Friday, October 19, 2012

တရုတ်ပြည်ရဲ့ မဟာတံတိုင်းသစ်


   
   ခရစ်မတိုင်မီ ဘီစီ ၃ဝဝ လောက်မှာ ချင်မင်းဆက် Qin dy-nasty  ရဲ့ ပထမ ဧကရာဇ်ဘုရင် ကြီးဟာ တရုတ်ပြည်ကြီးကို ပေါင်း  စည်းခဲ့တယ်။ အာရှအလယ်ပိုင်းက  မြက်ခင်းလွင်ပြင်ကြီးတွေမှာ ရေ ကြည်ရာ မြက်နုရာ လှည့်လည်နေ ထိုင်ကြတဲ့ မျိုးနွယ်စုတွေက တရုတ် ပြည်ကြီးကို မကြာမကြာလာ ရောက် တိုက်ခိုက်ဖျက်ဆီးလေ့ရှိ တာကြောင့် နောင်တစ်ချိန်မှာ သမိုင်းမော်ကွန်း တွင် ကျန်ရစ်မယ့် ဧရာမမဟာတံတိုင်းကြီးကို တရုတ် ပြည် မြောက်ပိုင်းတစ်လျှောက် တည်ဆောက်ခဲ့တယ်။
    ကမ္ဘာက  The Great Wall of China  လို့ ခေါ်ကြတဲ့ တရုတ် ပြည် မဟာတံတိုင်းကြီးကို မြင်တွေ့ ကြရသူတိုင်း တအံ့တသြ ချီးမွမ်း ကြရတယ်။ တရုတ်ရဲ့ဆောက်လုပ် ရေးနည်းပညာ ကျွမ်းကျင်နိုင်နင်းမှု သင်္ကေတတစ်ခုလည်း ဖြစ်တယ်။ တရုတ်တွေရဲ့ ကြီးမားတဲ့ လူအင် အားနဲ့ မြင့်မားတဲ့ စွမ်းဆောင်နိုင် စွမ်းကို ဖော်ပြတယ်။ ပြီးတော့ တရုတ်တို့ရဲ့ ပြင်ပကမ္ဘာအပေါ် သူတို့ရဲ့ သဘောထားအမြင်ကို လည်း ဖော်ညွှန်းတယ်။
    ဒီမဟာတံတိုင်းကြီးရဲ့တောင် ဘက် ဒေသနယ်ပယ်တစ်ဝန်းလုံး ကို ''တရုတ်ပြည်မ'' လို့ ခေါ်ကြ တယ်။ တရုတ်တို့က ချွမ်းခုဝေါ့ Chung Kuo လို့ခေါ်တယ်။ အဓိပ္ပာယ်က အလယ်နိုင်ငံ Mid-dle Kingdom ပါတဲ့။ ခုတော့ မဟာတံတိုင်းကြီးဟာ အိုမင်းဆွေး မြည့်စ ပြုလာပါပြီ။ ဒါပေမယ့် တရုတ်တို့ရဲ့ မဟာတံတိုင်းစိတ် ဓာတ်ကတော့ မူဝါဒရေးဆွဲကြတဲ့ တရုတ်ခေါင်းဆောင် ကြီးတွေရဲ့ စိတ်သန္တာန်မှာ ကိန်းအောင်းနေ ဆဲပါ။
   သဘောထားတင်းမာတဲ့ ကွန် မြူနစ်ပါတီ ကြီးစိုးစဉ်က နိုင်ငံခြား သားအရင်းရှင်တွေ တရုတ်ပြည်ထဲ ဝင်မလာရအောင် တရုတ်စီးပွားရေးကို တံခါးပိတ်ထားခဲ့ကြတယ်။ ၁၉၈ဝ ပြည့်နှစ်များရဲ့ အစောပိုင်း ကာလမှာ တရုတ်ခေါင်းဆောင်ကြီး တွေရဲ့ သဘောထားအမြင် ပြောင်း လဲသွားပြီး ပိတ်ထားတဲ့ တံခါးကို ဖွင့်ပေးကာ ဈေးကွက်စီးပွားရေး စနစ် ကျင့်သုံးလာခဲ့ကြတယ်။ တရုတ်ပြည်လည်း နေ့ချင်းညချင်း ဆိုသလို အံ့သြရလောက်အောင် စီးပွားရေး တိုးတက်သွားခဲ့တယ်။
    ဒါပေမယ့် ခုနေအခါမှာ နိုင်ငံ ခြားသားတွေ မဟာတံတိုင်းကြီး သစ်တစ်မျိုးနဲ့ ရင်ဆိုင်လာကြရ တယ်။ ဒီတံတိုင်းသစ်က အုတ်တွေ၊ ကျောက်တွေနဲ့ တည်ဆောက်ထား တဲ့ တံတိုင်းကြီး မဟုတ်ဘူး။ စည်း ကမ်းတွေ၊ စည်းမျဉ်းတွေ၊ ကန့် သတ်ချက်တွေနဲ့ တည်ဆောက် ထားတဲ့ တံတိုင်းသစ်ကြီး။ ဒီတံတိုင်း သစ်ကို ဗျူရိုကရက် တပ်မဟာက စောင့်ကြပ်ပေးလျက်ရှိတယ်။ ရည် ရွယ်ချက် ကတော့ မြိုးမြိုးမြက်မြက် အမြတ်ရနိုင်တဲ့ တရုတ်စားသုံးသူဈေးကွက်တွေထဲကို နိုင်ငံခြားသား တွေ ဝင်ခွင့်မရအောင် ချုပ်ကိုင်ဖို့ ဖြစ် တယ်။
   ဒီတော့ နိုင်ငံတကာစီးပွားရေး လုပ်ငန်းရှင်တွေအတွက် ကစား ကွင်း ရွဲ့စောင်းသွားတယ်။ ကုမ္ပဏီ အချို့က သူတို့ရဲ့ ရင်းနှီးမြှုပ်နှံ မှု တွေကို အခြားကို ရွှေ့ပြောင်းတော့ မယ်လို့ ခြိမ်းခြောက်ပြောဆိုလာ ကြတယ်။ တရုတ်ပြည်မှာ ရုံးခန်း ဖွင့်လှစ်ထားတဲ့ ဥရောပ သမဂ္ဂကုန် သည်ကြီးများအသင်း- European Union Chamber of Commerce ရဲ့ မကြာသေးမီက ထုတ်ပြန်ခဲ့ တဲ့ လေ့လာ ဆန်းစစ်ချက်တစ်ခုမှာ ၄င်းတို့ရဲ့ မေးမြန်းချက်ကို ဖြေကြားခဲ့သူ ၄၂ ရာခိုင်နှုန်းက တရုတ်အစိုးရ မူဝါဒများ ဟာ နိုင်ငံခြား ကုမ္ပဏီများ အပေါ် လွန်ခဲ့တဲ့ နှစ်နှစ်ကနဲ့ နှိုင်းစာရင် သိပ်ပြီး မျှတမှုမရှိဘူးလို့မြင်ကြတယ်။ ပြီးတော့ ၄င်းတို့အနေနဲ့ အခြေ အနေ ပြန်ကောင်း လာလိမ့်မယ်လို့ မျှော် လင့်မထားကြဘူး။
   ဖြေကြားသူ ၄၃ ရာခိုင်နှုန်းက လာမယ့် နှစ်နှစ်အတွင်းမှာ ခွဲခြား ဆက်ဆံမှုဟာ ပိုပြီးဆိုးရွားလာလိမ့် မယ်လို့ ယူဆကြတယ်။ အချို့ကတော့ နောက်ထပ် နှစ်နှစ်လောက် အထိကြာအောင် စောင့်ကြည့်မနေ ချင်ကြတော့ဘူး။ ၂၂ ရာခိုင်နှုန်းက ရင်းနှီးမြှုပ်နှံ မှုတွေကို တရုတ်ပြည် မှ အခြားနိုင်ငံတွေဆီ ရွှေ့ပြောင်းဖို့ ပြင်ဆင်နေကြောင်း ဆိုခဲ့ကြတယ်။ ပေကျင်းမြို့ အခြေစိုက် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုးတိုး တက်ရေးအဖွဲ့- Organisation for Economic Co-operation and Developement  မှ အကြံပေး Joerg Wuttke  က ''ကုမ္ပဏီတွေ ဟာ တရုတ်ပြည်မှာ သူတို့ရဲ့ ငွေ တွေကို ရင်းနှီးမြှုပ်နှံဖို့ အကြိမ်ကြိမ် အခါခါ စဉ်းစား လာကြတယ်။ ခင် ဗျားရဲ့ ကားမှန်ပြတင်းပေါက်က အပြင်ထွက်ကြည့်လိုက်ပါ။ လမ်း ပိတ်ဆို့ထားတာ ခင်ဗျားတွေ့ရ လိမ့်မယ်'' လို့ ပြောကြားခဲ့တယ်။
  ဒါကတော့ တရုတ်အတွက်လည်း မကောင်းဘူး။ ကမ္ဘာကြီးအတွက်လည်း မကောင်းဘူး။ တရုတ်ဟာ လူအထင် ကြီးလောက်အောင် တိုးတက်ဖွံ့ဖြိုးနေတယ်ဆို ပေမယ့် နိုင်ငံခြားကုမ္ပဏီတွေ သယ်ဆောင်လာမယ့် အလုပ်အကိုင်တွေ လိုတယ်၊ ကျွမ်းကျင်မှုတွေ လိုတယ်၊ နည်းပညာတွေ လိုတယ်။ အမေရိ ကန်ပြည်ထောင်စုနဲ့ ဥရောပနိုင်ငံ တွေဟာ ၂ဝဝ၈ ခု ဘဏ္ဍာရေး အကျပ်အတည်းမှ ရုန်းထွက်နိုင်ဖို့ ကြိုးပမ်းနေရဆဲဖြစ်တယ်။ ၄င်းတို့ အနေနဲ့ ၄င်းတို့ရဲ့ ပို့ကုန်တွေကို တရုတ်ပြည်သို့ တင်ပို့ရောင်းချပြီး ¤င်းတို့ရဲ့ စီးပွားရေးြ<ွကတက်လာ အောင် လုပ်ဖို့ မျှော်မှန်းထားကြ တယ်။
    ဒါပေမယ့် အခုတော့ အခြေ အနေ ဆိုးရွားလာတယ်။ တရုတ်နဲ့ ကုန်သွယ်ဖက်နိုင်ငံတွေက သူတို့ ရဲ့ မကျေနပ်ချက်တွေကို ဖွင့်ချလာ ကြတယ်။ ''တရုတ်ဟာ ဈေးကွက် ဝင်ခွင့် အတားအဆီးတွေကို ကိုင် တွယ်ဖြေရှင်းဖို့လိုတယ်။ မဟုတ် ရင် တို့ကလည်း တို့ရဲ့ လုပ်ပိုင်ခွင့် တွေကို ကျင့်သုံးဖို့ နှောင့်နှေးနေမှာ မဟုတ်ဘူး'' လို့ အမေရိကန် အောက်လွှတ်တော် ကုန်သွယ်ရေး ဆပ်ကော် မတီဥက္ကဋ္ဌ- Kevin Brady  က ဆိုတယ်။ ဒီတော့ ဒီပြဿ နာဟာ နက်ရှိုင်းလာဖွယ်ရှိတယ်။ တရုတ်နိုင်ငံအနေနဲ့ အခြား နိုင်ငံတွေမှာ ကုမ္ပဏီ တိုးချဲ့ဖွင့်လှစ် မယ်ဆိုရင် အခြားနိုင်ငံတွေက ကုမ္ပဏီတွေကိုလည်း တရုတ်နိုင်ငံ မှာ ဖွင့်လှစ် ခွင့်ပြု ဖို့လိုတယ်။
ဘရိတ်အုပ်ခြင်း
တရုတ်နိုင်ငံနဲ့ ပတ်သက်ပြီး နိုင်ငံခြားကုမ္ပဏီတစ်ခုရဲ့ အတွေ့ အကြုံဟာ အဲဒီကုမ္ပဏီအနေနဲ့ ဘယ်လိုလုပ်ငန်း လုပ်ဆောင်သလဲ ဆိုတဲ့အပေါ်မှာ မူတည်တယ်။ တရုတ်အစိုးရက တရုတ်ပြည် အနာဂတ်အတွက် အင်မတန် အရေးပါတယ်လို့ သတ်မှတ်ထား တဲ့ အဆင့်မြင့်စက်မှုလုပ်ငန်းတွေ မှာ ပါဝင်လုပ်ကိုင်တဲ့ ကုမ္ပဏီဖြစ် ခဲ့ရင် အင်မတန် ခက်ခဲကျပ်တည်း တဲ့ ဗျူရိုကရက် ခုခံတိုက်ခိုက် မှုတွေ နဲ့ ရင်ဆိုင်ရဖွယ် ရှိတယ်။
    နိုင်ငံခြားကားကုမ္ပဏီတွေဟာ အမြဲလိုလို ပြင်းထန်တဲ့ အကန့် အသတ်၊ အချုပ်အချယ်တွေနဲ့ ရင် ဆိုင်ကြရတယ်။ အဲဒီကား ကုမ္ပဏီ တွေဟာ တရုတ်ပြည်မှာ စက်ရုံ အလုပ်ရုံတွေ တည်ဆောက်မယ်ဆို ရင် တရုတ်ကုမ္ပဏီတွေနဲ့ ဖက်စပ် လုပ်ကိုင်ကြရတယ်။ တရုတ်ကုမ္ပဏီတွေကလည်း အများအားဖြင့် နိုင်ငံပိုင်ကုမ္ပဏီတွေ ဖြစ်နေတတ် တယ်။ ဘာကြောင့်လဲဆိုတော့ တရုတ်မော်တော် ယာဉ် စက်မှုလုပ် ငန်းကို အစိုးရပိုင်လုပ်ငန်းတွေက ကြီးစိုးလွှမ်းမိုးထားတဲ့အတွက်ကြောင့် ဖြစ်တယ်။
  ကားထုတ်လုပ်သူတစ်ဦးဟာ ကားထုတ်လုပ်မှုစွမ်းရည်ကို တိုးမြှင့်ချင်တယ်ဆိုရင် ပေကျင်းအာဏာ ပိုင်တွေဆီက သဘောတူခွင့်ပြု ချက် တောင်းခံကြရတယ်။ အိန္ဒိယ၊ အင်ဒိုနီးရှားနဲ့ အခြားအဓိကထွန်း သစ်စဈေးကွက်တွေမှာ ဆိုရင် နိုင်ငံ ခြား ကားကုမ္ပဏီတွေကို ၁ဝဝ ရာခိုင်နှုန်း ပိုင်ဆိုင်လုပ်ကိုင်ခွင့်ပြု တယ်။ တရုတ်နိုင်ငံမှာ ဒီလိုခေတ်နောက်ပြန်ဆွဲကန့်သတ်မှုတွေ ရှိပေမယ့် တရုတ်ဈေးကွက် ထဲကို စောစောစီးစီး ဝင်ရောက်ခဲ့ကြသူ တွေဟာ ဧရာမလုပ်ငန်းကြီးတွေကို ထူထောင်တည်ဆောက်နိုင်ခဲ့ကြတယ်။
   ဒီလိုစောစီးစွာ တရုတ်ဈေး ကွက်ထဲ ဝင်ရောက်ခဲ့တဲ့ ကုမ္ပဏီ ကြီးတစ်ခုကတော့ General Motors  ဖြစ်တယ်။ မနှစ်က တရုတ် ပြည်မှာ စံချိန်တင်လောက်အောင်  ကားစီးရေ ၂.၅ သန်း ရောင်းချနိုင် ခဲ့တယ်။ ကမ္ဘာ့အကြီးမားဆုံး ကား ဈေးကွက်မှာ အမေရိကန်ကားကုမ္ပ ဏီကြီးဟာ နံပါတ်တစ် နိုင်ငံခြား ကားထုတ်လုပ်သူ ဖြစ်လာခဲ့တယ်။
    ဒါပေမယ့် အခုတော့ Chrysler တို့ကို ကားကုမ္ပဏီကြီးတွေ ဟာ တရုတ်ဈေးကွက်ထဲ ဝင် ရောက်ဖို့ မလွယ်တော့ဘူး။ ပြည် တွင်းဈေးကွက်မှာ နိုင်ငံခြားကုမ္ပဏီ တွေ ကြီးစိုးလာတာကြောင့် တရုတ် မူဝါဒရေးဆွဲကြသူတွေဟာ နောက် ထပ် နိုင်ငံခြားကား ကုမ္ပဏီတွေ ဝင် မလာရအောင် အခက်အခဲတွေ အမျိုးမျိုး ဖန်ဆင်းလာကြတယ်။ လိုအပ်တဲ့ သဘောတူခွင့်ပြုမိန့် တွေကို အချိန် ဆွဲပြီး ကြန့်ကြာ နှောင့်နှေးအောင် လုပ်ကြတယ်။
    Subaru ကားများ ထုတ်လုပ် တဲ့ ဂျပန် Fuji Heavy Industries ဟာ တရုတ်ပြည်မှာ ကားထုတ်လုပ် မယ့် စီမံကိန်းကို ရက်အကန့် အသတ်မရှိ ရွှေ့ဆိုင်းထားလိုက်ပြီ ဖြစ်ကြောင်း လွန်ခဲ့တဲ့ မေလ အတွင်းက ကြေညာခဲ့တယ်။ ကား ထုတ်လုပ်သူတွေ အတွက် အရင်လွယ်ကူခဲ့ပေမယ့် ခုတော့ မလွယ် တော့ဘူး။ လွယ်လင့်တကူ ဝင်ခွင့် ရရေးဟာ ညီမျှကိန်းရဲ့ တစ်စိတ် တစ်ပိုင်း မဟုတ်တော့ဘူးလို့ ထောက်ပြလာကြတယ်။
   ၂ဝ၁၁ ခု အစောပိုင်းလောက် ကစပြီး တရုတ်အစိုးရဟာ တကယ် လို့ နိုင်ငံခြားကားကုမ္ပဏီတွေက ထုတ်လုပ်မှု စွမ်းရည် ကို မြှင့်တင်လို ကြတယ်ဆိုရင် ပြည်တွင်း တရုတ် ကုန်အမှတ်တံဆိပ်တွေနဲ့ ကား တွေ ထုတ်လုပ်ဖို့ တိုက်တွန်းခဲ့ တယ်။ နိုင်ငံခြား ကုမ္ပဏီ အတော်များများက လိုက်နာဆောင်ရွက် ထုတ်လုပ်ပေးခဲ့ကြတယ်။ အစိုးရ က ကားကုမ္ပဏီတွေကို ပတ်ဝန်း ကျင် ညစ်ညမ်းမှုမရှိတဲ့ လျှပ်စစ် ကားတွေ ထုတ်လုပ်ကြဖို့နဲ့ အဆင့် မြင့်နည်းပညာ ပိုင်ဆိုင်ခွင့်တွေကို သူတို့နဲ့ ဖက်စပ်လုပ်ကိုင်နေ ကြတဲ့ တရုတ်ကုမ္ပဏီတွေကို လွှဲပြောင်း ပေးဖို့လည်း တောင်းဆိုခဲ့ပြန် တယ်။
   တရုတ်ဈေးကွက်မှာ အောင် မြင်နေကြတဲ့ နိုင်ငံခြားကားထုတ် လုပ်သူတွေအပေါ် တရုတ်ဗျူရိုက ရက်တွေရဲ့ တောင်း ဆိုမှုတွေဟာ တစ်စတစ်စ အနှောင့်အယှက်ပေး သလို ဖြစ်လာတယ်။ တရုတ်ပြည် မှာ အကြီးမားဆုံး နိုင်ငံခြားကုမ္ပဏီ ကြီး တစ်ခုဖြစ်တဲ့ Volkswagen က တရုတ်ပြည်အနောက်ပိုင်း ရှင် ကျန်း- Xinjiang ဒေသမှာ အမေရိ ကန် ဒေါ်လာ သန်း ၂၁ဝ ရင်းနှီး ပြီး စက်ရုံကြီးတစ်ရုံ တည်ဆောက် မယ်လို့ ဧပြီလက ကြေညာခဲ့တယ်။ ဒါပေမယ့် အစိုးရက ဂျာမန်ကားကုမ္ပဏီကြီး ကို ဝေးလံခေါင် ဖျား သဲကန္တာရဒေသမှာ ရင်းနှီး မြှုပ်နှံဖို့ တွန်းအားပေးလျက်ရှိ ကြောင်း သတင်းထွက်နေတယ်။ ဘာကြောင့်လဲ ဆိုတော့ အဲဒီဒေသ ဖွံ့ဖြိုးတိုးတက်အောင် အစိုးရကလုပ် ဖို့ ရည်ရွယ်ထားတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ အကြောင်းပြတယ်။
   ဒါပေမယ့် တရုတ်ပြည်ရဲ့ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြု ပြင်ပြောင်းလဲရေး ကော်မရှင်- National Development and Reform Commission-NDRC  က တရုတ်ဈေးကွက်ထဲမှာ နိုင်ငံခြားကားထုတ်လုပ်သူတွေရဲ့ ဖွံ့ဖြိုးတိုး တက်မှုကို နှေးကွေး သွားအောင် လုပ်ဖို့ ဆန္ဒမရှိကြောင်း ရှင်းလင်း ပြောကြားခဲ့တယ်။
အမျိုးသားချန်ပီယံ
   မျှမျှတတ ပြောရရင် မဟာ တံတိုင်းသစ်ဟာ နှစ်ပေါင်းများစွာ သိသာထင်ရှား ပွင့်လင်းခဲ့မှုကို ပြန် လည်တုံ့ပြန်မှု လည်း ဖြစ်နိုင်တယ်။ တိန့်ရှောင်ဖိန်- Deng Xiaoping  ဟာ ၁၉၈ဝ ပြည့်နှစ်များရဲ့ အစော ပိုင်းကစပြီး ကမ္ဘာကို တရုတ်ပြည် သို့ ဝင်ရောက်ခွင့်ပြုခဲ့ပြီးနောက် နိုင်ငံခြားကုမ္ပဏီများအပေါ် ကန့် သတ်ချက်များကို တစ်စတစ်စ ဖြေ လျှော့ပေးခဲ့တယ်။ ၂ဝ၁၁ ခုနှစ်မှာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့-World Trade Organization-WTO  ထဲ  ပါလာခဲ့ပြီးနောက် ဖြေလျှော့ပေးမှု ဖြစ်စဉ် ဟာ မြန်ဆန် လာခဲ့တယ်။
   ပေကျင်းဟာ အရင်းအနှီး အလုပ်အကိုင်နဲ့ နည်းပညာတွေ သယ်ပိုးလာတဲ့ နိုင်ငံခြားကုမ္ပဏီ တွေကို လှိုက်လှိုက်လှဲလှဲ လက်ခံ ကြိုဆိုခဲ့တယ်။ အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီကြီးတွေက တရုတ်နိုင်ငံမှာ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အမေရိ ကန်ဒေါ်လာ ၇၁ဝ ဘီလီယံ မြှုပ်နှံပြီး တုံ့ပြန်ခဲ့ကြတယ်။ ဒါပေမယ့် မကြာသေးမီက တရုတ်နိုင်ငံရဲ့အမျိုးသားဦးစားပေးမှု အစီအစဉ် တွေ ရွေ့ လျားသွား တယ်။ တရုတ် တို့ရဲ့ လက်ထဲမှာ ငွေတွေ တစ်ပုံ ကြီး ရှိလာပြီး ပြည်တွင်းဖြစ် ကုန် အမှတ်တံဆိပ် အမျိုးသား ချန်ပီယံ တွေ ထုတ်လုပ်ချင်လာကြတယ်။ ပြီးတော့ ကိုယ်ပိုင်အဆင့်မြင့် နည်း ပညာ စက်မှုလုပ်ငန်းကြီးတွေ တည်ဆောက်ချင်လာကြတယ်။
   တရုတ်အစိုးရကို နိုင်ငံခြား သားတွေက လွန်လွန်ကဲကဲ လွတ် လွတ်လပ်လပ် လုပ်ဆောင်ဖို့ အလျင်အမြန် တွန်းအားပေးခဲ့ကြ တယ်လို့ တရုတ်ခေါင်းဆောင်တွေ က မြင်တဲ့အကြောင်း Heritage Foundation မှ တရုတ်နိုင်ငံကျွမ်း ကျင်သူ Derek Scissors က ထောက်ပြခဲ့တယ်။ ဒါကြောင့် တ ရုတ်ဟာ ပြန်ပြီးနောက်ဆုတ်လျက် ရှိတယ်။ လက်ရှိ တရုတ်သမ္မတ ဟူ ကျင်တောင်- Hu Jintao ရဲ့ လက် ထက်မှာ ပြုပြင်ပြောင်းလဲရေးတွေ ကို နောက်ပြန်ဆုတ်ပြီး နိုင်ငံပိုင် လုပ်ငန်းတွေရဲ့ အခန်းကဏ္ဍကို ချဲ့ကား လျက်ရှိတယ်။
    ''ကျွန်တော့်အမြင်မှာတော့ လွန်ခဲ့တဲ့ ငါးနှစ်ကာလအတွင်း သိ သာထင်ရှားတဲ့ ဈေးကွက်ဖွင့်လှစ် ပေးမှုတွေ လုပ်ခဲ့တယ်လို့ မမြင် ဘူး'' လို့ တရုတ်ပြည် အခြေစိုက် အမေရိကန်ကုန်သည်ကြီးများအသင်း American Chamber of Commerce (Amcham) ရဲ့ ဥက္ကဋ္ဌ Chirstian Murck  က ထောက်ပြ ခဲ့တယ်။
   ပြဿနာကတော့ နိုင်ငံခြား လုပ်ငန်းတွေဟာ တရုတ်ကြိုးနီ စနစ်ထဲမှာ ငြိတွယ်နေကြပြီး ပြည် တွင်းတရုတ်လုပ်ငန်းရှင်တွေ က တော့ အရှိန်အဟုန်ပြင်းပြင်းနဲ့ ရှေ့သို့ချီတက်နေကြခြင်း ဖြစ် တယ်။ Amchamရဲ့ ဆန်းစစ်ချက် တစ်ခုမှာ နိုင်ငံခြာသား လုပ်ငန်း ရှင် အတော်များများက တရုတ်အစိုးရ ရဲ့ လုပ်ငန်းတိုးချဲ့ခွင့် လိုင်စင်ချ ပေးမှုဟာ နိုင်ငံခြားသားတွေ အတွက် နှေးကွေးသွား ပြီး နိုင်ငံခြား နဲ့ ပြည်တွင်းလုပ်ငန်းရှင်တွေကို တူညီတဲ့အခွင့်အရေး မပေးဘူးလို့ မြင် ကြကြောင်း ဖော်ပြခဲ့တယ်။
   ဘဏ္ဍာရေးကဏ္ဍမှာဆိုရင် နည်းမျိုးစုံနဲ့ ဗျူရိုကရက်တွေရဲ့ နှောင့်ယှက်မှုကြောင့် လုပ်ငန်းတွေ  တိုးတက်မှုမရှိ ဖြစ်နေ တယ်။ နိုင်ငံခြားဘဏ်တွေရဲ့ ဘဏ်ခွဲတွေ တိုးချဲ့ဖွင့်လှစ်ထားပေမယ့် အမျိုးသားဘဏ်လုပ်ငန်း အက်ဆက်ထဲမှာ နိုင်ငံခြား ဘဏ်တွေရဲ့ အက်ဆက် က နှစ်ရာခိုင်နှုန်းအောက်ပဲ ရှိ တယ်။ ဘာကြောင့်လဲဆိုတော့ နိုင် ငံခြားဘဏ်ခွဲတွေ တိုးချဲ့ဖွင့်လှစ် ရေး အတွက်ပဲဖြစ်ဖြစ်၊ ဘဏ္ဍာရေး ထုတ်ကုန်သစ်တစ်ခု ပွဲထုတ်ရေး အတွက်ပဲဖြစ်ဖြစ် အစိုးရရဲ့ ခွင့်ပြု ရေးလုပ်ငန်းစဉ်တွေဟာ ခက်ခဲပြီး ရှုပ်ထွေးမှုရှိတယ်။
    Amcham ရဲ့အဆိုအရ အပြည်ပြည်ဆိုင်ရာ အာမခံလုပ် ငန်း တရုတ်ပြည်တွင်းမှာ လုပ်ကိုင် ခွင့်ရဖို့ အတားအဆီး အဟန့် အတားတွေနဲ့ ကြုံတွေ့နေရဆဲ ဖြစ်တယ်လို့ဆိုတယ်။ ခွင့်ပြုပြီး အာမခံလုပ်ငန်းတွေဟာလည်း လုပ်ငန်းတိုးချဲ့ခွင့်ရဖို့ အခက် အခဲ တွေ ရှိနေဆဲဖြစ်တယ်။ ဒါကြောင့် ဒီအာမခံကုမ္ပဏီတွေရဲ့ ဈေးကွက် ဝေစုဟာ ၂ဝဝ၄ ခုနှစ်က ခြောက် ရာခိုင်နှုန်းရှိခဲ့ပေမယ့် ၂ဝ၁၁ မှာ တော့ ၃.၁ ရာခိုင်နှုန်းပဲ ရှိတော့ တယ်။
    နိုင်ငံခြား အသေးစားစီးပွား ရေးလုပ်ငန်းတွေကလည်း တရုတ် ဗျူရိုကရက်တွေရဲ့ စက်ကွင်းက မလွတ်ဘူး။ သူတို့လည်း အနှောင့်အယှက်ပေးတာ ခံနေရတယ်။ ဆွစ်စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်တဲ့ Claudia Masuger  ဟာ တရုတ်ပြည်မှာ သူမရဲ့ ပထမဆုံး ဝိုင်အရက်တင်သွင်းရောင်းဝယ်ရေး ကုမ္ပဏီသေးသေးလေးတစ်ခု ၂ဝဝ၈ ခုနှစ်မှာ လာရောက်ဖွင့်လှစ်ခဲ့ တယ်။ ပြီးတော့ ဆိုင်ခွဲကလေးတွေ ဖွင့်ဖို့ ကြိုးပမ်းခဲ့တယ်။ ဒီအတွက် ပုံစံတွေ တစ်ပုံတစ်ခေါင်း ဖြည့်ရ တယ်။ သူမဟာ တရုတ်ပြည်မှာ စီး ပွားရေး လုပ်ကိုင်ခွင့်ရဖို့ အွန်လိုင်း ကနေပြီး တရုတ်ဘာသာစကားနဲ့ စားမေးပွဲတစ်ခုလည်း ဖြေဆိုခဲ့ရ သေးတယ်။ သူမရဲ့ လုပ်ငန်းထဲမှာ အလုပ်သမား ၇ဝ ရှိတယ်။ သုံး ယောက်ကို ဗျူရိုကရက်တွေနဲ့ ဆက်သွယ်ရေးအတွက် သီးသန့် ထားရတယ်။
    တကယ်လို့ နိုင်ငံခြားသား လုပ်ငန်းရှင်တွေက ဗျူရိုကရက် တွေရဲ့ မကောင်းတဲ့ အမူအကျင့် တွေကို သက်ဆိုင်ရာကိုဖြစ်စေ ဒါ မှမဟုတ် မီဒီယာတွေကတစ်ဆင့် ဖောက်သည်ချခဲ့ရင် ဒါတော့ ကိုယ် လုပ်ကိုယ်ခံပဲ။ တရုတ်အရာရှိကြီး တွေက တိုင်တောသူကို ဘယ်တော့ မှ အလွတ်မပေးဘူး။ နည်းမျိုးစုံနဲ့ အနှောင့်အယှက် ပေးတော့တာပဲ။ သူတို့ရဲ့ လက်တုံ့ပြန်တာက မြန် တယ်။
လေကို ရိုက်ချိုးသူများ
   တရုတ်အစိုးရက မဟာဗျူ ဟာမြောက် စက်မှုလုပ်ငန်းလို့ သတ်မှတ်ထားတဲ့ နယ်ပယ်ထဲကို နိုင်ငံခြားကုမ္ပဏီတွေက တိုးဝင်လာ ခဲ့ရင် ကြီးမားတဲ့ပြဿနာတွေနဲ့ ကြုံတွေ့ကြရတတ်တယ်။ ၂ဝဝ၉ ခုနှစ်က ဂျာမန်လေစွမ်းအင်ကုမ္ပ ဏီ- REpower ဟာ တရုတ်ကုမ္ပ ဏီတစ်ခုနဲ့ ဖက်စပ်လုပ်ငန်းထူ ထောင်ခဲ့တယ်။ ဂျာမန်တွေက မြန် မြန်ဆန်ဆန် ကြီးထွားလာနေတဲ့ တရုတ်ဈေးကွက်ထဲ မှာ ခေတ်မီတာ ဗိုင်- Turbineတွ ရောင်းချဖို့ ရည်ရွယ်တယ်။
    ဒါပေမယ့် တရုတ်အစိုးရက လေစွမ်းအင်သုံး တာဗိုင်တွေကို ပြည်တွင်းမှာ ထုတ်လုပ်ဖို့ သတ် မှတ်ထားတယ်။ ဒါကြောင့် တရုတ် ထုတ်လုပ်သူတွေကိုသာ ဦးစားပေး တယ်။ တာဗိုင်ထုတ်လုပ်ရာမှာ ပြည်တွင်းဖြစ် အစိတ်အပိုင်း ၇ဝ ရာခိုင်နှုန်း အသုံးပြုရမယ်လို့ အစိုး ရက ပြဋ္ဌာန်းပြန်တယ်။ ဒီဥပဒေကို နောက်ပိုင်းမှာ ပယ်ဖျက်ပေးခဲ့ တယ်။ ဒါနဲ့ REpower ဟာ လုပ် ငန်းတွေ တိုးချဲ့ခဲ့တယ်။ ဒါပေမယ့် အစိုးရရဲ့ လေစွမ်းအင်စီမံကိန်းကြီး တွေကို ဈေးပြိုင်လေလံဆွဲကြတဲ့ အခါမှာ စရိတ်သက်သာတဲ့ ပြည် တွင်းက တရုတ်ကုမ္ပဏီတွေပဲ လေ လံရကြတယ်။
  တရုတ်လေစွမ်းအင် ကုမ္ပဏီ တွေ စရိတ်သက်သာရတဲ့ အကြောင်းရင်းက တရုတ်အစိုးရ က နောက်ကွယ်မှနေပြီး ထောက်ပံ့ ကြေး subsidy ပေးနေလို့ ဖြစ် တယ်။ တရုတ်ဈေးကွက်မှာ ဝင်တိုး လို့မရတာကြောင့် REpower ဟာ ၂ဝ၁ဝ ပြည့်နှစ်မှာ တာဗိုင်ထုတ် လုပ်မှုကို ရပ်တန့်လိုက်ပြီး သူတို့ ရဲ့ စက်ရုံကို ရောင်းချပစ်ဖို့ ဆုံး ဖြတ်ခဲ့ကြတယ်။ မနှစ်က မတ်လ မှာ REpower ဟာ တရုတ်ဈေး ကွက်မှ တပ်ခေါက်ပြန်ခဲ့ရတယ်။ ''တရုတ်ဟာ သူတို့ရဲ့ဈေးကွက်ကို သူတို့အကာအကွယ်ပေးထားတာ ပဲ'' လို့ REpower လေစွမ်းအင် ကုမ္ပဏီရဲ့ စီအီးအိုက မှတ်ချက်ချ ခဲ့တယ်။
မဟာတံတိုင်းသစ်
    နိုင်ငံရေးအရ အင်အားကြီး မားတဲ့ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း ကြီးတွေဟာ နိုင်ငံခြားသား စီးပွား ရေးလုပ်ငန်းတွေအတွက် မဟာ အတားအဆီးကြီးတစ်ခု ဖြစ်နေ တယ်။ အဲဒီနိုင်ငံပိုင် စီးပွားရေးလုပ် ငန်းတွေကို အစိုးရက အကာ အကွယ်ပေးထား တယ်။ ထောက် ပံ့ ကြေးငွေ ပေးထားတယ်။ အဲဒီ စီး ပွားရေးလုပ်ငန်းတွေဟာ ဘယ် တော့မှ ဒေဝါလီခံရတယ်လို့ ရှိမှာ မဟုတ်ဘူး။
   တရုတ်အစိုးရကတော့ နိုင်ငံ ခြားကုမ္ပဏီနဲ့ ပြည်တွင်းကုမ္ပဏီ တွေအပေါ် တန်းတူဆက်ဆံ ကြောင်း အခိုင်အမာ ပြောကြားခဲ့ တယ်။ ဒါပေမယ့် တရုတ်ကုမ္ပဏီ တွေဟာ တောင့်တင်းခိုင်မာလာကြ ပြီဖြစ်တဲ့အတွက် နိုင်ငံခြားလုပ်ငန်း ရှင်တွေအနေနဲ့ အခြေအနေသစ် တစ်ရပ်နဲ့ သဟဇာတဖြစ်အောင် လုပ်ကိုင်တတ်ဖို့ လိုလာပြီလို့ ထောက်ပြခဲ့တယ်။
   နိုင်ငံခြားသား စီးပွားရေးလုပ် ငန်းရှင်တွေက တရုတ်ပြည်မှာ လုပ်ခတွေ မြင့်တက်လာပြီ၊ တရုတ် အစိုးရကလည်း နိုင်ငံခြား ကုမ္ပဏီတွေအပေါ် အကန့်အသတ် အချုပ်အချယ်တွေ လုပ်လာပြီလို့ တဖျစ်တောက်တောက် ပြောနေကြပေမယ့် မနှစ်က နိုင်ငံခြား သားတွေ တရုတ်ပြည်မှာ လာရောက် ရင်းနှီးမြှုပ်နှံမှုဟာ အမေရိကန် ဒေါ်လာ ၁၂၄ ဘီလီယံ ရှိခဲ့တယ်။ တစ်မြန်နှစ်ကထက်တောင် ရှစ်ရာ ခိုင်နှုန်း ပိုများတယ်။
    ခရစ်မတိုင်မီ ဘီစီ ၃ဝဝ လောက်က ပြည်ပက လူရိုင်းတွေ တရုတ်ပြည်ကို မကြာမကြာလာ ရောက်တိုက်ခိုက်တတ်ကြလို့ မ ဟာတံတိုင်းကြီး တည်ဆောက်ပြီး တရုတ်ပြည်ကို ကာကွယ်ခဲ့ကြရ တယ်။ အခုလည်း အရင်းရှင်မုဆိုး ရိုင်းတွေရဲ့ ရန်ကို ကာကွယ် တဲ့ အနေနဲ့ တရုတ်က မဟာတံတိုင်း သစ်တစ်ခု တည်ဆောက်နေတာ များလား။       
 မင်းရွှေမောင်

Ref : Michael Schuman: "The New Great Wall of China". TIME Sept 24, 2012.
မင်းရွှေမောင်
 

No comments: