Saturday, October 20, 2012

ကမ္ဘာ့ဆက်သွယ်ရေး အမြန်လမ်းမကြီးဆီ မည်သို့မည်ပုံသွားကြမည်လဲ


by Nyi Nyi Thanlwin on Wednesday, October 17, 2012 at 2:33am ·
အင်တာနက် သုံးစွဲတဲ့သူဦးရေဟာ ကမ္ဘာ့တလွှားမှာ တရိပ်ရိပ်တိုးပွားနေပါတယ်။ လူမှုကွန်ယက် တစ်ခု ဖြစ်တဲ့ Facebook ဆိုရင် သုံးစွဲနေတဲ့ အကောင့်စုစုပေါင်းဟာ မကြာမီကပဲ ၁ ဘီလျံ (သန်း ၁ ထောင်) ကျော်သွားခဲ့ပါပြီ။ နိုင်ငံတစ်ခုရဲ့ ဖွံ့ဖြိုးတိုးတက်မှုနှုန်းကို တိုင်းတာတဲ့အခါမှာ အိုင်စီတီ အခန်းကဏ္ဍဟာလဲ အရေးပါလာခဲ့ပါပြီ။ လူဦးရေ တစ်ထောင်မှာ မိုဘိုင်းဖုန်း ဘယ်နှစ်လုံး သုံးတယ်။ အင်တာနက် ဘယ်နှစ်ယောက် သုံးတယ်။ အင်တာနက် အမြန်နှုန်းက ဘယ်လိုရှိတယ် စသဖြင့် တိုင်းတာမှုတွေ ပါဝင်လာခဲ့ပါပြီ။ ဘရာဇီးနိုင်ငံမှာ ဆော့ဝဲလ်ရေးသားနိုင်တဲ့ အိုင်တီပညာရှင် ၁.၇ သန်းရှိပါတယ်တဲ့။ စင်္ကာပူတို့ မလေးရှားတို့ရဲ့ ဂျီဒီပီမှာ အိုင်စီတီကဏ္ဍဟာ ၁၇ ကနေ ၁၈ ရာခိုင်နှုန်းအထိ ရှိနေပါပြီတဲ့။ ကျွန်တော်တို့ နိုင်ငံမှာ နည်းပညာသုံးစွဲမှု တိုးတက်လာအောင် အားပေးချီးမြောက်ရမယ့်အစား ဟိုဟာမလုပ်ရဘူး.. ဒီဟာ မလုပ်ရဘူး.. ဒါက တရားမ၀င်ဘူး စသဖြင့် ပိတ်ပင်တားဆီးနေမယ် ဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့ နည်းပညာပိုင်းဆိုင်ရာ အသိပညာနုံနဲ့မှုတွေကို ဘယ်လို နည်းလမ်းတွေနဲ့များ ကုစားကြဦးမှာလဲ။ ဒစ်ဂျစ်တယ်နည်းလမ်းဖြင့် အဝေးခုန်ခြင်း (Digital Leap) မလုပ်နိုင်ဘူး ဆိုရင် ကျွန်တော်တို့ အိမ်နီးချင်း နိုင်ငံတွေကို မီဖို့ ဆယ်စုနှစ်ပေါင်းများစွာ ကြိုးစားကြရဦးမှာပါ။ တချိန်က အာဖရိကတိုက်က ဆင်းရဲလှပါတယ်ဆိုတဲ့ နိုင်ငံတွေမှာတောင် အိုင်စီတီကဏ္ဍ ဖွံ့ဖြိုးဖို့အတွက် အားသွန်ခွန်စိုက် ကြိုးစားနေကြပါပြီ။


တလောက ရန်ကုန်မြို့က Chatrium ဟိုတယ်မှာ လုပ်တဲ့ IT Business Matching ပွဲကို ကျွန်တော် သွားတက်ပါတယ်။ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့က အိုင်စီတီ နည်းပညာနဲ့ ဆက်စပ်တဲ့ လုပ်ငန်းရှင်တွေ တက်ရောက်ခဲ့ပါတယ်။ အဲဒီပွဲမှာ မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်ဥက္ကဌ ဆရာဦးသိန်းဦးကလဲ ဒေသတွင်း နိုင်ငံတွေနဲ့ ယှဉ်ရင် မြန်မာပြည်မှာ လုပ်အားခ သက်သာတာမို့ မြန်မာပြည်မှာ လာရောက် ရင်းနှီး မြုပ်နှံကြဖို့နဲ့ ခုချက်ချင်း ရင်းနှီးမြုပ်နှံတာတွေ မလုပ်နိုင်သေးရင်တောင် စပြီး ဈေးကွက်သုတေသနတွေ Feasibility Study တွေ လုပ်ကြဖို့ ဖိတ်ခေါ်ထားပါတယ်။ ဒီတော့ အခု အချိန်ဟာ မြန်မာပြည်ရဲ့ အိုင်စီတီကဏ္ဍ အတွက် အရေးပါတဲ့ အချိန်ကာလကို ရောက်နေပြီလို့ ဆိုရမှာပါ။ ကျွန်တော်နဲ့ စကားပြောဖြစ်တဲ့ ကုမ္ပဏီတွေထဲက တစ်ခုဆိုရင် ဗီယက်နမ်မှာ အခြေစိုက်ပြီး လုပ်ကိုင်နေတဲ့ အိုင်တီကုမ္ပဏီကြီးတစ်ခုပါ။ လုပ်သားပေါင်း ၃၅၀၀ ကျော် ရှိပါတယ်။


အိုင်စီတီကုမ္ပဏီတွေရဲ့ အသက်သွေးကြောဟာ အင်တာနက်အမြန်နှုန်းနဲ့ လွတ်လပ်စွာ ဆက်သွယ် ချိတ်ဆက် ပြောဆိုနိုင်ခွင့်၊ သုံးစွဲနိုင်ခွင့်လို့ ဆိုနိုင်ပါတယ်။ မြန်မာပြည်က အိုင်တီကုမ္ပဏီတွေကို Outsource ပရောဂျတ်တွေ ပေးကြပါ၊ Offshore ကုမ္ပဏီတွေ ဖွင့်ကြပါလို့ အော်နေရုံနဲ့ မရပါဘူး။ သူတို့တွေ ၀င်ရောက် လုပ်ကိုင်နိုင်မယ့် အခြေအနေရှိအောင် ဖန်တီး ပေးဖို့ လိုအပ်ပါတယ်။ နောက်ပြီး သူတို့တတွေနဲ့ ဆက်စပ်လုပ်ကိုင်မယ့် ပြည်တွင်းကုမ္ပဏီတွေ လုပ်သာကိုင်သာ ရှိမယ့် ၀န်းကျင်မျိုး ဖန်တီးပေးဖို့ လိုအပ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လဲ စင်္ကာပူမှာ ဆော့ဝဲလ်ရေးသားချင်းကို နှစ်အတော်ကြာအောင် လုပ်ကိုင်ခဲ့ပြီး မကြာသေးမီကမှ ပြည်တွင်းကို ပြန်ပြီး အခြေချ နေထိုင်ခဲ့သူပါ။ ကျွန်တော့်လိုပဲ ပြည်ပမှာ နည်းပညာနဲ့ ပတ်သက်ပြီး သင်ယူခဲ့သူတွေ၊ လုပ်ကိုင်ခဲ့သူတွေ အများစုဟာ ပြည်တွင်းမှာ ပြန်ပြီး အခြေချချင်သူတွေချည်းပါပဲ။ ဒီတော့ ပြည်ပရောက်နေတဲ့ မြန်မာနိုင်ငံသား ပညာရှင်တွေ ပြန်လာဖို့ ကျွန်တော်တို့က ပြန်လာခဲ့ပါလို့ ဖိတ်ခေါ်နေရုံနဲ့ အားလုံး တဖွဲဖွဲ ပြန်ရောက်လာမှာ မဟုတ်ပါဘူး။ သူတို့ လုပ်ကိုင်နိုင်မယ့် အခွင့်အလမ်းတွေ ရှိလာအောင် ပြင်ဆင်ပေးထားဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ပြည်တွင်းမှာလဲ ကွန်ပျူတာ ပညာရှင်တွေ အများအပြားဟာ ရှိတာလေးနဲ့ ဖြစ်သလို ကြိုးစားပြီး လုပ်ကိုင်နေကြရပါတယ်။ ဒါကို မခံနိုင်တော့တဲ့အဆုံး အိမ်နီးချင်း နိုင်ငံတွေမှာ သွားရောက် လုပ်ကိုင်ကြရပါတယ်။ သူတို့ကို နိုင်ငံခြားမှာ သွားမလုပ်ရဘူးလို့ တားဆီးလို့ မရပါဘူး။ ပြည်ပကို မသွားဘဲ ပြည်တွင်းမှာပဲ လုပ်ကိုင်နိုင်တဲ့ အခြေအနေတွေကို ဖန်တီးပေးရင် ဘယ်သူမှ မိသားစုနဲ့ အဝေးကြီးမှာ သွားပြီး အလုပ် မလုပ်ချင်ပါဘူး။ လက်ရှိ မြန်မာနိုင်ငံရဲ့ အိုင်စီတီ Infrastructure ဟာ အရမ်းကို အားနည်းနေပါတယ်။ လွတ်လပ်စွာ ယှဉ်ပြိုင်နိုင်ခွင့်တွေ ပျောက်ဆုံးနေတဲ့အတွက် သုံးစွဲသူဖြစ်တဲ့ ပြည်သူတွေမှာ မလိုအပ်တဲ့ ၀န်ထုပ်ဝန်ပိုးတွေ ပိပြီး ဒုက္ခရောက်ရပါတယ်။


အင်တာနက် သုံးတဲ့သူ များစေချင်ရင် အင်တာနက်ကို ပေါပေါများများ သုံးနိုင်အောင် လုပ်ပေးဖို့ လိုပါတယ်။ ခုတော့ အင်တာနက်လိုင်း တစ်လိုင်းလျှောက်ဖို့ သိန်းချီ ပေးနေရတဲ့အခါ အခြေခံလူတန်းစား မပြောနဲ့။ လူလတ်တန်းစားတွေတောင် အင်တာနက်ကို လွယ်လွယ်ကူကူ မသုံးနိုင်ကြသေးပါဘူး။ စင်္ကာပူမှာ အင်တာနက်တစ်လိုင်းယူရင် နှစ်စဉ်ကြေး မပေးရပါဘူး။ တစ်လကို မြန်မာငွေ ၂ သောင်း၊ ၃ သောင်းလောက် ပေးလိုက်ရင် အင်တာနက်ပေါ်ကနေ ရုပ်ရှင်ကြည့်နိုင်တဲ့အထိ မြန်ဆန်တဲ့ အင်တာနက်လိုင်းမျိုးကို သုံးစွဲခွင့် ရပါတယ်။ အဲဒီကနေ ပိုမြန်တဲ့ အမြန်နှုန်းနဲ့ လိုချင်ရင် ဖြစ်ဖြစ် ပိုနှေးတဲ့ အမြန်နှုန်းနဲ့ လိုချင်ရင် ဖြစ်ဖြစ် ၀န်ဆောင်ခထပ်မပေးရပါဘူး။ နောက်ပြီး ၂ နှစ် အင်တာနက် သုံးစွဲပါမယ်လို့ အင်တာနက် ၀န်ဆောင်မှုပေးတဲ့ ကုမ္ပဏီနဲ့ စာချုပ်ချုပ်လိုက်တယ် ဆိုရင် ကွန်ပျူတာ လက်တော့တစ်လုံး ဒါမှမဟုတ် တီဗီတစ်လုံး အလကား ပေးပါသေးတယ်။ ဒီတော့ သူများ ဒေသတွင်းနိုင်ငံတွေမှာ လုပ်နိုင်ရင် ကျွန်တော်တို့ နိုင်ငံမှာ ဘာလို့ မလုပ်နိုင်ရမှာလဲ ဆိုတာကို တာဝန်ရှိသူတွေကို မေးခွန်းထုတ်ဖို့ လိုလာပါပြီ။ အရင် စစ်အစိုးရလက်ထက်က မေးခွင့်မရှိပေမယ့် အခု ပွင့်လင်းတဲ့ခေတ်ကာလ တစ်ခုကို ဖြတ်သန်းနေကြပြီ ဖြစ်တဲ့အတွက် ကျွန်တော်တို့ ပြည်သူတွေ သိအောင် ရှင်းပြပေးဖို့ လိုအပ်ပါတယ်။ လက်ရှိ အင်တာနက် ၀န်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီတွေမှာ အဲဒီလို လုပ်ကိုင်နိုင်တဲ့ အရည်အချင်း မရှိဘူး ဆိုရင် တကယ် လုပ်ကိုင်နိုင်တဲ့ စိတ်ချရတဲ့ ပြည်ပက ကုမ္ပဏီတွေကို လုပ်ကိုင်ခွင့် ပေးလိုက်ပါ။ မဟုတ်ရင်တော့ ဈေးကြီးပေးရပြီး ကိုယ်ပေးရတဲ့ ဈေးနှုန်းနဲ့ လားလားမှ မဆိုင်တဲ့ ဆိုးရွားတဲ့ ၀န်ဆောင်မှုတွေကို ပြည်သူတွေဟာ အလိုမရှိတော့ပါဘူး။


ပြည်တွင်းမှာ အလုပ်အကိုင် ရှားပါးမှု၊ လစာဝင်ငွေ နည်းပါးမှုနဲ့ အခြားအခြားသော အကြောင်းအရာ ထောင်သောင်းမကတို့ကြောင့် ပြည်ပမှာ အလုပ်လုပ်ကိုင်နေသူတွေဟာ အများကြီး ဖြစ်နေပါပြီ။ ပြည်ပမှာ အလုပ်လုပ်ကိုင်ခဲ့သူ တစ်ယောက်အနေနဲ့ နိုင်ငံခြားမှာ အလုပ်လုပ်နေရတဲ့သူတွေရဲ့ ခံစားချက်ကိုရော ပြည်တွင်းမှာ ကျန်ရစ်တဲ့ မိသားစုတွေရဲ့ ပူဆွေးသောကရောက်ရမှုတွေကိုပါ ကျွန်တော် ခံစားဖူးပါတယ်။ ပြည်ပမှာ ကျောင်းတက်နေသူတွေ၊ အလုပ်လုပ်နေသူတွေဟာ ဟိုးတုန်းကလို စာတတန် ပေတတန် စာတိုက်ကနေ မပို့ချင်ကြတော့ပါဘူး။ ဖြစ်နိုင်ရင် အီးမေးလ်ပဲ ပို့ချင်ပါတယ်။ နောက်ပြီး ဖုန်းကဒ်တွေ ၀ယ်ပြီး ဆက်ရတာ ၀င်ငွေထဲကနေ တစ်လ တစ်လ အတော်လေးကို ပဲ့ပါသွားတတ်ပါတယ်။ ဒီတော့ အင်တာနက်ဆိုင်ကလေးတွေ ခေတ်စားလာတဲ့အခါမှာ Pfingo ၊ Skype စသဖြင့် သုံးစွဲ လာခဲ့ကြပါတယ်။ ဖုန်းဆက်ပြီး ပြောရင် ကိုယ့်ရဲ့မိဘသားချင်းတွေ ဖြူလားသလား ၀လာသလားတောင် မတွေ့နိုင်တဲ့ အခြေအနေကနေ ခုနလို အင်တာနက်ပေါ်က ၀န်ဆောင်မှုတွေကို သုံးစွဲနိုင်တဲ့အတွက် ကွန်ပျူတာ ဖန်သားပြင်ကနေ တဆင့် မြင်ရတွေ့ရ၊ စကားပြော မိုက်ကရိုဖုန်းကနေ တဆင့် အားရပါးရ ပြောကြရပါတယ်။ ခုလို ပြောဆိုနေကြတဲ့ အတွက် ဖိုင်းလိုင်းတွေကနေ မခေါ်ကြလို့ ဆက်သွယ်ရေး ၀င်ငွေလျှော့သွားပါတယ် ဆိုတဲ့ ဆင်ခြေဟာ ကြားနေကြ ဆင်ခြေပါ။ လမ်းမပေါ်မှာ လျှောက်နေတဲ့ လူ ၁၀၀ ထဲကနေ နိုင်ငံခြားမှာ ဆွေမျိုးသားချင်း ရှိတဲ့သူတွေကို ရွေးထုတ်ပြီး စစ်တမ်း ထုတ်ကြည့်ပါ။ နိုင်ငံခြားကို မြန်မာပြည်ကနေ တိုက်ရိုက်ဖုန်းသုံးပြီး ခေါ်ကြသလား ဆိုတာကိုပါ။ စရိတ်စက ကြီးမြင့်လှတဲ့အတွက် ဘယ်သူမှ မခေါ်ဘူးဆိုတာ တွေ့ရပါလိမ့်မယ်။ ခေတ်တွေ ပြောင်းလဲနေပါပြီ။ ကိုယ်က ၀န်ဆောင်မှု တစ်ခုကို ပေးတယ်။ အဲဒီ ၀န်ဆောင်မှုက မကောင်းဘူး၊ ဈေးလဲကြီးတယ်။ ဒါကြောင့် လူတွေက တခြား သက်သာကောင်းမွန်တဲ့ ၀န်ဆောင်မှုကို သုံးစွဲနေတဲ့အပေါ် ခြိမ်းခြောက်ပြီး မရဘူး။ ငါပေးတဲ့ ၀န်ဆောင်မှုကသာ တရားဝင်တယ်။ ကျန်တာတွေက တရားမ၀င်ဘူးဆိုတာမျိုး မလုပ်သင့်ပါဘူး။ မိမိ ဦးဆောင်တဲ့ ဌာန၊ လုပ်ငန်းတွေမှာ ဒီလို လုပ်နေတဲ့သူတွေ ရှိရင်လဲ သမ္မတကြီး ဦးသိန်းစိန်ပြောသလို နောက်ချန်ခဲ့ဖို့ကို တာဝန်ရှိသူများက ပြတ်ပြတ်သားသား ဆောင်ရွက်ပေးဖို့ တောင်းဆိုချင်ပါတယ်။


ခုလဲ မိုဘိုင်းဖုန်းတွေကနေ အင်တာနက် သုံးစွဲတာတွေ စပြီး ခေတ်စားလာကာစ အချိန်မှာ မိုဘိုင်းဖုန်းရဲ့ အင်တာနက်က တဆင့် နိုင်ငံရပ်ခြားကို အင်တာနက် ချိတ်ဆက်ထားမယ်ဆိုရင် ကိုယ့်ရဲ့ ဆွေမျိုးသားချင်းတွေကလဲ အဲဒီလို အင်တာနက်ချိတ်ဆက်ထားတဲ့ ဖုန်းတွေကို ပြည်ပမှာ သုံးစွဲမယ် ဆိုရင် အခမဲ့ ဆက်သွယ်ပြောဆိုနိုင်မယ့် Viber လို ဆော့ဝဲလ်တွေ ပေါ်ပေါက်လာပါတယ်။ ကျွန်တော် ဂျာမနီနိုင်ငံမှာ ကွန်ဖရင့်တစ်ခု သွားတက်တဲ့အခါ ရန်ကုန်မှာ ရှိတဲ့ ကျွန်တော့်ရဲ့ မိသားစုဆီကို ဟိုတယ်ကနေ အခမဲ့ပေးသုံးတဲ့ အင်တာနက်လိုင်းကနေ တဆင့် Viber ကို အသုံးပြုပြီး ဖုန်းခေါ်ရပါတယ်။ ဒီလိုပဲ စင်္ကာပူမှာ ရှိတဲ့ ကျွန်တော့်ရဲ့ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ ပြောချင်တဲ့အခါ Viber ကို သုံးပြီး ခေါ်ရပါတယ်။ ဒါ့အပြင် ကျွန်တော် မြန်မာပြည် ပြန်ရောက်လာတဲ့အတွက် အိမ်နီးနားချင်းတွေ၊ ဆွေမျိုးသားချင်းတွေကလဲ သူတို့ရဲ့ ဖုန်းတွေမှာ Viber ထည့်ပေးဖို့ အကူအညီတောင်းကြပါတယ်။ အဲဒီလို ထည့်ပေးလိုက်တဲ့အခါ သူတို့ရဲ့ အဝေးတနေရာမှာ ရောက်နေရတဲ့ သားသမီးတွေ ညီအစ်ကို မောင်နှမတွေကို လွယ်လွယ်ကူကူ ဆက်သွယ်နိုင်သွားတဲ့ အတွက် ကျွန်တော် ကိုယ်တိုင်လည်း ပီတိ ဖြစ်ရပါတယ်။ ခုတော့ ဂျာနယ်တစ်ခုထဲမှာ ဖတ်လိုက်ရတာက မြန်မာ့ဆက်သွယ်ရေးမှ အင်ဂျင်နီယာချုပ်တစ်ဦးက Skype ၊ Viber ၊ Pfingo တို့ကို သုံးစွဲတာဟာ တရားမ၀င်တဲ့အတွက် မသင်္ကာရင် ဖုန်းလိုင်းပိတ်ပစ်သွားမယ်လို့ ဆိုထားပါတယ်။ ဒါဟာ တိုးတက်တဲ့ နည်းပညာကို သုံးစွဲချင်သူတွေအတွက် ခြိမ်းခြောက်မှု တစ်ခု ဖြစ်တဲ့အတွက် ကန့်ကွက်ပါတယ်။


နောက်ပြီး ဒါဟာ ဘာနဲ့ တူသလဲ ဆိုရင် စင်္ကာပူမှာ လောင်းကစားကို ခွင့်ပြုထားသလိုမျိုး ဖြစ်နေပါတယ်။ စင်္ကာပူမှာ မြန်မာနိုင်ငံမှာ ခေတ်စားနေတဲ့ ချဲထီလိုမျိုး၊ ဘောလုံးပွဲ လောင်းကစားတာမျိုးကို အစိုးက ဖွင့်ထားတဲ့ တရားဝင်ဒိုင်မှာ လောင်းကစားလုပ်မှ တရားဝင်ပါတယ်။ အပြင်မှာ သွားလောင်းမိရင် တရားမ၀င်ဘူးဆိုပြီး ဒဏ်ငွေ မြောက်မြားစွာ ပေးဆောင်စေပါတယ်။ လောင်းကစားကို တရားဝင် ခွင့်ပြုသင့် မသင့်ဆိုတာကို ငြင်းခုံလိုရင်း မလုပ်ဘဲ အခုလို အစိုးက လုပ်တာမှ တရားဝင်တယ်။ ကျန်တာ တရားမ၀င်ဘူးဆိုတာကတော့ အတော်လေး ကလေးဆန်တယ်လို့ ထင်ပါတယ်။ ဒါဟာ ဒီမိုကရေစီ အစိုးရ တစ်ရပ် အဖြစ် အသိအမှတ်ပြုခံချင်တယ်ဆိုရင် ဆင်ခြင်ရမယ့် ကိစ္စတွေ ဖြစ်ပါတယ်။


ကျွန်တော်ကိုယ်တိုင် ဘလော့ဂါ နေဘုန်းလတ်နဲ့ အခြား ၀ါသနာတူ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ Myanmar ICT for Development Organization (MIDO) ဆိုတဲ့ လူမှုရေးအဖွဲ့မှာ အိုင်စီတီ နည်းပညာရပ်တွေဖြစ်တဲ့ အင်တာနက် အသုံးပြုနည်း၊ အီးမေးလ်သုံးစွဲနည်း၊ လူမှုကွန်ယက်တွေမှာ ပါဝင်ချိတ်ဆက်နည်းစတာတွေကို မြန်မာနိုင်ငံ တ၀ှမ်း တောရောမြို့ပါ အခမဲ့ ပညာဒါန ဖြန့်ဖြူး သင်ကြား ပေးနေတဲ့အတွက် မြန်မာနိုင်ငံက လက်ရှိ Infrastruture နဲ့ ၀န်ဆောင်မှု ဆိုးရွားပုံ အခြေအနေတွေကို နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်နေရတာပါ။ ဥပမာ ပြောရရင် Google မှာ ဘယ်လို ရှာဖွေရတယ်ဆိုတဲ့ နည်းလမ်းတွေကို လက်တွေ့ လုပ်ကိုင်စေဖို့ ကျွန်တော်တို့ အဖွဲ့ကို လှူဒါန်းထားတဲ့ ကွန်ပျူတာလက်တော့တွေနဲ့ အင်တာနက် ချိတ်ဆက်တဲ့အခါ ၅ လုံးထက် ပိုပြီး ချိတ်ဆက်ရင် ကွန်ယက်က ပြတ်တောက်သွားပါတယ်။ တခါတလေ ၃လုံး ထက်ပိုပြီး ချိတ်ဆက်ရင် မရတော့ပါဘူး။ နောက်ပြီး မြောက်ဒဂုံ၊ အရှေ့ဒဂုံ၊ ရွှေပြည်သာစတဲ့ မြို့နယ်တွေမှာလဲ လိုင်းက မမိသလောက်ပါပဲ။ ဒီလို အခြေအနေတွေမှာ အခြေခံလူတန်းစားတွေ အင်တာနက် သုံးကြဖို့ ကျွန်တော်တို့ တိုက်တွန်း နှိုးဆော်နေပေမယ့် လိုက်လံသင်ကြားပေးနေပေမယ့် အဆင်မပြေမှုတွေ အများကြီး ရှိပါတယ်။ အင်တာနက် လိုင်းတွေ ချိတ်ဆက်ဖို့ ဈေးကြီးတာ၊ လစဉ်ကြေးတွေ များပြားတာတွေကြောင့် အင်တာနက် ကဖေးဆိုင်တွေကလဲ ဈေးနှုန်းကို လျှော့ပြီး ယူလို့ မရပြန်ပါဘူး။ ဒါနဲ့ပဲ ဂျာအေးသူ့အမေရိုက်ပြီး နောက်ဆုံးမှာတော့ အင်တာနက် သုံးစွဲဖို့ ခက်ခဲနေပြန်ပါတော့တယ်။


ဒီတော့ ဒါတွေရဲ့ ဇစ်မြစ်ဖြစ်တဲ့ အင်တာနက်လိုင်း ချိတ်ဆက်ဖို့နဲ့ လစဉ်ကြေး ဈေးနှုန်းတွေ လျှော့ချပေးဖို့၊ မလိုအပ်တဲ့ ပိတ်ပင်တားဆီးမှုတွေ ပပျောက်ဖို့၊ အင်တာနက် အမြန်နှုန်းတွေ မြင့်တက်လာစေဖို့၊ အင်တာနက်ပေါ်က ပြည်သူတွေကို ထိခိုက်ခြင်း မရှိတဲ့ အခမဲ့ဝန်ဆောင်မှုတွေကို တရားမ၀င်ဘူးလို့ စွပ်စွဲ ခြိမ်းခြောက်ပြောဆိုနေတာတွေကို အမြန်ဆုံး ရပ်တန်းက ရပ်ဖို့ စတာတွေကို တာဝန်ရှိသူတွေအနေနဲ့ အဆောတလျင် ဆောင်ရွက်ပေးဖို့ လိုအပ်နေပြီ ဖြစ်ကြောင်း မီးမောင်းထိုးပြလိုက်ရပါတယ်။ ကျွန်တော်တို့တတွေ အင်တာနက်လို့ခေါ်တဲ့ ကမ္ဘာ့ဆက်သွယ်ရေး အမြန်လမ်းမကြီးဆီ မည်သို့မည်ပုံသွားကြမလဲဆိုတဲ့ အဖြေကတော့ အခုလို တင်ပြခဲ့တာတွေကို ဘယ်လို ဖြေရှင်းဆောင်ရွက်ပေးမလဲဆိုတာပေါ် မူတည်နေပါတယ်။  


ညီညီ(သံလွင်)အောက်တိုဘာ ၁၇၊ ၂၀၁၂ 

No comments: