Wednesday, May 7, 2014

ငလျင်လှုပ်လျှင် လှိုင်မြစ်ကမ်းဘေးဒေသများ ဒဏ်ခံရနိုင်ခြေပိုများ

ငလျင်လှုပ်လျှင် လှိုင်မြစ်ကမ်းဘေးဒေသများ ဒဏ်ခံရနိုင်ခြေပိုများ
စိမ့်စမ်းရေ| ဗုဒ္ဓဟူးနေ့၊ မေလ ၇ ရက် ၂၀၁၄ ခုနှစ်
ရန်ကုန်မြို့သည် ကြီးမားသော ငလျင်ကြောတစ်ခုဖြစ်သည့် စစ်ကိုင်းပြတ်ရွေ့နှင့် ကီလိုမီတာ ၃၀ ခန့်သာ ကွာဝေးသည့်အတွက် ငမိုးရိပ်ချောင်း တစ်လျှောက်နှင့် အနောက်ဘက်ရှိ လှိုင်မြစ်ကြောင်းတစ်လျှောက်ရှိ မြို့နယ်များ ငလျင်ဒဏ်ခံရနိုင်ခြေပိုများကြောင်း မြန်မာနိုင်ငံ ငလျင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစိုးသူရထွန်းက ပြောကြားသည်။
ရန်ကုန်မြို့တွင် ၁၉၃၀ပြည့်နှစ်က ပမာဏ ၇ ဒသမ ၃ ရစ်ချတာ စကေးရှိသော ငလျင်တစ်ခု လှုပ်ခတ်သွား ခဲ့မှုကြောင့် လူ ၅၀ သေဆုံးခဲ့ဖူးသည်။ ယခုအခါ ရန်ကုန်မြို့သည် လူနေထူထပ်ပြီး အထပ်မြင့်အဆောက် အအုံများပြားသော မြို့ကြီးတစ်ခုဖြစ်သည့်အတွက် နေရာတိုင်းသည် သတိထားရမည်ဖြစ်ပြီး ပြည်လမ်းနှင့် ကမ်္ဘာအေးဘုရားလမ်းတစ်လျှောက် မြေသားများသည် အောက်ခံကျောက်ပေါ် တိုက်ရိုက်တင်သဖြင့် ငလျင် ဒဏ်ခံနိုင်ခြေနည်းပါးပြီး လှိုင်မြစ်ကြောင်းနှင့် ငမိုးရိပ်ချောင်းတစ်လျှောက်ရှိ မြို့နယ်များသည် မြေပြန့်တွင် တည်ရှိသဖြင့် ဒဏ်ခံရနိုင်ခြေများသည်ဟု ၎င်းင်းက ဆက်လက်ပြောကြားသည်။
မေ ၅ရက် ညနေ ၅နာရီ ၄၂မိနစ်က ထိုင်းနိုင်ငံ၊ ချင်းရိုင်မြို့ အနောက်တောင်ဘက် ၁၇ မိုင်အကွာကို ဗဟို ပြု၍ ရစ်ချတာ စကေး ၆ ဒသမ ၀ ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ရာ အဆောက်အအုံအချို့ ပြိုကျပျက်စီးခဲ့ သည်။ အဆိုပါ ငလျင်ကြောင့် မြန်မာနိုင်ငံရှိ ရန်ကုန်၊ မန္တလေး၊ လားရှိုး၊ နေပြည်တော်၊ တာချီလိတ်နှင့် ထားဝယ်မြို့များတွင် စက္ကန့်အနည်းငယ်ကြာ ငလျင်လှုပ်ခတ်မှု ဖြစ်ပွားခဲ့သော်လည်း ပျက်စီးဆုံးရှုံးမှု များမရှိဟု ငလျင်အဖွဲ့များက ဆိုသည်။

No comments: