Wednesday, May 8, 2013

အင်ဒိုနီးရှားက မြန်မာသံရုံးကို အကြမ်းဖက်တိုက်ခိုက်ဖို့ ကြံစည်သူတွေ နောက်ထပ်ဖမ်းမိ



အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့က မြန်မာသံရုံးဗုံးခွဲဖို့ ကြံစည်မှုနဲ့ဆက်စပ်ပြီး နောက်ထပ် အကြမ်းဖက်အဖွဲ့ဝင်တွေ ပုန်းအောင်းနေတဲ့ နေအိမ်တစ်ခုကို အင်ဒိုနီးရှားရဲတပ်ဖွဲ့က ဒီကနေ့ ဝင်ရောက်စီးနင်းဖမ်းဆီးရာမှာ အကြမ်းဖက်သမားတွေနဲ့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။

ဂျာကာတာမြို့က နောက်ဆုံးရရှိတဲ့သတင်းအရ အကြမ်းဖက်သမား သုံးယောက်ကို အသေဖမ်းမိပြီး၊ နှစ်ယောက်ကိုတော့ အရှင်ဖမ်းမိတယ်လို့ အင်ဒိုနီးရှားရဲချုပ်က ပြောပါတယ်။ သူတို့ဆီကနေ ပစ္စတိုသေနတ် ၃ လက်နဲ့ လက်လုပ်ဗုံး ၂ လုံးလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ဆိုပါတယ်။

အနောက်ဂျာဗားခရိုင်က စင်ဂွန်ဒီဝါရွာမှာ မနက် ၁၁ နာရီခွဲက စတင်ဖြစ်ပွားခဲ့တဲ့ အဲဒီအပြန်အလှန်ပစ်ခတ်မှုဟာ နာရီအတော်ကြာမြင့်ခဲ့တယ်လို့ အင်ဒိုနီးရှားအမျိုးသား ရဲတပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် Boy Rafli Amar က ပြောပါတယ်။

အကြမ်းဖက်သမားတွေ ခိုလှုံနေတဲ့အိမ်ဟာ လယ်ကွင်းပြင်ထဲမှာဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်တွေ ဝိုင်းဝန်းပစ်ခတ်နှိမ်နင်းနေတာကို ရုပ်မြင်သံကြားကနေ ထုတ်လွှင့်ပြသခဲ့တယ်လို့ဆိုပါတယ်။ အကြမ်းဖက်သမားတွေဟာ လွန်ခဲ့တဲ့ ၄ လလောက်ကတည်းက အဲဒီအိမ်ကို ငှါးရမ်းအသုံးပြုနေခဲ့ပြီး အခုစီးနင်းဝင်ရောက်ဖမ်းဆီးတဲ့အခါ ပြန်ပြီးခုခံတဲ့အတွက် ပစ်ခတ်နှိမ်နင်းခဲ့ရတာဖြစ်တယ်လို့ အင်ဒိုနီးရှားရဲချုပ်က ပြောပါတယ်။

အေးချမ်းမွန် Credit & Copy From > RFA Burmese https://www.facebook.com/excellencemedia
သတင်းများသည် သက်ဆိုင်ရာသတင်းဌာန၏ မူရင်းရေးသားချက် သာဖြစ်သည်

No comments: