Thursday, May 8, 2014

သန်းခေါင်စာရင်းကောက်ရန် ကျန်နေသည့် ဘင်္ဂါလီများနှင့် ထပ်ညှိမည်





ရိုဟင်ဂျာဟု ဖြည့်စွက်ခွင့်ပြုမှသာ သန်းခေါင်စာရင်းကောက်ယူနိုင်မည်ဟု စာတန်းကပ်ထားသည့် ဘင်္ဂါလီမိသားစုနေထိုင်ရာတဲတစ်လုံးကို ဧပြီ ၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − လင်းဘိုဘို/အီးပီအေ)
ရိုဟင်ဂျာအမည်နှင့် ပတ်သက်၍ အစိုးရ၏ ရပ်တည်ချက်မှာ ပြောင်းလဲမည်မဟုတ်သော်လည်း ရခိုင်ပြည်နယ်တွင် ကျန်ရှိနေသည့် ဘင်္ဂါလီလူမျိုးများကို လူမျိုးအမည်မဖော်ပြခြင်း နည်းလမ်းသစ်ဖြင့် သန်းခေါင်စာရင်းကောက်ယူရန် ညှိနှိုင်းသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ သတင်းရရှိသည်။
ရခိုင်ပြည်နယ်တွင် ကျန်ရှိ နေသော လူမျိုးခြားများ ကောက် ယူရေးပြဿနာကို ဖြေရှင်းရန် နိုင်ငံတကာ ပညာရှင်၊ပြည်တွင်း ပညာရှင်များဖြင့် ဆွေးနွေးထား ပြီး ဆွေးနွေးချက်ရလဒ် လေးခု ထွက်ရှိလာသည်။ ထိုနည်းလမ်းများအနက် ဆက်လက်ကောက်ခံမည့်နည်းလမ်းကို အစိုးရက ပထမဦးစားပေး ရွေးချယ်ထားသည်ဟု ပြည်ထောင်စုဝန်ကြီးဦးခင်ရီက ပြောသည်။
ထိုနည်းလမ်းကို ရွေးချယ်ရာတွင် ပဋိပက္ခဖြစ်စေမည့် ပြဿနာ များကို ရှောင်ရှားရန်အတွက် လူမျိုးအမည် မဖော်ပြသည့် နည်းလမ်းကို ယခုလတ်တလောဆွေးနွေး ညှိနှိုင်းသွားမည်ဖြစ်ကြောင်း ၀န်ကြီးက ပြောသည်။ ကောက်ယူမရသည့် ခရိုင်သုံးခုတွင် စာရင်း ပြန်လည်ကောက်ခံနိုင်ရန် ပြည်ထောင်စုဝန်ကြီးသည် မေ လ ၉ ရက်တွင် ရခိုင်ပြည်နယ်သို့ သွား ရောက်ရန် စီစဉ်ထားသည်။
‘‘ရိုဟင်ဂျာကို လက်ခံထားတာ မရှိတဲ့အတွက် ရိုဟင်ဂျာနဲ့ ပတ်သက်တဲ့ ရပ်တည်ချက်ကိုတော့ ပြောင်းမှာမဟုတ်ပါဘူး။ ဒါပေမဲ့ လူမျိုးမေးရင် ဘင်္ဂါလီလို့ မပြောချင်ဘူးဆိုရင် လူမျိုးမဖော်ပြတဲ့ ပြောတဲ့နည်း ကြိုတင်အကြောင်းကြား ကောက်ယူသွားမှာ ဖြစ်ပါတယ်’’ ဟု ဦးခင်ရီက ပြောသည်။
ဆွေးနွေးညှိနှိုင်းရာတွင် ပြေလည်မှုမရှိပါက ဆက်မကောက်ဘဲ ရပ်ထားနားထားမည် ဖြစ်သည်။ ရပ်နားထားပြီးနောက် မည်မျှ အတိုင်းအတာအထိ ကောက်ပြီး၍ ရာခိုင်နှုန်း မည်မျှကျန်ခဲ့သည့် ထုတ်ပြန်ကြေညာချက်နှင့်အတူ သန်းခေါင်စာရင်းလုပ်ငန်းကို အဆုံးသတ်မည်ဖြစ်သည်။
သန်းခေါင်စာရင်းလုပ်ငန်း အဆုံးသတ်လိုက်ပြီးနောက် ဘင်္ဂါလီလူဦးရေ စာရင်းကို သိရှိရန်အတွက် ယခင်ကောက်ယူထားသည့် မြန်မာနိုင်ငံတွင် နေထိုင် သော ဘင်္ဂါလီ တစ်သန်းသုံးသိန်းကျော်ရှိပြီး ရခိုင်ပြည်နယ်တွင် ၁ ဒသမ ၀၅ သန်း၊ ကျန်ပြည်နယ်နှင့် တိုင်းတို့တွင် သုံးသိန်းခန့်ရှိသည့် လူဦးရေတို့ကို အခြေခံ၍ လူဦး ရေကိုတွက်ချက်သွားမည် ဖြစ် သည်။ စာရင်းကောက်ရန် ကျန်ရှိ နေသည့် ဘင်္ဂါလီလူမျိုးများအ တွက် ကုလသမဂ္ဂအတွင်းရေးမှူး ဘန်ကီမွန်းက ပဋိပက္ခမဖြစ်ဘဲ အမြန်ဆုံးရှင်းပေးရန် မြန်မာအ စိုးရကို တိုက်တွန်းနေပြီး အဆိုပါ တိုက်တွန်းချက်ကို ၀န်ကြီးက ပြန် လည်ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ်တွင် ရိုဟင် ဂျာဟု ထည့်သွင်းမှ ဖြည့်သွင်းခံ မည်ဟု ပြောဆိုထားသဖြင့် ကောက်ယူရန် အဆင်မပြေသည့် ခရိုင်သုံးခုရှိသည်။ အဆိုပါ ခရိုင် သုံးခုတွင် စာရင်းပြန်ကောက်နိုင် ရန် ဧပြီလကုန်နှင့် မေလဆန်း တို့တွင် ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယ၀န်ကြီးတို့က ဘာသာရေး ဆရာများ၊ ပြည်သူများနှင့် သွား ရောက် ညှိနှိုင်းခဲ့သော်လည်း အောင်မြင်မှု မရှိခဲ့ချေ။
ဘင်္ဂါလီဟု ဖြေဆိုသဖြင့် ရခိုင်ပြည်နယ်ရှိ ခရိုင်နှစ်ခုတွင် ကောက်ခံရာ လူဦးရေ သောင်း ဂဏန်းခန့် ကောက်ခံပြီးစီးပြီဖြစ် ကြောင်း၊ ကျန်ပြည်နယ်နှင့် တိုင်း ဒေသကြီးများတွင် နေထိုင်သည့် ဘင်္ဂါလီစာရင်းကို ကောက်ယူထားကြောင်း ၀န်ကြီးက ပြောသည်။
ထို့အတူ ကချင်ပြည်နယ်တွင်လည်း ကောက်ခံရန် ကျေးရွာပေါင်း ၉၇ ရွာ ကျန်ရှိနေပြီး ဆက်လက်ကောက်ခံရန် ကေအိုင်အိုဗဟိုကို အစိုးရက စာသုံးကြိမ် ကြိမ်တိုင်တိုင် ပို့ထားပြီး မေလ တွင် တွေ့ဆုံသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင်လည်း တွေ့ဆုံညှိ နှိုင်းသွားမည်ဟု ဆိုသည်။
ကချင်ပြည်နယ်တွင် ကျန်ရှိနေသည့် ကျေးရွာများတွင် ကောက်ခံရန် ညှိနှိုင်းဆွေးနွေးမှု မအောင်မြင်ပါက မေလကုန် တွင် ဆက်လက်ကောက်ခံခြင်း ကို အဆုံးသတ်မည်ဟု သတင်း ရရှိသည်။

No comments: