Tuesday, October 23, 2012

ပြည်သူ့ခေတ်ကြီး ရောက်ချိန်နီးမှသာ (မောင်ဝံသ)


by Maung Wuntha on Tuesday, October 23, 2012 at 2:50am ·
ပြည်သူ့ခေတ်ဂျာနယ် ၂၄ ၁၀ ၂၀၁၂ တွင် ဖော်ပြမည့် မောင်ဝံသ ပြောချင်လွန်းလို့ဆောင်းပါး။

ပြည်သူ့ခေတ်ကြီး ရောက်ချိန်နီးမှသာ
ကျွန်တော့်ကျန်းမာရေးနဲ့ပတ်သက်လို့ ခုလောလောဆယ်တော့ ကျွန်တော် ရန်ကုန်ကို ပြန်ရောက်နေပါပြီ။ စင်ကာပူမှာ နှစ်ကြိမ် ကီမိုဆေးသွင်းခဲံ့ပါတယ်။ ကြားဖူးထားတဲ့အတိုင်း အတော်ကလေးတော့ ခံရပေသပေါ့။  သို့သော် ကျွန်တော် သည်းခံကျော်လွှားနိုင်ခဲံ့ပါတယ်။ စင်ကာပူမှာ ရှိနေတဲ့ သားသမီးများနဲ့ မိတ်ဆွေ သင်္ဂဟများရဲ့ ၀ိုင်းဝန်းအားပေးမှုကြောင့်လည်း အားရှိခဲ့ပါတယ်။ ယခု အောက်တိုဘာ ၂၅နဲ့ နိုဝင်ဘာ ၁ ရက်မှာ ရန်ကုန်မှာ ဆေးသွင်းပါမယ်။ ပြီးရင် နိုဝင်ဘာ လဆန်းမှာပဲ စင်ကာပူပြန်သွားပြီး ပြန်လည်ဆေးစစ်ပါမယ်။ နောက် ရန်ကုန်ပြန်လာပြီး ဆက်လက်ပြီး ရက်အလိုက် ဆေးသွင်းစရာများ ဆက်လက် ပြုလုပ်ပါမယ်။ ဒီလိုပဲ ဟိုမှာ ဆေးပြန်စစ်လိုက် ဒီမှာ ဆေးပြန်သွင်းလိုက်နဲ့ လာမည့် ဖေဖော်ဝါရီလောက်အထိ လုပ်သွားရဖို့ ရှိပါတယ်။ ဒါ ကျွန်တော့်ကျန်းမာရေးအတွက် အကြမ်းဖျင်း လျာထားချက် လုပ်ငန်းစဉ်များဖြစ်ပါတယ်။
    ပြည်သူ့ခေတ်ဂျာနယ်အတွက် ပြောချင်လွန်းလို့ ကော်လံဆောင်းပါးများကိုတော့ နုံးခွေနေတဲ့အချိန်များကို ကျော်ပြီး ခေါင်းကြည်တဲ့ အချိန်ကျမှ ရေးနိုင်ပါမယ်။ ယခုအပတ်အတွက်ကတော့ သက်တမ်းစေ့ နေရဖို့ မသေချာတော့တဲ့ ရောဂါဝေဒနာတစ်ခု ကျွန်တော့်မှာ စွဲကပ်နေပြီဆိုတာကို သိလိုက်ရတဲ့နောက်ပိုင်း ယခု သီတင်းပတ် သုံးပတ်လောက်အတွင်း အဖန်တလဲလဲ ဆင်ခြင်သုံးသပ်မိတဲ့ ကျွန်တော်ချစ်သော မြန်မာပြည်ရဲ့ နိုင်ငံရေးအခြေအနေများကို အကျဉ်းချုပ် တင်ပြလိုက်ပါတယ်။ မောင်ဝံသရဲ့ သူ့မှာတမ်းလို့ ယူလိုကလည်း ယူနိုင်ပါသည်။

ခက်ထန်ကြမ်းတမ်းတဲ့ လူသားဘ၀အစ   
    မနုဿဗေဒပညာရှင် ချားလ်စ်ဒါဝင်ရဲ့ သီအိုရီအရ ကျွန်တော်တို့လူသားတွေရဲ့ ဘ၀မူလအစပိုင်းဟာ အင်မတန် ခက်ထန်ကြမ်းတမ်း ခဲ့တာဖြစ်တယ်ဗျ။ မိမိ၏ ခန္ဓာကိုယ်နဲ့ ခွန်အားများစွာ ပိုမိုကြီးမားတဲ့အခြားသက်ရှိသတ္တ၀ါတွေရဲ့ ကိုက်ဖြတ်စားသောက်တာ ခံရမယ့်အန္တရာယ်၊ ရေကြီးတာ၊ မုန်တိုင်းတိုက်တာ၊ တောမီးလောင်တာ၊ မီးတောင်ပေါက်တာ၊ မြေငလျင်လှုပ်တာ၊ မိုးခေါင်ရေရှားတာ စတဲ့ သဘာဝ ဘေး အန္တရာယ်တွေရဲ့ သတ်ဖြတ်သုတ်သင်တာ ခံရမယ့် အန္တရာယ်၊ ပလိပ်ရောဂါ၊ ၀မ်းရောဂါ၊ ကျောက်ရောဂါ၊ ငှက်ဖျားရောဂါတို့လို မျိုးဖြုတ် ရောဂါကြီးတွေရဲ့ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်တာ ခံရမယ့်အန္တရာယ်၊ အဲသလို အန္တရာယ်မျိုးစုံကို ရင်ဆိုင်ကျော်လွှားပြီး လူသားမျိုးနွယ်ာ မိမိတို့မျိုးဆက် ဆက်လက်ရှင်သန်နိုင်အောင် အပြင်းအထန် ရုန်းကန်ကြိုးပမ်းခဲ့ကြရတာ ဖြစ်တယ်ဗျ။
    အဲဒီဘ၀ကနေ နည်းနည်းလေး တိုးတက်ယဉ်ကျေးလာတဲ့ သမိုင်းဦးဘုံမြေခေတ်နှောင်းပိုင်းမှာတောင် လူသားမျိုးနွယ်အချင်းချင်း အသေ အကြေတိုက်ခိုက်ကြတဲ့ စစ်ပွဲတွေ၊ နိုင်တဲ့မျိုးနွယ်စုက ရှုံးတဲ့မျိုးနွယ်စုကို သတ်ဖြတ်စားသောက်ကြ၊ နောက် နည်းနည်းလေးယဉ်ကျေးလာ တော့ ကျွန်ပြုကြတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ပွဲတွေနဲ့ လူသားမျိုးနွယ်ဟာ ကြုံတွေ့ခဲ့ရပြန်တာ ဖြစ်တယ်ဗျ။

လူသားအချင်းချင်း ကျွန်ပြုတဲ့ခေတ်
    ကွန်မြူနစ်ဝါဒရဲ့ သမိုင်းအမြင်အရ လူသားမျိုးနွယ်ရဲ့ဘ၀ဟာ သမိုင်းဦးဘုံမြေခေတ်ကို လွန်မြောက်ခဲ့ပြီးတဲ့နောက် ဆက်လက် ဖြတ်သန်း လာတဲ့ ကျေးပိုင်ကျွန်ပိုင်ခေတ်၊ မြေရှင်ပဒေသရာဇ်ခေတ်၊ အရင်းရှင်ခေတ်တွေမှာလည်း ပြင်းထန်ခါးသီးတဲ့ဝေဒနာတွေ ပြွမ်းတီးနေခဲ့တာ ဖြစ်တယ်ဗျ။ ကမ္ဘာပေါ်မှာ လူသားအားလုံးဟာ တန်းတူရည်တူ မွေးဖွားလာခဲ့တာ ဖြစ်ပေမယ့် ကျေးပိုင် ကျွန်ပိုင်ခေတ်မှာ အချို့သော လူသားတွေဟာ အချို့သောလူသားတွေရဲ့ ကျေးကျွန်တွေအဖြစ် ကျွဲ၊ နွား တိရစ္ဆာန်တွေလို ခိုင်းစေခြင်း ခံခဲ့ကြရတယ်။ မြေရှင်ပဒေသရာဇ် ခေတ်မှာ အချို့သောလူသားတွေဟာ အချို့သော လူသားတွေရဲ့ ကျေးတော်မျိုး ကျွန်တော်မျိုးတွေအဖြစ် သတ်ရင်လည်း သေ၊ ထားရင် လည်း ရှင်၊ ထားရာနေ စေရာသွားဘ၀မှာ ကိုယ့်ကိုယ်နဲ့ သူများစိတ် နေခဲ့ကြရတယ်။ အရင်းရှင်ခေတ်မှာ အချို့သော လူသားတွေဟာ အချို့သော လူသားတွေရဲ့ လုပ်အားခေါင်းပုံဖြတ် အမြတ်ထုတ်သွေးစုပ်မှုကို မချိမဆံ့ခံခဲ့ကြရတယ်။

လူတန်းစားပဋိပက္ခ ဘယ်တော့ဇာတ်သိမ်းမလဲ
    ကွန်မြူနစ်ဝါဒအရ လူသားမျိုးနွယ်ရဲ့သမိုင်းဟာ ပဋိပက္ခတွေရဲ့ သမိုင်းတစ်ခုစီလို့ ပြောရင် လူသားနဲ့သဘာဝတရားရဲ့ ပဋိပက္ခ၊ လူသား နဲ့ အခြားသောသက်ရှိသတ္တ၀ါများရဲ့ ပဋိပက္ခ၊ ဖိနှိပ်အုပ်ချုပ်သူ လူသားတွေနဲ့ ဖိနှိပ်အုပ်ချုပ်ခံလူသားတွေရဲ့ ပဋိပက္ခ (တစ်နည်း) လူတန်းစား ပဋိပက္ခတွေသာ ဖြစ်တယ်။ သိပ္ပံပညာတိုးတက်လာမှုအရ လူသားဟာ အခြားသက်ရှိသတ္တ၀ါတွေအပေါ် နောက်ဆုံးမှာ အနိုင်ရခဲ့ပြီး သဘာဝ တရားနဲ့ လူသားရဲ့ပဋိပက္ခက ထာဝရဆက်လက်တည်ရှိနေမှာ ဖြစ်ပေမယ့် လူတန်းစား ပဋိပက္ခကတော့ လူသားတိုင်းဟာ မိမိတို့ စွမ်းအား ရှိသလောက် အလုပ်လုပ်ကြပြီး အဲဒီလုပ်အားကြောင့် ထွက်ပေါ်လာတဲ့ အသီးအပွင့်တွေထဲကနေ မိမိတို့ လိုအပ်သလောက်သာ ယူတဲ့ စနစ် စည်ပင်ထွန်းကားတဲ့ လူတန်းစားမဲ့၊ ကွန်မြူနစ်ခေတ်ကြီးရောက်တဲ့အခါ ပြီးဆုံးသွားမယ်လို့ ဆိုတယ်ဗျာ။
    အခုအချိန်မှာ ကွန်မြူနစ်စနစ်ဆီသို့ လျှောက်လှမ်းနေပါတယ်ဆိုတဲ့ ဘယ်နိုင်ငံရော လစ်ဘရယ်ဒီမိုကရေစီစနစ် ကျင့်သုံးနေပါတယ် ဆိုတဲ့ ဘယ်နိုင်ငံကမှပါ သူတို့ နောက်ဆုံး ရည်မှန်းထားတဲ့ပန်းတိုင်ဆီသို့ ရောက်ပါပြီလို့ တရားဝင်ထုတ်ဖော်ကြေညာခြင်း မရှိသေးတာကို ကြည့်ရင် လူသားမျိုးနွယ် ဟာ ပဋိပက္ခနဲ့ နပန်းလုံးနေရဆဲ ဖြစ်တယ်ဆိုရမှာ ဖြစ်တယ်ဗျ။ ကမ္ဘာ့ ဘယ်နိုင်ငံမှာမှ လူသားရဲ့ ရုန်းကန်မှုဟာ အဆုံးမသတ်သေးတဲ့ သဘောပေါ့ဗျာ။

မျိုးနွယ်ရှင်သန်းရေးတိုက်ပွဲ သက်သာသွားပြီ
    ဒါပေမဲ့ ဒီကနေ့လူသားတွေ ဆင်နွှဲနေရတဲ့ မျိုးနွယ်ရှင်သန်ရေးတိုက်ပွဲဟာ သမိုင်းဦးဘုံမြေခေတ် လူသားတွေ ဆင်နွှဲခဲ့ရတဲ့ တိုက်ပွဲနဲ့ နှိုင်းစာရင် အပုံကြီး အများကြီး ပိုမိုသက်သာလွယ်ကူတယ်ဆိုတဲ့အချက်ကတော့ ထင်ရှား မြင်သာတယ်ဗျာ။ စစ်ပွဲတွေ၊ လူသားအချင်းချင်း နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်မှုတွေဟာ လူပေါ်ဦးစခေတ်ကလိုပဲ ဒီကနေ့အထိ ဆက်ရှိနေသေးတာ မှန်ပေမယ့် ဘာပဲပြောပြော ယေဘုယျ အားဖြင့် လူသားမျိုးနွယ်ဟာ တစ်ခေတ်ထက်ခေတ် ပိုမိုယဉ်ကျေး (civilized) ဖြစ်လာတာနဲ့အမျှ လူသားမျိုးနွယ်ရဲ့ ဝေဒနာဟာ သမိုင်းခေတ် တစ်ခေတ်ထက်တစ်ခေတ်မှာ လျော့ပါးသက်သာလာတာ ငြင်းမရနိုင်ဘူးဗျာ။
    ကျွန်တော်တို့နိုင်ငံရဲ့ ဒီမိုကရေစီတိုက်ပွဲသမိုင်းစဉ်ကိုလည်း အဲဒီလူသားအမျိုးနွယ်ရဲ့ သမိုင်းစဉ်နဲ့ ကျွန်တော် နှိုင်းယှဉ်တင်စားချင်တယ် ဗျာ။
    ကျွန်တော်တို့နိုင်ငံမှာ ဒီမိုကရေစီစနစ် လငပုပ်အဖမ်းခံခဲ့ရတဲ့ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ကို လူသားရဲ့သမိုင်းဦးဘုံမြေခေတ် နဲ့ ကျွန်တော် နှိုင်းယှဉ်ချင်တယ်ဗျ။ အဲဒီသမိုင်းဦးဘုံမြေခေတ် သို့မဟုတ် ဒီမိုကရေစီအမှောင်ခေတ်နိဒါန်းမှာ ပထမဆုံးလူသားမျိုးနွယ် တွေနဲ့တူတဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသားများဟာ ဒီမိုကရေစီ လူသားမျိုးနွယ် ဆက်ရှင်သန်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြတာကို ကျွန်တော် သတိရနေတယ်ဗျာ။
    အဲဒီနောက် သမိုင်းခေတ်တစ်ခေတ်ကိုအကူး ၁၉၇၄-၇၅-၇၆ ခုနှစ်တွေမှာ အလုပ်သမားတွေ ရဟန်းရှင်လူ၊ ကျောင်းသား၊ ပြည်သူတွေရဲ့ လှုပ်ရှားရုန်းကန် စွန့်လွှတ် စွန်းစားမှုများစွာကို သတင်းစာဆရာတစ်ယောက်ဘ၀နဲ့ ကျွန်တော် မျက်မှောက်ပြုခဲ့ရပြန်တယ်ဗျ။
    နောက်သမိုင်းတစ်ခေတ်ဖြစ်တဲ့ ကြီးမြတ်လှပါသော ၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံကြီးမှာလည်း ဒီမိုကရေစီ လူသားမျိုးနွယ် ရှင်သန်ရေး၊ ရွပ်ရွပ်ချွံချွံ ကြိုးပမ်းခဲ့ကြသူတွေဟာ လမ်းတွေပေါ်မှာ၊ ထောင်တွေထဲမှာ၊ တောတွေထဲမှာ အသက်တွေပေးခဲ့ကြရပြန်တယ်ဗျာ။ အဲဒီနောက် အဲဒီသမိုင်းခေတ်နဲ့ တစ်ဆက်တည်း ဖြစ်တဲ့ ၁၉၉၆၊ ၂၀၀၇ ခုနှစ်တွေမှာ ရဟန်းရှင်လူ၊ ကျောင်းသား၊ ပြည်သူတွေရဲ့ ဘ၀တွေ ထပ်ပြီး ပေးဆပ်ခဲ့ကြတာကို ကျွန်တော် ဖြတ်သန်းခဲ့ရသေးတယ်ဗျာ။

ဒီမိုကရေစီရေးအသီးအပွင့်တွေ
    အားလုံးသိကြတဲ့အတိုင်း အခုအချိန်မှာတော့ အဲဒီခေတ်အဆက်ဆက်က ပေးဆပ်ခဲ့မှုတွေကြောင့် ဒီမိုကရေစီရေး အသီးအပွင့်တွေ စတင်ဖြစ်ထွန်းပေါ်ပေါက်လာနေပြီ ဖြစ်တယ်။ နှစ်ပေါင်း ငါးဆယ်လောက် အဖျက်သမားတွေ၊ ကိုလိုနီနယ်ချဲ့ လက်ပါးစေတွေ၊ ဆူပူ သောင်းကျန်းသူတွေ၊ ပုဆိန်ရိုးတွေ၊ အဆိုးမြင်ဝါဒီတွေ၊ အမေရိကန်ငပွကြီးရဲ့ လက်ကိုင်တုတ်တွေ၊ အမေကျော် ဒွေးတော်လွမ်းသူတွေ အဖြစ် စစ်အစိုးရအဆက်ဆက်ရဲ့ နာမည်ပေးကင်ပွန်းတပ်ခြင်း ခံလာခဲ့ကြရသူတွေဟာ အခုအချိန်မှာ  လွှတ်တော်ထဲရောက်သူရောက်၊ အစိုးရရဲ့ အရေးတယူနေရာပေး အလေးထားဆက်ဆံတာခံရသူ ခံရနဲ့ အခြေအနေဟာ အများကြီး ပြောင်းလဲသွားခဲ့ပြီ ဖြစ်တယ်ဗျာ။
        မြန်မာ့ဒီမိုကရေစီ လူသားမျိုးနွယ် ရှင်သန်ထွန်းကားပြန့်ပွားရေးလုပ်ငန်းစဉ်ဟာ လုပ်စရာတွေ အများကြီး ကျန်ရှိနေသေးတာ တော့ အမှန်ဖြစ်တယ်ဗျ။ အထူးသဖြင့် ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုင်စွဲကြွေးကြော်ခဲ့ပြီး ကျွန်တော်တို့ နိုင်ငံရဲ့ အဓိကလိုအပ်ချက်တွေလည်း ဖြစ်တဲ့ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးနဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းတွေကို ပြီးမြောက် အောင်မြင်ဖို့ ရှေ့မှာ အများကြီးရုန်းကန်ကြိုးပမ်းကြရဦးမှာ ဖြစ်တယ်ဗျ။ အဲဒီလုပ်ငန်းစဉ်ဟာ အခက်အခဲ အတားအဆီး အနှောင့်အယှက် တွေနဲ့ ကြုံရမယ့်အလားအလာတွေ ရှိနေသေးတာဖြစ်တယ်ဗျာ။

ပြည်သူ့ခေတ်ကြီးရောက်ပြီဆိုတဲ့အချိန်အထိ
    ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ငါးဆယ်ကနဲ့စာရင် အခုအချိန်မှာ ဒီမိုကရေစီဘက်တော်သားတွေ ကြုံတွေ့ရဖွယ်ရှိတဲ့ အဲဒီအဟန့်အတားတွေဟာ မဖြစ်စလောက်ပါလို့ ဘယ်လိုမှ မဆိုနိုင်သေးသည့်တိုင်အောင် အပုံကြီးလျော့နည်းသွားခဲ့ပြီလို့တော့ ဆိုနိုင်မှာ ဖြစ်တယ်ဗျ။ ပြောရရင် ပြီးခဲ့တဲ့ နှစ်ငါးဆယ်လုံးလုံး ကျွန်တော်တို့ ဒီမိုကရေစီဘက်တော်သားတွေဟာ မိမိတို့ ယုံကြည်ချက်အတွက် ဘ၀တွေ၊ အသက်တွေအထိ ပေးဆပ် ရနိုင်တယ်ဆိုတဲ့ အတွေးက ကျွန်တော်တို့ စိတ်တွေကို အမြဲလွှမ်းမိုးနေခဲ့တာဖြစ်တယ်ဗျာ။ ညကြီးသန်းခေါင် ကိုယ့်အိမ်နား ဆိုင်ကယ်/ကား ရပ်သံကြားရင် အိပ်ရာက ဖျတ်ခနဲထပြီး အသင့်ပြင်ဆင်ထားတဲ့ အထုပ်ကို လက်က အလိုလိုဆွဲမိလျက်သား ဖြစ်နေခဲ့ကြတာဖြစ်တယ် ဗျာ။ ဘယ်ဌာနက ဘယ်သူတွေမှန်း မသိတဲ့ လူတွေရဲ့ ခေါ်သွားတာခံရပြီဆိုရင်လည်း ကျန်ရစ်တဲ့ မိသားစုဝင်တွေဟာ ငါတို့အဖေ၊ အစ်ကို၊ ခင်ပွန်းကို ဘယ်တော့မှ ပြန်တွေ့ရမှာလဲ၊ ပြန်ရော တွေ့မှတွေ့ရပါဦးတော့မလားဆိုတဲ့ ပူပန်သောကတွေ တစ်ပွေ့တစ်ပိုက်နဲ့ ကျန်ရစ်ခဲ့ကြ ရတာ ဖြစ်တယ်ဗျ။
    အခုတော့ အားလုံးသိကြတဲ့အတိုင်း အခြေအနေတွေဟာ မျက်လှည့်ပြလိုက်သလိုလို့ တင်စားရလောက်အောင် ပြောင်းလဲသွားခဲ့ပြီ ဖြစ်တယ်ဗျာ။ နိုင်ငံရေးဟာ မ၀င်ကောင်းတဲ့ နယ်မြေဖြစ်တယ်ဆိုတဲ့ အယူအဆဟာ ကျွန်တော်တို့ ပြည်သူများအကြား အတော်အတန် အားပျော့မှေးမှိန်စပြုလာနေပြီ ဖြစ်တယ်ဗျာ။ နိုင်ငံတစ်လွှားမှာ နိုင်ငံရေးလှုပ်ရှားမှုတွေဟာ တစ်နေ့တခြား အားကောင်းမောင်းသန် ဖြစ်လာ နေပြီ ဖြစ်တယ်ဗျာ။
    ဒီအချိန်မှာ မြန်မာပြည်သူတိုင်း (ပြည်သူတိုင်း) ဟာ မိမိတို့ စိတ်သန်ရာနိုင်ငံရေးလှုပ်ရှားမှုများမှာ ပျော်ပျော်ရွှင်ရွှင်၊ ထက်ထက်သန် သန် တက်တက်ကြွကြွ ပါဝင်ဆင်နွှဲကြရမယ့်အချိန် ဖြစ်တယ်ဗျ။ နိုင်ငံရေးပါတီဝင်လိုသူများက ပါတီတွေ ၀င်ကြ၊ ပွင့်လင်းလူ့အဖွဲ့အစည်း ပေါ်ပေါက်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ လူသားချင်း စာနာရေး စတဲ့ လူသားအကျိုးပြုလုပ်ငန်းလုပ်ဖို့ စိတ်ဝင်စားသူတွေ ကိုယ် ပါဝင်လိုတဲ့ လှုပ်ရှားမှုမှာ ပါဝင်ကြ၊ ကျောင်းသားတွေ၊ အလုပ်သမားတွေ၊ လယ်သမားတွေလည်း သက်ဆိုင်ရာ အသင်းအပင်း အစည်းအရုံးတွေ ဖွဲ့စည်းထူထောင် ပါဝင်လှုပ်ရှားကြ။  အဲသလို ပြည်သူအားလုံး မြိုင်မြိုင်ဆိုင်ဆိုင် သိုင်းသိုင်းဝိုင်းဝိုင်း ပါဝင်ဆင်နွှဲလှုပ်ရှား ကြရမယ့်အချိန်ဖြစ်တယ်ဗျ။
    အဲသလိုလုပ်ကြဖို့ လိုအပ်တဲ့ အကြောင်းရင်းကတော့ နိုင်ငံရေးမှာ ပြည်သူတွေ ပိုပြီးများများပါဝင်လေ ပြည်သူ့ခေတ်သို့ ပိုပြီးမြန်မြန် ရောက်လေဖြစ်မှာကြောင့် ဖြစ်တယ်ဗျာ။ ပြည်သူ့ခေတ်ကြီးရောက်ပါပြီလို့ ပြောနိုင်တဲ့အချိန်အထိတော့ ကျွန်တော် လူ့ဘ၀မှာ နေချင်ပါသေးတယ်ဗျ။
၂၁၊ ၁၀၊ ၂၀၁၂

 maungwuntha@gmail.com

No comments: