Tuesday, May 27, 2014

“ပန်းကလေးများ ပွင့်တော့မည်”


May 27, 2014 at 3:06pm
        မကြာခင်မှာ ကလေးတွေ ကျောင်းဖွင့်တော့မယ်။ ကျောင်းအပ်တဲ့ရာသီ ရောက်လာပြီ။ “မောင်တို့မယ်တို့ ကျောင်းခန်းဝင် အပြုံးပန်းကိုဆင်။ မင်္ဂလာပါ ဆရာမ။ ညီညီညာညာ နှုတ်ဆက်ကြ။” တဲ့။ အဖြူအစိမ်းကလေးတွေနဲ့ ပွင့်သစ်စပန်းကလေးတွေကို မြင်ရတာ သိပ်ကျက်သရေ ရှိတာပဲ။ မိဘ၊ ဆရာ၊ ကျောင်းသား၊ သုံးဦးသုံးဖလှယ် တက်ကြွပြီး စာသင်နှစ်အသစ်ကို တာစူတဲ့အချိန်ပေါ့။ ကိုယ်ငယ်ငယ်ကလည်း သည်အချိန်ဆို သိပ်ပျော်တာပဲ။ အတန်းသစ်ကို တက်ရပြီ။ ဆရာမက ဘယ်သူများပါလိမ့်။ ဘယ်လိုနေမှာပါလိမ့်။ သဘောမှကောင်းပါ့မလား။ အရိုက်ကြမ်းတဲ့ ဆရာမများ ဖြစ်နေမလား။ အတန်းသားတွေကလည်း မနှစ်တုန်းက အတန်းသားတွေ ဟုတ်ချင်မှ ဟုတ်တာ။ ကိုယ်တို့ စိန်ပေါကျောင်းက ကျောင်းသားအတန်းခွဲပုံ ထူးခြားတယ်။ နှံ့စပ်စေချင်လို့လား မသိဘူး။ တစ်နှစ်နဲ့တစ်နှစ် တွေ့ရတဲ့ အတန်းသား သူငယ်ချင်းတွေက ပုံသေမရှိဘူး။ အတန်းသစ်တက်တိုင်း သူငယ်ချင်း အသစ်ရတယ်။ ကိုယ်တွေပျော်သလို မပျော်နိုင်တာကတော့ အဖွားပဲ။ ကျောင်းဖွင့်ချိန်ဆို ပိုက်ဆံတွေက ကုန်ပြီလေ။ ကျောင်းလခ၊ မိဘဆရာအသင်းကြေး၊ စာအုပ်ဖိုး၊ ဘာကြေး ညာကြေး၊ ဟိုအခသည်အခတွေက များလှတယ်လို့ မဟုတ်ပေမယ့် ကိုယ့်အိမ်က ကလေးခြောက်ယောက် တပြိုင်နက်တည်း ပေးရတာဆိုတော့ သူ့ခမျာ ဘယ်သက်သာလိမ့်မလဲ။ သည်ကြားထဲ အလိုက်မသိတတ်တဲ့ကိုယ်က သည်နေ့တောင်း မနက်ဖြန် ပိုက်ဆံမပါရင် ကျောင်းသွားချင်တာ မဟုတ်ဘူး။ မိုးလေးရွာတော့ မိုးကာလေး ထီးလေးက လိုချင်တယ်။ ဖိနပ်ကလေးပြတ်တော့ အသစ်ရတော့မယ်ဆိုပြီး ၀မ်းသာအားရ အိမ်ကို ပြေးပြန်တယ်။ အဲသလို ချစ်ဖို့ကောင်းတာ။

            ဒါတောင် ကိုယ်တို့ စိန်ပေါကျောင်းက တစ်ခုကောင်းတာ လူတန်းစားညီတယ်။ အနံကြီးကွင်းကျယ် သိပ်မရှိဘူး။ ဆရာက အတင်းလိုက်ဖားရတဲ့ မိဘ မရှိသလို မိဘက အတင်းလိုက်ဖားရအောင် လုပ်ထားတဲ့ ဆရာလည်း မရှိဘူး။ ဆယ်တန်းသာ အောင်သွားရော သီတင်းကျွတ်မှာ အတန်းပိုင်ဆရာကို ကိတ်မုန့်လေးနဲ့ ကန်တော့တာ၊ တစ်ကျောင်းလုံးက ဆရာကန်တော့ပွဲအတွက် ပိုက်ဆံထည့်ရတာကလွဲလို့ ဘယ်ဆရာ ဆရာမကိုမှ အိမ်လိုက်ကန်တော့ရတာ၊ မိဘခေါ်ပြီး အလှူခံထည့်ခိုင်းတာမျိုး မရှိခဲ့ဘူး။ ဆရာတိုင်းက ကျောင်းသားတိုင်းကို ကိုယ့်သားသမီးလို ဆက်ဆံတယ်။ မျက်နှာကြီးငယ် အဆင့်အတန်း ခွဲခြားမထားဘူး။ ကျောင်းသားအချင်းချင်းလည်း ဂုဏ်တုဂုဏ်ပြိုင် ထုံးစံကို မရှိတာ။ စာသာပြိုင်ချင်ပြိုင်တယ်။

             မယုံရင် ပုံပြင်မှတ် လို့ ပြောမှာလားဟင်။ အခု အဲသလိုကျောင်းမျိုး မြင်ဖူးကြသေးလား။ ကြားဖူးကြသေးလား။ မဟုတ်ကဟုတ်ကတွေ လာပြောနေတယ် လို့ ထင်မှာပဲနော်။ သူငယ်တန်းကျောင်းအပ်ဖူးတဲ့ မိဘမှန်သမျှ ဘယ်လိုအခြေအနေ ရှိသလဲဆိုတာ ကိုယ့်ဘာသာ အသိဆုံးနေမှာပါပဲ။ နီးစပ်ရာမှာ မေးကြည့်ကြပါ။ ကိုယ်တွေ့ချည့်ပဲ ပြောနေရင် ပုဂ္ဂလိကခံစားချက်တွေကို ၀ါးလုံးရှည်နဲ့ သိမ်းရမ်းနေတယ် ဖြစ်မှာစိုးလို့။ ကျောင်းတိုင်းကျောင်းတိုင်းမှာ ကျောင်းအပ်ခ သူ့ပေါက်ဈေးနဲ့သူ ရှိတယ်။ တီတီစီက ဘယ်လောက် ဒဂုံတစ်က ဘယ်လောက်၊ ဆိုတာမျိုး ဈေးကွက်ကြီး ဖြစ်နေလို့ ပွဲစားတွေတောင် ခြေချင်းကို လိမ်နေတာပဲ။ ရပ်ထဲရွာထဲ ကျောင်းစာရေးတွေ မျက်စိမပွင့်တဲ့ အချိန်ပေါ့ဗျာ။ ကျောင်းသုံးဖတ်စာအုပ်တွေပေါ်မှာ နိုင်ငံတော်မှ အခမဲ့ဖြန့်ဝေသည်ဆိုတာတော့ ဖတ်လိုက်ရပါတယ်။ ကျောင်းသားတိုင်းကို နိုင်ငံတော်မှ အခမဲ့လက်ခံသည် ဆိုတာ ဟုတ်မဟုတ် မသိသေးဘူးဆိုရင် သိအောင် အရင်လုပ်ကြပါဦး။ သူတို့သားသမီးများကျတော့ တစ်ပြားမှ ကုန်စရာမလိုလို့ မသိတာ ထင်ပါရဲ့။

            ကိုယ့်ဆရာတွေများ ကြားရင် “စော်ကားလိုက်တာ။ စော်ကားလိုက်တာ။ ဆင်းဆင်းရဲရဲ လျှာပေါ်မြက်ပေါက်အောင် ရုန်းကန်သင်ကြားပေးနေတဲ့ ဆရာတွေကိုမှ အားမနာ။ ဘယ်ဥကပေါက်လို့ ဂိုဏ်းသင့်မယ့်စကားတွေ ပြောနေပါလိမ့်နော်။” လို့ ပြောပြီး နားသယ်နားရင်း ဗြင်းကြပါလိမ့်မယ်။ တကယ်တော့ ဘယ်ဆရာသမားကိုမှာ ကာပြန်ပုတ်ခတ်ရိုး စေတနာ မပါပါဘူး။ လက်ရှိဖြစ်ပေါ်နေတဲ့ ကျောင်းအပ်ပွဲအစဉ်အလာမှာ “ယဉ်ကျေးမှုမရှိ၊ ရိုင်းရိုင်းစိုင်းစိုင်း လက်ချည့်ပဲလာရကောင်းလား” လို့ အရူးအနှမ်းလို အကြည့်ခံရတဲ့ ထုံးစံကြီးကို ကြောက်စရာလန့်စရာ မြင်တွေ့မိလိုက်လို့ပါ။ ဘုရားစူးရစေ့။ ကိုယ်ငယ်ငယ်တုန်းကတော့ မြန်မာ့ရိုးရာ အစဉ်အလာအရ ကျောင်းအုပ်ဆရာကြီးကို သူ့တပည့်ဖြစ်ခဲ့ဖူးတဲ့ ကိုယ့်အဖေက သားတော်မောင်ကလေးတွေ ကျောင်းအပ်တိုင်း ဆန်တစ်ပြည် ငွေတစ်မတ်နဲ့ ဖအေရော သားပါ ထိုင်ကန်တော့ပြီး ကျောင်းအပ်ခဲ့ကြပါတယ်။ အခုရော။ မေးပါနဲ့အေ။

             ကိုယ့်ရဲ့အသက်မွေးဝမ်းကျောင်းဖြစ်တဲ့ ဆရာဝန်အလုပ်ဟာ သူများအသက်ကို ကယ်တဲ့အလုပ်လို့ ကြံဖန်ဂုဏ်ယူလို့ ရချင်ရမယ်။ ကျောင်းဆရာတွေလိုတော့ အနန္တဂိုဏ်းဝင် ကျေးဇူးရှင် မမည်ပါဘူး။ ဒါကြောင့် ဆရာအလုပ်ဆိုတာ ကိုယ့်ထက်မြတ်သော အသက်မွေးဝမ်းကျောင်း လို့ လက်ခံထားပါတယ်။ ဆရာဝန်ကို သူ့လူနာက ကျေးဇူးမတင်ရင် နေပါ။ ဆရာသမားကိုတော့ သူ့တပည့်က ကျေးဇူးကျွေး တင်ကိုတင်နေတာပါ။ ဒါကြောင့်မို့ ကျေးစွပ်တဲ့စကားပြောပြီး ဆရာသမားများကို ပြစ်တင်ဝေဖန်တာမျိုး ဘယ်တုန်းကမှ မလုပ်ဝံ့ပါဘူး။ သို့သော် သည်ကနေ့ခေတ် ကုန်ဈေးနှုန်းနဲ့ လူနေမှုစားရိတ်မှာ ကျောင်းဆရာ ဆရာမများ တောင့်ခံထားရတဲ့ သီလ နဲ့ အူမ ချိန်ခွင်ညှာဟာ မုန်ညင်းစေ့ထဲ စင်္ကြန်ကြွရတဲ့ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးအလား အံ့ဖွယ်သရဲ ထူးကဲမယ့် အခြင်းအရာ ဖြစ်ပါတယ်။ သူတို့မှာလည်း သူတို့မိသားစု၊ သူတို့ သားသမီးတွေ ရှိတယ်။ သည်လစာနဲ့ ဘယ်လို လူတန်းစေ့အောင် စီစဉ်ရမလဲ ဆိုတဲ့ အပူတွေ ရှိတာပေါ့။ ကျောင်းဆရာ ဆရာမများ ပင်စင်သွားတဲ့အခါ နေစရာထိုင်စရာ အိမ်အိုကလေးတစ်လုံး အဖတ်တင်ကျန်ခဲ့ရင်တောင် အာဂလူသား ဖြစ်နေတာဆိုတော့ “နင်က ငါတို့ကို ထမင်းငတ်စေချင်လို့ သည်လိုစာမျိုး ရေးရက်သလား။” လို့ မေးရင်တောင် ဖြေစရာစကား မရှိပါဘူး။ ကိုယ့်ဦးလေး၊ ကိုယ့်အဒေါ်များဟာ တစ်ဝမ်းတစ်ခါးအတွက် ပင်ပန်းကြီးစွာ ရုန်းကန်ကြတဲ့ ဆရာ၊ ဆရာမများ ဖြစ်ပါတယ်။ ကျောင်းဆရာအလုပ်ဆိုတာ အိမ်ထောင်ဘက်က လူတန်းစေ့အောင် တာဝန်ယူမထားနိုင်ရင် ထမင်းနပ်မမှန်တဲ့ အလုပ်ဖြစ်ကြောင်း ကောင်းကောင်းကြီး သိပါတယ်။

            ဒါဖြင့် ကျောင်းဆရာမထဲမှာ စိန်မရှား ရွှေမရှား အလွန်ပင်များတဲ့သူတွေ မတွေ့ဖူးတော့ဘူးလား။ သိပ်တွေ့ဖူးတာပေါ့ဗျာ။ ဟိုတစ်ခါပြောဖူးတဲ့ ကိုယ့်တစ်သက်တာ စိန်တွေအများဆုံး လူ့ကိုယ်ပေါ်မှာတွေ့ဖူးတဲ့ အန်တီကြီးဟာ ကျောင်းဆရာမပါ။ “သွားလေသူ နင်တို့ဘဘ ရှာဖွေထားရစ်ခဲ့တာလေးတွေပေါ့ကွယ်။” လို့ မျက်ရည်လေးစမ်းစမ်း သနားစဖွယ် အလွမ်းသယ်တဲ့အခါ အင်မတန်မှကို လူကြားလို့ကောင်းတဲ့စကား မှန်သောသစ္စာ စကားပါပဲ။ တကယ်လို့များ အဲသလို မဟုတ်ပဲ သူကိုယ်တိုင် ကျားစီးဖားစီး ကျောင်းဆရာအလုပ်နဲ့ သည်စည်းစိမ်တွေ ရှာထားတာဆိုရင်တော့ မြတ်စွာဖျား လို့သာ တရမယ့်ပုံ။ ကျောင်းဆရာမှန်ရင် ဆင်းရဲရမှာပေါ့ လို့ မဆိုလိုပါဘူး။ ကျောင်းဆရာတစ်ယောက် (ကျူရှင်ဆရာ မဟုတ်) အရမ်းအရမ်းကို ချမ်းသာလာတယ်ဆိုရင် လူကြားလို့ မကောင်းဘူး လို့ သိစေချင်တာပါ။ (ဆရာဝန်လည်း တူတူပဲပေါ့နော်) ကျောင်းဆရာလခဟာ စိန်ဝယ်ရင် ဒညင်းသီးဆားရေစိမ်ပဲ ရပါမယ်။ နိုင်ငံနဲ့အ၀ှမ်း မိုးခါးရေသောက်နေတဲ့အချိန်မှာ မ၀ရေစာ စားနေကြရတဲ့ ကိုယ့်ဆရာ ဆရာမများကိုမှ လက်ညှိုးငေါက်ငေါက် မထိုးရက်ပါဘူး။ ကိုယ့်ဆရာဆိုကတည်းက ကိုယ့်ထက် မာနကြီးပြီး ကိုယ့်ထက် အစွန်းအထင်း မခံနိုင်တဲ့သူတွေချည့်ပါပဲ။ ကိုယ်တောင် သည်လိုစိတ်ဓါတ် သူတို့သင်ပေးလို့ရတာပဲဟာ။ ဒါပေမယ့် ဆရာတို့ ဆရာအချင်းချင်းထဲမှာ ဘယ်လိုတွေ ဖြစ်နေသလဲဆိုတာ ဆရာတို့ ဆရာမတို့က ပိုသိမှာပါ။ ကိုယ်တွေက အပြင်လူ မဟုတ်လား။

             ကိုယ်တို့ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ အကျင့်ပျက်ခြစားတဲ့အထဲမှာ ချန်ပီယံ တံခွန်စိုက်ပါတယ်။ လာဘ်စားတယ်ဆိုတာ သုံးသိန်းလောက်ဆိုရင်သာ အသံမြည်တာ။ သိန်းသုံးထောင်လောက် စားလိုက်ရင် ဘာအသံမှ မကြားရတော့ဘူး။ တကယ်လို့များ အဲသည်လူကြီးတွေလို တိုက်ခန်းတွေ၊ မြေကွက်တွေ၊ ကွန်ဒိုတွေ မဲပေါက်ပြီးရင်း မဲပေါက်နေလို့ကတော့ တို့ဆရာ ဆရာမတွေလည်း လခ ၂၅% တောင် မဟုတ်ဘူး။ ၁၀၀% လုံး လှူတယ်။ တစ်ပြားမှ မပေးနဲ့ လို့ ရေစက်ချနိုင်မှာပါပဲ။ အခုတော့ အခုအတိုင်းပဲ ကောင်းပါတယ် ကောင်းပါတယ်ပေါ့လေ။ ဆန်ခိုးမှ မမိတာ။ ဖွဲခိုးလာမဖမ်းနဲ့။ ရှင်ငရဲကြီးလိမ့်မယ်။ အဲ့ဟယ် အဲ့ဟယ်။ လို့ ဆိုလိုက်ရင် ကိုယ့်ဆရာ နဲ့ ကိုယ့်တပည့်တွေပဲဟာကို။ လိုရာကိုယူ ကြည်ဖြူပါတယ်။ တစ်ခုပဲ ကြောက်တယ်။ ကလေးတွေကတော့ လိုက်အတုခိုးမှာ အမှန်။ အခုတောင် အဲသလိုမှ မလုပ်နိုင်ရင် နှုန်းကွာစံလွဲ အရှက်တကွဲ အကျိုးနည်း ဖြစ်စရာ လို့ မြင်ကုန်ပြီ။

           လက်ရှိအချိန်မှာ နိုင်ငံရေးနဲ့ ပတ်သက်လာရင် အင်မတန် ကောက်ကျစ်သော၊ ယုတ်မာသော၊ လှည့်ဖြားတတ်သော သူတော်ကောင်းဥစ္စာ နဲ့ ကင်းကွာသူကြီးတွေ၊ (ဆိုကြပါစို့ကွယ်) ၀က်ဝက်ကွဲ Corrupted ဖြစ်သောသူကြီးတွေ လက်ညှိုးထိုး မလွဲအောင် ရှိတယ်။ ရှိပါစေလေ။ သူတို့က သိပ်ကြောက်စရာ မကောင်းပါဘူး။ နောင် အနှစ်သုံးလေးငါးဆယ်ဆို ဘယ်သူမှ ကျန်မှာ မဟုတ်တော့ဘူး။ သင်္ခါရက သူ့ဟာသူ စီမံပါလိမ့်မယ်။ ဒါပေမယ့် သူတို့ရဲ့ မယဉ်ကျေးမှုအမွေတွေကို နောင်လာနောက်သားကလေးတွေ လက်ဆင့်ကမ်းအမွေဆက်ခံယူရင် သည်အကျင့်ဆိုးတွေက ကမ္ဘာဆုံးတိုင် သံသရာလည်နေဦးမှာပါ။ သည်အမူအကျင့်ဆိုး၊ အယူအဆဆိုး၊ ဓလေ့စရိုက်ဆိုးတွေက ဒေါ်စုတက်လည်း မပျောက်၊ ဘစိန်တက်လည်း မပျောက်၊ စစ်တပ်က အာဏာသိမ်းပလိုက်လည်း မပျောက်၊ ဘယ်သူတက်တက် ပျောက်မယ့်လမ်း မမြင်ပါဘူး။ အခုလက်ရှိ စာသင်ခန်းအတွင်းမှာ ရှိတဲ့ ဆရာတွေ ဆရာမတွေမှတပါး၊ သိကြားမင်းကြီးတောင် မတတ်နိုင်ပါဘူး။

            Corruption ကို တိုက်ဖျက်ဖို့ တစ်ခုတည်းသော နည်းလမ်းကောင်းက မျိုးဆက်သစ်လူငယ်တွေကို Corruption မကောင်းကြောင်း၊ မကျင့်သုံးအပ်ကြောင်း၊ ချွင်းချက်မထားအပ်ကြောင်း၊ ရှက်စရာကောင်းကြောင်း သင်ကြားပေးဖို့ လိုပါတယ်။ ဘာဖြစ်လို့ဆိုတော့ အခုလက်ရှိအချိန်မှာ ကိုယ်အပါအ၀င် မြန်မာလူမှုအသိုင်းအ၀ိုင်းတစ်ခုလုံးဟာ Corruption ကို ခိုးစားရင် ချိုမြိန်သောအသီး၊ ဓနနဲ့ဖုံးရင် စိန်နားကပ်ရောင်နဲ့ ပါးပြောင်လို့ရတဲ့အရာ၊ သည်အရိပ်သုံးပါးကလေးမှ နားမလည်ရင် လောကကြီး လူလုပ်လို့မရတဲ့ ချို့ယွင်းအားနည်းချက်၊ အဲ့သလိုပဲ ခံယူနေကြပါပြီ။ ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး Corruption နဲ့ ပုဂ္ဂိုလ်ကြီးတွေကို ကြည်ညိုလေးစားလွန်းလို့ ပြားပြားဝပ်နေအောင် ထိုင်ရှိခိုးတဲ့ အစဉ်အလာ ဖြစ်နေပါပြီ။  ဘုန်းကြီးသာ ခလုပ်တိုက်သွားမှာ အဘလာရင် လက်အုပ်ကချီပြီးသား။ မကင်းလေ၊ ချမ်းသာလေ။ ရိုကျိုးလေ။ (အကုန်လုံးတော့ မဆိုလိုဘူးပေါ့နော်) သူတို့တော့ ဘာမှသွားလုပ်ဖို့ မစဉ်းစားနဲ့တော့။ အိုသေအောင်သာ စောင့်လိုက်တော့။ (နင်အရင်သေဖို့ နီးနေပြီ တဲ့ သားကို)

           လက်ရှိအစိုးရအနေနဲ့ အကျင့်ပျက်ခြစားမှုကို ထိထိရောက်ရောက် တိုက်ဖျက်ချင်တယ် ဆိုလို့ရှိရင် ကော်မရှင်ဖွဲ့ဖို့ မလိုပါဘူး။ ဥပဒေလည်း နောက်ထပ်မတိုးပါနဲ့တော့။ ရှိပြီးသားနဲ့ လုံလောက်ပါတယ်။ ကျောင်းဆရာ ဆရာမများကို အူမတောင့်အောင်ကျွေး၊ သီလစောင့်နိုင်အောင်ပေးပြီး အာစရိယဂုဏော နဲ့ အညီ အတတ်လည်းသင် ပဲ့ပြင်ဆုံးမစေဖို့ပဲ လိုပါတယ်။ သူတို့မှ မသင်ရင် ဘယ်သူကမှ သင်မယ့်သူ မရှိတော့တာပါ။ ပညာရေးလောကထဲမှာ ဘယ်လောက် ဗြောင်းဆန်အောင် ခံစားနေရသလဲဆိုတာ ပညာရေးဝန်ထမ်းတွေထက် ဘယ်သူကမှ ပိုမသိနိုင်ပါဘူး။ ပွင့်သောပန်းတိုင်း ပိုးကိုက်နေသော်လည်းပဲ ပညာရေးနယ်ပယ်ကတော့ အဖူးအငုံ အညွန့်အတက်ကလေးတွေမို့လို့ အလေးအနက်ထား ထိန်းသိမ်းမှသာ အနာဂတ် လှပပါလိမ့်မယ်။ Corruption ကို စတိုက်ချင်ရင် ပညာရေးဘက်က ဦးတည်လိုက်တာဟာ ဆရာစော်ကား ငရဲလားမယ့် ကိစ္စ လို့ မမြင်စေချင်ပါဘူး။ ဆရာကောင်းတပည့်တွေ ပန်းကောင်းပန်နိုင်ဖို့ အနာဂတ်ကို ပျိုးတာလို့ သဘောထားစေချင်ပါတယ်။ ဖြူစင်တဲ့ဆရာတွေက သွန်သင်တော့ ဖြူစင်သောတပည့်များ ထွက်လာတာပေါ့ဗျာ။ အဲဒီအတွက် ဘယ်အရာဟာ အဖြူ လို့ ဆရာတွေကို စသင်ပါရစီ။ မူရင်းကောင်းမှ မိတ္တူကောင်းမှာမို့လို့ ကိုယ်တို့ဆရာဆရာမကလေးတွေကို တန်ဖိုးထား ထိမ်းသိမ်းသောအားဖြင့် ပညာရေးနယ်ပယ်မှာ ခြစားမှုကင်းပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်။ တို့အဘတွေဆီတော့ ဆုမတောင်းရဲပေါင်ကွယ်။ သူတို့က “ပွင့်သောပန်းတိုင်း လန်းပါစေ” လို့ ဆိုရင် “အင့် … ဆာဒူးကြီး ယူသွား” လို့ ပေးလိုက်မှာ။

No comments: