Tuesday, October 23, 2012

မလုံလို့ ပွင့်တဲ့ ကောင်းကင်


စောနဒီ၊မြစ်ကြီးနား၊   
Saturday, 29 September 2012 11:15
တစ်ခုခုတော့ ထူးနေပြီ။ လေးအိမ်စု လမ်းထဲက အထွက်မှာ လေးအိမ်စု ၀ိုင်းလေးရဲ့ ပထမ အိမ်ခြေဖြစ်တဲ့ အိမ်ရှေ့မှာ အိမ်ရှင် မုဆိုးမ မကျင်စိန်က အ၀တ်တွေ လှန်းနေတယ်။ ကျွန်တော့်ကို မြင်တော့ နောက်ဆုံး လက်ကျန် တစ်ထည်ကို ၀င်းထရံမှာ လွှားတင်လိုက်ရင်း စကား စတယ်။

“မောင်မြင့်ဆွေရေ မင်း အိမ်ဝင်းရော ရောင်းမှာလား”

မဦးမချွတ် အဆက်အစပ် မရှိဘဲ လှမ်းပြောလိုက်တဲ့ စကားက ကျွန်တော့်ကို တအံ့တသြ ဖြစ်စေတယ်။
“ဘာလို့ ရောင်းရမှာလဲ ဗျ”

“ငါတော့ ဈေးကောင်းရတုန်း ရောင်းလိုက်တော့မလို့။ ဟိုဘက်အိမ်က ကိုပြည်ကျော်တို့အိမ်တောင် အရောင်းအ၀ယ် စာချုပ်ချုပ်ပြီးလို့ နောက်ထပ် ၀င်းတစ်ဝင်း လိုက်ရှာနေတယ် ကြားတာပဲ။ ငါလည်း ဒီအိမ်ဝင်းလေး ရောင်းပြီး အမျိုးတွေရှိတဲ့ ရွာမှာပဲ ခေါင်းချတော့မလို့။ မြို့မှာက အားကိုးအားထား ကျောထောက်နောက်ခံမရှိရင် ဖင်လှည့်ခေါင်းလှည့် လွယ် တာမဟုတ်ဘူးကွဲ့”

လက်စသတ်တော့ သူ့ အိမ်ဝင်းရောင်းမဲ့အကြောင်း ပြောချင်တာကိုး။ ရောင်းပေါ့ သူ့အိမ် သူပိုင်ပဲဟာ။
မကျင်စိန် ပြောစကား ကြည့်ရတာ သူ့အိမ်ဝင်းလေး ရောင်းပြီး ရွာမှာ အေးအေး သက်သာ သွားနေတော့မဲ့ သဘောပါပဲ။ သူ့စကားအရ ဆို ကိုပြည်ကျော်တို့ အိမ်ဝင်း က ရောင်းပြီးသွားပြီပေါ့။ ၀ယ်လက်ရော ဘာသာတူလား၊ လူမျိုးခြားလား၊ ဘယ်ဈေးနဲ့ ရောင်းတာလဲ၊ စပ်စပ်စုစု ကျွန်တော် မမေးဖြစ်ခဲ့ပါဘူး။

မကျင်စိန် ဆိုတာက ကလေးသုံးယောက်နဲ့ မုဆိုးမ ပါ။ သူ့ယောက်ျား ကိုအောင် စိန် ဖားကန့်ဘက်မှာ ရေ မဆေးကျောက်ရှာရင်း ငှက် ဖျားရောဂါနဲ့ ဆုံးပါးသွားရရှာ တာ။ မကျင်စိန်ခမျာ ကျန်တဲ့ ကလေးသုံးယောက်နဲ့ ဖိုသီ ဖတ်သီ ချာချာလည် ကျန်ခဲ့ ရတာ။ အကြီးကောင်လေးက ကိုးတန်းတက်နေပြီ။ အငယ် မလေးနှစ်ယောက်က ငါးတန်း နဲ့ လေးတန်းကလေးတွေ။ ကလေးတွေကိုလည်း သူများ ကလေးတွေလို ကျူရှင်မထား နိုင်ရှာ။ အရေးထဲ ကျောင်း ပိတ်ရက်တွေဆို အ၀တ်ကူ လျှော်၊ ကူလှန်းဖို့ မြစ်ဆိပ် ခေါ်သွားတတ်သေးတာက လား။

တစ်လောက အလတ်မ လေး ဂျီကျလွန်းလို့ မကျင် စိန် စိတ်ရှိလက်ရှိ ရိုက်ထား တာ ကလေးခမျာ အညို အမည်း စွဲလို့။ ဘာဖြစ်လို့ ဒီ လောက်ကြီး ရိုက်ရတာလဲ မေးတော့ အခါတိုင်းလိုပဲ မြစ် ဆိပ်သွားကြတာ ဝေးတယ်၊ ညောင်းတယ်ဆိုပြီး ခဏခဏ ထိုင်ထိုင်နားနေတာနဲ့ စိတ် မရှည်တော့ဘဲ ရိုက်မိတာတဲ့။ အင်းလေ မြစ်နဲ့ကမ်းက ဝေး နေတော့ ကလေးခမျာ ညောင်းရှာမှာပေါ့။ မကျင်စိန် တို့ဘ၀တွေက တစ်ရက်လုပ် တစ်ရက်စား၊ ရရစား ၀ါးဝါး မျိုရယ်။ ဒီတော့ မြစ်က ဘာ ကြောင့်ကမ်းနဲ့ဝေးပြီး ကမ်း က ဘာကြောင့် မြစ်နဲ့ဝေး တယ် ဆိုတာ ဘယ်ကလာသိ ရမှာတုံး။ သူများအိမ်တွေမှာ အ၀တ်လိုက်လျှော်၊ အိုးတိုက် ခွက်တိုက်၊ ကြုံရာအလုပ်တွေ လုပ်ရင်း မိသားစု ပခုံးသား ကြံ့ခိုင်ဖို့ ကျွဲလိုနွားလို ရုန်း ကန်နေရတဲ့ဘ၀လေ။

မကျင်စိန်ကို နှုတ်ဆက်၊ စကားဖြတ်ပြီးတာနဲ့ ခြေအစုံ ကိုလက်ဖက်ရည်ဆိုင်ဘက် ဦး တည်လိုက်တယ်။ ဒါတောင် မကျင်စိန်က စကားမဖြတ်နိုင် သေးဘဲ လှမ်းပြောလိုက်သေး တာ။

“မြစ်ဆိပ်မှာ သူများ အ၀တ်တွေကိုသာ လက်ဖ၀ါး ပါးအောင် လျှော်ဖွပ်နေရ တာ၊ ကိုယ့်အ၀တ်အစားကို တောင် မလျှော်အားတဲ့ဘ၀ ကနေ လွတ်ဖို့ ကျွတ်ဖို့ အချိန် ကျလာတာလို့ မှတ်ရတာပဲ ကွဲ့”

တကယ်ကို ထူးတာပါ။ ဒီလေးအိမ်စုဝိုင်းလေးက တကယ်ကို ထူးနေတာ။ ကျွန်တော်အပါအ၀င် ဒီလေး အိမ်စုလေးမှာ နေထိုင်ကြသူ တွေဟာ ဗုဒ္ဓဘာသာဝင်တွေ ချည်းပဲလေ။ အိမ်လေးအိမ်စုနေလို့ လေးအိမ်စုလို့ ခေါ်ခဲ့ ကြတာပေါ့။

ကျွန်တော်တို့ လင်မယား အိမ်ထောင်ဦးတုန်း ကတော့ ကျွန်တော့်မိဘတွေ အိမ်မှာ ကပ်နေခဲ့ရတာပါ။ အမှန်တော့ ကျွန်တော်က ကိုယ့်ဘ၀ ကိုယ့်ခြေထောက် ပေါ်ရပ်ပြီး ကိုယ့်မိသားစု၊ ကိုယ်ပိုင်ဘ၀လေးနဲ့ သီးသန့် နေချင်ခဲ့တာ။ ဒါပေမဲ့ အိမ် ထောင်ဦးမှာ ခြစ်ခြစ်ကုတ် ကုတ်လေးစုပြီး ကိုယ့်အိမ် ကိုယ့်ရာနဲ့ နေနိုင်တဲ့အခါကျမှ မိသားစုခွဲနေဖို့ မိဘတွေက ပြောလွန်းတာနဲ့ မိဘအိမ်မှာပဲ နေလာခဲ့ရတာ။

ကျွန်တော့်စိတ်ကူး စိတ်သန်းက အကြင်လင် မယားနှစ်ယောက်အိမ်ခန်းလေး တစ်ခုမှာ ငှားပြီး ဘ၀ကို တစ်ကစလို့ အစုန်အဆန် ပျံ သန်းဖို့ပါ။ မိဘတွေရဲ့ ကျေးဇူးမေတ္တာကြောင့်လို့ ပြောရမယ်။ မိဘတွေ စကား နားထောင်ပြီး နေလာခဲ့တာ သုံးနှစ်ကျော် လောက်ကြာတော့ ကျွန်တော်တို့ လင်မယား အိမ် ၀င်းလေးတစ်ဝင်း အဖတ်တင် ခဲ့ပါတယ်။ အခုကျွန်တော် တို့နေတဲ့ ၀င်းလေးပေါ့။

အဲဒီတုန်းက ကျွန်တော် ၀ယ်ထားတဲ့ခြံဝင်းက အခုလို ဘယ်ကလာ ဟုတ်ရမှာလဲ။ အခုလိုလည်း ပတ်ဝန်းကျင်မှာ အိမ်ခြေတွေဘာတွေ မများသေး ဘူးရယ်။ ဘယ်ကိုကြည့် ကြည့်၊ ညာကိုကြည့်ကြည့် မျှော်မဆုံးမော်မဆုံး လယ်ကွင်း လယ်ကွက်တွေချည်းပဲ။ ရေတွေက ဒူးလောက်ပေါင် လောက်။ လယ်ကွင်းတွေ ဆိုတော့ မျှော့တွေကလည်း ပေါခြင်းသောခြင်း။

မြစ်ကြီးနား မိုးဆိုတာ ကလည်း နွေလည်းမိုး၊ မိုး လည်းမိုး။ ရေက အဲဒီအကွက် တွေထဲ ပြတ်တယ်မရှိဘူး။ အဲဒီဘက်မှာ ကွက်သစ်တွေ ရိုက်ပြီး ရောင်းနေကြတော့ အဖေက နောင်တစ်ချိန် မြို့ပြ အိမ်ရာတွေ ဖြစ်နိုင်တယ်ဆိုပြီး အတင်းဝယ်ခိုင်းလို့ ၀ယ်ဖြစ်ခဲ့တာလည်း ပါတာပေါ့။

ဘယ်ကလာ လူနေလို့ ရလိမ့်ဦးမတုံး။ ခြံဝင်းလေး ပုံပေါ်လာအောင် ၀င်းထရံ မနည်းခတ်။ သဲကျောက်တွေ၊ မြေတွေ မနည်းဖို့ခဲ့ရတာ။ သဲ တွေ ဘာတွေ၊ ၀င်းထရံတွေ ဘာတွေ ဟုတ်တိပတ်တိ ကာလိုက်တော့လည်း ခြံဝင်း လေးက ရုပ်လုံးပေါ်လာ တယ်။ ဘာကြာလိုက်လို့၊ အဲဒီဝင်းကို ငါးသိန်းနဲ့ ပွဲစား တစ်ယောက်ဈေးလာညှိတာ မရောင်းလိုက်ဘူး။ နောက် တော့ ကျွန်တော့်ခြံဝင်းဘေး နားမှာ လူမနေသေးဘဲ ၀င်း ထရံတိုင်တွေ ခတ်လာတဲ့ ၀င်းလေးတွေ သည်တစ် ကွက် ဟိုတစ်ကွက်နဲ့ မိုးဦး ကျမှိုတွေလို တွေ့လာရတော့ တာပဲ။

နောက်တော့ တခြား ဘက်တွေမှာလည်း ကွက် သစ်တော်တော်များများ ပေါ် လာတယ်။ လူနေအိမ်တွေ တိုးလာတယ်။ ဘာသာစုံ၊ စရိုက်စုံပေါ့ဗျာ။ ရှေးကုသိုလ် လို့ ပြောရမလားပဲ။ လမ်း တွေဘာတွေဖြစ်လာတော့ အခုလေးအိမ်စုလို့ခေါ်တဲ့ ၀ိုင်း လေးရဲ့လေးဖက်လေးတန်မှာ လမ်းတွေ ပေါ်လာတယ်။ အရင်တုန်းကတော့ ရွှံ့တွေရေ တွေ ၀ိုင်းနေတဲ့ ၀ိုင်းဆိုတော့ မသိရင် ကျွန်းလေးပေါ်မှာ လေးအိမ်စုရောက်နေသလို။

နောက်တော့ သူ့အိမ်ရှေ့ လမ်း သူဖို့၊ ကိုယ့်အိမ်ရှေ့ လမ်းကိုယ်ဖို့နဲ့ အချိန်တွေ တိုက်စားသွားလာခဲ့တာနဲ့အမျှ ရပ်ကွက်အင်္ဂါရပ်နဲ့ မြို့အင်္ဂါ ရပ်နဲ့ညီလာခဲ့တယ်ဆိုပါတော့။ ကတ္တရာလမ်းတွေ ဖောက် လာတော့လည်း ကိုယ်ထူ ကိုယ်ထလမ်းဆိုပြီး ဂုဏ်ယူ ချင်ဂုဏ်ယူရလောက်တဲ့ စာ တန်းချိတ်နိုင်ခဲ့ကြတာပဲလေ။

ရပ်ကွက်က အထာ လေးနည်းနည်းကျလာတော့ ကျွန်တော့်မိန်းမက အကွက် မြင်တယ်။ အိမ်ဆိုင်လေး ထဖွင့်လိုက်တယ်။ အဲဒီတုန်းက အိမ်ဆိုင်ဆိုတာ ဒီရပ်ကွက်ထဲ မှာ ဒီတစ်ဆိုင်ပဲရှိသေးတော့ လက်မလည်ဘူး ပြောရမှာပဲ။

နောက်တော့ အိမ်တွေ တိုးလာတယ်။ ဆိုင်တွေ တိုး လာတယ်။ ကွမ်းယာဆိုင်တို့၊ လက်ဖက်ရည်ဆိုင်တို့၊ ဗီဒီယို ရုံတို့ ပေါ်လာတယ်။ ဇယ် တောက်ခုံ၊ ဘိလိယက်ခုံ ယဉ် ကျေးမှုကလည်း ဘာသားနဲ့ ထုထားတာမို့လဲ။ အဲဒီလို ဒီ ကွက်သစ်ထဲက လူတွေဟာ မြို့ပြရဲ့ခြေရာကို အချိန်မီ လိုက်နိုင်ခဲ့တယ်ဆိုပါတော့။ လက်လုပ်လက်စား သူသူ ငါငါဘ၀သမားတွေ စုဝေး နေတဲ့ ကွက်သစ်ဖြစ်နေတာက လွဲရင် ရပ်ကွက်လေးက ချစ် စရာ၊ နေချင်စရာကောင်းပါ တယ်။ ဘုန်းကြီးကျောင်း တစ်ကျောင်း၊ ဘုံကျောင်း တစ်ကျောင်းနဲ့ ဘုရား ရှိခိုးကျောင်း တစ်ကျောင်းလည်းပေါ် ပေါက်လာကြတယ် ဆိုပါတော့။

ခေတ်တွေ စနစ်တွေ ပြောင်းလာတော့ ကျွန်တော် လည်း အလုပ်အကိုင်လေး ပြောင်းလုပ်ခဲ့တယ်။ ပါးစပ် ပေါက်တွေလည်း တိုးလာပြီကိုး။ ကျွန်တော် အလုပ် ပြောင်းလုပ်ခဲ့တယ်ဆိုတာက လည်း အလုပ်အကိုင်တိုးလုပ် ခဲ့တာ ပြောတာပါ။ လိုင်ဇာနဲ့ မြစ်ကြီးနား ကုန်ကူးတာလေ။ လိုင်ဇာတက်ပြီး တရုတ် ကြက်သွန်ဖြူတွေ ချတယ်။ အချိုမှုန့်တို့ ပင်လယ်စာတို့ လည်းပါတာပေါ့။ တရုတ် ကြက်ဥလည်း သယ်လိုက်တာ ပဲ။ အစပိုင်းကတော့ အဲဒါ တွေနဲ့ စတာပါ။ နောက်တော့ သူငယ်ချင်းတစ်ယောက်နဲ့ စပ်မိပြီး ဆိုင်ကယ်ကယ်ရီပါ ကူးခဲ့တာ။ ဆိုင်ကယ်ကယ် ရီကူးရင်း ဆိုင်ကယ်နောက် မှာ တရုတ်ဓာတ်ဆီတွေကို ပုံးကြီးပုံးငယ်နဲ့ နိုင်သလောက် တင်ပေါ့လေ။

နည်းနည်းအမြင်ကျယ် လာတော့ တရုတ်ပစ္စည်းစုံစီ နဖာကူးတော့တာပဲ။ စုံစီ နဖာဆိုတာက ပြည်ကြီးဖြစ် အီလက်ထရောနစ်ပစ္စည်းတွေ၊ ပန်းကန်ခွက်ယောက်တွေ။ ကလေးစားစရာ၊ ကလေး ကစားစရာ အတိုအထွာ ပစ္စည်းတွေ။ အ၀တ်အထည် မွေ့ရာခြုံစောင်တွေနဲ့ သွား ကြားထိုးတံ၊ နားဖာချေး ကလော်၊ ဂတ်စ်မီးခြစ်က အစ ၀ယ်ရောင်း လုပ်တာကို ပြော တာ။ MP 4 တို့ MP 3 တို့ဆို မြန်မာငွေထောင်ဂဏန်းလောက် နဲ့ အလကားနီးပါး ဈေးရတာလေ။ ပတ္တမြား FM တို့ ဘာ FM တို့ကိုပါ ဖမ်းလို့မိတဲ့ရေ ဒီယိုတို့၊ ဓာတ်မီးတို့ဆိုဝယ် မလောက် ရောင်းမလောက် ပါပဲ။
ဇွန်း၊ ခက်ရင်း၊ တစ်ခါ သုံးတူနဲ့ မီးဖိုချောင်သုံး အတို အထွာက အစ လှလှပပနဲ့ လို ချင်လောက်အောင် ဖန်တီးပြု လုပ်ထားတာ ဆိုတော့ ကိုယ် မလုပ်တတ်တဲ့ ပစ္စည်း၊ နည်း ပညာခနဲ့တင် တန်တယ်ဆိုပြီး တွက်ချက် သုံးစွဲကြတဲ့ သူတွေ ကလည်း ရှိနေတာလေ။ နောက်တော့ ကျွန်တော့်အမျိုး သမီးကုန်စုံဆိုင်က တရုတ် ပစ္စည်းရောင်းတဲ့ဆိုင်ဖြစ်သွား တော့တာ။

တရုတ်စက်တစ်ရက် စုတ်တယ် ပြောကြဆိုကြတာ ရှိကြပေမဲ့ ဒီအသုံးအဆောင် ပစ္စည်းပစ္စယတွေက အိမ် တိုင်းလိုလိုမှာ နေရာယူ သရဖူ ဆောင်းနေဆဲပါပဲ။

အဲဒါကြောင့် ထင်ပါရဲ့။ ကျွန်တော့်သူငယ်ချင်းတွေက ကျွန်တော့်ကို တွေ့ရင် စကြ ပြောင်ကြတယ်။ ဒီကောင် တရားအားထုတ်နေရတယ်တဲ့။ ရယ်တော့ ရယ်ရသား။ ဟုတ် တော့ ဟုတ်တုတ်တုတ်ပဲ။

မနှစ်က မန္တလေးမှာ နေ တဲ့ ကျွန်တော့်အမျိုးသမီးရဲ့ မောင်တော်တစ်ယောက်က ဖုန်းလှမ်းဆက်တယ်။ သူတို့ မြို့အစွန်ကို ပြောင်းသွားပြီတဲ့။ သူ့မောင်တော်က ဘူတာကြီး ရဲ့ ခပ်လှမ်းလှမ်းနားက ဦးဖိုး သာဝင်းရပ်ကွက်ထဲမှာ နေတာ ပါ။ ရတနာပုံဈေးနဲ့လည်း နီး တယ်လေ။ အဲဒါသူတို့နေရာ ကို ပေါက်ဖော်တစ်ယောက် က ဈေးကောင်းပေးဝယ်တာ နဲ့ မြိုးမြိုးမြက်မြက်လေး ရ လိုက်လို့ ရောင်းလိုက်သတဲ့။ မြို့အစွန်တစ်နေရာမှာ ခြံဝင်း လေးတစ်ခုဝယ်ပြီး နေကြသ တဲ့။ ဒီတော့ ကျွန်တော်က-

“မင်းတို့ကောင်တွေ နောက်တစ်ခါဆို မန္တလေး တောင်ခြေကနေ ဖိုလ်ဝင် တောင်ခြေဘက်သွားပြီး ၀ယ် နေပေါ့ကွာ” လို့ ပြောလိုက် တော့ သူကောင်းသားက ရယ်နေတယ်။ အင်း ဒီကောင် လည်း တရား အားထုတ်မိတယ် ထင်ပါရဲ့။

ကျွန်တော့်ဝင်းလေးကို မျက်စိကျတဲ့လူတော်တော် များများက ရောင်းမလားလို့ မကြာမကြာ လာမေးကြဖူး ပါတယ်။ အခုဆို လမ်းနဲ့ မီး နဲ့ဆိုတော့ သိန်း ၅၀၀ ပေါက် ဈေးရှိနေပြီလေ။ အဲဒါကြောင့် လူကြီးသူမတွေက ပြောခဲ့ကြ တာနေမှာ။ ပုပ်သိုးမသွားတဲ့ ရင်းနှီးမြှုပ်နှံမှုဟာ မြေတဲ့။ အဲဒါကြောင့် ကျွန်တော့် အိမ်ဝင်းကို လာမေးကြတဲ့ ပွဲစား ငထွားတွေကို အပြတ်ပြော ထားတာ။

“ငါ့အိမ်ဝင်းကို သိန်း ၁၀၀၀ နဲ့ ပွဲငြိမ်းဆိုမှ ရောင်း မှာ” လို့။
ဟုတ်တယ်လေ။ ရောင်းဖို့ ၀ယ်ထားတာမှ မဟုတ်တာ။ နေဖို့ ၀ယ်ထား တာကြီးကို။ မ၀ယ်နိုင်တဲ့ ဈေးပြောလိုက်တော့ အေးရော။

ပုံပြင်လို အဖြစ်များ ပြောပါတယ်။
အဲဒီနေ့က မြစ်ဆုံ ရေကာတာ စီမံကိန်းကြီးကို ရပ်တန့်လိုက်ပြီဆိုတဲ့ နိုင်ငံတော် သမ္မတကြီးရဲ့ ထုတ်ပြန်လိုက်တဲ့သတင်း အပေါ် သူငယ်ချင်း တွေနဲ့ လက်ဖက်ရည်ဆိုင် တစ်ဆိုင်မှာ ငြင်းကြခုံကြ တုန်း လေးအိမ်စုထဲမှာ နေတဲ့ ကိုဇော်မျိုးဝင်း ဆိုင်ထဲဝင်လာ တယ်။ သူက လက်ဖက်ရည် ပါဆယ်လာဝယ်ရင်း ကျွန်တော့် ကိုမြင်တော့ ကျွန်တော်တို့ ၀ိုင်းထဲ ၀င်ထိုင်လိုက်တယ်။
“ခင်ဗျားနဲ့ တွေ့တာနဲ့ အတော်ပဲ ကိုမြင့်ဆွေ ခင်ဗျား နဲ့ တိုင်ပင်မလို့”

“ဘာကိစ္စတုံးဗျ”
“အိမ်ဝင်းကိစ္စပါဗျာ”

“အင်း ခုတစ်လော ခြံ ကိစ္စအိမ်ကိစ္စတွေပဲ ကြားနေရ တယ်။ တစ်လောတုန်းက လည်း မကျင်ငွေလည်း သူ့ အိမ်ဝင်း ရောင်းတော့မလို့တဲ့။ ကိုပြည်ကျော်လည်း ရောင်း ပြီးသွားပြီတဲ့။ ဘယ်လောက် နဲ့ ရောင်းလိုက်သလဲဆိုတာ တော့ ကျွန်တော်လည်း မသိဘူး”

“တကယ် မသိဘူး လား၊ တစ်ထောင်နဲ့ ရောင်း လိုက်တာဗျ”

“ဗျာ တစ်ထောင်”

သောက်လက်စ လက် ဖက်ရည်တောင် အတောင့် လိုက်ဖြစ်ပြီး လည်ချောင်းထဲ မှာ ထစ်ခနဲ ရပ်သွားတယ် ထင်ပါရဲ့။
“သူ့ခြံနဲ့ ၀င်းနဲ့က တစ် ထောင်မှ မတန်တာ။ အလွန် ဆုံးတန်လှမှ ၃၅၀၊ ၄၀၀ ပေါ့။ ကျွန်တော့်ဝင်းတောင် ငါးရာပဲ ပေါက်တဲ့ဟာကို။ မကျင်စိန်ဝင်းဆို ၆၀၊ ၈၀ တောင် မကျယ်ဘူး”
“အဲဒါ ပြောတာပေါ့၊ မကျင်စိန်နဲ့ ကိုပြည်ကျော်တို့ ၀င်းကို တစ်ထောင်စီပေးပြီး ၀ယ်လိုက်တာလေ။ ပြီးတော့ ကျွန်တော့်ဆီ ပွဲစားတစ် ယောက်လာသွားသေးတယ်။ အိမ်ရောဝင်းပါ တစ်ထောင် ပေးမှာတဲ့။ တစ်ပတ်အတွင်း လူဖယ်ပေးရမယ်တဲ့။ အဲဒါ ကျွန်တော်လည်း ရောင်း လိုက်တော့မလို့”

ဒီလူ့အိမ်လည်း အဲ့ လောက်မှ မတန်တာ။ ဒါပေမဲ့ ၀ယ်တဲ့လူက မတန်တဆ ပေးပြီး ၀ယ်နေမှတော့ ရောင်း ချင်စရာပဲ။
“အဲလောက်ကြီး ငွေတွေ ပေးပြီး ၀ယ်ရအောင် ဘာတွေ လုပ်ပြီး ချမ်းသာနေပါလိမ့်။ သူက ဘယ်သူတုံး၊ ဘယ် ကတုံး၊ ဘာလုပ်တာတဲ့တုံး”

“ဟိုဘက်ကမ်းက လူ တဲ့။ အရင်က ပေါက်စီရောင်း တဲ့သူလို့ ပွဲစားကတော့ ပြော တာပဲ။ မြစ်ဆုံရေကာတာစီမံ ကိန်းတွေစတော့ အဲဒီမြေတွေ ရေလွှမ်းသွားမှာပဲဆိုပြီး ရွှေနဲ့ သယံဇာတတွေ လုပ်ပိုင်ခွင့် ပေးလိုက်တော့ ပေါက်စီ လည်း ရွှေအလုပ်ပြောင်းလုပ် ခဲ့တာတဲ့။ မြစ်ဆုံ စီမံကိန်းကြီး ရပ်သွားပေမဲ့ ပေါက်စီလည်း ပေါက်စီရောင်းစရာ မလို တော့အောင် ကြီးပွားသွား တာဆိုပဲဗျ”

ကိုဇော်မျိုးဝင်းက နည်း နည်းမောသွားတဲ့ပုံနဲ့ ရေနွေး တစ်ကျိုက်မော့ချလိုက်တယ်။
“အင်း သူ့ထိုက်နဲ့ သူ့ကံ ပေါ့ဗျာ၊ ဟိုဘက်ရပ်ကွက်က ပန်းချီဆရာ ကိုပိုင်လွမ်းက တော့ တရုတ်-မြန်မာနှစ် ဘာသာရေးထားတဲ့ “ကျန်း မာရေးအနှိပ်ခန်း” ဆိုတဲ့ ဆိုင်း ဘုတ်ကြီး အပ်ထားတာ လာ မရွေးလို့ ငိုချင်းချနေရတယ် တဲ့။ ဟုတ်မှာပေါ့၊ လာအပ်တဲ့ သူက မြစ်ဆုံမှာ ဆိုင်ခန်းဖွင့် မလို့ဥစ္စာ၊ စီမံကိန်းမလုပ်ဖြစ် တော့ ဘယ်လာရွေးတော့မှာ လဲ”

ကျွန်တော်က အဲလိုပြော လိုက်တော့ ကိုဇော်မျိုးဝင်းက သူ့ရဲ့ မျက်ပေါက်ကျဉ်းကျဉ်း လေးတွေ ပိတ်သွားအောင် ရယ်နေတယ်။ အဲဒီအချိန် သူ မှာထားတဲ့ ပါဆယ်ရပြီဖြစ်တဲ့ အကြောင်း စားပွဲထိုးချာတိတ် လေးက လှမ်းအော်နေတယ်။

“ဒါနဲ့ ကိုမြင့်ဆွေ၊ ပွဲစား က မနေ့က ပြောသွားတယ်။ သူက ခြံဝင်းကို တစ်ဆက်တည်း ရချင်နေတာတဲ့။ အဲဒါ ခင်ဗျားဝင်းကိုလည်း မျက်စိ ကျနေပုံရတယ်။ ခင်ဗျားရော လာဝယ်ရင် ရောင်းမှာလား”

သူက ကျွန်တော့်ကို စိတ်အားထက်သန်တဲ့ စကား လုံးတွေနဲ့ ပြောနေလေရဲ့။ ကျွန်တော်က အရူးမှ မဟုတ် တာ။
“ခင်ဗျား ရူးနေသ လား။ တစ်ရာတန်ကို နှစ် ရာပေးမှတော့ ဘယ်သူက မရောင်းဘဲနေမှာလဲ။ ကျုပ် အိမ်ဝင်း တစ်ထောင်ပေးမှတော့ ထတောင်ကလိုက်ဦးမှာ”

အင်း ရောင်းဖြစ်ရင် တော့ မြို့အစွန်ရမ်ပူတို့၊ ကြက် ပေါင်ခြံတို့ရဲ့ ဟိုးဘက် ဟိုး ဘက်က ပေါချောင်ကောင်း ခြံကွက်တစ်ခုဝယ်ပြီး နေလိုက် ရုံပဲ။ ကျွန်တော်တို့ မြစ်ကြီး နားသားတွေလည်း မန်းမြို့ တော်က မြန်မာကြီးများလိုပဲ စိနတိုင်းသားတွေရဲ့ ဘင်ခရာ သံနဲ့ နဂါးအကတွေကို မြို့ပြင် ကနေပဲ နားစွင့်နေကြရ၊ အဝေးကနေပဲ ကြည့်ငေးနေ ကြရုံပေါ့။

ဘာပဲဖြစ်ဖြစ် သူ့ ဘာသာ ပိုက်ဆံတွေ ချောင်း ကရရ၊ မြစ်ကရရ ကျွန်တော် စိတ်မ၀င်စားဘူး။ သိန်း ၅၀၀ တန်ကို သိန်း ၁၀၀၀ ပေးနေ မှတော့ ကိုယ့်ခြံထဲဝင် ကိုယ့် နွားပေါ့။ ကျွန်တော်ကတော့ ရောင်းမှာပဲ။
သိတယ် မဟုတ်လား။
လူဆိုတာ ကိုယ်ကျိုး ထက် အမျိုးမသိနိုင်ဘူး။
စောနဒီ
(ရွှေအမြုတေ မဂ္ဂဇင်း၊အောက်တိုဘာလ ၂၀၁၂)

No comments: