Thursday, October 4, 2012

တပ်အရာရှိများ ချောင်းသာကမ်းခြေရှိ ပြည်သူပိုင်မြေများ၌ အလံစိုက်ကာ အဆောက်အဦး ဆောက်လုပ်နေ

မျိုးမင်းထွန်း-ဧရာဝတီတိုင်း(မြစ်မခ)
by Myit Makha Mediagroup on 5 Oct, 2012


 
  ချောင်းသာကမ်းခြေရှိမြေယာများကို ယခုရက်ပိုင်းအတွင်း၌ စစ်တပ်အရာရှိများက ဒေသခံအချို့ပိုင်ဆိုင် သော မြေယာများကို အဓမ္မသိမ်းယူ၍ နိုင်ငံတော်အလံစိုက်ကာ အဆောက်အဦးများ ဆောက်လုပ်နေကြောင်း ဒေသခံများထံက သိရှိရသည်။
 
စက်တင်ဘာ(၂၈)ရက်နေ့က ဒုဗိုလ်မှူးကြီး ခလရ(၂၇၁) တစ်ဦးက ၄င်း၏ ဆရာပိုင်ဆိုင်သော မြေဟုဆိုကာ  ဒေသခံတစ်ဦး ၏မြေတွင် အတင်းဝင်ရောက် အိမ်ဆောက်ခြင်း ပြုလုပ်ခဲ့ပြီး ယခုလ တစ်ရက်နေ့ကလည်း ဗိုလ်မှူးအဆင့်(ငြိမ်း)တစ်ဦးက   ချောင်းသာ(၇) ရပ်ကွက်တွင် ရဲ၊ ပြည်သူ့စစ် တို့၏ အကူအညီဖြင့် ဒေသခံ တစ်ဦးပိုင် ခြံမြေတစ်ခုသို့ အိမ်ဝင်ဆောက်ခဲ့ရာ ထိုနေ့တွင်ပင် ချောင်းသာ အုပ်ချုပ်ရေးမှူးနှင့် ရဲများ ပူးပေါင်းကာ ချောင်းသာ (၆) ရပ်ကွက်၌ ဒေသခံပိုင် ဆိုင်သော   မြေကွက်တစ်ခုတွင် နိုင်ငံတော် အလံစိုက်ထူ၍  ပြည်သူ့စစ်ရုံး တည်ဆောက်မှုကို ပြုလုပ်ခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။
 
ကျွန်တော်တို့ ဒေသခံတွေ စုပေါင်းပြီးတော့ စစ်တိုင်းမှူးဆီ တိုင်စာပို့ထားပါတယ်၊ နောက်ထပ်မြေတွေကို စစ်တပ်က ထပ်မသိမ်းအောင်လို့ပါ၊ တိုင်းမှူးက ဒါကို တရားတယ်ဆိုရင်တော့ ကျွန်တော်တို့ ကြောက်ရွံ့ ခဲ့တဲ့   စစ်တပ်ပုံရိပ်က ပိုဆိုးသွားမှာဖြစ်ပြီး ကျွန်တော်တို့ကလည်း စစ်တပ်ကို ဒါမျိုးပဲလို့ သဘောထားပါတယ်လို့ တိုင်စာမှာ ဖေါ်ပြထားပါတယ်ဟု ချောင်းသာ(၇)ရပ်ကွက်မှ ကိုဇော်မင်းထွန်းကပြောသည်။
 
ချောင်းသာကမ်းခြေရှိ လယ်ယာမြေအများစုကို ယခင် န၀တ အစိုးရလက်ထက်က ဒေသဖွံ့ဖြိုးရေးအတွက်  ဟုဆိုကာ သိမ်းယူခဲ့ပြီး ယခုအချိန်ထိ အဆောက်အဦး မဆောက်လုပ်သေးသော မြေကွက်များတွင် မူလပိုင်ရှင် လယ်သမားမျာက မြေခွန်ဆောင်ကာ လယ်ယာလုပ်ကိုင်လျက်ရှိသော လယ်မြေအချို့တွင် ယခုကဲ့သို့ဖြစ်ပွား  ခဲ့ခြင်းဖြစ်သည်။.
 
ကျွန်တော်မှာ လယ်မြေတွေရှိပေမဲ့ ၉၄ ခုနှစ်က သိမ်းယူခံခဲ့ရပါတယ်၊ ဒါပေမဲ့ဘယ်နှစ်ဧကလောက် သိမ်းယူ  မှန်းမသိလို့ မြေခွန် အခုထိဆောင်နေရတဲ့ ဧကတွေမှာ စိုက်ပျိုးစားသောက်နေတာကို ဒီရက်ပိုင်းမှ သူတို့ ပိုင်တယ် ဆိုပြီး ပြည်သူ့စစ်ရုံး လာဆောက်တာ ဟု ချောင်းသာကျေးရွာနေ ဦးတင်မြင့်က ပြောသည်။
 
ချောင်းသာကမ်းခြေမှ လယ်ယာမြေအများစုကို လွန်ခဲ့သော(၁၅)နှစ် ၀န်းကျင်က သိမ်းယူခဲ့ခြင်းဖြစ်ပြီး မည်သူ ပိုင်ဆိုင်မှန်း မသိဘဲ ယခုအချိန်အထိခြံစည်းရိုးပင် ခတ်မထားသော ခြံမြေအများအပြား ရှိနေကြောင်း ဒေသခံ တို့ကဆိုသည်။
 
အရင်ဥပဒေမှာရော အခုအသစ်ပြဌာန်းလိုက်တဲ့ လယ်ယာမြေဥပဒေသစ်ပုဒ်မ (၃၂)မှာပါ စီမံကိန်းကို သတ်မှတ်ကာလအတွင်း အကောင်အထည်ဖော်ရမယ် စီမံကိန်းဆောင်ရွက်ခြင်းမပြုတော့ပါက လယ်ယာမြေ လုပ်ပိုင်ခွင့်ရထားတဲ့ ပုဂ္ဂိုလ်အဖွဲ့အ စည်းထံ ပြန်လည်ပေးအပ်ရမယ်ဆိုတာပါပါတယ်ဟု ဒု/တိုင်း ဥပဒေအရာ ရှိ ဦးကြည်ခင်ကပြောသည်။
 
ယခုရက်ပိုင်းအတွင်းပြုလုပ်နေသော စစ်တပ်မှ အရာရှိများမှာ ဒေသဆိုင်ရာ အရာရှိများဖြစ်သည့် အုပ်ချုပ်ရေး ၊ မြေစာရင်းဦးစီးများကိုပင် မလေးမစားပမာမခန့်ပြုလုပ်ကာ ခေါ်ယူခြင်း၊ ပြုလုပ်ခိုင်းခဲ့ခြင်းကို ဒေသခံရွာသား များမှ စုပေါင်း၍ နိုင်ငံတော်သမ္မတ ၊ ကာကွယ်ရေးဦးစီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးအပါအ၀င် စစ်တိုင်းမှူးများ သို့ စုပေါင်းလက်မှတ်ရေးထိုး၍ တိုင်စာများပေးပို့ခဲ့ခြင်းဖြစ်သည်။
 

No comments: