Friday, October 5, 2012

ကမ္ဘာ့ဆရာများနေ့ြ

ကမ္ဘာ့ဆရာများနေ့ မြန်မာ့အမြင်



အောက်တိုဘာ ၅ ရက်နေ့ကို ကမ္ဘာ့ ဆရာများနေ့အဖြစ်သတ်မှတ်ကာ နိုင်ငံတကာတွင် ဂုဏ်ပြုပွဲများကျင်းပပြုလုပ်လေ့ရှိ သည်။ အစဉ်အလာကောင်း တစ်ခုအနေဖြင့် ဂုဏ်ပြုလောက်သည့် အနေအထားတွင် သတ်မှတ်ခြင်းခံနေရဆဲဖြစ်သော ဆရာ့ဘဝကား လေးစားစရာဖြစ်ပါသည်။ ယခုနှစ်အတွက် ဆောင်ပုဒ်မှာ Take a Stand for Teachers! ဖြစ်ပါသည်။ ဆရာများဘက်မှ မားမားမတ်မတ် ရပ်တည်ပေးကြရန် နှိုးဆော်ထားခြင်းဖြစ်သည်။
မြန်မာ့လူ့ဘောင်တွင် ဆရာဆိုသည်မှာ  ကြီးမြတ်သူတစ်ယောက်အနေဖြင့် အစဉ် လေးစား တန်ဖိုးထားခြင်း ခံရသည်။ သင်္ဂဇာဆရာတော်ဘုရားကြီးက ထို့ကြောင့်ပင် “အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့၊ ဆရာတို့၊ ကျင့်ဖို့ ဝတ်ငါးဖြာ” ဟူ၍ ဆိုဆုံးမတော်မူခဲ့ ပါသည်။ ဆရာတစ်ဦး၏တာဝန်ကို အရေး ကြီးစွာဖြင့် သတ်မှတ်ပြဋ္ဌာန်းပေးတော်မူခဲ့ ခြင်းလည်းဖြစ်ပါသည်။ ဆရာတို့ မိမိတို့တာဝန် ကျေပွန်ပြီလား ပြန်စဉ်းစား သင့်ပါသည်။
ကမ္ဘာ့နိုင်ငံအသီးသီးတွင် မူလတန်းပြ ဆရာအဖြစ် တာဝန်ထမ်းဆောင်ရန် ၂၀၁၅ ခုနှစ်တွင် ဆရာဦးရေ ၆ ဒသမ ၈ သန်းခန့် အထိ လိုအပ်လာ မည်ဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် အများစုသင်ယူနိုင်သည့် မူလတန်း ပညာရေးရည်မှန်းချက်များ ပြည့်မီအောင် ဆောင်ရွက်ရန် ဆရာဦးရေ ခန့်မှန်းခြေ ၁ ဒသမ ၇ သန်းခန့် လိုအပ်မည်ဖြစ်ပါသည်။အငြိမ်းစားယူသွားသည့် ဆရာကြီး ဆရာမ ကြီးများနှင့် လုပ်ငန်းမှ ထွက်ခွာသွားကြသော ဆရာ ဆရာမများ နေရာတွင် အစားထိုးရန် အတွက် ဆရာသစ်ပေါင်း ၅ ဒသမ ၁ သန်း လိုအပ်နေပါသည်။
လူတိုင်းအတွက် ပညာရေးရည်မှန်းချက်များ ပြည့်မီစေရန် ဆောင်ရွက်ရာတွင် ဆရာများသည် အဓိက အခန်းကဏ္ဍတွင် တာဝန်ယူနေရဆဲဖြစ်သည်။ ထို့ကြောင့် ဆရာသစ်များသည် လူ့ဘောင်တွင် အစဉ် လိုအပ်နေဦးမည်သာဖြစ်သည်။
နိုင်ငံတကာတွင် ဆရာလိုအပ်ချက် ပြဿနာများကို မည်သို့ဖြေရှင်းရမည်အား အဖြေရှာကြရန်လိုပါသည်။ ဆရာသစ်များ မွေးထုတ်နိုင်ရေးအတွက် မည်သည့်လှုပ်ရှား မှုများဖြင့် ဆောင်ရွက်ကြသနည်း။ ဆရာတို့၏ လစာနှင့် အခွင့်အရေးသည် နည်းပါးလှ သောကြောင့် မည်သို့ဆွဲဆောင်မှုများ၊ မက်လုံးများပေးကာ ဖိတ်ခေါ်ကြသနည်း။ ဆရာ့ အရည်အသွေး၊ အဆင့်အတန်းမြင့်မားရေး အတွက် မည်သို့ဆောင်ရွက် နေကြသနည်း။ ဆရာအလုပ်ကို လေးစားမြတ်နိုးတန်ဖိုးထားစေရန်၊ ဆရာကို ချစ်ခင်မြတ်နိုးတန်ဖိုးထား တတ်စေရန် နေရာပေးသလောက် ဆရာများကလည်း ထိုအဆင့်အတန်း ဂုဏ်တို့နှင့် အညီ နေထိုင်၊ လုပ်ကိုင်နိုင်ပြီလော။ တာဝန်ရှိမှု၊ တာဝန်သိမှု၊ တာဝန်ယူမှုပေါင်း များစွာဖြင့် ဆရာအလုပ်ကို ဦးဆွေးဆံမြည့် ထမ်းဆောင်ခဲ့ကြသော ဆရာ ဆရာမများ အပေါ် မည်သို့ထိုက်တန်စွာ ဂုဏ်ပြုပေးခဲ့ ကြသနည်း။
အရည်အသွေးရှိသည့် ပညာရေးကို တောင်းဆိုသည့်နိုင်ငံများတွင် အရည် အသွေးရှိသည့် ပညာရေးနှင့် အရည်အသွေး ပြည့်သော ဆရာများကို ပြုစုပျိုးထောင်ထား နိုင်ရမည်ဖြစ်ပါသည်။ ဆရာများ အရည် အသွေးပြည့်ဝစေရန် သင့်လျော်သည့် အရည်အချင်းများကိုလိုက်၍ သင်တန်း တက်ရောက်ခွင့်များ၊ လုပ်ငန်းခွင်ဖွံ့ဖြိုးတိုး တက်ရေးအတွက် ဆက်လက်သင်ယူနိုင် သည့် အခွင့်အလမ်းများပေးရမည်ဖြစ်သည်။ ဆရာများကလည်း ဆက်လက်သင်ယူချင် စိတ်ရှိပြီး၊ ဘဝတစ်သက်တာ ကျောင်းသားကြီး များဟုခံယူကာ လေ့လာသင်ယူလို စိတ်များ ရှိရန်လိုပါသည်။  
မြန်မာ့လူ့ဘောင်တွင် ဆရာဆိုသည်မှာ အနန္တဂိုဏ်းဝင်အဖြစ် ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာဟူ၍ တစ်တန်းတည်း ထားပြီး မြတ်နိုးချစ်ခင် ကိုးကွယ်ယုံကြည်ခဲ့ကြပါသည်။ ဆရာကိုမြတ်နိုးချစ်ခင် ဦးထိပ် တင်ခဲ့ကြရာမှ ခေတ်နှင့်စနစ်ကြောင့် ဆရာ ဘ၀ မြောင်းထဲရောက်သွားခဲ့ပါသည်။ ပညာရေးဆိုင်ရာ မတည်ငြိမ်သော ပြုပြင်ပြောင်းလဲမှုများ၊ ပညာရေးတွင် ပညာမပေးနိုင်သော၊ ပညာရေးနှင့် မသက်ဆိုင်သော၊ ပညာရေးကို စိတ်မဝင်စားသော်လည်း ရာထူးနှင့်နေရာကို စိတ်ဝင်စားသောသူများ လွှမ်းမိုးလာမှုကြောင့် မြန်မာ့ပညာရေးသည် ရင်လေးဖွယ်ရာကောင်းလှပါသည်။
ခေတ်စနစ်ကို မျက်ကွယ်ပြုသူများ၊ မိမိတို့ချမှတ်ခဲ့သော ပညာရေးစနစ်ကြီးသည် ယနေ့တိုင် ဟောင်း သော်လည်း ကောင်းနေ ဆဲဖြစ်ကြောင်း ဘဝင်ခိုက်နေသည့်ပညာရှင် ကြီးများ ကာဆီးထားလျှင်၊ ပြုပြင်ပြောင်းလဲ သင့်ပါလျက်၊ အာဏာပိုင်များကိုကြောက်၍ သော်လည်းကောင်း၊ မိမိတို့နေရာမမြဲမည်ကို စိုးရိမ်သောကြောင့်လည်းကောင်း၊ မပြုရဲ၊ မပြင်ရဲ၊ မပြောင်းရဲသောသူများကြားတွင်လည်း ဆရာများနှင့် ကျောင်းသားများသည် မြေစာပင်ဖြစ်ခဲ့ရပါသည်။
နေရာပေးသည်ဆိုခြင်းမှာ နေရာပေး အပ်သောအရည်အချင်းများနှင့် ပြည့်စုံသောကြောင့်သာဖြစ်သည်။ ဘုရားနှင့်တစ်ဂိုဏ်းတည်းထားပြီး ရှိခိုးရိုသေကြရခြင်းသည် ရိုသေမြတ်နိုး တန်ဖိုးထားလောက်သည့် အရည်အချင်းနှင့် ပညာဂုဏ်ကြောင့် ဖြစ်ပါသည်။
မဝရေစာကြွေး၊ နေရာမပေး၊ အလေးအမြတ်မပြု၊ သူ့နေရာနှင့်ဝေး၊ မြောင်းဘေးထိုင်စေ၊ ခွေးမောင်း ကျီးခြောက်၊ အာလောက်လောက်အော်၊ ကျီးဆိတ် ခွေးဟောင်ခံနေရသည့်ဘဝဖြင့်ထားလျှင် ဆရာ ဆိုသည်မှာ လေးစားဂုဏ်ယူဖွယ်ဟု မြင် မည်မဟုတ်ပေ။
ထို့အတူပင် ဆရာဟူသည် ပညာသင် ကြား ပို့ချပေးသူ၊ သွန်သင်ဆုံးမ နည်းလမ်း ပြသူ၊ အတတ် လုပ်ငန်းတစ်ရပ်ရပ်တွင်  ကျွမ်းကျင်သူ ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံထား ရခြင်းမှ သွေဖီကာ သင်ကြား နိုင်စွမ်းရှိစေရန် မလေ့ကျင့်ခြင်း၊ သွန်သင်ဆုံးမနိုင်လောက်အောင် စံပြုလောက်သူအဖြစ် နေထိုင်ကျင့်ကြံမှု မရှိခြင်း၊ မိမိအလုပ်တွင် မကျွမ်းကျင် ခြင်းများကြောင့်လည်း ဆရာဘဝ မြောင်းထဲ ရောက်တတ်ပါသည်။
လစာနည်းခြင်းသည် အကျင့်ပျက်ရန် အခြေခံဆိုသည့်အယူအဆကို ဆရာလောကတွင် လက်ခံရန်မဟုတ်ပါ။ ဆရာဆိုသည်မှာ ကိုယ်ကျင့်တရားကအစ စံပြုလောက်သည့် ပုဂ္ဂိုလ်ဖြစ်နေရန်လိုပါသည်။ ငါ့ဝမ်းပူဆာ မနေ သာသဖြင့် အကျင့်ပျက်ရမည်ဆိုလျှင်  ဆရာအလုပ်ကို မရွေးချယ်ခြင်းက အကောင်းဆုံးဖြစ်ပါလိမ့်မည်။ ဆရာဟူ သည် “ပီတိစားကာ အားရှိသူများ” ၊ “စေတနာ၊ ဝါသနာ၊ အနစ်နာ” နာသုံးနာကို ခံယူနိုင်စွမ်းရှိသူများအဖြစ် မြန်မာ့လူ့ဘောင်လောကတွင် အဆိုများထားခဲ့ခြင်းမှာလည်း အကြောင်းမဲ့မဟုတ်ပါ။ ဆရာလောက ရေရှည်တည်တံ့ခိုင်မြဲရေး၊ ဆရာ့ဂုဏ်သိက္ခာ တည်မြဲရေးအတွက် ဝိုင်းဝန်းကြိုးစားသင့်ကြောင်း တိုက်တွန်းအပ်ပါသည်။ 

ကမ္ဘာ့ဆရာများနေ့မဲဆောက်မြို့တွင် ကျင်းပ

Submitted by on Friday, 5 October 2012--
အောက်တိုဘာလ ၅ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)
ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ရှိ Child Development Center- CDCကျောင်းတွင် ရွှေ့ပြောင်းမြန်မာကျောင်းများ စုပေါင်း ၍ ၈ကြိမ်မြောက် ကမ္ဘာ့ဆရာများနေ့ကို ယနေ့ နံနက်က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။
စေတနာ၊ ၀ါသနာ၊ အနစ်နာ ဆိုသည့် နာသုံးနာနှင့် အနာဂတ်မျိုးဆက်သစ်လေးများအတွက် ပညာသင်ကြားပေးနေသော ဆရာ၊ ဆရာမများကို ဂုဏ်ပြုသည့်အနေဖြင့် အခမ်းအနားကို နှစ်စဉ် ကျင်းပခဲ့ရခြင်းဖြစ်ကြောင်း မဲဆောက်အခြေစိုက် မြန်မာရွှေ့ ပြောင်းဒေသ ဆရာ၊ဆရာမများအစည်းအရုံး-BMTA ဥက္ကဌလည်းဖြစ်၊ CDC ကျောင်းအုပ်လည်းဖြစ်သည့် ဆရာမန်းရွှေနှင်းက ပြောသည်။
ဆရာမန်းရွှေနှင်းက “ရွှေ့ပြောင်းဆရာ၊ ဆရာမတွေရဲ့ တန်ဖိုး၊ ပေးဆပ်မှုတွေက သမိုင်းတွင်လောက်တယ်။ ဒါကြောင့် ဒီလိုမျိုးပွဲ ကို ကျနော်တို့က ဆရာ၊ ဆရာမတွေ စုစုစည်းစည်းနဲ့ သူတို့ရဲ့ခံစားချက်တွေ၊ သူတို့ရဲ့ ရင်ထဲက အပူအပင်တွေ နည်းနည်းလေး ဖြစ်ဖြစ် သက်သာသွားနိုင်ဖို့လည်းပဲ နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့တာဖြစ်ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
မနက် ၉နာရီခွဲတွင် စတင်သည့် ၎င်းအခမ်းအနားကို ဆရာ၊ ဆရာမများ ရှေ့ဆက် ရပ်တည်သွားနိုင်ကြရန် Take a Stand For Teachers! ဆိုသည့် ဆောင်ပုဒ်ဖြင့် ယနေ့ ပြုလုပ်သည့် ဆရာ၊ ဆရာမများနေ့တွင် ပြသခဲ့ကြသည်။

ရွှေ့ပြောင်းမြန်မာကျောင်းဆရာတဦးဖြစ်သူ ဆရာဇော်ထက်က “ရွှေ့ပြောင်းကျောင်းက ဆရာ၊ ဆရာမတွေကို ဂုဏ်ပြုပြီးတော့ ဆောင်ပုဒ်လေးတစ်ခုလုပ်တာ သိပ်ကောင်းပါတယ်။ ဒီမှာရှိတဲ့ ဆရာ၊ ဆရာမတွေကလည်း ကျောင်းသူ၊ ကျောင်းသားတွေအ တွက် စံပြဖြစ်ဖို့ လိုအပ်တယ်”ဟု ပြောသွားခဲ့သည်။
ကမ္ဘာ့ဆရာများနေ့ အခမ်းအနား တက်ရောက်သည့် CDC မှ ဆယ်တန်းကျောင်းသူ နော်ရိုမီထူးကလည်း ကိုယ်ကျိုးစွန့် အနစ်နာ ခံပြီး လူမှုရေးစိတ်ဓါတ် အပြည့်အ၀ဖြင့် ကျောင်းသူ၊ ကျောင်းသားများကို ပညာသင်ကြားပေးနေသည့် ဆရာ၊ဆရာမများအပေါ် ကျေးဇူးတင်မိကြောင်း ယခုလို ပြောသည်။
နော်မေထူးက “အခုအချိန်မှာဆိုရင် ကျောင်းတိုင်းမှာလိုလို ထောက်ပံ့မှုတွေ လျော့သွားတယ်။ လျော့သွားပေမယ့်လို့လည်း သူတို့ရဲ့ အခက်အခဲတွေကြားကနေပဲ ကျောင်းသူကျောင်းသားတွေကို ပစ်မသွားဘူး။ အနစ်နာခံပြီး ပညာသင်ကြားပေးနေကြ တာပါ”ဟု ပြောသည်။
BMTA မှ ဦးစီးကျင်းပခဲ့သည့် ယနေ့အခမ်းအနားသို့ မြန်မာရွှေ့ပြောင်းဆရာ၊ဆရာမများ၊ ကျောင်းသူကျောင်းသားများ၊ ရပ်မိရပ်ဖ များ၊ နိုင်ငံခြားသားများနှင့် သတင်းထောက်များ အပါအ၀င် လူဦးရေ ၄၀၀နီးပါး တက်ရောက်ခဲ့ကြပြီး အခမ်းအနား အစီအစဉ်အ ရ ပရိဿတ်များကို BMAT ၏ လုပ်ငန်းအစီရင်ခံစာများ၊ ဘဏ္ဍာရေးအစီရင်ခံစာများကို တင်ပြခြင်းများအပြင် စာစီစာကုံးပြိုင်ပွဲ၊ ဘောလုံးပြိုင်ပွဲများအတွက် ဆုပေးပွဲများ၊ ဖျော်ဖြေရေးအစီအစဉ်များဖြင့် ညနေ ၄နာရီတွင် ရုတ်သိမ်းခဲ့သည်။
မဲဆောက်မြို့တွင် ထိုင်းပညာရေးဌာနတွင် မှတ်ပုံတင်ထားသည့် တရားဝင်ကျောင်းပေါင်း ၇၄ကျောင်းနှင့် မှတ်ပုံမတင်ရသေး သည့်ကျောင်း ၈ကျောင်းရှိရာ စုစုပေါင်း ဆရာ၊ဆရာမဦးရေ ၈၃၀ရှိသည်။
Burma Migrant Teacher Association-BMTA ကို ၂၀၀၅ခုနှစ်၊ အောက်တိုဘာလ ၁၇ရက်နေ့တွင် စတင် ဖွဲ့စည်းခဲ့ပြီး မဖွဲ့စည်း မီကတည်းက ကမ္ဘာ့ဆရာများနေ့ကို ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းကျောင်းဆရာ၊ဆရာမများက စုပေါင်းကျင်းပခဲ့ကြသည်။

No comments: