Friday, October 5, 2012

သူပုန်ကျောင်းသားဘ၀(၂)


by Ko Oo on Friday, October 5, 2012 at 8:35pm ·
"မဲဂလာချောင်းကိုလွမ်းနေဆဲပါ"

ကိုကိုဦး(တပ်ရင်း-၁၀၂)၊ အောက်တိုဘာလ(၅)ရပ်နေ့၊

ကျနော်တို့ နောက်ဆုံးထွက်ခဲ့တဲ့မြို့ကလေးမှာ သရက်ချောင်း(ရှက်ခလောင်း)လို့ထင်ပါတယ်၊
တောတွင်းခရီးကြမ်းကို လျှောက်ရတော့မှာမို့ ပြင်ပြင်ဆင်ဆင်ရှိခဲ့ကြသလားလို့ ပြန်ကြည့် လိုက်တော့လည်း အားလုံးသူလိုကိုယ်လိုပင်၊ စင်ကြယ်ဖိနပ်၊ ကွင်းထိုးဖိနပ်များနဲ့သာ ဖြစ် သလိုစခန်းသွားကြသူများပင် ဖြစ်ကြတယ်၊ နည်းနည်းပါးပါး ကြိုတင်ပြင်ဆင်ထားသူများသာ သွားတိုက်ဆေး၊သွားပွတ်တံများပါလာကြတယ်၊

ကျနော်တို့ကို တောတွင်းကို ဦးဆောင်ခေါ်သွားပေးမဲ့သူများကတော့ မြန်မာပြည်တောင်ပိုင်း ကွန်မြူနစ်ပါတီဝင်များဖြစ်ကြတဲ့ ခရိုင်ကော်မီတီဝင် ကိုတင်ထွန်းနဲ့ဦးရှိန် တို့အဖွဲ့ပဲဖြစ်ပါတယ်၊
လမ်းမှာနှစ်ဖွဲ့ခွဲပြီးသွားကြရတယ်၊ ကျနော်တို့အဖွဲ့မှာ ထားဝယ်မြို့လုပ်ရှားမှုကို ဗွီဒီယိုသတင်း မှတ်တန်းလာယူတဲ့ ထိုင်းတီဗွီချယ်နယ်(၃)က သတင်းထောက်တစ်ယောက်လည်းပါလာတယ်၊ သူကထားဝယ်လူမျိုး ထိုင်းနိုင်ငံသားဖြစ်လို့ ထားဝယ်သားတွေနဲ့ရောနှောပြီးသတင်းကို အရဲစွန့် လာယူတာဖြစ်တယ်၊ အာဏာသိမ်းပြီး စစ်တပ်ကလူတွေကို လိုက်လံဖမ်းဆီးမဲ့သူတွေအထဲမှာ အဲဒီကိုမောင်မောင်လို့ခေါ်တဲ့ သတင်းထောက်လဲပါနေတာမို့ ကျနော်တို့အဖွဲ့တွေ တောထဲမှာ တော်တော်ပြေးလွှားလိုက်ရတယ်၊ နောက်ဆုံးကျနော်တို့ အဖွဲ့ကို ပင်လယ်ရွာတရွာအရောက် မှာစက်လှေတစ်စင်းနဲ့ တင်ပေးလိုက်တယ်၊ ရနောင်းကိုရောက်အောင် တရက်သာသာမျှမောင်း လိုက်ရတယ်၊ လှေကငယ်ငယ် လူကအပြည့်မို့ လှိုင်းလှေလွတ်ခဲ့တာကိုပဲ ကံကောင်းလှပြီ၊
မိုးတွေကလည်း တအားရွာနေတော့ မိုးထဲရေထဲတရွှဲရွဲနဲ့ ရနောင်းမြို့ကိုရောက်ခဲ့ကြတယ်၊

နောက်နေ့မှာ ဘတ်စ်ကားစီးပြီး ဘန်ကောက်ကိုရောက်ခဲ့ကြတယ်၊ ထိုင်းတီဗွီချယ်နယ်(၃) မှာ အင်တာဗျူးလုပ်ပြီး နောက်တနေ့မှာပဲ သတင်းဌါနကားနဲ့ပင် မဲဆောက်ကိုရောက်ခဲ့ကြတယ်၊
မဲဆောက်က ကိုကျောက်ခဲအိမ်ကိုရောက်တော့ လူစုံတက်စုံကိုတွေ့လိုက်ရတယ်၊ ကိုဝင်မိုး၊ ကိုအောင်နိုင်၊ သာယာဝတီသား ကိုဂျော်လီထွန်းတို့နဲ့အတူ မင်းသားသီဟတင်စိုးနှင့် ညီတော် မောင်ဝဏ္ဍတင်စိုးတို့ကိုပါတွေ့လိုက်ရတယ်၊ တယောက်တကွဲစီလာကြပေမဲ့ အခုလိုပြန်ဆုံကြ တော့လည်း အားလုံးဝမ်းပန်းတသာဖြစ်ခဲ့ကြတယ်၊

နောက်နေ့ သေ့ဘောဘိုးစခန်းကို အားလုံးရောက်ခဲ့ကြတယ်၊ ရက်အနည်းငယ်စောရောက် နေကြတဲ့ တက္ကသိုလ်ဆရာလှအောင်တို့တဲမှာ အတူနေထိုင်ခဲ့ကြတယ်၊ သုံးထောင်ကျော်ရှိတဲ့ လူအုပ်ကြီးကို ရွာထဲကအိမ်တွေမှာ လိုက်လံနေရချထားရပေးတာမို့ အိမ်တိုင်းလိုလိုပင် ပြွတ်သိပ်လို့နေပါတယ်၊ စားရေးသောက်ရေးကို ရွာသူရွာသားများက အလှည့်ကျလုပ်အား ပေးသလို တောခိုကျောင်းသားများကလည်း တတ်နိုင်သည့်ဖက်ကလုပ်အားပေးရင်း အဆင် ပြေပြေဖြစ်ခဲ့ကြရတယ်၊ မိုးဗြဲဒယ်အိုးဖြင့် တစ်အိုးပြီးတစ်အိုး ချက်နေသည့်ထမင်းအိုးက လည်း မနက်မိုးလင်းကနေ မိုးချုပ်အထိ ပြတ်သည်လို့မရှိအောင်ပင်၊ အရင့်အရင်က အလွန်ပေါများစွာ ရှိနေတဲ့ သင်းဘောသီးတွေကလည်း ကုန်လို့နီးပါးဖြစ်လို့ ဌက်ပျောဖူး၊ ဌက်ပျောပင် တွေဘက် ကို တဖန်လှည့်ကြရတယ်၊ ကရင်ရွာလူကြီးတွေကပါ ကြာလာတဲ့အမျှ မိမိတို့အတွက် စီမခန့်ခွဲံ ရေးလုပ်ပေးရသည်မှာ ၀န်ထုပ်ဝန်ပိုးဖြစ်လာရပြီမို့ ကျနော်တို့အတွက် စခန်းကော်မီတီတစ်ခု ဖြစ်ပေါ်လာရေးကို စတင်ကြိုးစားရပါတော့တယ်၊

အောက်တိုလာ(၃)ရက်နေ့မှာ ကေအင်ယူဥက္ကဌဗိုလ်ချုပ်မြ သေ့ဘောဘိုးစခန်းကို လာရောက် မည်ဖြစ်သည့်အတွက် စခန်းကော်မီတီဖွဲ့စည်းရေးကို အဆိုပါအခန်းအနားပြီးမှ လုပ်ကြရန်ဖြစ် လာခဲ့ပါတယ်၊ အဲဒီမတိုင်ခင်က ဗွီအိုအေကိုအောင်နိုင်က ဦးစီးဦးဆောင်လုပ်ပြီး ကော်မီတီငယ် တစ်ခု ဖွဲ့စည်းထားခဲ့သော်လည်း ကောင်းကောင်းအသက်မ၀င်ခဲ့၊ တော်လှန်ရေးဆန်ဆန် စခန်း ကော်မီတီတစ်ခုဖြစ်လာရေးကို အားလုံးက လိုလားနေကြတဲ့အတွက် စခန်းကော်မီတီဖွဲ့စည်းဖို့ ဖြစ်လာရတာဖြစ်ပါတယ်၊

ဥက္ကဌဗိုလ်ချုပ်မြနဲ့တကွ ကေအင်ယူခေါင်းဆောင်နဲ့ တွေ့ဆုံပွဲမှာ ကျနော်တို့အမောင်ကျောင်း သားများရဲ့ အံ့မခန်းဘွယ် ရဲရဲဝံ့ဝံ့တင်ပြချက်တွေကလည်း နောက်ပိုင်းမှာ ပြန်ပြောစရာတွေ ဖြစ်လာရတယ်၊ ကျနော်တို့ဘက် ကိုဝင်မိုး၊ ကိုလှမျိုးနောင်(၈၈ မျိုးဆက်)တို့က သီးခြားစခန်း (separate camp) ထူထောင်ပေးဖို့တောင်းဆိုကြတယ်၊ တဖက်နဲ့တဖက် အထင်တွေလွဲကြရ တယ်၊ လွဲလည်းလွဲစရာတွေပါ၊ မိမိတို့အမောင်ကျောင်းသားတွေက စစ်သင်တန်းတောင် မတက်ရသေးပဲနဲ့ ဘယ်သူသြဇာမှ ခံမှာမဟုတ်ဘူးဆိုတဲ့ ဇာတိနမိတ်တွေပြတော့ အဖိုးကရင် တွေကလည်း အမျက်ထွက်စရာပင်၊ ဒီအပြင် ကိုလှမျိုးနောင်(၈၈)ကလည်း မစားရ၀ခမန်း ဘယ်နိုင်ငံက ဘယ်လိုအကူအညီတွေ ဘယ်လိုဘယ်ညာလာလိမ့်မယ် ဆိုပြန်တော့လည်း တော်လှန်ရေးကို အနှစ်(၄၀)လုပ်လာပြီးတဲ့ အဖိုးကရင်တွေခမြာ ကျနော်တို့အမောင်ကျောင်း သားတွေကို စိတ်ဆိုးရလည်းခက် စိတ်ထဲမှာတော့ တော်လှန်ရေးကိုအခုမှ ကကြီးကစရမဲ့ ကျနော်တို့ကို စိတ်ထဲမှာကြိတ်ပြီးရယ်နေလောက်ပါတယ်၊

နောက်သေသေချာချာ ကျနော်တို့ပြန်စဉ်းစားကြည့်တော့၊ အခုရောက်လာတဲ့ကျနော်တို့ စစ်ပညာတောင်မသင်ရသေးတဲ့ ကျနော်တို့ဟာ အိမ်ရှင်အဖြစ်လက်ခံထားတဲ့ ကေအင်ယူ နယ်မြေထဲမှာ ကာလတခုအထိ တော်လှန်ရေးခရီးကို ဆက်ရလိမ့်မယ်ဆိုတာ ငြင်းလို့မရ နိုင်ပါဘူး၊ ကျနော်တို့တောင်းတဲ့ သီးခြားစခန်းဆိုတာကလည်း မိမိတို့အချင်းချင်းပြန်လည် စီမံခန့်ခွဲ အုပ်ချုပ်ရေးသာဖြစ်ပါတယ်လို့၊ နောက်ပိုင်းကေအင်ယူလူကြီးများနှင့် နားလည်မှု ကောင်းကောင်းပြန်ရခဲ့ပါတယ်၊ စခန်းကော်မီတီဖြစ်မြောက်ရေးအတွက် အစည်းအဝေး အကြိမ်ကြိမ်ခေါ်၊ ဆွေးနွေးခဲ့ကြပြီးမှနောက်ဆုံး မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (All Burma Students’ Democratic Front) ဖြစ်လာခဲ့ရတယ်၊ အစကနဦးက Students’ Democratic Front ဖြစ်နေပြီးမှာ ကျူတာကိုလှအောင်(ကွယ်လွန်) က ဗကသ (All Burma Federation Students Union) နဲ့ ခပ်ဆင်ဆင်လေးဖြစ်အောင် အရှေ့မှာ All Burma ကိုထပ်ဖြည့်ပေးဖို့အဆိုကို အားလုံးကလက်ခံခဲ့ကြလို့ ဖြစ်ပါတယ်၊

ကော်မီတီကို ကိုးဦးထားရှိခဲ့ပြီး ကျနော်က ကော်မီတီဥက္ကဌ၊ ဆရာဦးယုနွယ်က ဒုဥက္ကဌ၊ ကိုလှအောင်က အထွေထွေအတွင်းရေးမှုးအဖြစ်နဲ့ စခန်းကော်မီတီကိုတာဝန်ယူခဲ့ကြတယ်၊
ဦးယုနွယ်က ဖွဲ့စည်းပြီးမကြာခင်မှာပဲ ဖါးအံဘက်ကပါလာသော သူ့ရဲဘော်များနဲ့အတူ ၀မ်းခါ စခန်းကို ပြောင်းရွှေ့သွားခဲ့ကြတယ်၊ အဲဒီတုန်းက လူပေါင်းသုံးထောင်လောက်၏ အထွေထွေ ပြဿနာများ၊ အခက်အခဲပေါင်းစုံကို နေ့စဉ်နဲ့အမျှဖြေရှင်းပေးနေရတယ်၊ စည်းကမ်းထိမ်းသိမ်း ရေးကော်မီတီ ကိုဖုန်းကိုနဲ့အပေါင်းအပါ လူကြမ်းမင်းသားတစ်စုရဲ့ လက်ချက်ကြောင့် မီးမီး(ဂန္ဒာဝင်မီး-သြဇီ) အထိုးအကြိတ်ခံလိုက်ရတဲ့ ပြဿနာကစပြီး ကျနော်တို့ကို ကေအင်ယူက သီးခြားနေရာချပေးဖို့ အမြန်ဆုံးဖြစ်လာရတယ်၊ နဂိုကအစီ အစဉ်ရှိပေမဲ့ ပြဿနာတွေက တစ်ခုပြီးတစ်ခုဖြစ်လာတော့ ရွာနဲ့ခပ်လှမ်းလှမ်းမှာ အမြန်ဆုံးနေရာချပေး မယ်လို့ ရွာလူကြီးဖူးလောခွါးမှ ကျနော်တို့ကိုခေါ်ပြောလာပါတယ်၊

နောက်တစ်နေ့ ကျနော်နဲ့ကိုဝင်းထွန်း(သြဇီ) တို့နှစ်ယောက် ကရင်လမ်းပြတစ်ယောက်နဲ့အတူ စခန်းသစ်တည်ဆောက်မည့်နေရာကို သွားရောက်ကြည့်ဖို့သွားကြတယ်၊ တလမ်းလုံး ဒူးခေါင်း လောက်ရှိတဲ့ ဗွက်တွေကိုတိုးပြီးသွားရတယ်၊ အပြန်မှာ အလွန်မောပန်းနေတာမို့ ကျနော်တို့ နှစ်ယောက် မဲဂလာချောင်းဘေးမှာရှိ တောအရက်ဆိုင်လေးကိုဝင်ပြီး အချမ်းဖြေခဲ့ကြရတယ်၊
အဲဒီတဲငယ်လေးကတော့ နောင်မှာ ကျနော်တို့ သေ့ဘောဘိုး စခန်းသားတွေ တွေ့တိုင်းရင်ခုန် စေတဲ့ မဲဂလာချောင်းစပ်က သောက်တော်မူတဲလေးဖြစ်ခဲ့ရတယ်၊ ကောက်ညှင်းနဲ့ချက်တဲ့ တောအရက်ရနံ့လေးကလည်း လာသမျှအမောင်ကျောင်းသားတွေကို ဆွဲဆောင်နေမှာကို တော့ ဗေဒင်ဆရာကိုပင်မေးစရာမလိုတော့ပါ၊ နောက်တော့ မဲဂလာချောင်းနဲ့ အဆိုပါ သောက်တော်မူတဲလေးကို ကျနော်တို့ သေ့ဘောဘိုး စခန်းသူစခန်းသား တော်တော်များများ မခွဲနိုင်မခွါရက်ဖြစ်လာရတဲ့အထိ သံယောဇဉ်တွယ်လာခဲ့ကြတယ်၊

စခန်းမှာပြဿနာပေါင်းစုံရှိပေမဲ့ အတော်လေးကိုဖြေရှင်းနိုင်ခဲ့ကြတယ်လို့ ပြောလိုရနိုင်ပါတယ်၊ စခန်းထဲမှာနေထိုင်စဉ် ဖုန်းကိုရဲ့ ပြဿနာဟာ အမြဲလိုလိုခေါင်းခဲရတဲ့ ပြဿနာတွေဆိုပေမဲ့ ဘယ်သူ့ကမှ လက်မလျှော့ခဲ့ကြဘူး၊ တကယ်ဆိုရင် ဖုန်းကိုဟာကေအင်ယူကို အတင်းဝင်လုံး ပြီး သူရဲ့ အာဏာကို တည်ဆောက်နေသူတစ်ယောက်ပဲဆိုတာ လုံးဝသိလိုက်တယ်၊ သူလိုလူ မျိုးလက်ထဲ လုပ်ပိုင်ခွင့်တွေပေးလိုက်ရင် စခန်းထဲကလူတွေ အတော်ဒုက္ခရောက်ပြီး ဘ၀ပျက် နိုင်တယ်ဆိုတာ သူ့ရဲ့လုပ်ရပ်တွေက သက်သေပြနေပါတယ်၊ နောက်ပိုင်း စခန်းကော်မီတီ
အစည်းအဝေးတွေမှာ သူရဲ့လုပ်ပိုင်ခွင့်တွေကို ကော်မီတီအများစုအားနဲ့ အကန့်အသတ်လေး ဖြစ်အောင် လုပ်ယူခဲ့ရတယ်၊ ဒီနေ့အမြင်နဲ့ပြောရမယ်ဆိုရင် ဖုန်းကိုဟာ မြောက်ပိုင်းကချင် ဒေသက မျိုးဝင်းလိုစိတ်ဓါတ် ခပ်ဆင်ဆင်ရှိသူတစ်ယောက်လို့ ကျနော်ယူဆမိပါတယ်၊ စခန်းကော်မီတီတွေကလည်ဲး ဖုန်းကိုလိုလူတယောက်ကို မည်သူကမျှ ကြောက်ပြီးဦးစားပေး ခဲ့တာတွေ မလုပ်ခဲ့ကြပါ၊ နောက်ဆုံး သူရဲ့အာဏာကို တည်ဆောက်လို့ မရတော့ ဖုန်းကိုဟာ အလင်းပြန်ဝင်သွားခဲ့တယ်၊ သူစခန်းထဲမှာ ဗိုလ်ကြခဲ့တာတွေကို ခံခဲ့ရသူတွေကလည်း သူ့ကို အလွတ်မပေးခဲ့။ ဖုန်းကိုဟာပြည်တွင်းပြန်မ၀င်ခင် မဲဆောက်မှာ ရဲဘော်မောင်ခန့်(ကွယ်လွယ်) ရဲ့လက်ချက်နဲ့ ခေါင်းကွဲအောင်အရိုက်ခံလိုက်ရသေးတယ်၊

သီပေါစခန်းဟာ တော်တော်လေး ပျော်ရွှင်ဘွယ်ရာစခန်းလေးတစ်ခုဖြစ်ခဲ့တယ်၊ မဲဂလာချောင်း က စခန်းကိုရစ်ပတ်စီးဆင်းနေတော့ ကောက်ရေသုံးရေအတွက် တော်တော်လေးအဆင်ပြေ ပြေဖြစ်ခဲ့ရပါတယ်၊ အမျိုးသမီးဘားတိုက်ကို မာလာဆောင်အမှတ်နဲ့ ဂစ်တာလာရောက်တီးသူ တွေညစဉ်စည်လိုပါပဲ၊ ညနေစောင်း လမ်းလျှောက်ချိန်ဆိုရင်တော့ ဘေထုတ်ထဲကရထားတဲ့ အကောင်းတကာအကောင်းဆုံး အင်းကျီလေးတွေကိုဝတ်ပြီး မာလာဆောင်ရှေ့မှာ  ခေါက်တုန့် ခေါက်ပြန် လမ်းလျှောက်ကြသူတွေက မနည်းလှပါ၊ သူများတွေကို ဟန်ရေးတပြပြ လုပ်လို့မရ တော့ ကျနော်လည်းပဲ ကိုယ်ကြိုက်တဲ့သူလေးတွေကို ကြိတ်ပိုးခဲ့ရတာကို ပြန်စဉ်းစားကြည့်ရင် အတိတ်ဘ၀က ပျော်ရွှင်စရာလေးတွေပါ၊ (၁၆)နှစ်တရက်ရော့ မာလာဆောင်သူလေးတွေ ကလည်း ခေသူမဟုတ်ကြ၊ အစ်ကိုကာလသားတွေကို သမင်လည်ပြန်လုပ်ရတာလဲအမော၊
တစ်ယောက်ကိုတစ်ယောက် အီစီကလီလုပ်ရင်း ပျော်နေကြသူတွေရှိသလို လက်တွေ့ဆန်တဲ့
အချစ်ကိုဦးစားပေးသူများကလည်း ချိန်းတွေ့ရင် ညားခဲ့တာတွေလည်းရှိခဲ့ကြပါတယ်၊ ဒီလိုနဲ့ပဲ
အလွန်ဆိုးဝါးတဲ့ ဌက်ဖျားတော့မှာ အလွန်နှစ်လိုဘွယ်ကောင်းတဲ့ လူမှုပတ်ဝန်းကျင် တစ်ခုပေါ် လာခဲ့တယ်လို့ဆိုရပါမယ်၊

ရေချိုးရင်တော မိန်းကလေးတွေက ရေသာဘက်ကရေချိုးလို့ လပ်ပိတ်မယ်ဆိုပြီး သူတို့ အထက်ကိုသွားပြီး ရေသွားချိုးတဲ့ သူတွေကလည်းရှိသေး၊ တကယ်ဆိုရင် ဒီချောင်းရိုး တလျှောက်မှာ ရွာသား ကျားမများစွာ ချိုးခဲ့ကြပြီးသားဖြစ်ပါတယ်တယ်၊ အဲဒီလိုအစွဲအလန်း အယူအဆရှိသူတွေကိုလည်း တခါတရံမှာ တွေ့ရတတ်ပါတယ်၊ တကယ်ဆိုရင် တောခိုလာကြ သူတွေအထဲမှာ ခိုးဆိုးတတ်သူတွေအစ ရဟန်းတော်တွေအထိ ပါခဲ့ကြတာမို့ စရိုက်ပေါင်းစုံကို တပြိုင်နက် ပေါင်းဖက်ပေးလိုက်ရသလိုဖြစ်တော့ လူမှုပြဿနာပေါင်းစုံ ဖြစ်လာရှိလာရပါတယ်၊
စခန်းလုံးကျော် နာမယ်တွေကလည်းမနည်းပါဘူး၊ ဦးမျိုးချစ်၊ တင်မောင်ဆန်း၊ စိုးမိုးဦး၊ ဒဿထွန်းထွန်း၊ ဂမ်ဒူးဇာဇာ၊ ရင်ငြိမ်းဝင်းရွှေ စသည်ဖြင့်ရှိကြပြီး ဇတ်လမ်းကိုယ်စီ စရိုက် ကိုယ်စီနဲ့ နာမယ်တွင်ခဲ့ကြတယ်၊ ဇာဇာကိုယ်တော့ အာလုံးကလန့်ကြတယ်၊ အခြားတော့ မဟုတ်ပါ၊ သူမူးလာလျှင် သူစိမ်ခေါ်သည့်စကားလုံးကို ကြောက်တဲ့အတွက်ဖြစ်ပါတယ်၊
‘ဟဲ့နင်တို့ကငါ့လောက်သတ္တိရှိလို့လား” လို့ သူစိမ်ခေါ်ပြီဆိုရင် အားလုံးကရယ်မောကြရတယ်၊

ဘားတိုက်တွေက နာမည်ပေါင်းစုံနဲ့ပဲ၊ ကိုဝင်းရွေတို့ရဲ့ ရင်းငြိမ်တပ်ခွဲ အောင်လင်းတို့ရဲ့မုဒုံတပ်ခွဲ၊ ဦးမျိုးချစ်တို့ရဲ့မော်လမြုင်တပ်ခွဲ စသည်ဖြစ်ခေါ်ကြပြောကြပြီး ကျနော်နေတဲ့ ဘားတိုက်ကတော့ နာမည်အဆိုးဆုံး ရခဲ့တယ်ထင်ပါတယ်၊ သူတို့က ကျနော်တို့ဘားတိုက်ကို ဘစတပ်ခွဲလို့ ခေါ်ကြပြောကြတယ်၊ ဘစတပ်ခွဲဖြစ်ရတာကတော့ ဆင်စားမြက်ကိုမှီဝဲလို့တော့မဟုတ်ပါဘူး၊ အအိပ်ကြီးအအိပ်ထူ သူတွေကများတော့ အခြားသောတပ်ခွဲတွေ ထမင်းစားပြီးလောက်မှ ကျနော်တို့ဘားတိုက်က ထမင်းချက်ဖို့ မီးမွှေးတုန်းဖြစ်တတ်လို့ အဲဒီလို နာမည်ကင်ပွန်းအတပ် ခံရတာပါ၊ ဆင်စားမြက်ကိုတော့ စခန်းကလူတစ်ချို့ မှီဝဲကြတာမို့ ညနေစောင်းဆိုလျှင် တ၀ါးဝါး ရယ်သံနဲ့အတူ နေရာတချို့မှာ ဆင်စားမြက်ရနံ့သင်းသင်းလေးကို ရတတ်ပါတယ်၊ အဲဒီကစလို့ “တော်လှန်ရေး မုချအောင်ရမည်” ကြွေးကျော်သံဆိုတာကလည်း တော်တော်လေးကိုခေတ် စားသွားခဲ့တယ်၊ နောက်ပိုင်း ကရင်တွေဆင်ကိုကျွေးတဲ့ ဆင်စားမျက်ကို အမောင်ကျောင်းသား တွေ ဘာကြောင့်ကြိုက်ကြသလဲဆိုတာကို ကရင်တွေလည်းသိသွားခဲ့ရတယ်၊

စရိုက်ပေါင်းစုံပါတဲ့ လူတွေကို လက်နက်ကိုင်တော်လှန်ရေးတပ်ဦး တစ်ခုအဖြစ်တည်ဆောက်ဖို့ ရာ လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါ၊ လောလောဆယ်စားဝတ်နေရေး၊ ကျန်းမာရေးကိစ္စတွေကို သာနေ့တဒူဝဖြေရှင်းနေရပြီး လက်နက်ရရှိအောင်ကိုလည်းတဖက်တလမ်းမှကြိုးစားနေရတယ်၊
စားဝတ်နေရေးအတွက် နိုင်ငံတကာအမ်ဂျီအိုများအတူ ဦးတင်မြင့်ဦး(ဦးသန့်၏သားမက်)၊ ဦးစိုင်းထွန်း၊ ဦးမွေးကြိုင်တို့လို မြန်မာ့အမ်ဂျီအိုများကလည်း လာရောက်ကူညီခဲ့ကြသည်၊
နိုင်ငံတကာ ဆက်ဆံရေးအတွက်ကိုမူ အဲသည်တုန်းက ဘိုစကားပြောတတ် သူတွေဖြစ်တဲ့ ကိုဝင်မိုး၊ ကိုရဲမြင့်၊ ကိုအက်(စ်)အောင်လွင်တို့ကို အားကိုးခဲ့ရပါတယ်၊

ဒီလိုနဲ့ “ချူးအလိုင်ပိုင်မဲဆောက်” ခေတ်ကို ရောက်ခဲ့တယ်၊ စခန်းမှ ခုနှစ်မိုင်ရှစ်မိုင်မျှသာဝေးတဲ့ မဲဆောက်ကိုကားနဲ့သွားရင် လမ်းခုလတ်မှာရှိတဲ့ ထိုင်းနယ်ခြားစောင့်ဂိတ်ကို ဖြတ်သွားရတယ်၊
ရဲကအနည်းငယ်မေးမြန်းပြီး အလွယ်တကူသွားခွင့်ပေးတဲ့ခေတ်ဖြစ်ပါတယ်၊ ကျနော်တို့ကို ရဲက မေးရင် ဖြေနိုင်အောင် ထိုင်းစကားအနည်းငယ်ကို တတ်တဲ့သူတွေဆီက သင်ယူထားရတယ်၊ ဖြစ်ချင်တော့ ကျနော်တို့တော်တော်များများကလည်း “ပိုင်နိုင်” ဘယ်သွားမလဲလို့ မေးရင် “ပိုင်မဲဆောက်” မဲဆောက်ကိုသွားမယ်လို့သာ ခေါင်းထဲမှာစွဲနေပါတယ်၊ ဖြစ်ချင်တော့ ထိုင်းရဲက တခါတရံမင်းဘယ်သွားမလဲလို့ မမေးပဲ “ချူးအလိုင်”နာမည်ဘယ်လိုခေါ်ပါသလဲလို့ မေးလိုက်တော ကဘောက်ထိကဘောက်ချာဖြစ်ပြီ့း အလွတ်ကျက်ထားတဲ့ “ပိုင်မဲဆောက်” မဲဆောက်ကိုသွားမယ်လို့ ပြန်ဖြေတော့ ထိုင်းရဲတွေက ပြုံးစိစိဖြစ်သွားတဲ့အထိ ကျနော်တို့ တခေတ်ဆန်းခဲ့ကြတယ်၊

တနေ့ကျတော့ မယ်တော်ဘုန်းကြီးကျောင်းမှာ ရှိနေကြတဲ့သူတော်တော်များများကို ထိုင်းက ရဲကားတွေနဲ့ လာပို့တော့ ကျနော်တို့ မော်လီချိုင်းဂိတ်ကိုသွားပြီးကြိုကြရတယ်၊ စခန်းထဲကိုလာ
ချင်တဲ့သူများရှိသလို မ၀င်ချင်သူများလည်းရှိတာမို့ ဂိတ်မှာတော်တော်ကြာကြာလေးကိုပြော ကြဆိုကြရတယ်၊ နောက်ပိုင်း အားလုံးလိုလို စခန်းအတွင်းသို့ ၀င်လာခဲ့ကြပြီး မောကဲဘက်အ ခြမ်းမှာ ဘားတိုက်တွေကိုဆောက်ပြီးနေကြတယ်၊ နောက်ပိုင်း ရင်း(၂)ဖြစ်လာခဲ့တယ်၊

တနေ့ကျနော်တို့ စခန်းထဲက မဆလတပ်ထွက် တစ်ယောက်ဖြစ်တဲ့ ရဲဘော်မျိုးမြင့်နိုင်(ခ) မောင်ပိန်ကို ကရင်တပ်ကဖမ်းသွားတယ်လို့ သတင်းကြားတော့ ကျနော်တို့ ညကြီးမင်းကြီး သူကိုချုပ်ထားရာ မူဆလင်တပ်ရှိရာကို အပူတပြင်းသွားကြရတယ်၊ ကံကောင်းထောက်မစွာ သူ့ကိုကျနော်တို့ ပြန်ခေါ်လာနိုင်ခဲ့ပါတယ်၊ အလွန်အန္တရယ်များသော တော်လှန်နယ်မြေ၏ အစပထမ အရသာ ကိုကျနော်တို့ စတင်တွေ့ထိ သိရှိကြရပြီ၊ အားလုံးကိုလည်း အနေအထိုင် တတ်ဖို့ ဆင်ဆင်ချင်ခင်နေကြဖို့ ပြောကြရတယ်၊

ရောက်ကာစမှာ လုံးဝမတည်ငြိမ်သလို အတို့အထောင်တွေကလည်း အလွန်များလှပါတယ်၊ တယောက်ယောက်ကို မကျေနပ်ရင် ချောက်တွန်းတတ်သော အတွေးအခေါ်အားနည်းတဲ့ လူတန်းစားတွေကလည်းရှိနေတော့ အတတ်နိုင်ဆုံး လူတစ်ဦးစီ၏စရိုက်သဘာဝကို ရသမျှ အချိန်လေးမှာပင် လေ့လာရ မှတ်သားရတယ်၊ စာတတ်ပေတတ် ပညာတတ်တွေပါသလို ဘာကိုဘာမှမသိတဲ့ ပညာနည်း ကျေးလက်တောသူတောင်သားတွေ၊ မြို့ပေါ်က ဂျင်ဂျင်လည် လူရည်လည် လူရှုပ်တွေလည်းပါပါတယ်၊ ဒီလိုလူတွေအားလုံးကို ပေါင်းစပ်ပြီး၊ တော်လှန်ရေး
ကို ပုံသွင်းရတာကတော့ အခက်တကာအခက်ဆုံးတစ်ခု ဖြစ်ပါလိမ့်မယ်၊

ကျနော်တို့က ဗဟိုကော်မီတီကို ဖွဲ့စည်းပြီးမှ နယ်မြေကော်မီတီကို ဖွဲ့စည်းဖို့သဘောထား ရှိပေမဲ့ ကေအင်ယူက ကျနော်တို့ကို ကရင်နယ်မြေကော်မီတီကို အရင်ဖွဲ့စည်းစေချင်တယ်၊
ပြောတဲ့အတိုင်းလည်း လုပ်ခဲ့တယ်၊ ကရင်နယ်မြေမှရှိတဲ့ အဓိကစခန်းကြီး (၅)ခုက ကိုယ်စား လှယ်တွေကိုဖိတ်ပြီး ဗိုလ်ချုပ်တာမလာဘောက သဘာပတိလုပ်ကာ အစည်းအဝေးကျင်းပခဲ့ ပါတယ်၊ ကိုတင်စိုး(စောထ)ကို တာဝန်ခံထားရှိပြီး နယ်မြေကော်မီတီကို အလုပ်စတင်ရန်ဖြစ် သော်လည်း အချိန်တိုအတွင်းမှ ဘာမှမလုပ်ဖြစ်ခဲ့ပဲ၊ ဒေသပေါင်းစုံ စုပေါင်းပြီး ညီလာခံတစ်ခု ကျင်းပရန် အပူတပြင်းဖြစ်လာရတယ်၊ NDF မှာ DAB ဘီ တပ်ပေါင်းစုတစ်ခုဖွဲ့စည်းဖို့ ဆုံးဖြတ် ချက်ကျပြီးချိန် ဖြစ်ဖို့များပါတယ်၊ သောင်းနဲ့ချီပြီး တောခိုလာစ ကျနော်တို့အတွက် အဖွဲ့အစည်း တစ်ခု ရုပ်လုံးမပေါ်ပဲ တပ်ပေါင်းစုဖွဲ့လိုကတော့ ဘာမှာအဓိပါယ်ရှိလိမ့်မဟုတ် သည့်အတွက် ကျနော်တို့၏ တပ်ဦးဖွဲ့စည်းရေးမှာ ပထမဦးစားပေးဖြစ်လာရတယ်၊

ညီလာခံကို ကရင်နယ်မြေမှ ကိုယ်စားလှယ်များ မသွားရောက်မှီ ABSDF အမည်နာမ ရွေးချယ်မှုနဲ့ပတ်သက်ပြီးတော့ သေ့ဘောဘိုးမှာ အပြန်အလှန်ဆွေးနွေးခဲ့ကြတယ်၊ ကိုမျိုးသန့်(၂၀၈)ကတော့ ကျောင်းသားတခုတည်းအစား ကျောင်းသားပြည်သူလို့ဆိုရင် ပိုကောင်းမယ်ဆိုပြီး ပြင်းပြင်းထန်ထန် ဆွေးနွေးခဲ့ကြပေမဲ့ မအောင်မြင်ခဲ့၊ ရှစ်ဆယ့်ရှစ် တော်လှန်ရေး၏အရှိန်က  အလွန်အားကောင်းနေသေးတဲ့ကာလပဲ မဟုတ်ပါလား၊ ဒီလိုနဲ့
ABSDF ၏အမည်နာမကို ကျနော်တို့အားလုံး သဘောတူညီမှုရရှိခဲ့ပြီး နိုဝင်ဘာလ(၁)ရက်နေ့ ၀မ်းခါစခန်းတွင် ပြုလုပ်မဲ့ညီလာခံကို သယ်ယူသွားနိုင်ခဲ့ပါတယ်၊

နောက်နေ့ မဲဆောက်ကိုတက်ပြီး ကျနော်ဗိုလ်မှူးစိုးစိုးအိမ်ကိုသွားပြီး ကရင်၊ကရင်နီ၊မွန်
ဘက်မှာရှိကြတဲ့ ကျောင်းသားစခန်းအသီးသီးကို ကြေးနန်းပေးပို့ရပါတယ်၊ အဲသည်မတိုင် ခင်မှာ ဗိုလ်မှူးစိုးစိုးအိမ်မှာပဲ ကျနော်တို့သေ့ဘောဘိုး စခန်းကကိုယ်စားလှယ်မျာနဲ့ ကျောင်းသားခေါင်းဆောင် ကိုမောင်မောင်ကျော်ဦးဆောင်တဲ့ ပါတီတစ်ခုကိုဖွဲ့စည်းပြီး တော်လှန်ရေးလုပ်လိုသူတွေ အပြန်အလှန်ဆွေးနွေးပွဲ လုပ်ခဲ့ကြရတယ်၊ ထိုစဉ်အခါက သေ့ဘောဘိုးစခန်းထဲမှာ ကိုမောင်မောင်ကျော် ဦးဆောင်တဲ့အုပ်စုနဲ့ ကျနော်တို့ စခန်း ကော်မီတီကြားမှာ အတွေးအခေါ် ကွဲလွဲမှုတစ်ချို့ရှိခဲ့တဲ့အတွက် စခန်းတွင်းမှာ နိုင်ငံရေး လွန်ဆွဲပွဲလို့ ဖြစ်နေလို့ ရှင်းပေးလိုက်တဲ့ သဘောပါပဲ၊ ကျနော်တို့ တက်ရောက်လာသူ အများစုက တပ်ဦးအနေနဲ့ပဲ သွားချင်တယ်ဆိုတော့ ကိုမောင်မောင်ကျော်တို့အဖွဲ့လည်း နောက်ပြန်ဆုတ်သွားရတယ်၊

ပြဿနာတစ်ခုပြီးတော့လည်း နောက်ပြဿနာတခုကလည်း ညီလာခံမကျင်းပခင် ထပ်ဝင်လာ ပြန်တယ်၊ ဘန်ကောက်က ဦးတင်မြင့်ဦးအိမ်မှာ ကိုမောင်မောင်သိန်း ဦးဆောင်ပြီး ဗဟိုကော်မီ
တီဖွဲ့စည်းသည့် သတင်းထွက်ပေါ်လာပြန်တယ်၊ ဒီမှာညီလာခံတောင် မကျင်းပရသေးဘူး၊ ဘန်ကောက်မှာ အချိန်တိုလေးအတွင်းမှာ ဗဟိုကော်မီတီ ဗြုန်းစားကြီးပေါ်ပေါက်လာတဲ့ သတင်းကြောင့် အောက်ခြေစခန်းတွေမှာ စိတ်ပျက်လက်ပျက်နဲ့ ဝေေ၀၀ါးဝါးဖြစ်ခဲ့ကြရတယ်၊ ကိုမောင်မောင်သိန်းက ဥက္ကဌဖြစ်ပြီး၊ ဒုဥက္ကဌကို ခြောက်ယောက်ကြီးများတောင်ဖြစ်နေတယ်၊ သေ့ဘောဘိုးစခန်းမှာ အမြဲတန်းရှိနေတဲ့ ဘန်ကောက်ဆိုရင် ဘယ်လိုနေမှန်းမသိသေးတဲ့ ကျနော်ကိုပါ ဒုဥက္ကဌထဲမှာ နှစ်သိမ့်စုအနေနဲ့ ထည့်ထားတာကိုတွေ့ရတော့ ဘာတွေဖြစ်ကုန်ပြီ လည်းလို့ ဘန်ကောက်ကို တက်လိုက်ဆင်းလိုက် လုပ်နေနိုင်တဲ့ ကိုဝင်မိုးကိုလှမ်းမေးတော့မှာ အဖြစ်စုံကိုသိရတော့တယ်၊
သြော်ကျနော်တို့ တတွေဟာ တော်လှန်ရေးဆိုတာကို အလွယ်တကူလေး ထင်နေကြပါလား၊ ဒါကြောင့် ကရင် ဖဒိုဖူးလောခွါးက မင်းတို့ကျောင်းသားတွေကလည်းကွာ စစ်တောင်မတိုက် ဘူးသေးပဲနဲ့ဗိုလ်ချုပ်လုပ်ချင်သူတွေ တယ်များပါလားလို့ နောက်တာတောင်ခံခဲ့ရပါသေးတယ်၊ ကျနော်ကလည်း ဖူးလောခွါးကို အားကျမခံ အဖိုးရယ် ကျနော်တို့က ဗိုလ်ချုပ်တွေကိုစိတ်နာလို့ တောခိုလာကြတဲ့သူတွေဆိုတော့ ဗိုလ်ချုပ်ဖြစ်ချင်တဲ့သူတွေ များတာမကောင်းဘူးလားလို့ ပြန်နောက်လိုက်တော့ ဖူးလောခွါးလည်း တဟားဟားရယ်မောကာ နေပါတော့တယ်၊


မှတ်ချက်…အပိုင်း(၂)မှာ ကနဦးအစဖြစ်စဉ်တွေကို ဦးစားပေးရေးလိုက်ပါတယ်၊ အပိုင်း(၃)မှာ ညီလာခံ၊ ဖွဲ့စည်းပြီးခါစ မကဒတ ပြဿနာများ၊ မတူညီမှုမတိုက်ဆိုင်မှုတွေကအစ ကွဲခဲ့ရသည့် အကြောင်းရင်းခံများကို တင်ပြသွားရန်ရှိပါသည်၊

မဲဂလာချောင်းမှာရေချိုးနေကြစဉ်

No comments: