Thursday, May 8, 2014

လာဘ်ပေးလာဘ်ယူမှုပပျောက်ရေး ကော်မရှင်အနေဖြင့် လာဘ်ပေးလာဘ်ယူ နာမည်ပျက် အဖွဲ့အစည်းများကို တိုင်ကြားလာသည်အထိ မစောင့်ဘဲ အရေးယူရန်အဆို ဦးသိန်းညွန့်တင်မည်


Published on: May 7, 2014
Written by:
ဇင်ဘိုလွင်
.

လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင်အနေဖြင့် လာဘ်ပေးလာဘ်ယူမှုကြောင့် နာမည်ပျက်နေသည့် အဖွဲ့အစည်းများကို ပြည်သူများက တိုင်ကြားလာသည်အထိ မစောင့်ဘဲ အရေးယူ ကိုင်တွယ်သွားရန် အဆိုကို လွှတ်တော်သို့ တင်သွင်းသွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က The Daily Eleven ကို ပြောကြားသည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေအရ လာဘ်ပေးလာဘ်ယူသူ နှစ်ဦးစလုံးမှာ အရေးယူခံရနိုင်သည့်အတွက် တိုင်ကြားမှုများမှာ နည်းပါးနိုင်ကြောင်း၊ သို့သော် လွှတ်တော်တွင် တင်ပြသည့်အချက်များကို ကြည့်ခြင်းဖြင့်လည်း စတင်ကိုင်တွယ်နိုင်ကြောင်း၊ လာမည့် ပထမအကြိမ်လွှတ်တော် ဒသမပုံမှန် အစည်းအဝေးတွင်မူ တင်သွင်းသွားဦးမည် မဟုတ်ဘဲ (၁၁) ကြိမ်မြောက် လွှတ်တော်မှသာ တင်သွင်းသွားမည်ဖြစ်ကြောင်း ဦးသိန်းညွန့်က ပြောကြားသည်။
“အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ အခန်း(၈)လုပ်ပိုင်ခွင့် အာဏာရှိသူက ပိုင်ဆိုင်သည့် ငွေကြေး၊ ပစ္စည်းပေးရန် တာဝန်နှင့် ရရန်ပိုင်ခွင့်များနှင့် စပ်လျဉ်း၍ ကြေညာခြင်းဆိုတဲ့ အချက်ကို ဒီနေ့ နာမည်ပျက်နေတဲ့ အစိုးရ အဖွဲ့အစည်းတွေဆီမှာ လေ့လာစုံစမ်းပြီးတော့ ဒီပုဒ်မကို ကျင့်သုံးဖို့ လွှတ်တော်ကနေ လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင်ကို တိုက်တွန်းကြောင်းအဆိုကို တင်ရမှာပေါ့။ (၁၁)ကြိမ်မြောက်ကျမှ တင်မယ်။ သူတို့အတွက်လည်း အချိန်ပေးရဦးမှာပေါ့” ဟု ဦးသိန်းညွန့်က ဆိုသည်။
လက်ရှိတွင် လာဘ်ပေးလာဘ်ယူမှုနှင့် ပတ်သက်၍ အဆိုးရွားဆုံး နာမည်ပျက်နေသည်မှာ တရားရေး အဖွဲ့များဖြစ်ကြောင်း၊ လွှတ်တော်သို့ တိုင်ကြားလာသည့် စာများတွင် ၁၀၀၀၀ ကျော်၌ ၈၀၀၀ ခန့်က တရားရေးအဖွဲ့များကို တိုင်ကြားသည့်စာများ ဖြစ်နေသည်ကို ပြောကြားထားပြီးဖြစ်ကြောင်း၊ ထို့ကြောင့် တရားသူကြီးများ၏ လစာနှင့် ပိုင်ဆိုင်မှုများကို လေ့လာပြီး စုံစမ်းမှုများ ပြုလုပ်သင့်ကြောင်း ဦးသိန်းညွန့်က ပြောကြားသည်။
ဦးသိန်းညွန့်က “လွှတ်တော်မှာ ဒီနေ့ပြောနေတဲ့ တရားရေးအဖွဲ့တို့ ဘာတို့က တော်တော်နာမည်ပျက်နေပြီပဲ။ ဥပမာအားဖြင့် တရားသူကြီးရဲ့လစာက ၂၀၀၀၀၀ လောက်ပဲရှိတယ်။ ဒါပေမဲ့ ကွန်ဒိုမီနီယံတွေမှာ နေနေတယ်။ သိန်းထောင်ကျော်ကားတွေ စီးနေတယ်ဆိုရင် အဲဒါ ဘယ်ကရလဲ။ အမွေရသလား။ ဘယ်လိုဖြစ်သလဲ။ စုံစမ်းလိုက်ပေါ့” ဟုဆိုသည်။
အခွန်ထမ်းသည့်အခါတွင် ချမ်းသာကြွယ်ဝသူများထံမှ အခွန်တိုးကောက်သည့် အချက်မှာ လုပ်ကိုလုပ်ရမည်ဖြစ်ကြောင်း၊ လာဘ်ပေးလာဘ်ယူဖြင့် ကြွယ်ဝလာသူများကို စုံစမ်းစစ်ဆေးပြီး ၎င်းတို့၏ ပိုင်ဆိုင်မှုကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ပါက ၎င်းတို့ကိုလည်း လက်တွန့်ရာရောက်စေပြီး နိုင်ငံတော်ဘဏ္ဍာလည်း တိုးတက်လာနိုင်သည့်အတွက် အခြေခံလူတန်းစားများ၏ ဘ၀လည်း တိုးတက်လာနိုင်ကြောင်း၊ ယင်းအတွက် ပြည်သူများ၏ တိုင်ကြားမှုကို စောင့်မနေဘဲ ကိုင်တွယ်သွားစေလိုခြင်း ဖြစ်ကြောင်းလည်း ၎င်းကပြောကြားသည်။
လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင်ကို သမ္မတဦးသိန်းစိန်က ဖေဖော်ဝါရီ ၂၅ ရက်တွင် ဖွဲ့စည်းပေးခဲ့ပြီး ဥက္ကဋ္ဌအဖြစ် စစ်မှုထမ်း (အငြိမ်းစား) ဦးမြ၀င်းက တာဝန်ယူထားကာ အတွင်းရေးမှူးအဖြစ် သံအမတ်ကြီး (အငြိမ်းစား) ဦးတင်ဦးက တာဝန်ယူထားသည်။

No comments: