Thursday, October 18, 2012

မြန်မာ့ပို့ကုန် လုပ်ငန်းရှင်များ အမေရိကနှင့် ဥရောပဈေးကွက် တင်ပို့ရန် အဆင်သင့်မဖြစ်


ရန်ကုန်၊ အောက်တိုဘာ ၉ The Voice Daily Newsletter

သမ္မတဦးသိန်းစိန်၏ သမိုင်းဝင် အမေရိကန်ခရီးအတွင်း စက်တင်ဘာ ၂၆ ရက်နေ့တွင် နယူးယောက်မြို့ The Mark ဟိုတယ်၌ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ထံမှ မြန်မာ့ပို့ကုန် ပိတ်ပင်မှု အမေရိကန် ဖယ်ရှားပေးမည် ဟု ကတိရခဲ့သော်လည်း မြန်မာ့ ပို့ကုန်များ ကို အမေရိက နှင့် ဥရောပ ဈေးကွက် သို့ တင်ပို့ရန် အဆင့်သင့် မဖြစ်သေးကြောင်း လှိုင်သာယာ မြို့နယ်ရှိ လက်ဝါး အထည်ချုပ် လုပ်ငန်း ပိုင်ရှင် ဒေါက်တာ ခင်မောင်အေးက ပြောကြားသည်။

မြန်မာ ပို့ကုန်လုပ်ငန်း စုစုပေါင်း၏ ၆ ရာခိုင်နှုန်းကျော် ရှိသည့် အထည်ချုပ် လုပ်ငန်းသည် အရေအတွက် များပြားစွာ တောင်းဆိုသည့် အမေရိကနှင့် ဥရောပ ဈေးကွက်သို့ တင်ပို့ရန် အတွက် ကြီးမားသည့် စက်ရုံကြီး များ မရှိကြောင်း၊ အရည်အသွေးပိုင်း တွင် အမေရိကနှင့် ဥရောပသည် ဂျပန်ကဲ့သို့ ရာနှုန်းပြည့် တင်းကျပ်ခြင်း မရှိကြောင်း ၄င်းကဆိုသည်။

"ဒီရက်ပိုင်းပဲ ဝယ်လက်က ပြောပါတယ်။အထည် တစ်သန်းကို ၃ လနဲ့အပြီး ချုပ်ပေးနိုင်မလား တဲ့။ ကျွန်တော် က သုံးသိန်းပဲ ချုပ်နိုင်တယ်။ ကျန်လုပ်ငန်းရှင်တွေ နဲ့ ညှိတာ အဆင်မပြေတော့ အဲဒီ့ အော်ဒါ လွတ်သွားတယ်" ဟု ၄င်းက ပြောကြားသည်။

လက်ရှိတွင် အမေရိကနှင့် ဥရောပသို့ တင်ပို့နိုင်သည့် အထည်ချုပ်စက်ရုံ ၂၅ ရုံခန့်သာ ရှိကြောင်း၊အထည်ချုပ် စက်ရုံများသည် အခြေခံ အဆောက်အဦ၊ ထုတ်လုပ်မှု နည်းစနစ်နှင့် CSR ခေါ် အလုပ်သမား များ ဆက်ဆံရေးနှင့် ဆက်စပ် ကိစ္စများ ကြောင့် အမေရိကနှင့်ဥရောပဈေးကွက် တင်ပို့ရန် ခက်ခဲ နေဦးမည် ဖြစ်ကြောင်း ပြည်တွင်း အထည်ချုပ် လုပ်ငန်းရှင်များက ဆိုသည်။

ပြည်တွင်း ထုတ်လုပ်မှု စုစုပေါင်း၏ ဆယ်ရာခိုင်နှုန်း ကို ပြည်ပပို့ကုန် အဖြစ် တင်ပို့နေသည့် ရေလုပ်ငန်း နယ်ပယ်တွင် ဥရောပ အဆင့်မီ အအေးခန်း စက်ရုံ ၁၃ ရုံသာရှိကြောင်း၊ အမေရိကနှင့် ဥရောပသို့ တင်ပို့ရန် အတွက် Food Security ရှိရန် လိုအပ်မည်ဖြစ်ပြီး( ISO )အရည်အသွေး စံ သတ်မှတ်ချက် နှင့် အစားအသောက်နှင့် ဆိုင်သည့် ထုတ်ကုန်များ စနစ်တကျ ထုတ်လုပ်မှုရှိမရှိ ဆိုင်ရာ (HACCP) လက်မှတ်များရှိရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးနှင်းဦးကပြောကြားသည်။

"အခုလည်း ဥရောပဈေးကွက်ကို တစ်ဆင့်ခံ ပို့နေတာဆိုတော့ ပို့ရတာ အဆင်ပြေပါတယ်။ ကုန်ကြမ်း အခက်အခဲ နည်းနည်းတော့ ရှိနိုင်တယ်" ဟု ၎င်းကဆိုသည်။

အီးယူ စီးပွားရေး ပိတ်ဆို့မှုသည် ဥရောပ ပါလီမန်တွင် တင်ပြထားဆဲ ဖြစ်ကာ ၂ဝ၁၃ ဒီဇင်ဘာလ အထိ သက်တမ်း ကျန်ရှိနေသေးကြောင်း ပို့ခွင့်ရသည့် တိုင်အောင် ရေထွက် ပစ္စည်းပို့ ကုန်အားလုံးကို တင်ပို့ခွင့် မရှိကြောင်း ရေထွက်ပစ္စည်း ပို့ကုန်လုပ်ငန်းရှင် ဦးမျိုးညွန့်က ဆိုသည်။

"အနိမ့်ဆုံး အဆင့် CMP လုပ်ရမယ်။ဒီမှာ နည်းပညာသင်တန်း လာပေးတာ စက်ရုံ ၈ဝ မှာ ၅ ရုံပဲ ပြန် အကြောင်းကြားတယ်။ ဒါကြောင့် ကိုယ်တိုင် ကလည်း စိတ်ဝင်စားဖို့ လိုတယ်။ အနောက်ဈေးကွက် ကို လေ့လာဖို့လည်း လိုမယ်"ဟု ၎င်းက ဆိုသည်။

မြန်မာ ထွက်ကုန်များ အနက် အမေရိကနှင့် ဥရောပသို့တင်ပို့ရန် အဝတ်အထည် များနှင့် ပင်လယ်စာများ သာ အခွင့်အလမ်း အကောင်းဆုံး ရှိကြောင်း Financial Times တွင် ဖော်ပြ ထားသည်။ မြန်မာ့ လက်ရှိ ထွက်ကုန် များ၏ ၈ဝ ရာခိုင်နှုန်းခန့် ရှိသော သဘာဝဓါတ်ငွေ့၊ ပဲမျိုးစုံနှင့် သစ်မာများ ကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် အိန္ဒိယ နိုင်ငံများသို့ အများဆုံး တင်ပို့လျက်ရှိသည်။

No comments: