Thursday, October 11, 2012

“နန်းဇေယျာခင် ဥပမာ”. . .



ကိုယ့်တာဝန်ကိုယ်ကျေ၊ ကိုယ့်အလုပ်ကိုယ် အကောင်းဆုံးလုပ်တာဟာ အတ္တ မဟုတ်ပါ။
လူတယောက် ထူးချွန်ပြီဆို အဲဒီလူ့အဖွဲ့အစည်းအတွက် အနည်းနဲ့ အများ အကျိုးဖြစ်ထွန်းရတာချည်းပါပဲ။
အနီးစပ်ဆုံးနဲ့ ဖေ့စ်ဘွတ်ခ်နေ လူအများ အလွယ်ဆုံး သိနိုင်မယ့် ဥပမာ ကို ပေးရမယ်ဆို “နန်းဇေယျာခင်” ပေါ့။
သူ့ဖါသာ လှ အောင် နေ၊ တော်အောင် ကြိုးစားလို့ ထူးချွန်ပြီး နိုင်ငံကို ကိုယ်စားပြုသွားတော့ အများအကျိုးလည်း ပါသွားတာပဲ မလား။
သူ့အတွက်ပဲသူလုပ်နေတာ လို့ သူလေ့ကျင်ကြိုးစားနေတဲ့ အချိန်မှာ ဘယ်လောက်တောင် အပြောခံခဲ့လိုက်ရမလဲ။

ဒီမိုကရေစီ စနစ် ဆိုတာ လူတဦးချင်း တယောက်ချင်း ရဲ့ အရည်အချင်းတွေ
အပြန်အလှန် တန်ဖိုးထားတတ်မှုတွေပေါ်မှာ တည်ဆောက်ရတဲ့ စနစ်တခုပါ။
ဟိုးအရင် လက်ဝဲစနစ်တွေရဲ့ အယူအဆလို သိပ်ပြီး “ဗဟု” မအော်ကြစေချင်။ တနည်းအားဖြင့် “ပရဟိတ” လုပ်မှ တန်ဖိုးရှိတယ်၊ ဒါ့ထက်ရှင်းအောင် ပြောရရင် “နိုင်ငံရေး လုပ်မှ တန်ဖိုးရှိတယ်” လို့ မလွဲကြစေချင်။
လူတိုင်း တန်ဖိုးရှိပါတယ်။
အမေရိကားမှာ တံမြက်စည်းလှဲတဲ့သူ၊ ကားမောင်းတဲ့သူလည်း သူ့တန်ဖိုးနဲ့ သူရှိပါတယ်။ သူ့အလုပ်ကို သူကောင်းအောင် လုပ်နေသရွေ့ တန်ဖိုးထား
ဆက်ဆံခံရပါတယ်။ အဲဒါ ဒီမိုကရေစီ ရဲ့ အနှစ်သာရ တခုပါ။
ခုတလော ကြီးတောင့်ကြီးမားတွေရဲ့ ဝေဖန်ရေးမှာတောင်
နိုင်ငံရေးသမားသာလျှင် တာဝန်ယူချင်စိတ်၊ ဖြေရှင်းလိုစိတ် ရှိတယ်လို့ လွဲမှားစွာ သုံးသပ်နေလို့ပါ။

ဆရာဝန် ၀ါသနာပါတဲ့သူက ဆရာဝန် အလုပ်လုပ်ပါလိမ့်မယ်။
အင်ဂျင်နီယာ ၀ါသနာပါတဲ့သူက အင်ဂျင်နိီယာ လုပ်ပါလိမ့်မယ်။
ကိုယ်လုပ်တဲ့အလုပ်ကလေး ကောင်းအောင် တာဝန်ကျေအောင် လုပ်နိုင်ရင် ကိုယ့်တကိုယ်ရည် နဲ့ ကိုယ့်လူ့အဖွဲ့အစည်းအတွက် ကောင်းအောင် လုပ်
ပြီးသားဖြစ်ပါတယ်။
အင်ဂျင်နီယာ ပဲ ၀ါသနာပါလို့ အင်ဂျင်နီယာ အလုပ်လုပ်နေတဲ့သူကို လူ့အသက်ကယ်တဲ့ ဆရာဝန်အလုပ်မျိုး မလုပ်ရကောင်းလား၊ လို့ ပြောဆိုလိုက်သလိုပါပဲ။
ကျနော်တို့ ကျောင်းတုန်းကတော့ အာရ်အိုင်တီမှာ သူ့မေဂျာ ပိုကောင်းတယ်၊ ငါ့မေဂျာ ပိုကောင်းတယ်၊ သူ့မေဂျာက ပိုအရေးကြီးတယ်၊ ငါ့မေဂျာ က ပို အရေးကြီးတယ်နဲ့ သတ်ကြလေ့ရှိပါတယ်။
အဲဒါကလေးတုန်းကလေ. .။

တိုင်းပြည်ကြီးမှာ တံမြက်လှဲ သမားတွေ မရှိရင်တောင် အမှိုက်တွေ ပုံနေမှာပါ
လား၊ သူတို့ဟာလည်း အရေးကြီးတယ် လို့ မြင်တတ်မှ ဒီမိုကရေစီ ကျင့်ထုံး နှလုံးသွင်းတာဖြစ်ပါလိမ့်မယ်။
ခု တချို့လူငယ်လေးတွေ မိသားစု တာဝန် မကျေပဲ ပရဟိတ လုပ်နေတယ် ဆိုပြီး မာန်လို့ မဲ လို့ မိသားစု ထဲ စွာနေကြတာကို ကြားရတာလည်း နားဝ မသက်သာပါ။
မိသားစု တစုချင်းရဲ့ ၀င်ငွေ ဟာ တိုင်းပြည်ရဲ့ ၀င်ငွေ၊
မိသားစု တစုချင်းရဲ့ တိုးတက်မှုဟာ တိုင်းပြည်ရဲ့ တိုးတက်မှု ဆိုတာ ကို မြင်ပါ။

ကြပ်တည်းနေတဲ့ မိသားစု တွေ များရင် တိုင်းပြည်စီးပွားရေး ကြပ်တည်းမယ်။
နိုင်ငံရေးအသိစိတ်ဓါတ်ရှိတယ် ဆိုရင် ကိုယ့်အိမ်စီးပွားရေး ကောင်းဖို့၊ ကိုယ်ကိုယ်တိုင် ထူးချွန်ဖို့ကို အရင်ကြိုးစားပါ။

မြန်မာစာ မှာ ဘုရားဖြစ်မှ သတ္တ၀ါကို ကယ်နိုင်တယ် ဆိုတဲ့ စ ကား ဟာ အလကားပေါ်တာ မဟုတ်ပါဘူး။

လူတိုင်းနိုင်ငံရေး လုပ်ရမယ်ဆိုတာ တဦးချင်း တယောက်ချင်း ကိုယ့်အလုပ်
ကိုယ် ကို နိုင်ငံရေး အသိစိတ်နဲ့ လုပ်ကြတာကို ခေါ်ပါတယ်။

လူတိုင်း စီးပွားမရှာ၊ ကျောင်းမတက်၊ ဘာအလုပ်မှ မလုပ်ဘဲ နိုင်ငံရေး အလုပ်
ချည်းသာ လုပ်၊
အလှူလိုက်ခံ လူမှုရေးချည်းသာ လုပ်နေလို့ကတော့ တိုင်းပြည် ဒါ့ထက်မက
နိမ့်ပါးသွားပါလိမ့်မယ်။
အလှူချည်းခံ နေရုံနဲ့တော့ ဘယ်လိုလို့ ဒီတိုင်းပြည် ကြာကြာခံမလဲ။

“နိုင်ငံရေး အသိစိတ်” ဆိုတာ ဘာလဲ ဆိုရင်တော့ မတရားတာ၊ မမျှတတာကို
ခေါင်းငုံ့မခံဖို့ပါပဲ။ နောက် ကိုယ့်အလုပ်ကိုယ် ကောင်းအောင် လုပ်မယ် ဆိုတာလည်း နိုင်ငံရေးအသိစိတ်ပါပဲ။

ကိုယ့်ကိုယ်ကိုယ် မှ ကောင်းအောင် ထူးချွန်အောင် မတည်ဆောက်နိုင်ဘဲ
တိုင်းပြည်အတွက် အလုပ်လုပ်နေတယ် ဆိုတဲ့ စိတ်နှလံုးတွေက လွဲလို့ နေပါတယ်။

အဲဒီလို မဟုတ်ပဲ ပါတီက အရေးကြီးတယ်. .
နိုင်ငံရေး၊ တော်လှန်ရေး ကသာ အရေးကြီးတယ် လို့ သွားနေရင် ဟိုးစစ်အေးခေတ်က ကွန်မြူနစ်ကြီးတွေ ရဲ့ နိုင်ငံရေးအမြင်လို တက်တက်စင်
အောင် လွဲနေဦးပါမယ် ဆိုတဲ့အကြောင်း ပြောပါရစေဗျာ။

ချိုတူးဇော်

No comments: