Tuesday, May 6, 2014

“ ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့်ပတ်သက်ပြီး ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်း)မှ ကိုမင်းကိုနိုင်၏ ပြောကြားချက် ”


+++++++++++++++++++++++++++++++++++++++
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈မျိုးဆက်တို့ ဖွဲ့စည်းပုံပြင်ဆင်ရေး
ပူးပေါင်းဆောင်ရွက်မှု
=================================
“ အဓိကကတော့ဗျာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းပုံပြင်ဖို့
ထဲမှာအလှုပ်ရှားဆုံး၊ အတက်ကြွဆုံးပဲဗျ။ နောက်ပြီးတော့ လည်းအဓိက
ကျတဲ့အင်အားစုပါပဲဗျာ..။ ဒေါ်အောင်ဆန်းစုကြည်ရဲ့စကားတွေ၊ အလုပ်တွေ
အပေါ်မှာပြည်သူလူထုက နိုးကြားမှုအမြဲတမ်းရှိတယ်ဗျ။ အဲဒီတော့
လူတွေအတွက် အလိုအပ်ဆုံးကဘာဖြစ်မလဲဆိုတာကို ကျွန်တော်တို့
အဓိကကြည့်လိုက်တဲ့အခါကျတော့ ဒီဖွဲ့စည်းပုံပြင်ဆင်ရေးပဲ။ အဲဒါကြောင့်
ကျွန်တော်တို့ပူးပေါင်း ဆောင်ရွက်ရလိမ့်မယ်။ တကယ့်ကိုတက်တက်ကြွကြွ
လုပ်ကြရမှာပါ။ နယ်တွေမှာရှိတဲ့ ကျွန်တော်တို့ရဲ့ကွန်ယက်တွေအချင်းချင်း
ချိတ်ဆပ်ပြီးတော့၊ ပေါင်းပြီးတော့လုပ်ကြရမယ်။ ”

ဖွဲ့စည်းပုံပြင်ဆင်ရေး လွှတ်တော်ထဲမှာ ပြင်နိုင်/မပြင်နိုင်
===============================
“ ဖွဲ့စည်းပုံကို လွှတ်တော်ထဲမှာ ပြင်လို့ရလို့ကတော့ ပြင်ပြီးသာကြာပြီပေါ့ဗျာ။
တကယ်ကျတော့ အမတ်အများစု ရထားတဲ့ အဖွဲ့အစည်းတွေ ကိုယ်၌ကိုက
ပြင်ဆင်စိတ်မရှိလို့ မပြင်ခဲ့ကြတာပေါ့။ တကယ်ပြင်ချင်စိတ်ရှိတဲ့သူတွေ
ကတော့ ဦးဆောင်ပြီးတော့ ကြိုးပမ်းပြီပေါ့။ ကြိုးပမ်းပြီဆိုတဲ့နေရာမှာ
လွှတ်တော်ထဲမှာ နောက်ဆုံးဆုံးဖြတ်တာက သင့်လျော်တာပေါ့။ သို့သော်
လည်းပဲပြည်သူတစ်ရပ်လုံးက ဘယ်လောက်လိုလားနေတယ်ဆိုတာကိုတော့
သိကြဖို့လိုတယ်လေ။ ဆိုလိုချင်တာက လွှတ်တော်ထဲမှာတကယ်မပြီးခဲ့
လို့လည်း အပြင်ကအင်အားတွေနဲ့ပေါင်းပြီးတော့ ဒါကို နံပါတ်(၁) နှိုးဆော်
ရတယ်။ ပြီးတဲ့အခါကျရင် ပြင်ဖို့တကယ်လိုအပ်တယ်ဆိုတာကို ပြနိုင်ရမှာပေါ့။

ပုဒ်မ(၄၃၆) ပြင်ဆင်ရေး
=============
“ အခုက ဒီလိုဗျ။ ပြင်ချင်တယ်ဆိုတဲ့နေရာမှာ ဘယ်ဟာကိုပြင်မှာလည်း
ဆိုတာက အဓိကကိုဗျ။ အရေးမကြီးတဲ့ ကိစ္စတွေပြင်မယ်၊စားလုံးပေါင်းတေ
ွပြင်တာ ဒါမျိုးကတော့ ပြင်နိုင်တာပေါ့ဗျာ။အဓိကက ကျွန်တော်တို့က
တစ်ချက်တည်း။ ပုဒ်မ(၄၃၆)ပေါ့။ဒါက ပြောရမယ်ဆိုရင်တော့ ဖွဲ့စည်းပုံထဲက
အရေးကြီးတဲ့ပုဒ်မတွေကို ပြင်ဖို့အတွက်ကိုပဲ အဲဒီပုဒ်မကို ပြင်ရမှာပေါ့။
အဲဒီတော့ဖွဲ့စည်းပုံ( Amendment Procedures )ပေါ့ဗျာ။ အဲဒါကတော့
အဓိကအကျဆုံးတံခါးကြီးပဲပေါ့။ အဲဒီသော့ကို ပွင့်သွားတယ်ဆိုရင်ရပါပြီ။

ဖွဲ့စည်းပုံကို လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေဘောင်ထဲကပဲပြင်ရမယ်လို့
ပြောနေတာတွေနဲ့ပတ်သက်ပြီး
=======================================
“ ဒီလိုဗျ။ ဥပဒေကိုက မတရား တစ်ဖက်သတ်ရေးဆွဲထားတာ။ အခွင့်ထူး
ခံထားတာ။ ဖိနှိပ်ချုပ်ချယ်မှု တွေပါနေတာ။ ဆိုတော့ ...အဲဒီအတိုင်းသွားပါ
ဆိုတဲ့အခါကျတော့ တရားလား၊ မတရားလားဆိုတာ ကြည့်ရလိမ့်မယ်။
တရားမျှတမှုသာလျှင်နံပါတ်တစ် ဖြစ်တယ်။ နောက်တစ်ခုက ပြည်သူ
လူထုရဲ့ရွေးချယ် တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေ ရေးဆွဲခဲ့တာ
မဟုတ်ဘူးဗျ။ တစ်ဖက်ကလည်း အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့
သွားနေရသေးတယ်ဆိုတော့ တစ်ဖက်နဲ့တစ်ဖက် ပြင်းပြင်းထန်ထန် ...
အားနာလို့ပဲဖြစ်ဖြစ်၊ မပြောဘူးမဆိုဘူးဆိုလို့တော့ မရတော့ဘူးဗျ။ ငြင်းတဲ့
သူကတော့ ဒီထက်ပိုပြီးပြင်းထန်တာမျိုးတွေတောင် ကျွန်တော်တို့ ကြုံဖူး
ပါတယ်။ ဘာဖြစ်လို့တုန်းဆိုတော့ မဆလတုန်းက ပါတီစုံဒီမိုကရေစီကို
မပေးဘူးဆိုပြီး တော့ငြင်းတာပဲ။ ကျွန်တော်တို့ပြည်သူတစ်ရပ်လုံး ရုန်းကန်
လှုပ်ရှားလိုက်တာလပိုင်းတောင် မခံပါဘူး။ အကုန်လုံး ဗုန်းဗုန်းလဲရတာပဲ
သူတို့။ အဲဒီတော့ကျွန်တော်တို့က ငြင်းတဲ့အပေါ်မှာတော့ သိပ်ပြီးတော့
မထူးဆန်းဘူးဗျ။သဘောတူတယ်ဆိုမှသာ အံ့သြစရာရှိတာကို။

လွှတ်တော်တွင်းမှာ မပြင်ဆင်နိုင်ခဲ့ရင် ဖြစ်လာနိုင်တဲ့ အခြေအနေ၊
အလားအလာ-
====================================
“ ကျွန်တော်တို့က လွှတ်တော်ထဲမှာ အမတ်တွေအများစုကပေါ့ဗျာ။ ကိုယ့်ရဲ့
သဘောထားက ဘယ်လိုရှိတယ်ဆိုတာကို ရဲရဲတင်းတင်းပြောကြဖို့လိုပြီ။
အဲဒါမျိုးတွေအပေါ်မှာ ဘယ်လိုသဘောထားလဲဆိုပြီး ကျွန်တော်တို့ပွင့်ပွင့်
လင်းလင်းမေးရလိမ့်မယ်။ အဲဒီတော့ အဲဒီကိုယ်စားလှယ်တွေကို ပြည်သူ
လူထုက မှတ်ပြီးတော့ဒုတိယအပိုင်းအနေနဲ့ ဘာလုပ်ရမယ်ဆိုတာကို
ကျွန်တော်တို့ပြည်သူတွေ နားလည်ပါတယ်။အဲဒီတော့ အချိန်တန်လို့ရှိ
ရင်လည်း ဒီဥစ္စာကို ကျွန်တော်တို့ ဆက်ပြီးတော့ တုံ့ပြန်မှာပေါ့။ အရင်ဆုံး
အနေနဲ့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အကြမ်းမဖက်တဲ့နည်းနဲ့ကျွန်တော်တို့ ကြိုးပမ်း
ကြည့်ရမှာပဲ။ ကြိုးပမ်းမှုနဲ့အတူ တကယ်စည်းလုံးညီညွတ်မှုကိုပြနိုင်ဖို့လည်း
လိုပါတယ်။ ပြည်သူလူထုနဲ့ နိုင်ငံရေးခေါင်းဆောင် တွေ ညီညွတ်လို့ရှိရင်
ဒုတိယ Plan(B) ဆိုတာမျိုးက ဆက်တိုက်လာရမှာပေါ့။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆိုဖို့အတွက် အဓိက လုပ်ရမယ့်အရာ
===================================
“ ဒီလိုဗျ..။ ကျွန်တော်တို့ ပြည်သူတွေ ။ နံပါတ်တစ် သိဖို့လိုတယ်။ သိတယ်
ဆိုတာကျကျနနသိရမှာမျိုး ဆိုလိုတာပါ။ အဲဒီကနေတစ်ဆင့် ပြည်သူက
နိုးကြားပြီဆိုရင်ပူးပေါင်းဆောင်ရွက်မှုပါလာမယ်ပေါ့။ ပူးပေါင်းဆောင်ရွက်မှု
ကနေပြီးတော့ ကျွန်တော်တို့လွှတ်တော်တွင်းရော၊ လွှတ်တော် ပြင်ပတွေ
မှာကော အင်အားကောင်းအောင်လိုပါတယ်။အဲဒါအပြင် တကယ်ထပ်
လိုတာ တိုင်းရင်းသားအင်အားစုတွေဗျ။ ကျွန်တော်တို့ အဲဒီတော့ဒီကနေ့
ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့အတူ တွဲပြီးတော့ အရေးကြီးနေတာက
တိုင်းရင်းသားတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုဗျ။ ပြည်တွင်းငြိမ်းချမ်းရေး
ကိုပါ အာမခံချက်ရှိနိုင်တဲ့ဖွဲ့စည်းပုံမျိုး ဖြစ်တဲ့အထိ ရည်မှန်းတယ်ဆိုတဲ့
ဆိုတာမျိုးပေါ့ဗျာ။ မြင့်မြင့်မားမား၊ကျယ်ကျယ်ပြန့်ပြန့်ကို ကြွေးကြော်ပြီးတော့
တကယ်ကတိတည်တည်နဲ့ အလုပ်လုပ်နိုင်ဖို့လိုပါတယ်။

[ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်ပြီး RFA သတင်းဌာနမှ
မေးမြန်းထားချက်များအပေါ် ၈၈မျိုးဆက်ခေါင်းဆောင် ကိုမင်းကိုနိုင်၏
ဖြေကြားချက်နှင့် သဘောထားများမှ ဖော်ပြအပ်ပါသည်။ ]

No comments: