Wednesday, May 21, 2014

“သူဋ္ဌေးဝါဒ”

 
May 21, 2014 at 4:16pm
“ပိုက်ဆံရှားတာ နားမလည်။ ပိုက်ဆံပေါတာ ပြောတတ်တယ် … အဲ့ငယ်ငယ်ငယ်။ ဇမ္ဗူဒီပ နိမိတ္တတဲ့။ ကျန်းမာရေး နဲ့ သူဋ္ဌေးဝါဒကို မပယ်။”
          သည်သီချင်းကလေးက ကိုယ်မကြိုက်ခင်ကတည်းက မွေးသဖခင် အသည်းစွဲထင်ပါတယ်။ ရေဒီယိုကလာရင် သူလိုက်လိုက်ဆိုနေတာ ကြားဖူးတာ။ နောက်တစ်ပုဒ်ရှိသေးတယ်။ “သိန်းထီဆုကြီး” တဲ့။ “ကိုယ်တို့လက်မှတ်ပြလို့ တစ်သိန်းရတဲ့နေ့မှာ သံဃာတော် အပါးငါးရာ ဆွမ်းလောင်းမယ် တစ်ခါ။ မရှိနွမ်းပါးသော လူတွေကို ဖိတ်ကာ စားကြပါ သောက်ကြပါ။ ထင်သလောက်ပလှူမှာ။”  ဆိုပဲ။ ကလေးဘ၀ကတည်းက အဲဒီသီချင်းကလေးတွေနဲ့ ရင်းနှီးနေပေမယ့်လည်း နားထောင်လို့ ဆိုလို့ကောင်းရုံအပြင် သီချင်းကပြောချင်တဲ့ အဓိပ္ပါယ်ကို နှိုက်နှိုက်ချွတ်ချွတ် လိုက်မစဉ်းစားမိပါဘူး။ ခုတော့ ကိုယ်လည်း သူ့အသက်အရွယ် ရောက်လာလို့နဲ့တူတယ်။ ကိုယ်ချင်းစာတတ်လာပြီ။ ပိုက်ဆံ နဲ့ ပတ်သက်ရင် သူဘာတွေကို မျှော်မှန်းခဲ့သလဲ။ မရှိတဲ့စကားတော့ လေကုန်ခံပြီး မပြောချင်။ နားလည်း မထောင်ချင်။ ပေါကြောင်းဋ္ဌေးကြောင်း ကြွယ်ကြောင်းဝကြောင်းကလေးတွေပဲ ပြောရကြားရတာ မင်္ဂလာလည်းရှိ၊ လူမချမ်းသာရင်တောင် စိတ်ကလေး မချမ်းသာရပါလား။ လှူချင်တန်းချင်တာကတော့ ဗုဒ္ဓဘာသာပီပီ သဒ္ဓါတရား ဘယ်နည်းလိမ့်မလဲ။ သိန်းထီများပေါက်လို့ကတော့ နေ့ဖို့ညစာမကျန်ချင်နေ။ ထမင်းရေချောင်းစီး မောင်းတီးပြီးတော့ကို လှူပလိုက်ချင်တာ။

          လိုက်လည်းလိုက်တဲ့ သားအဖဗျာ။ “ပိုက်ဆံများရှိလို့ကတော့လေ” လို့ စိတ်ကူးသာယဉ်တာ ပိုက်ဆံရရာရကြောင်း၊ ဘယ်နေရာက ဘယ်နည်းနဲ့ ပိုက်ဆံရရ၊ မရရတဲ့နည်းနဲ့ရှာမှာပဲ ဆိုတဲ့ စိတ်ဓါတ်ကတော့ အဖေမှာရော သားမှာရော မရှိဘူး။ ဆန်မရှိ သောက်စားကြီး လျှာပေါ်မြက်ပေါက်သွားပစေ။ ဒါမျိုးတော့ မလုပ်ဘူးဆိုတဲ့အလုပ်တွေကျတော့ ကိုယ်တို့သားအဖနှစ်ယောက်စလုံး သွေးထဲကကိုပါတာ။ ပိုက်ဆံဆိုတာ သည်းခြေကြိုက်ပါ။ လိုချင်တာပေါ့။ လိုအပ်တာပေါ့။ ဒါပေမယ့် ကိုယ်တို့မျိုးရိုးထဲမတော့ ပိုက်ဆံဆင်းရဲမှာထက် သိက္ခာဆင်းရဲမှာ၊ ကိုယ်ကျင့်သီလဆင်းရဲမှာ၊ စိတ်ကောင်းနှလုံးကောင်း မရှိဆင်းရဲမှာကို ပိုကြောက်ကြတယ်။ (သတ္တိရှိလို့ မျိုးနဲ့ရိုးနဲ့ အစချီပြီး စိန်ခေါ်လိုက်တယ်ဗျာ။ ခင်ဗျားတို့ ကျုပ်လို ကိုယ်ကိုယ်တိုင်ရော မိဘဘိုးဘွားစဉ်ဆက်ထိပါ ယှဉ်နိုင်သလား။ လက်ပန်းပေါက်တောင် ခတ်လိုက်ချင်သေး။)

         ကိုယ့်အဖေဟာ ပိုက်ဆံရဖို့သက်သက်အတွက် မဟုတ်တာမလုပ်၊ သူတပါး စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်ပြီးမှ စားရမယ့်ထမင်းတစ်လုပ်ကို မမက်၊ လူပေါ်လူဇော်၊ ကတုံးပေါ်ထိပ်ကွက်၊ လူနပ်ချမ်းသာ မလုပ်ခဲ့တဲ့အတွက် ကိုယ်တို့မိသားစု မချမ်းသာပါဘူး။ ဆင်းရဲတယ် ချမ်းသာတယ်ဆိုတာ အတိတ်ကပြုခဲ့တဲ့ ဒါနမျိုးစေ့အလျောက်သာ လို့ တစ်အိမ်သားလုံး ခံယူထားတဲ့အတွက် ဘယ်တုန်းကမှတော့ ဥစ္စာဓနအတွက် စိတ်ဆင်းရဲရတယ်လို့ မရှိဘူး။ မရှိပျော်ပျော် ရှိပျော်ပျော်ပဲ။ သူ့မှာချမ်းသာတာကတော့ သားသမီးတွေပဲ ရှိသတဲ့။ ခြောက်ယောက်တောင် မွေးထားတာကိုး။ သည်သားသမီးခြောက်ယောက်ဟာ သူ့အနာဂတ်ပေါ့။ ခက်တာက သူလည်း အသက်သုံးဆယ်ကျော်မှ အိမ်ထောင်ကျတော့ သူ့အနာဂတ်ကလေးတွေ လူလားမြောက်အောင်မှ မစောင့်နိုင်ရှာဘူး။ ဆုံးကာနီးရက်ပိုင်းမှာ သားအကြီးဆုံးကလေးကို အရပ်ချင်းတိုင်းကြည့်ပြီး အင်္ဂါရုပ်ဖတ်ကြည့်တယ်။ “ငါ့သားပုခုံးက မတ်ပြီးဖြောင့်နေတာပဲ။ အစိုးရအလုပ်နဲ့ အကျိုးပေးမှာ။ ရာထူးမြဲမယ့် လက္ခဏာ။” လို့ ဆိုလေတယ်။ သူ့ပုခုံးကိုကြည့်တော့ လုံးဝန်းဝန်း ပြေလျောလျောလေး။

           သြော် သူကိုယ့်အပေါ်မှာ ထားတဲ့မျှော်လင့်ချက်ဟာ သည်ဟာပါလား။ ဟုတ်တယ်လေ။ အခု သူ့သားတော်မောင်က အစိုးရအရာရှိကြီး၊ အထူးကုဆရာဝန်ကြီး ဖြစ်လာပြီ။ ရာထူးကလည်း မြဲပါတယ်။ ပြုတ်စော်ကလေးတောင် မနံဖူးဘူး။ ဒါပေမယ့်လည်း ဘမျိုးဘိုးတူ သည်ပုတ်ထဲက ထွက်လာတဲ့ သည်ပဲကလေးမို့ “စိန်လိုချင်ရင် စိန်ဖြစ်ရမယ်။ အိမ်လိုချင်ရင် အိမ်ဖြစ်ရမယ်။” ဆိုတာ သီချင်းထဲမှာပဲ ထည့်ဆိုနိုင်တယ်။ “သည်တစ်ခါတော့ အိပ်မက်ကောင်းတာ။ အတိတ်လည်းကောင်းစွာ နိမိတ်လည်းကောင်းတာ၊ ဗေဒင်ဆရာကိန်းပြ တစ်သိန်းရဖို့ ဧကန်အမှန်ဖြစ်တာ။” လို့သာဆိုရတယ်။ တကယ်တမ်း ထီထိုးဖို့ရာကျတော့ သောင်းဂဏန်းနီးနီး အိပ်မက်ကဈေးကြီးလို့ ထီထိုးရင်း တိုက်ဖို့မေ့ရင်းဆိုတဲ့ဘ၀ကိုတောင် မရောက်နိုင်ဘူး။ ကိုယ့်လက်ရှိဘ၀ကို အဖေကျေနပ်သလား မကျေနပ်သလား မသိ။ သားကတော့ ကျေနပ်တယ် အဖေရေ။ အဖေတို့ အဖိုးတို့ကြောင့် သားဘ၀မှာ မကြည့်ရဲစရာ၊ အရှက်ရစရာ မျက်နှာငယ်စရာ၊ တစ်ဦးတစ်ယောက်မှ မရှိခဲ့သလို သည်သားတစ်ယောက်ကြောင့်လည်း ကိုယ့်မိဘဘိုးဘွား သိက္ခာညှိုးနွမ်း မျက်နှာပန်းမလှစရာ ဘယ်နေရာမှာမှ မရှိခဲ့ဘူး။ ရေစက်မကုန်လို့ တမလွန်မှာ ပြန်ဆုံရမယ်ဆိုရင်တောင် ဟိုဘွားတော်ကြီး အာဇာနည်ဗိမ္မာန်ကို မော်ကြည့်တဲ့အကြည့်မျိုးနဲ့ ကြည့်နိုင်ပြီ ထင်တာပဲ။

           လူဆိုတာတော့ ပါးစပ်ပါ ပြောတတ်ကြတာချည့်ပါပဲလေ။ အပြောကတော့ရွှေမန်းတွေ အကမှာ ချိုမိုင်မိုင် မြင်ရပေါင်းများလို့ ဘယ်ယုံတော့မလဲ။ လက်တွေ့လေးဘာလေးလည်း ပြရဦးမှာပေါ့။ လုပ်အားခ လစာနဲ့ပတ်သက်ရင် ပထမဦးဆုံးရဖူးတာက အရေးအခင်းကျောင်းပိတ်ထားတုန်း အမျိုးတွေရဲ့ ကုမ္ပဏီမှာ စာရေးဝန်ထမ်းဝင်လုပ်တဲ့အချိန်မှာပါ။ လစာ ၆၅၀၊ ဘောက်ဆူးရော ဘာရောဆို ၇၀၀ လောက် ရဖူးပါတယ်။ ကိုယ့်လခ ကိုယ့်ဟာကိုယ် လောက်အောင် မသုံးတတ်တဲ့အခါ လခထုတ်ရင် အဖွားဆီကို လခအပ်တယ် ဆို ပိုက်ဆံအပ်လိုက်ပြီး ကိုယ်ကတော့ အဲသည်ထက်ပိုအောင် တောင်းသုံးပါတယ်။ လခ နဲ့ မနှိုင်းသာတဲ့ အတွေ့အကြုံ၊ အသိပညာတွေအများကြီး ရလိုက်သား။ မရောက်ဖူးတဲ့အရပ်ဒေသတွေလည်း တော်တော်ရောက်ဖူးသွားတယ်။ အဆင့်အတန်းရှိရှိ နေနိုင်သူတွေဆီက အတုမြင်အတတ်သင် လူရည်လည်ခဲ့ပါတယ်။

          အဖွားကို နောက်တစ်ကြိမ် လခတွေအပ်နိုင်တာကတော့ အလုပ်သင်ဆရာဝန်လစာပါ။ ၉၇၅ ကျပ် ရပါတယ်။ ဒါလည်း မလောက်လို့ လိုသလောက်တောင်းသုံးတာပါပဲ။ ၁၅၇၅ ကျပ်နဲ့ လက်ထောက်ဆရာဝန် ဖြစ်လာတဲ့အချိန်မှာ အဖွားမရှိတော့ပါဘူး။ အမေနဲ့ကျတော့ အပ်မနေတော့ပဲ လိုတဲ့အခါ တောင်းသုံးရပြန်တာပါပဲ။ ဒါပေမယ့် ဆရာဝန်ဖြစ်လာပြီဆိုတော့ ဆေးခန်းကလေးဘာလေး ထိုင်တတ်လာပြီ။ အရင်ကလောက်တော့ အတောင်းမစိတ်တော့ပါဘူး။ ဆေးရုံဂျူတီအားချိန်တွေ Polyclinic တွေမှာ Medical Officer ၀င်လုပ်တတ်လာတော့ ကိုယ့်အိမ်မှာမရှိတဲ့ အသုံးအဆောင် ပစ္စည်းကလေးတွေ ၀ယ်ဝယ်ဖြည့်ပြီး ဇိမ်ခံပစ္စည်းများရဲ့ အရသာကို ခုံခုံမင်မင် ခံစားပါတယ်။ ဆေးရုံကလခဟာ မလောက်သော်ငြားလည်း “သည်လခကလေးနဲ့…” ဘာဖြစ်တယ် ညာဖြစ်တယ် ဆိုတဲ့စကားမျိုး မပြောခဲ့သလို၊ ကိုယ့်ကိုယ်ကိုယ် ဆေးရုံမှာ အချိုးတစ်မျိုး ဆေးခန်းမှာ အချိုးတစ်မျိုး မဖြစ်အောင် သတိထားပါတယ်။ ခေါင်းထဲမှာ မြဲမြဲမှတ်ထားတာကတော့ ကိုယ့်အနာဂတ်ဟာ ဆေးခန်းမှာ မရှိဘူး။ ဆေးရုံမှာပဲ ရှိတာ။ ဆေးခန်းက ပိုက်ဆံကိုသာ ပေးနိုင်တာ လို့ နားလည်ထားပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရကြေးဆို ဆေးရုံမှာ သင်ယူပြီး ဆေးခန်းမှာ လုပ်စားပါတယ်။ ဆေးခန်းကရခဲ့တဲ့ ပိုက်ဆံတွေက ခုချိန်မှာ ဘာတစ်ခုမှလက်ဆုပ်လက်ကိုင် ပြစရာမရှိတော့ပဲ ဆေးရုံကရလာတဲ့ အတတ်ပညာတွေကတော့ အခုလက်ရှိရောက်နေတဲ့ဘ၀ပါပဲ။ ဆေးရုံကလစာ ၁၅၇၅ ကျပ် နဲ့ ဆေးခန်းက ပျမ်းမျှဝင်ငွေ ၅၀၀၀၀ ကျပ် အကြားမှာ ရွှေသမင်ရေလိုက်လွဲသွားရင် အခုလောက်ဆို လစာလေးငါးဆယ်သိန်းတန် MO လောက်တော့ ဖြစ်မှာပေါ့လေ။ တစ်သိန်းကိုးသောင်းတန် ခွဲစိတ်ဆရာဝန်တော့ ဘယ်ဖြစ်ပါ့မလဲ။

             အိမ်ထောင်ကျပြီးတဲ့နောက်မှာတော့ နေ့ဆေးရုံ ညဆေးခန်းဘ၀ကို ရေရှည်ဆက်လျှောက်ဖို့ မဖြစ်နိုင်တော့ပါဘူး။ သမီးနဲ့နေရတဲ့အချိန်လေးတွေက ညနေ ညဦးပိုင်းကလေးတွေပဲ ရှိတာ။ သူ့ကို ထမင်းလည်း ကိုယ်တိုင်ခွံ့ကျွေးချင်တယ်။ ရေမိုးချိုး၊ သနပ်ခါးလိမ်း၊ အ၀တ်အစားလဲ၊ အိပ်ယာဝင်ရင် ချော့သိပ်တာလည်း ကိုယ်တိုင်ပဲ လုပ်ချင်တယ်။ သူ့အတွက် လုပ်ပေးမယ့်သူမရှိလို့ မဟုတ်ပါဘူး။ ကိုယ်တိုင်လုပ်ပေးရတာ စိတ်ချမ်းသာလို့ကို လုပ်ပေးချင်တာ။ အဲဒါတွေအတွက် “စားဝတ်နေရေး ငွေရှာပေး၊ ကျေးဇူးကြီးပေ တို့ဖေဖေ။” ဆိုတဲ့ ၀တ္တရားကို သိသိကြီးနဲ့ မသိချင်ယောင် ဆောင်ပလိုက်ပါတယ်။ ကိုယ့်ဘာသာကိုယ် ပေးတဲ့ဆင်ခြေကတော့ သမီးဟာ ကိုယ်ရှာကျွေးမှ စားရတဲ့ဘ၀မဟုတ်ဘူး။ သူ့ကို ပစ်ထားပြီး ကိုယ်ရှာပေးတဲ့ပိုက်ဆံ တစ်ပဲခြောက်ပြားထက်စာရင် သူ့အတွက် ကိုယ်ပေးတဲ့အချိန်၊ မေတ္တာ၊ ယုယမှုကသာလျှင် သူလိုချင်မယ့် သူလိုအပ်မယ့် အရာလို့ တွေးမိတာကိုး။ ဒါပေမယ့်လည်း အလကားနေရင်းသက်သက် အချိန်တွေကုန်သွားမှာ ကြောက်တာကြောင့် ညနေပိုင်းတချို့ရက်တွေမှာ ပြင်သစ်စာစသင်ဖြစ်ပါတယ်။ အဲ့ဒါ ရန်ကုန်က မပြောင်းမချင်း ခြောက်နှစ်လောက်ကြာတာပေါ့။ တစ်ဘက်က နေ့ဘက်မှာ ဘွဲ့လွန်ကလည်း တက်ရသေးတယ်လေ။ သူများသားသမီး ယူပြီးရှာမကျွေးယုံတင် မကဘူး။ ကိုယ့်အတွက် စားရိတ်ပါ လက်ဖြန့်တောင်းသုံးနေလို့ကတော့ ဘယ်ဖြစ်မလဲ။ သိတဲ့အတိုင်း လခကလည်း ဘယ်တုန်းက လောက်ဖူးတာကျလို့။ ကျောင်းစားရိတ်တွေကလည်း ရှိသေး။ ဒါနဲ့ပဲ ပြင်သစ်စာ ကျူရှင်ပြန်သင်တဲ့ဆရာ အဖြစ်ကို ရောက်ရပြန်ပါတယ်။ သူတို့လည်းတတ်၊ ကိုယ်လည်းတတ်၊ သုံးစရာစွဲစရာလေးလည်းရ။

               သည်လိုနဲ့ ပထမဦးဆုံး ရန်ကုန်မြေကခွာပြီး လောက်ကိုင်ကို ပြောင်းရတဲ့အခါမတော့ ကိုယ့်ဘ၀ကို ဖာတစ်လုံးခေါင်းကျား မဟုတ်ပေမယ့် သံသေတ္တာနှစ်လုံးထမ်းပြီး ရွှေ့ပါတယ်။ အ၀တ်အစားတစ်သေတ္တာ၊ စာအုပ်တစ်သေတ္တာ။ လစာ ၇၅၀၀ ဖြစ်နေပါပြီ။ အရပ်စိမ်းစိမ်း လူစိမ်းစိမ်းတွေရဲ့အလယ်မှာ ကိုယ့်အတတ်ပညာတစ်ခုတည်းကို အားကိုးလို့ ရှင်သန်ရပ်တည်နိုင်အောင် ကြိုးစားခဲ့ရပါတယ်။ သည်တော့မှပဲ ဆရာဝန်တစ်ယောက်ရဲ့ လုပ်ငန်းခွင်မှာ ပိုက်ဆံက လာရောက်စွက်ဖက် ခြယ်လှယ်လွှမ်းမိုးတာတွေကို နဖူးတွေ့ဒူးတွေ့ ကြုံရပါတော့တယ်။ အများညှိပြီး ဤကိုကျွဲဖတ်ကြမလား။ တပည့်ကိုလိမ်မာအောင်သင်ပြီး ဆရာက အာပတ်လွတ်ချင်ယောင်ဆောင်မလား။ ကိုယ့်ဆရာသမားတွေက ကိုယ့်ကို ဟင်းစားလည်း ပေးလိုက်ပြီးသား၊ ကွန်ချက်လည်း ပြလိုက်ပြီးသားပါ။ မိလာတဲ့ငါးကို ဖုတ်ကင်ကြော်လှော် ဆိုင်ပေါ်တင်ရောင်းဖို့ကတော့ ကိုယ်ဥာဏ်ရှိသလို မီးစင်ကြည့်ကဖို့ပဲ ရှိပါတယ်။ ပိုက်ဆံရှိမှ အသက်ရှင်မှန်းနားလည်တဲ့ကိုယ်ဟာ အဲသလောက်ကြီးတော့ မအပါဘူး။ ကိုယ့်မျက်စိရှေ့တင် ကိုယ်နဲ့အတူတူ အလုပ်လုပ်နေတဲ့သူတွေ ကားဝယ်ဝယ်စီးသွားတာ အလကားနေ အဘိဖ္ဇာတွေချည့်ပွားပြီး ကိုယ့်ဘာသာ ပိုက်ဆံမရှာချင်လောက်အောင်လည်း ကြွက်ပျင်းမကျပါဘူး။ ဒါပေမယ့် ကိုယ့်မှာ သွေးကစကားပြောလာတော့ ကိုယ့်ပညာကြီးဗန်းပေါ်တင်ပြီး ကြေးစကား မပြောနိုင်တော့ပါဘူး။ သူများတွေကတော့ “ခိုးချင်လိုက်တာလည်း ပြာလို့ လက်နှေးလိုက်တာလည်း ချာလို့” လို့ ပြောမလား မသိပါဘူး။ တကယ်တော့ ခိုးကိုမခိုးချင်လို့ လက်ကမသွက်တာပါ။ တရုတ်စကားတတ်လာလို့ ကိုယ့်ဘာသာကိုယ် ဆေးခန်းထွက်ထိုင်နိုင်တဲ့အခါမှာတော့ စားဝတ်နေရေးအတွက် ကြောင့်ကျကင်းသွားပါတယ်။ သူဋ္ဌေး မဖြစ်ရင်လည်း ရှိပါစေတော့။ ကွကိုယ် စိတ်ချမ်းသာ ပြီးတာပဲလေ နော့။

              တဖြေးဖြေးနဲ့ လုပ်သက်တွေကြာလာလေလေ၊ အလုပ်ထဲမှာ ပိုက်ဆံနဲ့ပတ်သက်ရင် ဘယ်လိုကင်းအောင်နေလို့ရသလဲ သဘောပေါက်လာလေလေပါ။ ဘယ်နေရာက ဘယ်လိုရပေါက်ရှိသလဲ သဘောပေါက်လာလေလေ ဆိုတဲ့သူတွေနဲ့တော့ ပြဒါးတစ်လမ်းသံတစ်လမ်း ကွဲသွားပြီး ဆုံမှတ်တစ်ခု အလွန်မှာ ကိုယ့်လမ်းကိုယ် ဆက်လျှောက်ခဲ့ကြတာပါပဲ။ အဲ့ဒါ လွယ်တယ်လို့တော့ မမှတ်ပါနဲ့လေ။ အငတ်ခံနိုင်မှ ဖြစ်တာ။ ငတ်တော့ မငတ်ပါဘူးလေ။ ကိုယ့်ထမင်းမကျွေးတဲ့အိမ်ရယ်လို့ ရှိကိုမရှိဘူး။ အမေအိမ်ကဖြစ်ဖြစ်၊ ယောက္ခမအိမ်ကဖြစ်ဖြစ် ထမင်းကျွေးဖို့ချည့် ချောင်းနေတာ။ စနေနေ့ စောင်းသွားတီးတဲ့ အန်တီ့အိမ်ရှိသေးတယ်။ ဟင်းတွေချက်ထားပြီး မလာရင် မျှော်လို့။ မိန်းမက ချက်ထားတယ်ဆိုလို့ကတော့ ဘာဆင်ခြေမှ မပေးနဲ့။ အလျှင်အမြန်စား၊ အရေးတကြီးစား၊ မပျက်မကွက်စား။ ဒါကြောင့် ရန်ကုန်မှာ ကိုယ့်အတွက် စားစားရိတ်ကတော့ တစ်နေ့ ၂၀၀၀ တောင် မကုန်ပါဘူး။ (ကာရာအိုကေတော့ မသွားနိုင်ဘူးပေါ့ ဘဥာဏ်ရာ။ အဲ့မှာ ၂၀၀၀ သွားပေးရင် ပြန်ယူသွားပါ ဦးလေးရယ်။ သမီးတို့ မုန့်ဖိုးပြန်ပေးပါတယ် ပြောခံရမှာ။)

              နေစားရိတ်က ယောက္ခမပေးတဲ့အိမ်မှာ နေတာလေ။ အိမ်လခမပေးရ။ မီတာခလေး ၄၀၀၀၀ ဖြစ်သွားလို့ ဟိုနေ့က ပေါက်ကွဲပလိုက်တာ။ အ၀တ်အစားကတော့ ကိုယ့်ဘာသာ ၀ယ်မ၀တ်ဖြစ်တာ တော်တော်ကို ကြာပြီ။ အမြင်မတော်လို့ ယောက္ခမက ဆင်တဲ့အခါ ဆင်တယ်။ မိန်းမက ဆင်တဲ့အခါ ဆင်တယ်။ သူများတကာ လက်ဆောင်ပေးတာတွေနဲ့ဆို ၀တ်လို့တောင် မကုန်ဘူး။ ရှိတာတွေနဲ့ ရှိသလိုစပ်ဟပ်ပြီး ထင်သလိုဝတ်ပလိုက်တာပဲ။ (တော်ပါသေးရဲ့။ ကိုယ်က ဘာဝတ်ဝတ် ကြည့်ကောင်းနေတဲ့သူဆိုတော့ သူများတကာတွေလို သူမ စွဲမက်စေရန် ပန်းနုရောင် လုံးဝ မ၀တ်ခြင်းတွေဘာတွေ ဂုဏ်ဆာအေးကျော် လုပ်စရာ မလိုဘူး။) ကိုယ့်အတွက် အဓိကကုန်ကျစားရိတ်က ကားထဲဆီထည့်ရတာပဲ ရှိတယ်။ အမ်းမှာလို ဆေးရုံ၊ အိမ်၊ ထမင်းဆိုင်၊ မဟုတ်တဲ့ ရန်ကုန်မှာ တစ်နေ့တစ်နေ့ လမ်းပေါ်မှာ ဆီရော အချိန်ရောကုန်တယ်။ ဆီကုန်တာထက် အချိန်ကုန်တာက ပိုဆိုးတာ။ ဆေးရုံကနေ သမီးဆီကို တစ်နာရီနဲ့ မရောက်ဘူး။ ညနေဆို သူ့ကျုရှင်တွေ သင်တန်းတွေပို့ရတာကိုး။ ဒါလည်း ညီးညူစရာ မရှိပေါင်။ သားအဖနှစ်ယောက် သည်အချိန်လေး စကားတွေ တွတ်ထိုးကြတာ။ ခေါင်းသွားလျှော်မယ်။ ခြေသည်းလက်သည်းပြင်မယ်။ ပီဇာစားမယ်။ ရုပ်ရှင်ကြည့်မယ်။ မိန်းကလေးဆိုတာ သည်အရွယ်လောက်ကတည်းက ၀ီစိကိစ္စတွေ စလာပြီ။

            ငယ်ငယ်တုန်းက ရင်ခွင်ပိုက်ကလေးမလေးအတွက် အချိန်လိုသလို အခု အပျိုပေါက်သမီးလေးအတွက်လည်း အချိန်ပေးနိုင်မှ ရမယ်။ ဒါကြောင့် သူ့အဖေမှာ ဆေးခန်းထိုင်စရာ အချိန်တွေ မကျန်တော့ဘူး။ ဒီကြားထဲမှာ သူ့ကျူရှင်ကိုပို့ပြီးရင် အိမ်ပြန်ဖို့ကျ အချိန်က မလောက်ဘူး။ အိမ်ပြန်ရောက်ပြီးတာနဲ့ ကြိုဖို့ ပြန်ထွက်ရမှာ။ သူစာသင်နေတဲ့ အချိန် နှစ်နာရီလောက်မှာ ကိုယ်က ငုတ်တုတ်မေ့နေတာနဲ့ တစ်ခုခုလုပ်စရာ ရှာလိုက်တာ Gym ဆော့ဖြစ်သွားတယ်။ (သည်တစ်ခါတော့ ဘာမှမ၀တ်ပဲလည်း ကြည့်ကောင်းတဲ့သူဆိုပြီး ဗလကြီးညှစ်ညှစ်ပြလိုက်မကွ။) စောင်းတီးပြန်ကျင့်တာလည်း အဲသည်အတိုင်းပါပဲ။ ပြန်စဉ်စားကြည့်လိုက်တော့ ရန်ကုန်မှာနေ၊ ဖေ့စ်ဘုတ်ပေါ် လတ်လျားလတ်လျား စာတွေရေး၊ ညနေတိုင် Gym ဆော့၊ စောင်းတီးတဲ့အခါတီး၊ သမီး နဲ့ လျှောက်လည်။ တော်ရုံတန်ရုံ ထူးတဲ့ကုသိုလ်မှ မဟုတ်တာ။ ရွှေကျောင်းကြီးကို ပြောင်နေတာပဲ။ ၀မ်းလည်းမခေါင်ပါဘူး။ ဆွမ်းတွေကွမ်းတွေ ဒလဟောပိုမို၊ ဖောဖောသီသီ မြိုင်တယ် ဤဖေကိုယ်ပါ။ ဒါပေသိ ပိုက်ဆံအိပ်တော့ လာမစမ်းနဲ့ကွယ်။ ခါးပိုက်နှိုက်တောင် သနားလို့ လမ်းစားရိတ် ပြန်ထည့်ပေးသွားရမှာ။

           ကိုယ့်အိပ်ထဲ ပိုက်ဆံမရှိလည်း မသုံးပဲနေရုံပေါ့။ ပြဿနာ မရှိပေါင်။ အလှူခံလာရင်သာ ရှက်လို့ ပိုက်ဆံအိပ်ကလေး ဘယ်နားဖွက်ထားရမှန်းမသိဘူး။ ကိုယ်မတက်ချင်တဲ့ပွဲတွေမှာ မင်းတို့အားလုံး တစ်ယောက်တစ်ယောက်ကို ဘယ်၍ဘယ်မျှကျတယ် လို့ ဆင့်လာရင် မျက်နှာကလေးငယ်ပြီး နှမြောတသ သုံးကြိမ်ရွတ်ဆိုမိတယ်။ ကိုယ့်သူငယ်ချင်းကြီးတွေက ဆရာသမားတွေကို ကန်တော့ကြမတဲ့လို့ ငါးသိန်းဟဲ့ ဆယ်သိန်းဟဲ့ နဲ့ အလှူငွေတွေ သဒ္ဓါထက်သန် မြန်မာ့အားမာန် လုပ်နေတာမြင်ရင် စိတ်ထဲက သာဓုခေါ်ပြီး ကိုယ့်အိပ်ထဲက ရှိစုမဲ့စု အလှူငွေကလေး ထည့်ရမှာ ရှက်လာတယ်။ “ဟယ် သူ့ရုပ်သူ့ရည် သူ့အနေသူ့အစားမှ အားမနာ။ ဒါလေးပဲလား။” လို့ ဘယ်သူကမှ မပြောပါဘူး။ ကိုယ့်ဘာသာကိုယ်ပဲ ပြန်ပြောမိတယ်။ လှူချင်တာကတော့ ဘယ့်နှယ်ပြောပါလိမ့်။ ထီကြီးပဲ ပေါက်ပေါက်ပါစေဦး။ (ထိုးဖြင့် မထိုးပဲနဲ့)။ ငါ့ဘ၀တော့ မရှိလို့မလှူ မလှူလို့မရှိဖြစ်နေပါပေါ့လား လို့ ကြံရာမရဖြစ်လာတာနဲ့ နောက်ဆုံး ထူးပါဘူးကွယ်ဆို သွေးသွားလှူပလိုက်တာပေါ့။ အောင်မာ သွေးလှူတာတောင် အလကားရမယ်မှတ်လို့။ အိပ်ဖိုးပေးရတယ်။ မှတ်ပလား။ (ဘယ်လူနာအတွက် လှူချင်တယ်ဆိုတာမျိုးမို့ပါ)

            တကယ်တော့ နေ့စဉ်နဲ့အမျှ ကိုယ်လုပ်ငန်းခွင်မှာ လုပ်နေတဲ့ အလုပ်တွေမှန်သမျှဟာ ကိုယ့်ဆရာသမားများ သွန်သင်ပြသပေးထားသော ပညာတွေချည့်ပါပဲ။ အဲသည်ပညာတွေနဲ့ ကိုယ်ဟာ ဘယ်သူ့ကိုမှ ခြောက်မစား ဟောက်မစား၊ တောင်းမစား မောင်းမစားဘူး။ တော်လှချည်ရဲ့ တတ်လှချည်ရဲ့ မဟုတ်ပေမယ့် ဆရာတို့သင်ပေးတဲ့ပညာတွေနဲ့ မလုပ်သင့်မလုပ်အပ်သော အရာများကို ကံသုံးပါးစလုံးနဲ့ မကျူးလွန်မိအောင် စောင့်ထိန်းတယ်။ အဲသည်အတွက် ကုသိုလ်ရမယ် ဆိုပါစို့။ အဲ့ဒါ တပည့်ကလေးတစ်ယောက်တည်း ရမယ့်ကုသိုလ် မဟုတ်လေဘူး။ ကိုယ့်ဆရာသမား မိဘများ အတူတကွ ရရှိခံစားအပ်သော ကောင်းမှုမင်္ဂလာတွေဖြစ်ပါတယ်။ ဆရာတို့ အသွန်အသင် အဆုံးအမနဲ့ ဆေးဆရာကောင်း ဖြစ်အောင် ကြိုးစားနေပါတယ် ဆိုရင် ကြေနပ်လောက်သော ဆင်ခြေဖြစ်လိမ့်မယ် ထင်ပါရဲ့။ (ဟီဟိ။ မင်းပဲ အပြောကောင်းတယ်) ဒါထက် စကားမစပ် ဆင်းရဲသားတွေကို အားနာသောအားဖြင့် လစာ ၂၅% လျှော့ယူမယ်ဆိုတဲ့ ဘဘကြီးတွေ သားသားလို ဂုဏ်ဖော် ပဏ္ဏာယူသော စကားများ ပြောတတ်ဆိုတတ်ချင်တယ်ဆို အထူးကျူရှင်ပေးမယ်နော်။ ခေတ်ကြီးကိုက လူမတတ်ပေမယ့် လက်ဘက်ထုပ်တတ်တဲ့သူ အကြံပေးခန့််ရသတဲ့။ အံတီဆင့်အသံလေးနဲ့ ကိုယ့်ကိုယ်ကိုယ် ကြော်ငြာဝင်လိုက်မယ်။ “အဲ့ဒီက လဖဲ့။”

No comments: