Thursday, May 8, 2014

၂၀၁၅ ခုနှစ်တွင် ထိုင်းနှင့် မလေးရှားမှ SMEs များ ၀င်ရောက်နေရာယူနိုင်ပြီး မြန်မာ့အသေးစားနှင့် အလတ်စားလုပ်ငန်းများ နာလန်ထူရန် မလွယ်နိုင်


Published on: May 8, 2014
Written by:
အငယ်ထွေး၊ နီလာ
.

၂၀၁၅ ခုနှစ်တွင် အာဆီယံနိုင်ငံများ အနေဖြင့် ASEAN Economic Community အား အကောင်အထည်ဖော်ရန် ကြိုးစားနေချိန်တွင် မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်း SMEs များ ဖွံ့ဖြိုးတိုးတက်ရေးကို ၂၀၁၅ အား target ထား၍ လုပ်ဆောင်နေသည်ဆိုသော်လည်း ၉၇ ရာခိုင်နှုန်းရှိသော မြန်မာနိုင်ငံ၏ အသေးစားနှင့်အလတ်စားလုပ်ငန်းများ နာလန်ထူနိုင်ဖို့ထက် ထိုင်းနှင့်မလေးရှားနိုင်ငံတို့မှ SMEs များ ၀င်ရောက်နေရာယူလာနိုင်ကြောင်း Myanmar Business Survey- 2014 တွင် ဖော်ပြထားချက်များနှင့် စပ်လျဉ်းပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ တွဲဖက်အတွင်းရေးမှူးဦးမြင့်ဇော်က ပြောကြားခဲ့သည်။
“အတိုဆုံးနဲ့ အထိရောက်ဆုံးပြောရင် မြန်မာနိုင်ငံရဲ့SME တွေက သူ့ဘာသာသူနေတာ ပိုကောင်းတယ်။SME တွေ ထူထောင်မယ်၊ ဖွဲ့စည်းပြီးလုပ်ပါ့မယ်ဆိုတာတွေက ပိုပြီးအနှောင့်အယှက် ဖြစ်နေတယ်။ လုပ်စားတဲ့သူက များနေတယ်။SME ကို ငွေချေးမယ်ပြောပြီး ကိုယ့်ဟာကိုယ် လက်သင့်ရာကို ငွေချေးနေကြတာတွေ ရှိတယ်။ အခုဖြစ်နေတာတွေက အဲဒါတွေပဲ။ ဥပမာ SME ကဏ္ဍကို မြှင့်တင်မယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ နိုင်ငံခြားက SME တွေ ကို တင်သွင်းလာတဲ့ကိစ္စတွေ ရှိတယ်။ ပြည်တွင်း SME တွေကို အားပေးရမယ့်အစား မလေးရှားက SME တွေ၊ ထိုင်းက SME တွေ နိုင်ငံခြား SME တွေကို တပ်မတော်ခန်းမမှာ ခဏခဏဖိတ်ပြီးတော့ ပြနေတာကို မြင်ရတွေ့ရပါလိမ့်မယ်။ တပ်မတော်ခန်းမမှာ ထိုင်း SME တွေ၊ မလေးရှား SME တွေလာပြတာ တစ်နှစ် တစ်နှစ်ကို မနည်းပါဘူး။ အဲဒါတွေကို ဘယ်သူကနေ မြန်မာပြည်က sponsor လုပ်နေတာလဲ။ SME ကို တိုးတက်လာအောင် လုပ်မယ်ဆိုတဲ့သူတွေက ခေါင်းဆောင်ပြီး လုပ်နေတာ။ ဘာအခက်အခဲလဲဆိုတော့ ခေါင်းဆောင်ပြီး လုပ်ပါ့မယ်ဆိုတဲ့သူတွေက နိုင်ငံခြား SMEတွေကို ခေါ်သွင်းလာတာ။
ဒီလူတွေနဲ့ပါတနာ လုပ်ဖို့ကြိုးစားနေတာ။ ဒုတိယက SME ကို ငွေချေးပါ့မယ်ဆိုပြီး ကိုယ်ကျိုးရှာနေကြတာ။ ဒါတွေကြောင့် လုပ်ငန်းရှင်တွေ စိတ်ပျက်ကုန်ကျတယ်”ဟု ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးမြင့်ဇော်က ပြောကြားသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ SME ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျာမနီနိုင်ငံ၏ အဖွဲ့အစည်းတစ်ခုဖြစ်သော GIZ မှ အကူအညီပေးမည့် အစီအစဉ်ရှိနေသော်လည်း လတ်တလောတွင် SME များ နာလန်ထူရန် အခက်အခဲများစွာ ရှိနေသေးသည်။
“GIZ ပဲဖြစ်ဖြစ် နိုင်ငံတကာကလာတဲ့ အဖွဲ့အစည်းတွေနဲ့ ပတ်သက်ရင် ကျွန်တော်တို့ ထင်ထင်ရှားရှားတွေ့ရတဲ့ အချက်နှစ်ချက် ရှိတယ်။ တစ်ခုကတော့ မြန်မာပြည်ကို ၀ုန်းကနဲ ဒိုင်းခနဲလုပ်ပေးမယ်ဆိုတာမျိုး မဟုတ်ပါဘူး။ များသောအားဖြင့် နှစ်လတ် နဲ့နှစ်ရှည် ရည်မှန်းချက်တွေချပြီး လာတာပါ။ ဒါကြောင့် ၂၀၁၅ မှာ SME တွေကို အတိုင်းအတာတစ်ခုထိ ဖြစ်လာအောင် သူတို့လုပ်ပေးဖို့ဆိုတာ သိပ်မလွယ်ပါဘူး။
ကျွန်တော်တစ်လောက The Strait Times မှာ ဖတ်လိုက်ရတယ်။ ထိုင်း SME တွေက မြန်မာပြည် SMEတွေကို သိမ်းပိုက်ဖို့ ကြိုးစားနေတဲ့သတင်း။ အဲဒီအနေအထားတွေကို ကူညီဖို့အတွက် GIZ က ၀င်လာတာပါ။ နိုင်ငံတကာအဖွဲ့အစည်းတွေက နောင်ငါးနှစ် ၁၀ နှစ်မှာ ဖြစ်ပေါ်လာနိုင်တဲ့ အခြေခံအဆောက်အအုံတွေကို ဆောက်ပေးဖို့ ၀င်ရောက်လာကြတာပါ။ ဒါက long term မှာ ဖြစ်သွားမှာပါ။ အဓိကကတော့ ဘယ်နိုင်ငံပဲ လာလာ ဥပမာ GIZ ပဲလာလာ ဒါတွေက ဂျာမနီရဲ့ future investment နဲ့ future economy နဲ့ ချိတ်ဆက်နိုင်ဖို့ အတွက်ပါ။ မြန်မာပြည်က SME တွေက တစ်ချိန်မှာ ဂျာမနီရဲ့ Supply chain တွေ ဖြစ်လာမယ်။ အဲဒီအချက်တွေပါ သင့်သလောက်ပါ ပါတယ်”ဟု ဦးမြင့်ဇော်က ဆက်လက်သုံးသပ်ခဲ့သည်။

အခြားတစ်ဖက်တွင်လည်း SME များ လည်ပတ်နိုင်ရန်အတွက် ငွေထုတ်ချေးသည့် အပိုင်းတွင် အတိုးနှုန်းမှာ ၈ ဒသမ ၅ ရာခိုင်နှုန်း ၀န်းကျင်ရှိနေသည့်အတွက် ယင်းအတိုးနှုန်းဖြင့် SME များ နလန်ထူရန် အခက်အခဲရှိနေကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။
“ကျွန်တော့်အမြင်ကတော့ အတိုးနှုန်းထက် တစ်နိုင်ငံလုံးမှာရှိနေတဲ့ SME တွေ အားလုံးကို ထုတ်ချေးနိုင်ဖို့ဆိုရင် လိုအပ်တဲ့ ငွေပမာဏက မနည်းပါဘူး။ တကယ်တမ်းကျတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပေးဖို့ဆိုတာမျိုး ဖြစ်မလာဘူး။ တစ်လောက ဂျပန်က SME နဲ့ပတ်သက်ပြီး ငွေထုတ်ချေးမယ်ဆိုတော့ တစ်နိုင်ငံလုံးမှာရှိတဲ့ SME တွေကို ပေးမှာလားဆိုတာ မေးကြည့်ဖြစ်တယ်။ ဂျပန်ဘက်က ပြောတာက ဒီ ပိုက်ဆံတွေက ဂျပန်နိုင်ငံက အခွန်ထမ်းပြည်သူတွေရဲ့ ပိုက်ဆံဖြစ်လို့ အကုန်လုံးမပေးနိုင်ဘူးပဲ ပြန်ဖြေတယ်။ ဒါကြောင့် သူတို့က ဦးရာလူစနစ်နဲ့ ပေးမယ်လို့ပဲ ပြန်ဖြေတယ်။ အဲလိုဆိုတော့ ကျွန်တော်တို့က ချေးငွေရဖို့ တန်းစီရမယ်။ အရင်ရောက်တဲ့သူက အရင်ရမယ့်သဘော။ အဲတော့ အခုဘဏ်တွေက အတိုးနှုန်းဆိုတဲ့ ကိစ္စမျိုးပြောလာတော့ တကယ်တမ်းပြောရမှာက SME တွေကို ငွေထုတ်ချေးမယ့်ဘဏ် ပဲပြောပြော၊ ၀န်ကြီးဌာနပဲပြောပြော သူတို့ ပြောရမှာက တစ်နိုင်ငံလုံးမှာရှိတဲ့ SME တွေ အားလုံးအတွက် ညီညွတ်သောမူဝါဒတစ်ခုနဲ့ criteria တစ်ခု သတ်မှတ်ဖို့။ ဒီ မူဝါဒတစ်ခု အောက်မှာ ကျွန်တော်မြင်တာကတော့ အတိုးနှုန်းက သိပ်ကိစ္စမရှိပါဘူး။ ဒီမူဝါဒနဲ့ ကိုက်ညီတဲ့သူတွေကို ချေးလို့ရမယ်ဆိုရင် မဆိုးပါဘူး။ မလောက်တဲ့အခါကျတော့ လာဘ်ပေးလာဘ်ယူမှုတွေ ဖြစ်လာတယ်။ အဓိကကတော့ မူဝါဒပါ။ တတ်သလောက် မှတ်သလောက် လုပ်မယ်ဆိုတာနဲ့ အကုန်လုံး တာဝန်ယူလုပ်မယ်ဆိုတာက ကွာပါတယ်”ဟု ၎င်းက ပြောကြားသည်။
မြန်မာနိုင်ငံရှိ ၉၇ ရာခိုင်နှုန်းသော လုပ်ငန်းများပုံစံများမှာ အသေးစားနှင့် အလတ်စားလုပ်ငန်းများဖြစ်ကြကြောင်း Myanmar Business Survey-2014 တွင် ဖော်ပြထားပြီး အဆိုပါစစ်တမ်းအရ လုပ်ငန်းပုံစံများတွင် ၀န်ထမ်းဦးရေ တစ်ဦးမှ ၄၀၀၀ ဦးအထိရှိတတ်ပြီး ပျမ်းမျှဝန်ထမ်းဦးရေမှာ ၄၀ ဖြစ်ကြောင်း၊ လုပ်ငန်းပုံစံများ၏ တစ်ဝက်ခန့်မှာ အလွန်သေးငယ်သော လုပ်ငန်းများဖြစ်ပြီး အများဆုံးဝန်ထမ်းဦးရေ ၁၀ ဦးခန့်သာ ရှိသည်။
သုံးပုံတစ်ပုံသော လုပ်ငန်းပုံစံများမှာ အသေးစားလုပ်ငန်းများဖြစ်ပြီး ၀န်ထမ်းဦးရေ ၁၀ ဦးမှ ၄၉ ဦးအထိ ရှိပြီး ဆယ်ပုံတစ်ပုံသော လုပ်ငန်းပုံစံများမှာ အလတ်စားလုပ်ငန်းများဖြစ်ကာ ၀န်ထမ်းဦးရေ ၅၀ မှ ၂၄၉ ဦးအထိ ရှိကြောင်း ဖော်ပြထားသည်။ သုံးရာခိုင်နှုန်းကျော် ကျော်သော လုပ်ငန်းပုံစံများမှာသာ ၀န်ထမ်းဦးရေ ၂၅၀ ထက်ပို၍ ရှိကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။
၄၈ ရာခိုင်နှုန်းသော အလုပ်အကိုင်အခွင့်အရေးများကို ၀န်ထမ်းဦးရေ ၂၅၀ ထက် ပိုသောလုပ်ငန်းပုံစံများမှာ တွေ့ရသည့်အတွက် အရေအတွက်နည်းပါးသော အကြီးစားလုပ်ငန်းများမှ အရေးကြီးသော အလုပ်အကိုင်အခွင့်အလမ်းများကို ကူညီထောက်ပံ့ပေးကြောင်း တွေ့ရှိရသည်။ လုပ်ငန်းပုံစံများမှ အသေးစားလုပ်ငန်းပုံစံ ၁၅ ရာခိုင်နှုန်းနီးပါးသည် နည်းစနစ်တကျ လုပ်ဆောင်ဖွဲ့စည်းထားခြင်းမရှိဘဲ သုံးရာခိုင်နှုန်းသော လုပ်ငန်းပုံစံများမှာ နိုင်ငံခြားပုံစံများဖြစ်နေကြောင်း သိရသည်။
..-

No comments: