Friday, October 12, 2012

ဗိုလ်မှူးချုပ်ကျော်ဇော (သို့) ကြယ်နီကြီးအတွက် ထာဝရလွမ်းချင်း


ကျော်ဟုန်း
အောက်တိုဘာ ၁၁၊ ၂၀၁၂
သြော်…တိုင်းပြည်အတွက်
ကြယ်နီတပွင့် ကြွေပြန်ပြီ ..။

အကြွေမစောဘူးဆိုလောက်ပေမယ့်
ဂုဏ်သရေအတွက် နှမြောမိတယ် …။

ဒို့ဗမာ့ဂုဏ်ဆောင်
သွေးသောက်ခဲ့တဲ့ သူရဲကောင်းကြီး
နိုင်ငံတော်အခမ်းအနားထိုက်ပါလျှက်
နိုင်ငံတော်ဆိုတဲ့ကောင်တွေ လျစ်လျူရှုမှု
ဝေးတမြေမှာ ထီးငိုက်ခဲ့ရရှာပေါ့
ဗိုလ်ကျော်ဇောကိုမှန်း …။

(၁၀ ရက်၊ ၁၀ လ၊၂၀၁၂) အာရုဏ်ဦးမှာတဲ့
ရဲဘော်သုံးကျိပ်ကြီး (ဘ) ဗိုလ်ကျော်ဇော
ဗမာပြည်ကို နှုတ်ဆက်
(၉၃) နှစ်ကို နှုတ်ဆက်
ထားရစ်ခဲ့ပြီ၊ သွားခဲ့ပြီ။

နယ်ချဲ့ အင်္ဂလိပ်လက်ထဲက
ကျွန်ဗမာပြည်ကို
သခင်ဗမာပြည်ဖြစ်ဖို့ရာလဲ
သခင်ရွှေ (ဗိုလ်ကျော်ဇော) ပါခဲ့တယ်။

ဖက်ဆစ်ဂျပန်ကို
အမိမြေမှမောင်း
လွတ်လပ်ဖို့ရာလဲ
ရဲဘော်ဗိုလ်ကျော်ဇောပါခဲ့တယ်။

ရန်ကုန်အစိုးရ
ခေါ်သမုတ်ဘဝကလွတ်ဖို့ 
ဒီမိုနိုင်ငံတော် ကာကွယ်ရေးထဲ
ဗိုလ်မှူးကျော်ဇော ပါခဲ့တယ်။

၁၉၅၀ ကူမင်တန်တရုတ်
နယ်လာကျူးသမျှ
မောင်းထုတ်ဖို့ရာလဲ
ဗိုလ်မှူးချုပ်ကျော်ဇော ပါခဲ့တယ်။

ကျော်ဇောလွန်းတဲ့ ဗိုလ်မှူးချုပ်ကျော်ဇော
တပ်တွင်းတပ်ပြင်
ပြည်သူပါ ခင်ကြလွန်းတော့
ပုခုံးချင်း ယှဉ်လာမှာစိုးတဲ့
အာဏာရူး ဗိုလ်နေဝင်းရဲ့
မြေခွေးမျက်စောင်းကြား
အကောက်ကြံသမျှ
ရိုးရိုးသမားတွေ ခံခဲ့ရသူတွေထဲ
ဒို့ - ဗိုလ်ကျော်ဇောလဲပါ
စစ်တပ်မှ အနားယူပြီ။

စစ်တပ်က အနားယူခဲ့ရပေမယ့်လဲ
ပြည့်အာဏာသိမ်းစစ်တပ်ကို အံတုဖို့ 
မိခင် ဗမာပြည်ကွန်မြူနစ်ပါတီ
ဌာနချုပ်ရှိရာ ပန်ဆိုင်းကို
တာဝန်ဆက်ထမ်းဖို့  သွားခဲ့သူ….။

ဒီကမ္ဘာမှာ..
အများကျိုးတွက်ရည်မျှော်ပြီး
ယုံကြည်ချက်ဖက်
အသက်ထွက်ရသူတွေထဲ
ဒို့ စံပြ ဗိုလ်ကျော်ဇောလဲပါ
ထာဝရ- ဂါဝရပါ သခင်။

တကယ်ဆိုရင်
သူ့နောက်ဆုံး သည်ခရီးမှာ
သုံးရောင်ခြယ်ဒေါင်းအလံ အုပ်
ဗကပ တပွင့်ကြယ်အလံ အုပ်
ပြည်ထောင်စု အလံတော် အုပ်
ဘင်ခရာစစ်တီးဝိုင်းနဲ့ 
သေနတ်ဖောက် အမြောက်ဖောက်
တပ်မတော်သား ပြည်သူများက
ခမ်းနားခြင်းနဲ့  ဝမ်းနည်းတပင်း
အမိန့် စာပြန် မျက်ရည်လျှံလို့ 
သင်္ဂြိုလ်ကြရမှာ။

ခုတော့.တာဝန်ကြေ သူရဲကောင်းကြီးရဲ့
နောက်ဆုံးဆိုတဲ့ ခရီးလမ်းဟာ
တရုတ်ပြည် ကူမင်းမှာ
ခြောက်ကပ်ကပ်ပဲလား။

ဗမာပြည်ကို အကြိမ်ကြိမ်ကယ်ခဲ့တဲ့
ရဲဘော်သုံးကျိပ်ထဲက တယောက်
ဝေးတမြေမှာစုတေရပေမယ့်
တို့ ဗမာမြေမှာ
သူ့ အတွက် တနေရာရှိသင့်တယ်။

ဒါ-ဗိုလ်ကျော်ဇော ဟေ့လို့ 
နှောင်းသူတွေ အတုကောင်းအောင်
လက်ညှိုးထိုးပြနိုင်ဖို့ 
ဒို့ ဗမာပြည်မှာ
သူ့ အတွက် တနေရာရှိသင့်တယ်။

မသေခင် ရွှေတိဂုံဖူးချင်တဲ့ဆန္ဒကြွေး
ဆပ်ကြတဲ့အနေနဲ့ ဖြစ်ဖြစ်၊
ဒို့တိုင်းပြည်တွက် အထူးထူးသော
(သူ) ဗိုလ်ကျော်ဇော ပြုဖူးလေတဲ့
ဂုဏ်ကျေးဇူးကို အမှတ်ရတဲ့ အနေနဲ့ ဖြစ်ဖြစ်၊
နန်းပြဿဒ်နဲ့ ဂူဗိမ္မာန်ထား
အရိုးပြာဖြစ်ပါစေ
ဦးခိုက်ကော်ရော်ဖို့ ထားသင့်
ကျေးဇူးမကန်းတတ်ကြရင်….။      ။

(၁၀ ၊ ၁၀ ၊ ၂၀၁၂ တွင် တရုတ်ပြည် ကူမင်းမြို့မှာ ကွယ်လွန်သွားသည့် ဗမာ့သူရဲကောင်း ရဲဘော်သုံးကျိပ် ဗိုလ်ကျော်ဇောအား ထိုကဗျာ ဖြင့် ဦးညွတ် ဂါဝရပြုပါသည်။)

No comments: