင်းဆောင် ဒေါက်တာထူးဂျာ ဗဟိုရံပုံငွေရဖို့အတွက် တော်လှန်ရေးဆန်ဆန် ပို့စကဒ်လေးတွေကိုထုတ်ပြီးတော့ မဲဆောက်မှာရောင်းဖို့ ပိုက်ဆံစိုက်ထုတ်လုပ်ပေးပါတယ်၊
ပြီးရင် ကျနော်တို့လက်ထဲကို ရောင်းဖို့ပေးမယ်ပေါ့၊ တင်မောင်စန်းနဲ့တွေ့တော့ သူကလူကြုံပေးလိုက်ပါတယ်၊ ကျနော်တို့လက်ထဲကိုမရောက်ခဲ့ပါဘူး၊ ပြဿနာကစခဲ့ပြီ၊
ဒီနေ့အမ်ဂျီအိုခေတ်နဲ့ယှဉ်ရင် အင်မတန်မှာသေးငယ်တဲ့ တန်ဘိုးပါ၊ တစ်ခုကို(၅)ဘတ်တန် ပို့စကဒ်ကိစ္စကအစ ၀င်းမိုးတို့အုပ်စုက အလွဲသုံးစားလုပ်တယ်ဆိုပြီး မဲဆောက်မှာစာတွေကို ဖြန့်ဝေလာတဲ့အထိ ဇူးလူးကဦးဆောင်ပြီး လုပ်လာခဲ့ကြတယ်၊ ကျနော်တို့ဆီကို ရောင်းဖို့ပို့စကဒ် တခုမှရောက်မလာပဲ ဒေါက်တာထူးဂျာလူကြုံပေးလိုက်တဲ့ ကိုတင်မောင်ဆန်း လက်ထဲမှာ ရှိနေဆဲကာလဖြစ်ပါတယ်၊ နောက်ဆုံးပို့စကဒ်တွေကို ယူသွားတာ ကိုတင်မောင်စန်းပါလို့ ဒေါက်တာထူးဂျာကိုယ်တိုင် ၀င်းရှင်းပေးလိုက်တော့ ကိစ္စကပြီးသွားတယ်၊

နောက်တစ်ခုက ကိုအောင်နိုင်ကို ခွေးသူခိုးလို့ စွတ်စွဲတဲ့ကိစ္စတွေ ဆိုတာကလည်း မူကိုတိုက် တာထက် လူကိုတိုက်တာပိုများနေပါတယ်၊ ဖြစ်ပုံကကိုအောင်နိုင်နဲ့ ကိုမွန်းအောင်(အဆိုတော်) တို့က ထိုင်းဖက်ကမ်းမှာစားသောက်ပြီး ပြန်အလာမှာ ခွေးကလေးတစ်ကောင်ကို ချစ်လို့ထင်ပါ တယ်၊ ယူလာတာကို အကြီးအကျယ်လုပ်ပြီး ခွေးသူခိုးအောင်နိုင်ဆို ပြီး ရဲဘော်တွေအကြားမှာ ၀ါဒဖြန့်ပြီးတိုက်ခဲ့ကြတယ်၊ အဲသလိုလုပ်ရပ်တွေကမမှန်မှန်းသိပေမဲ့ တပ်ပေါင်းစုလူကြီးတွေက မတားခဲ့နိုင်တာလား၊ ဒါမှမဟုတ် လက်ရှိအားကောင်းနေတဲ့ အုပ်စုဘက်ကို ယိမ်းတာလား အလေးပေးတာလား တော့မသိတော့ပါဘူး၊ ပြသနာက ဖြေရှင်းမရအောင်ခက်ခဲခဲ့ရပါတယ်၊

နောက်တော့ ကျနော်တို့သုံးယောက်ကိုခေါက်ထားပြီး ဗဟိုကော်မီတီအစည်းအဝေးကိုလုပ်ကြ
ပြီး အရေးပေါ်ညီလာခံကိုခေါ်ယူခဲ့ကြတယ်၊ ညီလာခံတွင် ကျနော်သုံးဦးအပေါ် လုံးဝယုတ္တိ မတန်သော စွပ်စွဲချက်များဖြင့် တဖက်သတ်ဆုံးဖြတ် ဆုံးဖြတ်ချက်ချကာ သေဒဏ်ကို ချခဲ့ကြတယ်၊ ညီလာခံမှာ ကိုထွန်းဦး(ဇူးလူး)က ဦးဆောင်ပြီး ခွေးခိုးမှုလိုအမှုမျိုးနဲ့ ကျနော်တို့
ကိုအရေးယူလို့မရနိုင်လို့ တခြားနိုင်ငံရေးဖေါက်ပြန်မှုကိုရှာကြံပြီး ညီလာခံကိုတင်ခဲ့ကြတယ်၊
အဆိုတော်ထူးအိမ်သင်က သူအမေကိုလွမ်းလှချည်ရဲ့ဆိုပြီး တပ်ခ်ကြိုဆိုရေးစခန်းကနေ ပြည်တွင်းပြန်ဝင်သွားခဲ့တယ်၊ အဲဒီကိစ္စကို အကြောင်းပြပြီး ကျနော်တို့သုံးဦးက ထူးအိမ်သင်ကို ပြန်ဝင်နိုင်အောင် အကူအညီပေးခဲ့တဲ့အတွက် ဖေါက်ပြန်သူတံဆိပ်တပ်ပြီး အောက်တန်းကျကျ နိုင်ငံရေးအရ လုပ်ကြံခဲ့ကြတယ်၊

တကယ်ဆိုရင် ကိုယ်စားလှယ်အများစုအနေနဲ့ သူတို့တွေဟာ ကျောင်းသားလှုပ်ရှားမှုတွေမှာ အဓိကဦးဆောင်တိုက်ပွဲဝင်ခဲ့သူတွေပဲ၊ ငါတို့ဒီလိုမလုပ်သင့်ပါဘူးလို့ ဘယ်သူမှမပြောခဲ့ကြ ကတော့ အလွန့်အရုပ်ဆိုးအကျည်းတန်တဲ့ဖြစ်ရပ်တခုအဖြစ် မှတ်တန်းတင်ရပါ လိမ့်မယ်၊

အမှန်ဆိုရင် ကျနော်တို့က ပွေစေတီစခန်းက စိုင်းမျိုးဝင်းထွန်းတို့အုပ်စု ပြည်တွင်းပြန်ဝင်မဲ့ အထဲမှာ မပြန်ချင်တဲ့ကျောင်း သားတချို့ပါနေတဲ့အတွက် ပြန်လာခေါ်တာရယ်၊ ကိုအောင်နိုင် က တပ်မတော်စစ်လေယာဉ်မှူး တယောက်ကို မခံချိမခံသွားပြောတာတွေကို အဲဒီလူက တပ်ခ်မြို့ပိုင်ကို ပြန်ပြောလိုက်တာရယ်ကြောင့်ပါ၊ ပြီးတော့ မြန်မာပြည်ကပြန်လာတဲ့ တပ်ခ်မြို့ပိုင်နဲ့အတူ အဆမတန်ပါလာတဲ့ တံဆိုးလက် ဆောင်တွေကို ကြည့်ပြီးပြုံးနေကြတဲ့ ကျနော်တို့ကို ဒီကောင်တွေက ဘာကောင်တွေလည်းလို့ တပ်ခ်မြို့ပိုင်မေးလိုက်တော့ အခြေအနေမကောင်းမှန်း သိလိုက်တယ်၊ ကျနော်တို့သုံးဦးစလုံးကို တပ်ခ်ပြည်နယ် ၀န်ကြီးချုပ်က အမျက်တော်ရှပြီ၊ သူကချက်ခြင်းဖမ်းမိန့်ပေးတာဖြစ်ပါလိမ့်မယ်၊ ကျနော်တို့ အပြန်လမ်းမှာ ကားလမ်းကို ရဲကားသုံးစီးနဲ့ တရစပ်ပိတ်ဆို့ပြီး အင်အားအပြည့်နဲ့ သေနတ်မောင်းတင် ဖမ်းခဲ့ကြတာပါ၊ ကျနော်တို့စီးသွားတဲ့ကားကလည်း မဲဆောက်မှာ ရဲမှူးကြီး၏ကားဖြစ်ပြီး ဖမ်းတဲ့ကားတွေကလည်း ရဲကားတွေပဲဆိုတော့ ဟောင်ကောင်ရုပ်ရှင်ကားထဲ ကိုယ်တိုင်ရောက်နေရသလိုပါပဲ၊ ထူးအိမ်သင်ကို ထိုင်းထောက်လှမ်းရေးက ကူညီပြီးလိုက်ပို့ပေးတော့ ကျနော်တို့လိုက်သွားတာ နောက်တစ်ခေါက်ပါ၊ ဒီလိုအဖြစ်အပျက်ကို တဦးကိုတဦး ပြန်မမေးကြပဲ ချမယ်နှက်မယ်ဆိုတဲ့ တယောက်ကိုတယောက် အနိုင်လိုမှု၊ ရှုးသွပ်စွာခေါင်းဆောင်ဖြစ်လိုမှုကနေ သမိုင်းဆိုးတွေကို ရေးခဲ့ကြတာပါ၊

ဝင်မိုး၊အောင်နိုင်၊ကိုကိုဦး ကျနော်တို့သုံးဦးအပေါ် ညီလာခံကချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်ကို
ဗဟိုကော်မီတီကိုယ်စား မကဒတ အထွေထွေအတွင်းရေးမှုး ကိုသန်းဝင်းအား လက်မှတ်ရေး ထိုးစေပြီးထုတ်လိုက်တဲ့ သေဒဏ်ဆိုတဲ့ညီလာခံအမိန့်ဟာ လုံးဝအဖတ်ဆယ်လို့မရတော့တဲ့ အမှားပဲဆိုတာ ချက်ခြင်းသိလိုက်ပါတယ်၊ ကိုသန်းဝင်းက အမြှောက်ကြိုက်ထင်ပါတယ်၊ သူ့ကိုလူမိုက်ငှားပြီး ညီလာခံဆုံးဖြတ်ချက်ကို လက်မှတ်ထိုးပြီးထုတ်ခိုင်းခဲ့တာ အားပါးတရ လုပ်ခဲ့တယ်၊

ကချင်ခေါင်းဆောင်ဦးဘရန်ဆိုင်းနဲ့ ထိုင်းဗိုလ်မှုးကြီးထုံတို့က အာမခံပြီးစေလွတ်လို့ ကျနော်တို့
သုံးဦးကို သေဒဏ်အမိန့်ချထားစဉ်ကာလမှာပဲ အချင်းချင်းပြန်လည်စေ့စပ် ဆွေးနွေးဖို့ မာနာပလောကို ရောက်ခဲ့ကြတယ်၊ သူမှန်ကိုယ်မှန်ငြင်းခုံပြီး အဖြေထွက်မလာခဲ့ပါ၊ ထိုစဉ်က ၀င်မိုးက မင်းတို့သတ္တိရှိရင် အခုဖမ်းပါလားလို့ မာနာပလောမှာ ပြောခဲ့သောစကားဟာ အခုမှစဉ်းစားကြည့်ရင် ကျောချမ်းစရာကြီးပါ၊

ကျနော်တို့ ကံကောင်းစွာနဲ့ပဲ မဲဆောက်ကိုပြန်လာနိုင်ခဲ့ပါတယ်၊ ကျနော်တို့ ကေအင်နယ်မြေ တွင်းမှာ ဆက်လက်အခြေချဖို့မဖြစ်နိုင်တော့ ပလန်ဘီကို စပြီးကြိုးစားရပါတော့တယ်၊ မွန်ဒေသကိုပြောင်းဖို့ အားလုံးသဘောထားတူညီခဲ့ကြတယ်၊ ကိုအောင်နိုင်က မဲဆောက်မှာ အိမ်လေးတလုံးငှါးပြီး ဆေးခန်းဖွင့်ကာ ဆေးခန်းအပေါ်ထပ်မှာ ကျနော်တို့တစ်ချို့နေကြတယ်၊
ကိုတင်မောင်ဆန်းက ကိုအောင်နိုင်နဲ့ငယ်သူငယ်ချင်းမို့ ကျနော်တို့ရှိရာကို အမြဲတန်းအ၀င် အထွက်ရှိပြီး အဆင်ပြေပြေရှိတဲ့ကာလလည်းဖြစ်ပါတယ်၊ သေ့ဘောဘိုးက ကျားသစ်မောင်ပိန်
ကတော့ စားသောက်ဆိုင်တခုမှာ အလုပ်လုပ်နေပြီး သုံးလေးရက်တစ်ခါ သူစုထားတဲ့ “ကျန်စု” အရက်လေးကို သွားယူပြီးတော့ အာသာဖြေကြရတယ်၊ သူက စားသောက်သူတွေက သောက်လို့မကုန်ပဲကျန်ခဲ့တဲ့ ရရာရာအရက်တွေကိုစုပြီး ပုလင်းတလုံးထည့်ပြီး သောက်သုံးသူ
ကျနော်တို့အုပ်စုတွေအတွက် သူ၏ဖြူစင်သောစေတနာပဲဖြစ်ပါတယ်၊ အမှတ်တရပါပဲလေ၊

တနေ့ကျတော့ ကိုအောင်ထွန်း(ဇွန်း-နော်ဝေ)က အပေါ်ထပ်မှာ ကျနော်တို့ရှိရာအပေါ်ထပ်ကို အမောတကောပြေးတက်လာပြီး ၀ါတားရှီဝါတားရှီဆိုပြီး အားလုံးကိုဦးနှောက်စားပါတော့တယ်၊
ဘာလဲကွာအောင်ထွန်းရာလို့ မေးလိုက်တော့ သူရေချိုးခန်းမှာ အမှတ်မထင်ရေသူမကို တွေ့လိုက်ရတာကိုပြောပြလို့ ကျနော်တို့အားလုံး တ၀ါးဝါးရယ်မောကြရတယ်၊ ၀ါတားက ရေ ရှီဆိုတာက သူမ ဆိုတော့ ကိုအောင်ထွန်းရဲ့ ၀ါတားရှီကတော့ နေ့ချင်းညချင်းပဲ ခေတ်စားသွားခဲ့တယ်၊ ဖြစ်ချင်တော့ ကျနော်အိမ်မှာနေတဲ့ ရဲမေတစ်ဦးက တခါးကို သေချာမပိတ်ပဲ ဂျပန်လို့ရေချိုးနေတော့ အိမ်သာတက်ဖို့သွားတဲ့ ကိုအောင်ထွန်းက အမှတ်မထင်တွေ့ခဲ့ရတာကို ပြောပြီးရယ်ကြရတာပါ၊

မကြာခင်မှာပဲ ကိုသန်းဝင်းဦးဆောင်ပြီး မဲဆောက်မှာရှိနေကြတဲ့ ကျနော်တို့ဆီကို နောက်တစ် ခေါက်လာပြီး ပြန်လည်ရင်ကြားစေ့ဖို့လာပြန်တယ်၊ အပေါ်ထပ်အခန်းကျဉ်းကျဉ်းလေးထဲမှာ ဆွေးနွေးပွဲက အလွန်ပြင်းထန်လာပြီး ဗြုန်းဆို ကိုထွန်းထွန်း(နောင်တွင် ကိုသန်းဝင်းနဲ့အတူ အေဘီအက်စ်အယ် တွင်ချစ်ခင်စွာအတူပြန်ပေါင်းကြ)က ထောက်လက်သီးလား ဘာလားတော့မသိတော့ပါ၊ ၀ုန်းဝုန်းဖြစ်သံကြားလို့ ကျနော်က ထွန်းထွန်းကိုအတင်းဆွဲထုတ်ခဲ့ ရတယ်၊ ထွန်းထွန်းရဲ့ဒေါသကြီးပုံကတော့ အောက်သားအသံပြောရမယ်ဆိုရင် လက်ကုန်ပဲလို့ ပြောရမှာပဲ၊ ကိုသန်းဝင်းတို့ကိုကျနော်ခေါ်ပြီး ကွတ်တီယိုဆိုင်တဆိုင်မှာထိုင်ပြီး ပြေရာပြေကြောင်းပြောခဲ့ကြတယ်၊ ကျနော်တို့အားလုံး ဘုရားသုံးဆူကိုပြောင်းရွှေ့တော့မဲ့ အကြောင်းကိုပါ ပွင့်ပွင့်ပြောပြပြီး နားလည်မှုရှိစွာလမ်းခွဲခဲ့ကြတယ်၊

အလားတူပဲ အရေးပေါ်ညီလာခံကို ဆင်ဖမ်းမယ်ကျားဖမ်းမယ်ဆိုပြီး ကြုံးဝါးကာ တက်ခဲ့တဲ့ ကိုတင်မောင်စန်းလည်း ပြန်အလာမှာ သူကိုဝိုင်းပြီး ပုစံပေးလိုက်ကြတော့ ရှုးရှုးရှဲရှဲဖြစ်နေ တာကိုတွေ့ရတယ်၊ မကြာဘူး တင်မောင်စန်းနဲ့ကိုထွန်းအောင်ဂျော်တို့ မဲဆောက်ဘုန်းကြီးကျောင်းဝင်းထဲမှာ စိမ်ခေါ်ပွဲဖြစ်သွားတယ်လို့ ကြားရပြန်တယ်၊ မြင်လိုက်ရတဲ့ တင်မောင်စန်းလက်ရုံး ကိုလရောင်က အိမ်ကိုလာပြီး သူတို့ဖိုက်တင်ပွဲပုံစံကို ဟန်နဲ့ပန်နဲ့ မြွေသိုင်းလိုလို မျောက်သိုင်းလိုလို အမူအရာတွေ့နဲ့ လုပ်ပြတော့ အားလုံးတ၀ါးဝါးရယ်မောခဲ့ကြရတယ်၊
တင်မောင်စန်းက ကိုအောင်နိုင်ဆေးခန်းကို ကဗျာကယာရောက်လာပြီး ရှိသမျှလူတွေကို ဘာမှန်းမသိခေါ်သွားကြတယ်၊ ကိုအောင်ထွန်း(နော်ဝေ)နဲ့ အတူ အိမ်မှာရှိတဲ့လူငယ်တွေ ပါသွားတော့ ကျနော်လည်းကမန်းကတန်း ကားပေါ်ခုန်တက်လိုက်ခဲ့တယ်၊ ဗိုလ်မှူးစိုးစိုး အိမ်ကိုရောက်တော့မှာ တင်မောင်စန်းက သူကိုထွန်းအောင်ဂျော်ကို လာဝိုင်းတာဖြစ်ကြောင်း ပြောတော့မှ ဘုန်းကြီးကျောင်းထဲက သူတို့ဖိုက်တင်ပွဲအဆက်မှန်းသိလိုက်ရတယ်၊ ဗိုလ်မှူးစိုးစိုးက ထိုင်းရဲကိုခေါ်လိုက်တာကို သိလိုက်ရတော့ အားလုံးတပ်ခေါက်ပြန်လာခဲ့တယ်၊

ကျနော်တို့ ဘက်မှာလည်း ကေအင်ယူအပေါ်မှာ နားလည်မှုလွဲခဲ့ကြတယ်၊ ပြောရမယ်ဆိုရင် ကျနော်တို့ကို မကဒတ ဗဟိုရှိရာ ကရင်နယ်မြေမှာ လုံးဝအခြေချလို့မရအောင် လုပ်လိုက်တာ ပဲလေ၊ တကယ်တော့ကေအင်ယူအလိုကျလုပ်မဲ့လူနဲ့ ကေအင်ယူကိုအားကိုးပြီး ဗဟိုကော်မီတီ ပါဝါကို ချုပ်ကိုင်လိုသူတွေ ခေါင်းဆောင်မှုကိုရှုးသွပ်စွာ ဖြစ်လိုသူတွေအားလုံး အလိုတူအလိုပါ ဖြစ်ခဲ့ဖို့များပါတယ်၊ တကယ်ဆိုရင် ပြည်တွင်းမှာလှုပ်ရှားခဲ့တဲ့ ဦးဆောင်ကျောင်းသားကို အသိအမှတ်မပြုကြရုံမျှမက ပထုတ်ဖို့ကြိုးစားတယ်ဆိုတာ ရန်သူကဖြစ်စေချင်တဲ့လုပ်ရပ်ပါ၊
ဒါကြောင့် ဒီလိုအချင်းချင်းကို စောစောစီးစီး တော်လှန်ရေးကနေ ပထုတ်တဲ့လုပ်ရပ်အတွက် တာဝန်ရှိမှုကိုတော့ ဦးဆောင်လုပ်ခဲ့သူတွေ ကိုယ့်အမှားကိုယ် ခုတော့သိပြီလို့ထင်ပါတယ်၊

နောက်ဆုံးကျနော်တို့ မွန်ပြည်သစ်ပါဆီက သူတို့ဒေသမှာ လာရောက်ပြီး တော်လှန်ရေးကို ဆက်လုပ်ကြပါဆိုလို့ မဲဆောက်ကနေ ကားသုံးစီးနဲ့ ခွပ်ဒေါင်းအလံကိုလွင့်ပြီး မွန်နယ်မြေကို ရောက်ခဲ့ကြတယ်၊

မှတ်ချက်.. မဲဆောက်ဘက်ကအပိုင်းကို အပြီးသတ်ရတာမို့ အတတ်နိုင်ဆုံးချုပ်ရေးသော်လည်း နည်းနည်းရှည်သွားပါတယ်၊





No comments: