Thursday, May 8, 2014

စစ်ရေးအရ ဖိအားပေးလာမည် ဆိုပါက တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်တွင် ပါဝင် လက်မှတ်ရေးထိုးမည် မဟုတ်ဟု ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က သတိပေး

စစ်ရေးအရ ဖိအားပေးလာမည် ဆိုပါက တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်တွင် ပါဝင် လက်မှတ်ရေးထိုးမည် မဟုတ်ဟု ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က သတိပေးလိုက်သည်။
ဧပြီလဆန်းပိုင်းတွင် မြန်မာ့တပ်မတော်နှင့် ကေအိုင်အေတို့အကြား တိုက်ပွဲများ ခပ်စိပ်စိပ် ပြန်လည်ဖြစ်ပွားခဲ့ပြီး ယင်းမှာ အပစ်ရပ်လက်မှတ် မထိုးနိုင်သေးသော ကေအိုင်အို/ကေအိုင်အေ အဖွဲ့ကို စစ်ရေးအရ ဖိအားပေးသည့် သဘော သက်ရောက်နေကြောင်း အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိစဉ် ဗိုလ်ချုပ်ဂွမ်မော်က ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် ကြိုးစားနေတဲ့အချိန်မှာ ဒီလိုမလုပ်ဖို့ ကျွန်တော်ပြောတယ်။ စစ်ရေးအရ ဖိအားပေးရင် လက်မှတ်ထိုးမှာ မဟုတ်ဘူး” ဟု ၎င်းက သတိပေးပြောကြားသည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ အပစ်အခတ်ရပ်စဲရန် ဆွေးနွေးရာ၌ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၄ ဖွဲ့နှင့် သဘောတူစာချုပ်များ ချုပ်ဆိုထားနိုင်ပြီး ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF) တို့နှင့်မူ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်သည်။
၂၀၁၃ ခုနှစ်တွင် လုပ်ဆောင်ရန် ရည်ရွယ်ခဲ့သော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးမှာ ၂၀၁၄ ခုနှစ် နှစ်ဝက်သို့ ရောက်ချိန်နီးသည့်တိုင် အပြီးသတ် သဘောတူညီမှု မရရှိနိုင်သေးဘဲ သြဂုတ်လမတိုင်မီ လက်မှတ်ထိုးနိုင်ရန်သာ အစိုးရနှင့် တိုင်းရင်းသားအဖွဲ့များ အကြိုသဘောတူထားသည်။ ထပ်မံဖြစ်ပွားသော တိုက်ပွဲများကြောင့် တပ်မတော်မှ အရာရှိအချို့နှင့် တပ်မတော်သား ၁၀ ဦးခန့် ကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရမှုများလည်း ရှိခဲ့ကြောင်း၊ ဗန်းမော်-လွယ်ဂျယ် ဆက်သွယ်ရေးလမ်းကြောင်း လုံခြုံစိတ်ချစေရန်အတွက် နယ်မြေ ရှင်းလင်းစဉ် ယင်းသို့ တိုက်ပွဲများ ဖြစ်ပွားခြင်းဖြစ်ကြောင်း အစိုးရက တရားဝင် သတင်းထုတ်ပြန်သည်။
သို့သော် ကေအိုင်အေ အဖွဲ့နှင့် ကချင်လူမှုအဖွဲ့အစည်း အချို့ကမူ အပစ်အခတ်ရပ်စဲရေး မလုပ်ဆောင်မီ တပ်မတော်က ကေအိုင်အေ နယ်မြေများကို ပိုမိုထိန်းချုပ်ရန် ကြိုးပမ်းနေခြင်း ဖြစ်ပြီး ယင်းလုပ်ရပ်ကြောင့် ငြိမ်းချမ်းရေးဆွေးနွေးမှုကို အဟန့်အတား ဖြစ်စေကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ ယင်းနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ကေအိုင်အေ တပ်ဖွဲ့များကသာ အပစ်မရပ်မီ ရှေ့တိုးနေရာယူမှုများ ပြုလုပ်နေခြင်း ဖြစ်ပြီး ယခင်က အစိုးရနယ်စပ် ကုန်သွယ်ရေးစခန်း ဖြစ်သည့် ပန်ခမ်းကဲ့သို့ ဒေသများကို ဝင်ရောက် တပ်စွဲမှုများရှိကြောင်း ပြန်လည်ချေပသည်။
“ဒီလိုကိစ္စတွေကို ဘယ်လိုထိန်းသိမ်းမယ်၊ အငြင်းပွားဖွယ်ရာ ဖြစ်ရင် ဘယ်လိုဖြေရှင်းမယ် ဆိုတာမျိုးတွေ ကျွန်တော်တို့ထပ်ပြီး ဆွေးနွေးဖို့ လိုမယ်” ဟု ဦးရဲထွဋ်က သုံးသပ်ပြောကြားသည်။

အစိုးရ အသွင်ပြောင်းကာလ ၂၀၁၁ ခုနှစ်မှ စတင်ဖြစ်ပွားသော တပ်မတော်နှင့် ကေအိုင်အေတို့ အကြား တိုက်ပွဲကြီးငယ်များကြောင့် နှစ်ဖက် ထိခိုက်ကျဆုံးမှု အများအပြား ကြုံတွေ့ခဲ့ပြီး ငြိမ်းချမ်းရေးအတွက် စားပွဲဝိုင်းတွင် အကြိမ်ကြိမ် တွေ့ဆုံ ဆွေးနွေးနေသော်လည်း ထိတွေ့တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။ ယခုလအတွင်း ထပ်မံဖြစ်ပွားသော တိုက်ပွဲများမှာမူ အရှိန်ကောင်းနေသော ငြိမ်းချမ်းရေးဆွေးနွေးမှု ရှေ့ခရီးစဉ်ကို ပိုမို ဝေဝါးသွားစေပြီး တပ်မတော်၏ တိုက်ခိုက်မှုများကြောင့် အပစ်ရပ် ညှိနှိုင်းမှုကို ပြန်လည် သုံးသပ်သွားမည် ဖြစ်ကြောင်း ဗိုလ်ချုပ်ဂွမ်မော်က ထုတ်ဖော် ပြောဆိုလိုက်သည်။
“သေချာ ပြောနိုင်တာကတော့ ခုဖြစ်နေတာတွေက မတော်တဆ မဟုတ်ဘူး။ အစိုးရဘက်က အစီအစဉ်တကျ လုပ်နေတာ” ဟု နှစ်ဖက်တိုက်ပွဲများနှင့် ပတ်သက်၍ ၎င်းက အစိုးရကို စွပ်စွဲပြစ်တင်ခဲ့သည်။

မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) မှ အကြီးတန်း အကြံပေးတစ်ဦးကမူ လက်ရှိအချိန်တွင် တိုက်ပွဲများ ပြန်လည် ရပ်ဆိုင်းသွားပြီ ဖြစ်ပြီး တိုက်ပွဲကြီးများ ထပ်မံ မဖြစ်ပွားပါက ငြိမ်းချမ်းရေး ဆွေးနွေးမှုအပေါ် အနှောင့်အယှက် မဖြစ်နိုင်ကြောင်း သုံးသပ်ပြောကြားသည်။ “ထပ်မဖြစ်ဘူးလို့လည်း မျှော်လင့်ပါတယ်” ဟု ၎င်းက ဆန္ဒပြုသည်။
အစိုးရ၊ တပ်မတော်နှင့် ကေအိုင်အိုတို့ အကြိမ်ကြိမ် ဆွေးနွေး သဘောတူညီမှုများ ရှိထားသော်လည်း တိုက်ပွဲများ မရပ်စဲနိုင်ခြင်းမှာ သဘောတူညီချက်များကို လက်တွေ့ အကောင်အထည်ဖော်မှု အားနည်းနေ၍ ဖြစ်ကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) မှ ဦးဆန်းအောင်က ပြောဆိုသည်။ တိုက်ပွဲများ လျှော့ချရေးနှင့် ပူးတွဲစောင့်ကြည့်ရေး (Joint Monitoring) အတွက် အစိုးရနှင့် ကေအိုင်အိုတို့ သဘောတူ လက်မှတ် ရေးထိုးထားသော်လည်း လက်တွေ့ဖြစ်မလာသေးဘဲ ယနေ့တိုင် တိုက်ပွဲများ ခပ်စိပ်စိပ် ဖြစ်ပွားနေဆဲသာ ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“ဒီအတိုင်း ဆက်သွားရင် အရင်အခြေအနေ ပြန်ရောက်ပြီး ပြည်တွင်းမှာ ဆွေးနွေးမှုတွေ လုပ်ဖို့တောင် ခက်သွားနိုင်တယ်” ဟု ဦးဆန်းအောင်က သုံးသပ်သည်။

၁၇ နှစ်ကြာ အပစ်အခတ်ရပ်စဲပြီး နယ်ခြားစောင့် တပ်အဖြစ် ပြောင်းလဲ ဖွဲ့စည်းရေးကို အစပြု၍ တပ်မတော်နှင့် ကေအိုင်အေတို့ ၂၀၁၁ ခုနှစ်တွင် တိုက်ပွဲများ အပြင်းအထန် ပြန်လည် ဖြစ်ပွားခဲ့ရာ ၂၀၁၂ ခုနှစ်၌ တရုတ်နိုင်ငံ ရွှေလီမြို့တွင် နှစ်ဖက်ဆွေးနွေးမှုများ စတင်ခဲ့သည်။ ယင်းမှတစ်ဆင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တော်တွင် နှစ်ဖက်အဖွဲ့များ အကြိမ်ကြိမ် တွေ့ဆုံနိုင်ခဲ့ပြီး ကေအိုင်အိုအဖွဲ့၏ နည်းပညာ အကြံပေး ရုံးကို မြစ်ကြီးနားမြို့တွင် ဖွင့်လှစ်နိုင်သည်အထိ ယုံကြည်မှုနှင့် ဆက်ဆံရေးများ ကောင်းမွန်ခဲ့သော်လည်း တိုက်ပွဲများကို လုံးဝ ရပ်တန့်နိုင်ခြင်း မရှိသည့်အတွက် တိကျခိုင်မာသော ငြိမ်းချမ်းရေး အာမခံချက်ကိုမူ နှစ်ဖက်အဖွဲ့များက မထုတ်ပြန်နိုင်ခဲ့ကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင်များက ထောက်ပြသည်။
သမ္မတဦးသိန်းစိန်၏ လက်ကျန် အစိုးရသက်တမ်းကာလအတွင်း အတိုင်းအတာတစ်ခုအထိ ဖော်ဆောင်နိုင်ရန် ရည်မှန်းထားသော ပြည်တွင်းငြိမ်းချမ်းရေးမှာ ဆွေးနွေးပွဲတစ်ဖက်၊ တိုက်ပွဲတစ်လှည့် တစ်နည်း စကားတစ်လှည့် ဓားတစ်လှည့် အခြေအနေများကြောင့် ဝေဝါးနေဆဲ ဖြစ်ကြောင်း ငြိမ်းချမ်းရေး လေ့လာသူများက ပြောဆိုသည်။
ကေအိုင်အေနည်းတူ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦးနှင့် တပ်မတော်တို့အကြား ထိတွေ့မှုများလည်း ဆက်တိုက်ဖြစ်ပွားနေပြီး မူးယစ်ဆေးဝါး နှိမ်နှင်းရေး လုပ်ဆောင်နေသော PSLF/ TNLA တပ်ဖွဲ့များကို တပ်မတော်က လိုက်လံ တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း အဆိုပါအဖွဲ့က ပြောဆိုသည်။ တပ်မတော်နှင့် TNLA တို့ ဧပြီလ ၂၃ ရက်နေ့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး တပ်မတော်မှ အနည်းဆုံး ၁၀ ဦးခန့် ထိခိုက်ကျဆုံးခဲ့ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ပြောကြားသည်။
ကေအိုင်အိုနည်းတူ အစိုးရနှင့် အပစ်ရပ် သဘောတူညီမှု မရရှိသေးသော TNLA အနေနှင့် ၂၀၁၃ ခုနှစ် နောက်ပိုင်း အစိုးရနှင့် တရားဝင် ဆွေးနွေးမှုများ မရှိဘဲ ယင်းသို့ တိုက်ပွဲများ ဖြစ်ပွားနေခြင်းမှာ နှစ်ဖက်ယုံကြည်မှုကို ထိခိုက်စေကြောင်း PSLF/ TNLA အဖွဲ့ ပြန်ကြားရေးဌာန တာဝန်ရှိသူတစ်ဦးက ဖွင့်ဆိုသည်။
ကချင်ပြည်နယ် လိုင်ဇာနှင့် ကရင်ပြည်နယ် လော်ခီးလာ ဒေသတို့တွင် ပြုလုပ်သော တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးညီလာခံများ နောက်ပိုင်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ပြုလုပ်ရန်အတွက် ဆွေးနွေးမှု အရှိန်အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပြီး တပ်မတော်၏ ငြိမ်းချမ်းရေးဆန္ဒအပေါ် တိုင်းရင်းသားခေါင်းဆောင် အများအပြားက အသိအမှတ် ပြုရသည်အထိ တိုးတက်လာသော်လည်း ဧပြီလဆန်းတွင်မူ ငြိမ်းချမ်းရေး ခြေလှမ်းများ မှန်းဆရ ခက်ခဲလာခဲ့သည်။ ယင်းသို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ပြန်လည် တုံ့ဆိုင်းလာခြင်းမှာ ယခုလဆန်းပိုင်းက ပြုလုပ်သော အစိုးရ၊ တပ်မတော်နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းမှုအဖွဲ့ (NCCT) တို့ ရန်ကုန်မြို့၌ ဒုတိယအကြိမ် တွေ့ဆုံမှုအပြီး ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
ဖက်ဒရယ်ပြည်ထောင်စု စနစ်၊ ၂၀၀၈ အခြေခံဥပဒေနှင့် တပ်မတော်၏ ငြိမ်းချမ်းရေး မူဝါဒများအပေါ် နှစ်ဖက် နားလည်မှု ရရှိအောင် မဆောင်ရွက်နိုင်သဖြင့် အပစ်ရပ်စာချုပ် ရေးဆွဲရေး ညှိနှိုင်းမှုများတွင် သဘောထားကွဲလွဲမှုများ ထပ်မံပေါ်ပေါက်ခဲ့ပြီး ဘားအံမြို့တွင် ပြုလုပ်မည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကိုလည်း ရက်သတ်မှတ်နိုင်ခြင်း မရှိကြောင်း တိုင်းရင်းသား ခေါင်းဆောင်များက ပြောကြားသည်။
အစိုးရနှင့် NCCT တို့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာ၌ ဒုတိယအကြိမ် ဆွေးနွေးမှုများ ပြုလုပ်နေစဉ် ကချင်ဒေသတွင် ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် အပစ်ရပ်စာချုပ် လက်မှတ်ထိုးရန် အစိုးရက စစ်ရေးအရ ဖိအားပေးသည့် သဘော သက်ရောက်နေကြောင်း ဗိုလ်ချုပ်ဂွမ်မော်က ပြောဆိုလိုက်ခြင်း ဖြစ်သည်။
တိုက်ပွဲများ ပြန်လည် ဖြစ်ပွားရခြင်း၏ အကြောင်းအရင်း အတိအကျကို ထုတ်ဖော် ပြောဆိုနိုင်ခြင်း မရှိသော်လည်း ကချင်ပြည်နယ်တွင် တပ်မတော်က အင်အားအလုံးအရင်းဖြင့် တိုးချဲ့ နေရာယူလာကြောင်း ကေအိုင်အိုက စွပ်စွဲပြောကြားသည်။
အဆိုပါတိုက်ပွဲများ ဖြစ်ပွားရခြင်းမှာ အစိုးရက ဆောင်ရွက်နေသော ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းစဉ်များတွင် ပါဝင်သည့် စာရင်းကောက် ဝန်ထမ်းများကို ကေအိုင်အေအဖွဲ့က အသက်အန္တရာယ် ခြိမ်းခြောက်မှုများ ကြုံတွေ့လာသဖြင့် တပ်မတော်က လုံခြုံရေးဆောင်ရွက်စဉ် ထိတွေ့မှုများသာ ဖြစ်ကြောင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။ ဧပြီလ ၄ ရက်နေ့တွင် စတင်သည့် ထိတွေ့မှုများကြောင့် ဒုတပ်ရင်းမှူးတစ်ဦး ကျဆုံးခဲ့သဖြင့် နှစ်ဖက်တိုက်ပွဲများ ဖြစ်ပေါ်ခဲ့ပြီး ဧပြီလ ၁၇ ရက်နေ့ နောက်ပိုင်းတွင် ထပ်မံထိတွေ့ တိုက်ပွဲများ မရှိတော့ကြောင်း၊ ထိတွေ့မှုများမှာလည်း ကေအိုင်အေက စွပ်စွဲသကဲ့သို့ စစ်ရေးအရ ဖိအားပေးမှု လုံးဝမဟုတ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
“ဒီတိုက်ပွဲတွေကြောင့် ငြိမ်းချမ်းရေးဆွေးနွေးမှုကို လုံးဝ ထိခိုက်စေမှာ မဟုတ်ပါဘူး။ ဒီထိတွေ့မှုတွေကလည်း ကျွန်တော်တို့က ကေအိုင်အေတွေကို ရှာတိုက်နေတာ မဟုတ်ဘူးလေ” ဟု ၎င်းကဆိုသည်။

ဆွေးနွေးပွဲတစ်ဖက်၊ တိုက်ပွဲတစ်ဖက်ဖြင့် လိပ်ခဲတည်းလည်း ဖြစ်နေသော ငြိမ်းချမ်းရေး ဆွေးနွေးမှုတွင် အမေရိကန်ပြည်ထောင်စု အပါအဝင် ကုလသမဂ္ဂနှင့် တရုတ်၊ ဗြိတိန်ကဲ့သို့သော နိုင်ငံများ ပါဝင်လာရန် ဗိုလ်ချုပ်ဂွမ်မော်က တောင်းဆိုလိုက်ပြီး ငြိမ်းချမ်းရေးကိစ္စမှာ ပြည်တွင်းရေးသာ ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးရဲထွဋ်က တုံ့ပြန်ခဲ့သည်။
ကချင်ဒေသတွင် ဖြစ်ပွားသော တိုက်ပွဲများ၏ အခြားအကြောင်း တစ်ရပ်မှာ ကေအိုင်အေနှင့် အပေါင်းအပါများက သစ်မှောင်ခိုကဲ့သို့သော သယံဇာတ ထုတ်ယူမှုများကို တားဆီး ဟန့်တားရာမှ ဖြစ်ပွားလာခြင်း ဖြစ်ပြီး စီပွားရေး အကျိုးအမြတ်ကို အခြေခံသည့် ထိတွေ့မှုများ ဖြစ်ပွားနေခြင်း ဖြစ်ကြောင်း အစိုးရက ရှင်းလင်းသည်။
သို့သော် အစိုးရနှင့် ကေအိုင်အေမှာ စီးပွားပြိုင်ဘက် မဟုတ်သည့်အတွက် ယင်းအကြောင်းပြချက်မှာ မခိုင်လုံကြောင်း၊ တိုက်ပွဲကို စီးပွားရေးကိစ္စဖြင့် အကြောင်းပြ၍ မရကြောင်း ဗိုလ်ချုပ်ဂွမ်မော်က အမေရိကန်ပြည်ထောင်စု ခရီးစဉ်အတွင်း ပြန်လည် ပြောကြားခဲ့သည်။ ထို့အတူ ငြိမ်းချမ်းရေး စကားဝိုင်းတွင် အဓိကအခက်အခဲမှာ တိုင်းရင်းသားများ လိုလားသော ဖက်ဒရယ်စနစ်ကို အစိုးရ လက်မခံလိုသည့်အတွက် နှစ်ဖက်ဆွေးနွေးမှုများ ကြန့်ကြာနေခြင်း ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုခဲ့ပြီး ယင်းပြောဆိုချက်မှာ မဟုတ်မှန်ကြောင်း ဒုတိယဝန်ကြီး ဦးရဲထွဋ်နှင့် မြန်မာ့ငြိမ်းချမ်းရေး အကျိုးဆောင်များက ပြန်လည် ရှင်းလင်းခဲ့သည်။
ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်ဟု သတ်မှတ်ခံရသော တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် ညှိနှိုင်းစဉ်တွင် ယင်းသို့ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားမှုမှာ ကောင်းမွန်သည့် လက္ခဏာ မဟုတ်ကြောင်း အစိုးရနှင့် ယုံကြည်မှု တည်ဆောက်ရာတွင် နာမည်ကောင်း ရထားသော ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ဖဒိုမန်းငြိမ်းမောင်က ရှင်းပြသည်။
“နှစ်ဦးနှစ်ဖက်က ဒါတွေ လျှော့ချဖို့ လိုပါတယ်” ဟု တိုက်ပွဲများ လျှော့ချရန် ၎င်းက တိုက်တွန်းလိုက်သည်။

KNU နည်းတူ အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များကလည်း တိုက်ပွဲများ ဖြစ်ပွားမှုအပေါ် အသီးသီး စိုးရိမ်နေကြပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှုတွင် ယုံကြည်မှုကို များစွာ ထိခိုက်စေကြောင်း ထုတ်ဖော် ပြောကြားသည်။
အပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များအတွက် NCCT အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ်များ ဧပြီလ နောက်ဆုံးပတ်၌ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ပြီး မေလလယ်ခန့်တွင် အစိုးရနှင့် ထပ်မံတွေ့ဆုံမည် ဖြစ်ကြောင်း NCCT ထံမှ သိရသည်။
တိုင်းရင်းသားဒေသ အများစုတွင် မိုးရာသီကာလ၌ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် လုပ်ငန်းဆောင်ရွက်မှုများ အခက်အခဲ တွေ့နိုင်သဖြင့် ယင်းကာလမတိုင်မီ အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ရန် နှစ်ဖက်အဖွဲ့များ မျှော်လင့်ထားသော်လည်း ဆွေးနွေးမှုများကို စောင့်ကြည့်ရဦးမည် ဖြစ်သည်။ ထို့အတူ ဆွေးနွေးပွဲများကြားမှ ထိတွေ့ တိုက်ပွဲများကိုလည်း တိုင်းရင်းသားများ အပါအဝင် ငြိမ်းချမ်းရေး အကျိုးဆောင်များက စိုးရိမ်နေပြီး တိုက်ပွဲများကြောင့် ငြိမ်းချမ်းရေးအလားအလာ မည်သို့ ဖြစ်ပေါ်နိုင်သည်ကို အတိအကျ မခန့်မှန်းနိုင်သေးကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာမှ အကြီးတန်းအကြံပေး တစ်ဦးက ပြောကြားသည်။
“တိုက်ပွဲတွေ ကြီးကြီးမားမား မရှိရင်တော့ ဆွေးနွေးမှုတွေက သတ်မှတ်ထားတဲ့အတိုင်း ဆက်သွားနေမှာ။ အဲဒီလို မဟုတ်ဘဲ တိုက်ပွဲ များလာရင်တော့ အပစ်ရပ် ဆွေးနွေးမှုအပေါ် ထိခိုက်လာလိမ့်မယ်” ဟု ၎င်းက သုံးသပ် ပြောဆိုသည်။

No comments: