Saturday, October 6, 2012

မင်းကိုနိုင်၏ ထောင်တွင်းဘ၀ - ၁

  {သွန်းနေစိုး}



[ကိုမင်းကိုနိုင်နှင့် ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များဟာ နာဂစ်မှုန်တိုင်းမဖြစ်ခင် ၂၀၀၈နှစ်ဆန်းပိုင်းမှာ အင်းစိန်ထောင်ထဲမှာ ရှိခဲ့ပါတယ်။ အခုဆောင်းပါးဟာ သူ အင်းစိန်ထောင်တွင်း နေခဲ့ရစဉ် အတူဖြတ်သန်းခဲ့သူတွေရဲ့ ပြောပြချက်တွေကို စုဆောင်းရေးသားထားတာပါ။ လူတစ်ယောက်တည်းက မြင်တဲ့အမြင်ကို တင်ပြတာမျိုး ပြုလုပ်ထားပေမဲ့ တခြားသူ တော်တော်များများဆီကပဲ အချက်အလက်တွေ စုဆောင်းရေးသားခဲ့ရပါတယ်။


ဒီဖြစ်ရပ်ကို အဓိက ပြန်ပြောသူတွေအနေနဲ့ အခုထိ အင်းစိန်ထောင်ထဲမှာ ပြစ်ဒါဏ်ကျခံနေရဆဲမို့ သူတို့ဆန္ဒအရ နာမည်တွေ ထုတ်မပြောသာပါ။ ဘာပဲဖြစ်ဖြစ် တင်ပြတဲ့အချက်အလက်အားလုံး မှန်ကန်တိကျဖို့ရာတော့ ကျနော်အစွမ်းကုန် ကြိုးစားအားထုတ်ထားပါတယ်။]


ကိုပေါ်နဲ့ ကျနော် ပထမဆုံး စတွေ့တုန်းက သိပ်ထူးထူးခြားခြားကြီးရယ်လို့တော့ မရှိခဲ့ပါဘူး။ အဲဒီနေ့မှာ အချိန်က ညနေပိုင်းလောက်ပဲ။ ပို တိကျအောင် ပြောရရင်တော့ တရားခွေဖွင့်အပြီးမှာဆိုတော့ အချိန်က ညနေ၇နာရီကျော်ကျော်။ ဒီအချိန်မှာ ကျနော့်ဘေးက ကိုကျန်စန့်ရဲ့ အခန်းမှာ အသံတွေကြားရတယ်။

`လူသစ်ဝင်မယ် ဟေ့´

ထောင်ဝန်ထမ်းတွရဲ့ အဲဒီလို ပြောဆိုသံနဲ့အတူ ဂျိန်းကနဲ တံခါးဖွင့်သံတွေ ကြားရတယ်။ လူတစ်ယောက်ဘေးခန်းထဲ ၀င်လာတယ်။ ထောင်ဝန်ထမ်းတွေက စကားနည်းနည်း မှာကြားပြီး ပြန်သွားကြတယ်။

ရောက်လာတဲ့လူသစ်က ကိုကျန်စန့်ကို နှုတ်ဆက်။ စကားတွေ အပြန်အလှန် ပြောနေသံကြားရတယ်။ ကျနော် သတိထားလိုက်မိတာတော့ ရောက်လာတဲ့ လူသစ်ဟာ စကားကို ခပ်ကျယ်ကျယ် ပြောတတ်တဲ့အကြောင်းပဲ။

နောက်တစ်ခု သူနဲ့ပတ်သက်ပြီး ထူးခြားတာက တိုက်ထဲမှာရှိတဲ့ တခြားသူတွေဆိုရင် အိပ်ဆောင်ဖွင့်ချိန်မှာ အပြင်တွေဘာတွေ ထွက်ကြတယ်။ တိုက်ခန်းကလေးတွေရဲ့ အပြင်ကိုပေါ့။ အညောင်းပြေအညာပြေထွက်ပြီး လမ်းလျှောက်ချင်လည်း လျှောက်။ တစ်ခန်းနဲ့တခန်း ကူးလူး စကားတွေပြောကြပေါ့။ ကျနော်တို့နေရတဲ့ တိုက်က ၂တိုက်။ အခန်းကလေးတွေရဲ့ ဘေးနံရံတလျောက်နဲ့ ဆက်စပ်ပြီး အပြင်မှာ အုပ်တံတိုင်းတွေ ကာထားတယ်။ တိုက်ခန်းတစ်ခုစီရဲ့ ရှေ့မှာ အုပ်ခြံဝင်းကလေးတွေလိုဖြစ်နေတာပေါ့။

လူသစ်ဟာ သူ့အခန်းအုပ်ခြံဝင်းကလေးရဲ့ အပြင်ကို ထွက်ခွင့်မရဘူး။ သူနဲ့အတူနေတဲ့ အခန်းဖော် (ကိုကျန်စန့်) က အပြင်ထွက်ပြီးရင် ခြံဝင်းတံခါးကို ပြန်ပိတ်ထားခဲ့ရတယ်။ ဒါနဲ့ ကျနော်လည်း လူသစ်အပေါ် စိတ်ဝင်စားသွားမိတယ်။ ဒါကြောင့် သူ့ကို သွားသွားချောင်းကြည့်မိတာပေါ့။


                                                                                 ****************************

သူရောက်ပြီး ၂ရက်မြောက်လောက်မှာ ကျနော် သူ့အခန်းရှေ့ သွားကြည့်မိတော့ သူ့အခန်းခြံဝင်းကလေးရဲ့ ထောင့်စွန်းမှာ သူစာတစ်အုပ် ထိုင်ဖတ်နေတာကို တွေ့တယ်။
ခြံဝင်းအပြင်ကနေ ကျနော်အနားလာရပ်တာကို မြင်တော့ သူက မော့ကြည့်ရင်း ပြုံးပြတယ်။

`ကျနော် xxxx ပါ၊ ဘေးခန်းကပါ´
ဆိုတော့ သူကလည်း
`ဟုတ်ကဲ့ တွေ့ရတာ ၀မ်းသာပါတယ် ခင်ဗျာ၊ ကျနော် မင်းကိုနိုင်ပါ´
တဲ့။ သူ့နာမည်ကြားလိုက်တာနဲ့ ကျနော့်စိတ်ထဲ တော်တော်အံ့သြလှုပ်ရှားသွားမိတယ်။ ကျနော်တို့ ကျောင်းသားဘ၀တလျောက် သူ့နာမည်က အကျော်ဒေယျပဲလေ။

`ဟာ ကိုမင်းကိုနိုင်၊ အဆင်ပြေရဲ့လား၊ ဘာများလိုအပ်သေးလဲ´
ကျနော်မေးတော့
`ဂျာနယ်လေးတွေရရင် ဖတ်ချင်တယ်ဗျာ၊ ကျနော်အပြင်လောကနဲ့ အဆက်သွယ်ပြတ်နေတယ်၊ အပြင်မှာ ဘာတွေဖြစ်နေသလဲ သိချင်တယ်´
တဲ့။ ကျနော်လည်း ကျနော့်ဆီမှာရှိတာတွေရော၊ ဘေးခန်းတွေကရော လိုက်စုပြီး ရတတ်သမျှဂျာနယ်တွေ သူ့ကို စုပေးလိုက်တယ်။ ဒီလိုနဲ့ သူနဲ့ကျနော် စပြီးခင်မင်ရင်းနှီးခဲ့ရပါတယ်။


                                                                                 ****************************

သူကို ဘာယ်လိုမြင်သလဲလို့ ပြောရမယ်ဆိုရင်တော့ သူက တကယ့်အနုပညာသမားကြီးဗျ။ နိုင်ငံရေးလောကမှာ သူ့နာမည် ထင်ရှားပေမဲ့ သူ့ရင်ထဲမှာ အဓိက လွှမ်းမိုးနေတာ အနုပညာပဲ။ ကျနော်တော့ အဲဒီလိုပဲ မြင်တယ်။

သူနဲ့ ခင်သွားတော့ ကျနော် သူ့အခန်းဖော်ထွက်တဲ့အခါ သူ့အခန်းထဲ အတူဝင်ထိုင်။ အိပ်ဆောင်ပိတ်လို့ ၀န်ထမ်းတွေလာပိတ်ချိန်ကျရင် အကွယ်လေးမှာနေပြီး သူ့အခန်းထဲ အတူပိတ်ခံလို့ သူနဲ့ တစ်နေကုန်လုံးနီးပါး စကားတွေ ပြောဖြစ်ခဲ့တာပေါ့။ မှတ်မှတ်ရရ တစ်နေ့မှာ သူက ကျနော့်ကို တူရိယာပစ္စည်းကလေး တစ်ခုလုပ်ပေးတယ်။ ကျနော်က ဂီတ၀ါသနာပါမှန်း သူသိသွားတယ်လေ။

ရေချိုးတဲ့ခွက်ကလေးကို အပေါက်လေးတစ်ဘက် ၇ပေါက်စီဖောက်ပြီး သားရေပင်ကလေးတွေ တစ်ကြိုးစီတပ်ပြီး အသံညှိပေးတာ။
သားရေပင်ကလေးတွေကို လိမ်ကျစ်။ လိုချင်တဲ့အသံရရင် ထုံးချည်လိုက်တယ်။ ဒို။ နောက်တော့ ... ရေ၊ မီ၊ ဖာ။ ဒီလိုနဲ့ အသံ ၇သံပါတဲ့ တူရိယာလေးတစ်ခု ရလာတယ်။
`ရော့ ဒါလေးနဲ့ ခင်ဗျား သီချင်းစပ်ဗျာ´
ဆိုပြီး ကျနော့်ကို ပေးတယ်။ တကယ်သီချင်းစပ်လို့ ရတယ်ဗျ။ အဲဒါလေးက ...။

နောက်တော့ သူက ပြောလာတယ်။
`ခင်ဗျားကို ကျုပ် ဂစ်တာ လုပ်ပေးမယ်´
တဲ့။ ကျနော်က တော်တော်အံ့သြသွားတယ်။

`ထောင်ထဲမှာ ဘယ်လို ဂစ်တာလုပ်မလဲ´
`ပုံစံခွက်ရယ်၊ သစ်သားပြားရှည်ရှည်တစ်ချောင်းရယ် ရှာလာခဲ့ပါ´

ကျနော်က ထောင်ထဲမှာ ထမင်းစားတဲ့ ပုံစံ (ဒန်) ပန်းကန်ပြားနဲ့ သစ်သားပြားယူလာတယ်။ နောက်ထပ်လိုအပ်တာက စိပ်ပုတီးကုန်းလုပ်တဲ့ ပိုးကြိုး။

သြော် ... အဲဒီတုန်းက ကျနော့်ကို ဂစ်တာလုပ်ပေးတာ ကိုပေါ် မဟုတ်ဘူးဗျ။ ကိုဂျင်မီ။ ဒါပေမဲ့ ကိုပေါ်က လုပ်ခိုင်းတာပေါ့။ ရှားရှားပါးပါးဗျာ ထောင်ထဲမှာ ဂစ်တာရတယ်လို့။ အဲဒီလက်ဖြစ်ဂစ်တာလေးက တကယ့်ဂစ်တာလိုပဲ တော်တော်တီးလို့ ရတယ်ဗျ။ ဒန်ခွက်က ဂစ်တာအိုး၊ သစ်သားပြားက ဖလက်တံ၊ ပိုးကြိုးတွေက ဂစ်တာကြိုးပေါ့။

ရှာဖွေရေးတွေရှိလာရင်လည်း ပြန်ဖြုတ်လိုက်ရင် တစ်စစီပဲ။ ပုံစံဒန်ခွက်က သပ်သပ်။ သစ်သားပြားက သပ်သပ်။ ပိုးကြိုးတွေက သပ်သပ်။ ပြဿနာ မရှိတော့ဘူးပေါ့ဗျာ။

စကားစပ်မိလို့ ပြောရရင် သူတို့အဖွဲ့ စည်းရုံးရေး တော်တော်ကောင်းတယ်ဗျ။

ကိုဂျင်မီနေရတဲ့အခန်းက အရင်က ထိုင်ဝမ်တစ်ယောက်နေတယ်။ အရင်ရောက်နှင့်နေတဲ့ အကျဉ်းသားပေါ့ဗျာ။ အဲဒီအခန်းကို ကိုဂျင်မီကို ထပ်ထည့်တော့ ဟိုလူက ပူညံပူညံလုပ်ရော။ သူ့အခန်းထဲ လူထပ်မထည့်ရဘူး ဘာညာပေါ့။ အဲဒါနဲ့ ရုံးခန်းရောက်သွားကြရော။ နောက်တော့ ဘယ်လို စည်းရုံးလိုက်တယ် မသိဘူး။ ကိုဂျင်မီ့အတွက် အဲဒီထိုင်ဝမ်က ခေါက်ဆွဲတွေပြုတ်ပေးနေရောဗျာ။

သူတို့ဟာ နာမည်ကြီး နိုင်ငံရေးအကျဉ်းသားတွေပေမဲ့ တခြား သာမာန်အကျဉ်းသားတွေနဲ့ လိုက်လျောညီထွေရှိအောင်နေတယ်။ လူထုကို စည်းရုံးနိုင်စွမ်းကောင်းတယ်ပေါ့ဗျာ။


                                                                                 ****************************

ကျနော်တို့တိုက်မှာ ဦးစိုးဟန်ဆိုတဲ့ အကျဉ်းသားတစ်ယောက်က အိုးသူကြီးပေါ့။ ချက်ရေးပြုတ်ရေးရှိလာတိုင်း သူ့ကို အားကိုးရတယ်။

ကိုပေါ်တို့က မုန့်ဟင်းခါးချက်ခိုင်းကြတယ်။ သူတို့အုပ်စုက လူများတယ်ဗျ။ ၁၀ယောက်ကျော်လောက်ရှိတော့ တခြားသူတွေကို ဝေငှဖို့သိပ်မလွယ်လှဘူး။ ဒါတောင်မှ မုန့်ဟင်းခါးချက်ပြီးတဲ့အခါ ကျန်တဲ့အကျဉ်းသားတွေကို တစ်ယောက် မုန့်ဟင်းခါးဇွန်းကြီးနဲ့တစ်ဇွန်း လိုက်ဝေတယ်။ အမြည်းသဘောပေါ့။

ဘာပဲဖြစ်ဖြစ် ထောင်ထဲမှာ အဲဒါ အရသာဗျ။

ဟင်းကလေးတစ်ဖတ်၊ မုန့်ကလေးတစ်ယှက် စားရဖို့ဆိုတာ မလွယ်လှဘူး။ ဒီလို အတူတူငတ်နေကြတဲ့ ကြားထဲကမှ တငုံတဖဲ့လေးပဲဖြစ်ဖြစ် တခြားသူတွေအတွက် ဝေငှနိုင်တဲ့ စိတ်က ချီးကျူးဖို့ သိပ်ကောင်းတယ်။

ကျနော့်ဆီ ထောင်ဝင်စာလာတဲ့ အခေါက်တုန်းကလဲ ကိုပေါ့်ကို ကျနော် ထောင်ဝင်စာတွေ ဝေငှကျွေးဖြစ်တယ်။ အဲဒါကြောင့် သူ့ကို ကျနော်မှတ်မှတ်ရရဖြစ်စရာ အကြောင်းတစ်ခု ဖြစ်လာခဲ့ရပါတယ် ... ...


[ဆက်ပါဦးမည်။
ပရိသတ်စိတ်ဝင်စားမည်ဆိုပါက ကိုပေါ့်အကြောင်းတင်မက ကိုကိုကြီး၊ ကိုဂျင်မီ၊ ကိုဌေးကြွယ်၊ ကိုမြအေး၊ ဦးနိုင်းနိုင်း ... အစရှိ နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ ထောင်တွင်းဖြတ်သန်းမှုများအကြောင်း ကျနော်စုဆောင်းလေ့လာထားသည်များ တစ်ပုံတစ်ပင် ရှိပါသည်။
ဒါပေမဲ့ စိတ်သွားတိုင်းကိုယ်မပါ။ ဘာကြောင့်ရယ်မသိ ရင်ဘတ်တွေ အရမ်းအောင့်နေသည့်ကြားက အားခဲရေးရသဖြင့် အရင်လို ဆက်တိုက်ကြီး အားပါးတရ မတင်ပြနိုင်သည်ကို ခွင့်လွှတ်ပါရန် တောင်းပန်အပ်ပါသည်။]

သွန်းနေစိုး Thorn Nay Soe

No comments: