နေရာ၊ တာဝတိံသာပြည်၊ သကြားမင်းကြီး ဘဲဥပုံရုံးခန်း။
သကြားမင်းကြီးနှင့်အတူ မာတလိစ် (စက္ကထရီ အော့ဖ် တာဝရိန်သာ)၊
ပေါင်တန်ရှည်ရှည် အသားညိုညို ဆံပင်ဂုတ်ဝဲနှင့် နတ်စာရေးမတဦး၊
တာဝတိံသာ လုံခြုံရေး ဒါရိုက်တာ နတ်မင်း၊
တာဝတိံသာနှင့် ငရဲပြည်များ ဆက်ဆံရေးနတ်မင်း၊ တာဝတိံသာ စီးပွားရေးနှင့်ဖွံ့ဖြိုးမှုဆိုင်ရာ နတ်မင်းတို့ ရှိနေစေ။
သကြားမင်းကြီး ပဏ္ဍုကမ္ဗလာ ဆုံလည်ကုလားထိုင်မှာထိုင်ရင်း စားပွဲပေါ်က
ဂလိုဘဲလ် ခွေးသရေ ဖိုင်တွဲထဲမှာ အထူးဆုံးဖြစ်နေတဲ့
မြန်မာပြည်ခွေးသရေဖိုင်လ်ကို လှမ်းယူလိုက်စေ။
(သကြား) မြန်မာ ပြည်ဆိုင်ရာခွေးသရေဖိုင်က အရင်က ဒီလောက်မထူပါဘူး။ ဒီရက်ပိုင်းအတွင်း တယ်ထူလာပါလား။
(တာဝတိံသာလုံခြုံရေးဆိုင်ရာနတ်မင်း) (သွက်လက်စွာဖြင့်) ၉၆၉ အဖွဲ့ဝင်တွေကို ထပ်တည့်လိုက်ရလိုပါဖရာ့။
ခွေးသရေနဲ့မလောက်တော့လို့ ဖိုင်ကို ဆင်သရေနဲ့ချုပ်ဖို့ ညွှန်ကြားထားပါတယ် ဖရား။
(သကြား) တယ်ဆိုးတဲ့ကောင်တွေပဲ။ မာတလိရေ ဘာထူးသေးလဲကွ။
(မာတလိ) ၀န်ကြီးဦးအောင်မင်းနဲ့အဖွဲ့က မြန်မာပြည်က ပြောင်းသွားပြီ
အရင်လိုမဟုတ်တော့ဘူးလို့ ပြည်ပထွက်သွားတဲ့ ပညာရှင်တွေကိုလိုက်ပြီး
စည်းရုံးလှုံ့ဆော်မှုတွေ လုပ်နေကြတယ် ဖရား။
(သကြား) ! ဟာ ဟုတ်လား။ တကယ်ပြောင်းသွားပြီလားကွ။
(မာတလိ) ဦးနေ၀င်းခေတ်ကလဲ ပြောင်းပြီပြောတာပဲ။ နိုင်ငံရေးခေါင်းဆောင်ကြီး
၃၃ ဦး အကြံပေးကော်မတီတောင် ဖွဲ့လိုက်သေးတယ်။ ခင်ညွန့် လက်ထက်မှာလဲ
သောက်ကျိုးနဲ ပြောင်းပါပြီလို့ လုပ်ခဲ့သေးတာပဲ။ နိုင်ငံခြားရောက်
မြန်မာတွေကိုခေါ်သွားသေးတာပဲ မပြောင်းဘူး။ အခုလဲ ဦးအောင်မင်းက ဘုရားစူး
ပြောင်းသွားပြီလို့ လုပ်နေပြန်တယ် လေ။
(သကြား) ခက်တာပဲ။ အခြေခံဥပဒေမပြောင်းသမျှ ပြောင်းတယ်လို့ ပြောလို့ရမလား။
ဒီလို လိမ်ကွက်တွေကို ဘယ်သူ ယုံမလဲ။ ငါတို့နတ်တွေက ယုံကြသလား။
(မာတလိ) ယုံတဲ့နတ်တွေရှိတယ် ဖရာ့။ တာဝတိံသာကို ရောက်နေတဲ့
ဗမာနတ်သားတချို့က ယုံနေတယ်။ မြန်မာပြည် မှာ အခြေအနေကောင်းနေပြီ။
ပြန်ချင်တယ်တဲ့ ဖရား။ ပြန်သင့်မပြန်သင့် အစည်းဝေးလုပ်ကြရင်းနဲ့
ရန်ဖြစ်ကြတယ် ဖုရား။
(သကြား) ပြန်ချင်တဲ့နတ်သားတွေက ဘာကြောင့်ပြန်ချင်တာလဲကွ။
(မာတလိ) မြန်မာပြည်ကို ပြန်ပြီး နတ်တို့တတ်တဲ့ ပညာတွေနဲ့ ပြန်အလုပ်ကျွေးပြုချင်တယ်တဲ့ ဖရာ့။
(သကြား) အိုင်ဆီး။ ဒါနဲ့ မပြန်ချင်တဲ့နတ်တွေကရော
(မာတလိ) ဦးသိန်းစိန်အစိုးရအဖွဲ့ကို မယုံရသေးဘူးတဲ့ ဖရား။
(သကြား) ဟ – မောင်သိန်းစိန်ကို နိုင်ငံတကာက ဆုတွေတောင်ပေးနေတာပဲကွ။
(မာတလိ) ဆုတွေရရနေလို့  မယုံကြတာတာတဲ့ ဖရား။
(သကြား) အိုင်ဆီး။ ဒါဆိုလဲ မဲခွဲဆုံးဖြတ်ကြလေကွာ။
(မာတလိ) မဲခွဲတယ် ဖရာ့၊ ၅၀/ ၅၀ ဖြစ်သွားလို့ ဘယ်လိုလုပ်ကြရမှန်းမသိလို့ ဘော့စ်က ဆုံးဖြတ်ပေးပါတဲ့ ဖရား။
(သကြား) ဒီလိုလုပ်လေကွာ။ မြန်မာပြည်မှာရှိတဲ့ နတ်ပညာရှိတွေဖြစ်တဲ့
တောစောင့်နတ်၊ တောင်စောင့်နတ်တို့ကို ဖုံးလှမ်းဆက်ပြီး
အကြံဉာဏ်တောင်းကြည့်ပါလား။
(မာတလိ) ခေါ်တယ် ဖရာ့။
(သကြား) ဘာပြောလဲ။
(မာတလိ) သူတို့ ဆက်သွယ်ရေး ဧရိယာပြင်ပကိုရောက်နေတယ်တဲ့ ဖရား။
(သကြား) ကော်နက်ရှင်မကောင်းလို့ ဖြစ်မယ်ကွ။ နတ်သား စတိဗ်ဂျော့ထွင်ပေးထားတဲ့ ဒိဗ္ဗစက္ကုအိုင်ဖုံး ဖိုက်နဲ့ခေါ်ကြည့် ကွာ။
(မာတလိ) အိုင်ဖုံးဖိုက်ဖြင့်ခေါ်လိုက်ရာ သန်းနဲ့ချီတဲ့ နတ်အုပ်ကြီးကိုတွေ့လိုက်ရတယ်။
(မာတလိ) ဟဲလို.. ဟဲလို မြန်မာပြည်က တောစောင့်နတ်ပါလား။
(တောစောင့်နတ်) (ပင်ပန်း နွမ်းနယ်တဲ့အမူအရာဖြင့် ) ဟုတ်ပါတယ်။
(မာတလိ) ဘယ်လိုဖြစ်လာကြတာတုန်း။ များလှတဲ့ နတ်အုပ်ကြီးပါလား။
တောစောင့်နတ် – ကုန်ပြီ။ ကုန်ပြီ။ တောတွေ၊ တောင်တွေကုန်လို့ နတ်တွေ
အလုပ်ပြုတ်ကုန်ပြီ။ ဘာလုပ်စားရမှန်းလဲ မသိတော့ဘူး။ ကိုယ်ကလဲ
တောလေဘာလေးပဲစောင့်တတ်တာ။ သူများလို တလုံး နှစ်လုံး သုံးလုံးလေး
ဒိုင်ကိုင်တတ် ရင်လဲ မဆိုးဘူး။ (တောစောင့်နတ်က လက်တုန်ချေတုန်ဖြင့်)
အသင်နတ်သားက အခုဘယ်ကခေါ်နေတာလဲ။ ကိုယ် ရောင်ကိုယ်ဝါ တယ်လန်းပါလား။
နတ်ရေစင်လေးတခွက်လောက် ကြင်နာနိုင်မလား။
(မာတလိ) (ဂရုဏာသက်စွာဖြင့်၊ ဂျက်ဒန်နီရယ်ဝီစကီ နစ်ပက်ခန့်ကို ရေခဲ၊
ဆော်ဒါစပ်ပြီး တောစောင့်နတ်ကို ပေးလိုက် တယ်) မာတလိပါ၊ စက္ကထရီအောဖ်
တာဝတိံသာပါ။ ဆိုပြီး လိပ်စာ ကဒ်ကိုထုတ်ပေးလိုက်တယ်။
(တောစောင့်နတ်) ဂျက်ဒန်နီရယ်ကို အားပါးတရမော့လိုက်ပြီး) အလိုလေ ..
တကယ်ကောင်းလှချည်ရဲ့လား။ သေရေလို့ ခေါ်မဲ့အစား ရှင်ရေလို့တောင်
ခေါ်လိုက်ချင်ရဲ့ အမောင်နတ်သားရယ်။ မောင်ရင်တို့ တာဝတိံသာမှာ ဒီလိုဟာတွေကို
နေတိုင်းသောက်နေရတာ နတ်ဖြစ်ရကျိုးနပ်ပါပေတယ်။ ကျုပ်ဘ၀ကတော့ ဆိုးပါတယ်။
သစ်ခုတ်တဲ့အလုပ်သမား တွေကပ်တဲ့ ပြည်တွင်းဖြစ် အရက်လောက်နဲ့ပြီးနေရတာ။
ပြည်တွင်း အရက်ကောင်းမှုကြောင့် နတ်သက်ကြွေသွားတဲ့ နတ်တွေလဲမနည်းတော့ဘူး
(ညည်းညူစွာဆိုရင်း၊ “ချီးယား” ဆိုပြီး မာတလိနဲ့ ခွက်ချင်း တိုစ်
လုပ်လိုက်ကြတယ်။ )
(မာတလိစ်) ချီးယား ဗျာ။ ပထမဆုံးမေးချင်တာက အခု ဒီနတ်အုပ်ကြီးက ဘယ်ကိုသွားနေကြတာလဲ။ များလှချည်လား မိန်းမတွေရော ကလေးတွေရော။
(တောစောင့်နတ်) ခရိုနီ၊ ခရိုစိမ်းတွေကောင်းမှုကြောင့် မြန်မာပြည်မှာ
တောတွေကုန်ပြီ၊ တောင်တွေကုန်သွားလို့ ကျုပ်တို့ အလုပ်ပြုတ်ကုန်ပြီ၊ အခု
မလေးကိုချီတက်နေကြတာ။
(မာတလိစ်) !!! အို မိုင် ဂေါ့၊ မလေးမှာ ဘာသွားလုပ်မှာလဲ။
(တောစောင့်နတ်) မလေးရှားမှာ သစ်ပင်တွေ၊ တောင်တွေရှိသေးတယ်ဗျ။
တောစောင့်တောင်စောင့်နတ် အလုပ်တွေ ပေါတယ်ကြားတယ်။
ဟိုမှာအလုပ်သွားလုပ်ကြမယ်။
(မာတလိစ်) “ဟိုက်ရှားလဘတ်”
(သကြား) (သံဝေဂရစွာဖြင့်) ပြောင်းတယ်ဆိုတာ ဒါကိုး။ မြန်မာပြည်ကလာတဲ့ နတ်သားတွေကို ပြောပြလိုက်ပါကွယ်။
(ကားလိတ်ချ)
သကြားမင်းကြီး
မေ ၆၊၂၀၁၃
No comments:
Post a Comment