Monday, October 22, 2012
မြောက်ပိုင်းမြေမှ ပုံရိပ်များ အပိုင်း - ( ၇ )
by Ko Lin Wai Aung on Monday, October 22, 2012 at 11:46am ·
အကျဉ်းသား၅၅ ယောက် ထွက်ပြေးလွတ်မြောက်သွားပြီး နောက်ပိုင်း အကျယ်ချုပ်ဘ၀တွေကို မဖြစ်မနေဖြတ်သန်းကြရပါပြီ … ကျနော်တို့( ၉ ) ယောက်ကို  စစ်ကြောရေးတွေလုပ်ခဲ့ကြတဲ့  ထလရတဲထဲမှာ နေကြဘို့နဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ ကင်းတဲလေးမှာ နေ့ကင်းညကင်းထားပြီး စောင့်ပါတယ်…
          ၅ရက်တစ်ခါ ရိက္ခာဝေရင်တပ်ဝင်းထဲဆင်းပြီး တပ်ထောက်မှာ သွားထုတ်ရတယ်….ဆန်လိုရင် တပ်ထောက်မှာရှိတဲ့ ဂိုဒေါင်မှာ သွားထုတ်လို့ရပါတယ်…တဲရှေ့မှာရှိတဲ့ စစ်ရုံးက တပ်ကြပ်ကြီး ရွှေကျီးကို သတင်းပို့ပြီးသွားရတယ်…
          ကျောင်းသားတပ်ဗဟိုမှာက ဆန်အလွန်ပေါပါတယ်…KIA ကတရုပ်ပြည်ကနေ ၀ယ်ပြီး ဂိုဒေါင်
ကြီးတွေနဲ့လှောင်ထားတာပါ…လိုင်စင်ဗဟိုအထိ ကုန်တင်ကားတွေ တက်လို့ရတယ်…ကျောင်းသားတပ်
အတွက် လိုသလောက်ကိုလဲ KIA ဂိုဒေါင်တွေကနေတဆင့် လိုသလို ထုတ်ယူယုံပါဘဲ… ဆန်ကဖြူဖွေးပြီး အတော်လှပါတယ်…ဖွဲသလဲမပါပါဘူး… စပါးလုံးရွေးစရာမလိုပါ…ရာသီဥတုအေးလို့ ရေမကိုင်ချင်လဲ တခါတည်းရေထည့်ပြီး ချက်ယုံပါဘဲ…ဒါပေမဲ့ဆန်က ပျော့တဲ့ဘက်ပါတယ်… စားပြီး မကြာခင်ပြန်ဆာလာတဲ့
သဘော ရှိပါတယ်…
          ကျနော်တို့ ၉ ယောက်မှာ မိုးဇော်ထွန်း(မိုးကြီး)နဲ့ခင်မောင်ဇော်(ခိုဖြူလေး) တို့ကအတူမနေခဲ့
ရဘူးတော့ နဲနဲစိမ်းပါတယ်…. နောက်ပိုင်းကြာလာတော့လဲ ဘ၀တူတွေမို့ အရမ်းရင်းသွားကြပါတော့တယ်…
ဒီတဲကြီးထဲမှာဘဲ အတွင်းခန်းထဲမှာ သစ်၊၀ါးနဲ့လုပ်ထားတဲ့ ၂ ထပ်ကုတင် ၂လုံးလုပ်ထားတယ်…
၂ယောက်တတွဲ နေကြတော့ ယောင်္ကျားလေး ၈ ယောက်အတွက်ကွက်တိပါဘဲ….မငယ်ကိုတော့ အပြင်ဘက်
ဧည့်ခန်းက ထောင့်နေရာမှာ ကုတင်တစ်လုံးနဲ့ အခန်းတစ်ခန်းကန့်ပေးထားကြတယ်…အလယ်မှာတော့
ထမင်းချက်…မီးလှုံ တဲ့နေရာလေးပေါ့….
          တယောက်နဲ့တယောက်စကားပြောလိုက်ကြ ထမင်းချက်စားလိုက်ကြ အိပ်ချိန်ကျအိပ်လိုက်ကြနဲ့
မရေရာတဲ့ စိတ္တဇ နေ့ရက်တွေလို့ဘဲထင်မိတယ်…ဒီကြားထဲ ထလရက အောင်စိုးမြင့် က ညဘက်တဲဆီ
ကိုအမောတကောလာတတ်တယ်… မီးရောင်တွေတဲနောက်က တွေ့တယ်တို့ …ဘာလိုလိုတွေနဲ့ … ကြောင်တောင်တောင်လာလုပ်တတ်တယ်…သူနဲ့သန်းဇော်က မျက်နှာချင်းဆိုင် သတင်းပြန်ကြားတဲ
ကနေပြီး ထလရ အိပ်မက်တွေ ပြန်မက်ချင်နေပုံရပါတယ်…သံသယတွေနဲ့ စောင့်ကြည့်နေတဲ့သဘောပါ..
          ဒီတဲထဲမှာဘဲ တိုင်တွေ ထရံတွေမှာ သတိထားကြည့်ရင် ခြောက်နေတဲ့ သွေးစတွေ ရှိနေတာ
တွေ့ရပါတယ်…သန်းဇော်တို့ မျိုးဝင်းတို့ ရဲ့ရက်စက်တဲ့စစ်ဆေးမှုတွေအောက်မှာ သွေးမြေကျရသူတွေ
အသက်ဆုံးခဲ့ရသူတွေ ရှိခဲ့တယ်ဆိုတဲ့ ပြယုတ်ပါဘဲ…
          ဘယ်လိုဘဲဖြစ်ဖြစ် ဒီလိုဘ၀ ဒီနေရာတွေကနေ လွတ်မြောက်ဘို့ တွေးကြတာ…အားကိုးရာစဉ်းစား
ကြတဲ့ အခါ… ဘုရားတရားကလွဲပြီး မရှိခဲ့ ပါဘူး…ကိုယ်သန်ရာ ယုံကြည်ရာဘုရားစာရွတ်ဆိုကြတယ်…
ပဋ္ဌာန်းရွတ်ကြတယ်…ဓာရဏပရိတ်ရွတ်ကြတယ်…
          အချုပ်ထောင်ထဲမှာ ဟိုလူလာရိုက်…ဒီလူလာရိုက်ဘ၀တွေ နဲ့နေလာရတော့ ရှေ့တန်းပြန်တွေ
ရှိတယ်…ဘာညာကြားရင် လန့်တတ်ကြတာလဲသေချာပါတယ်…ဘယ်သူကများပေါက်ကွဲပြီး လာ
ရိုက်မလဲ ပေါ့….စိုးရိမ်စိတ်တွေ နဲ့ဘ၀င်မကျ နေရတဲ့ဘ၀အချိန်တွေပါဘဲ….
          ဇူလိုင်လအကုန်လောက် ကျတော့ ဒုစစ်ရေးတာဝန်ခံ မျိုးဝင်းတိုက်ပွဲမှာ ကျသွားတယ်လို့ သတင်း
ကြားကြတယ်…နောက်ကျည်မှန်တယ်လို့လဲပြောတာတွေတော့ရှိခဲ့တယ်…အဲဒီအချိန်က သေချာပြောပြ ပေးမဲ့
သူလဲ မရှိခဲ့ပါဘူး…
          စက်တင်္ဘာ ဒုတိယပတ်လောက်မှာ မနန်းအောင်ထွေးကြည်ကို KIA ဘက်ကိုလွှဲပြောင်းဘို့ အစီအစဉ် တွေဖြစ်လာပါတယ်…သူ့မိဘတွေလာတုံးက KIA အရာရှိကြီးတစ်ဦးနဲ့ အမျိုးတော်စပ်တယ်ဆိုတာ ကိုKIA
ကလူကြီးတစ်ချို့ကိုပြောထားတာတွေရယ်…နောက်အစ်ကိုဝမ်းကွဲတော်စပ်တဲ့ ဦးစိုင်းထွန်းကလဲ ABSDF ကို တောင်ပိုင်းမှာ အကူအညီပေးနေတဲ့သူတစ်ဦးဖြစ်ပြီး KIA … ABSDF …အခြားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ လဲအမြဲနီးစပ်နေခဲ့သူဖြစ်ပါတယ်…
          ဒီယုံကြည်မှုတွေကနေ KIA လူကြီးတွေကခေါ်ယူမေးမြန်း အတည်ပြုတာတွေလုပ်ပြီးတော့မှ KIA ဘက်ကို
ရဲမေတစ်ဦးအနေနှင့် ခေါ်ယူပေးခဲ့တာပါ…၁၉၉၂ စက်တင်္ဘာလဆန်းမှာ မနန်းအောင်ထွေးကြည် KIA ဘက်ကို ရောက်ရှိသွားပါတယ်…
          ၃လကျော်လောက် အတူနေခဲ့ကြတဲ့ အတွက်မောင်နှမတွေလိုဖြစ်ခဲ့ပါတယ်…သူ့အတွက်လဲ ၀မ်းသာကြသလို KIA ဘက်ကိုပြောင်းဘို့ကိစ္စကိုလဲ စုပေါင်းတိုင်ပင်ပြီး စဉ်းစားပေးခဲ့ကြပါတယ်…ပြောင်းသင့် တယ်ဆိုတာလဲ အားလုံးက သဘောထားပေးခဲ့ကြပါတယ်…
          မနန်းအောင်ထွေးကြည်အနေနဲ့လည်း အခြေအနေပေးရင် အားလုံးကိုခေါ်ထုတ်နိုင်အောင် ကြိုးစားမယ် ဆိုတာ မသွားခင်တိုင်ပင်ဆွေးနွေး ပြောကြားသွားခဲ့ပါတယ်…
          အတူနေခဲ့ကြတဲ့ ကျနော်တို့တစ်ဦးချင်းမှာ နေထိုင်မှုပုံစံလေးတွေ အသီးသီးရှိကြပါတယ်…ကိုခင်မောင် ဇော်က ရေဒီယိုလေးတလုံးနဲ့ အလုပ်များနေတတ်တယ်…သူက အကျယ်ချုပ်ပြန်မဖြစ်ခင်က စစ်ရုံးမှာပြန်နေရ တုံး လိုချင်တာလေးတွေ စုထားတာပါ… အချုပ်ပြန်ဖြစ်တော့ရေဒီယို လေးကပါလာတာပါ…အခက်အခဲကတော့ ဓာတ်ခဲ
မရှိတဲ့ပြသနာပါ…ဟိုကဒီက လက်တို့ပြီးတောင်းထားတဲ့ သုံးပြီးသား ဓာတ်ခဲလေးတွေနဲ့ရသလောက်ဖွင့်ပါတယ်…
          ကိုညီညီကတော့ အားလုံးထဲမှာ အသက်အကြီးဆုံးပေါ့…သူကအင်္ဂလိပ်စကားပြောကောင်းတယ်…
အင်္ဂလိပ်သီချင်းတွေကြိုက်တယ်…ပို့စ်မော်ဒန်ကဗျာတွေကို သူစိတ်ဝင်စားတယ်…သူဆိုတတ်တဲ့ သီချင်း တွေက ဘေဘီလုံမြစ်ကမ်းဘေးကိုလွမ်းတယ်..( RIVER OF BARBILON )၊မြန်မာသီချင်းတွေထဲက ကိုခင်ဝမ်းရဲ့ မြားဘုရင်…(ဖြူစင်သူတွေ…ရှုံးနိမ့်ထွက်ခွာတဲ့…ဘ၀စက်ဝိုင်းကို…ချိန်ရွယ်ပါလေ အို…မြားဘုရင်….)
ကျနော်တို့အကြိုက်ဆုံးသီချင်းတွေ ဖြစ်ခဲ့ပါတယ်…
          ကိုညီညီက အဆိုကျတော့ သိပ်မရဘူး…ဘိုဘို…၀ဏ္ဏဇော်…ညီညီအောင် တို့က ပင်တိုင်ဆိုကြတယ်….
ညီညီအောင်(ဒိုဇာ)က ဘုရားစာရွတ်နေတတ်တယ်…ဓာရဏပရိတ်၊ပြည်တော်ပြန်ဂါထာ၊ပရိတ်မျိုးစုံ၊ပဋ္ဌာန်း စုံနေ အောင်ရွတ်ပါတယ်….
          မငယ်ကတော့ ကိုညီညီ၊ဘိုဘို၊တို့နဲ့သီချင်းအကြောင်းပြောတတ်တယ်… ထမင်းချက်ဟင်းချက်ထဲလဲပါတယ်… ရဲဘော်တွေဆိုတော့ အားလုံးကထမင်းဟင်းချက်တတ်ကြတယ်…ကြုံတဲ့ သူကချက်တော့တာဘဲ…လုပ်စရာကလဲ ဒါတွေဘဲရှိတာကိုး…ပြောစရာဆိုစရာမရှိရင် မငယ်က သူ့အတွက်ပေး ထားတဲ့ အခန်းကျဉ်းလေးထဲ မှာသွားနေရော…
          ကိုမိုးဇော်ထွန်းက အစပိုင်းမှာတော့ သီးခြားနေလေ့ရှိတယ်….နောက်ပိုင်းမှ နဲနဲရောရောနှောနှော နေဖြစ်လာတယ်…
          ကိုကျော်နိုင်ဦးနဲ့ ကျနော်ကတော့ သီချင်းလေးဘာလေးဝင်ဆိုရင်ဆို…နောက်ပြီး ထမင်း/ဟင်းလဲ အမြဲချက်ကြတယ်…ထုတ်ပေးတဲ့ ရိက္ခာက ၃ရက်ဆိုကုန်ပြီ….စွန်တန်ခြောက်…မုန်ညင်းရွက်…ငရုတ်သီးခြောက်၊
မျှင်ငပိ၊ ဆီ တစ်ဆယ်သားလောက်ရတယ်…၅ရက်တခါဝေတယ်….ရိက္ခာလိုပြီဆိုရင် တဲဘေးကတောင်စောင်းမှာ
ဝါးပင်တွေရှိတယ်…မျှစ်နဲနဲရတယ်…ချဉ်ပေါင်ရွက်နဲ့တူတဲ့ ရေချဉ်ပေါင်ရွက်တွေရတယ်…နဲနဲကြာလာတော့ ဆိတ်နဲ့ လူနဲ့ ဦးတဲ့သူစားရတဲ့သဘောဖြစ်လာတယ်…မျှစ်မရနိုင်တော့ရင် လူတရပ်လောက်ဖြစ်နေတဲ့ ၀ါးစိမ်းနုနု
အပင်ကိုခုတ်လိုက်တယ်…ကျပ်လုံးလောက်တုတ်တယ်…အဆစ်တွေကြားမှာ နုနေသေးတဲ့ လက်တဆစ်လောက်
အနုလေးတွေကိုယူပြီးစုရတယ်…တပင်ကို ၅ခုလောက်ရတယ်…အဲတာတွေ စုလိုက်ပြီး ပြုတ်ထားလိုက်တယ်…
စားစရာမျှစ်တွေ ရသွားတော့တာပေါ့…..
          ထင်းအတွက်လဲ အစပိုင်းမှာတဲနားက သစ်ကိုင်းခြောက် အတိုအစ နဲ့ဖြစ်ခဲ့ပေမဲ့ ရေရှည်အတွက်တော့မရတော့ပါဘူး…အခွင့်အရေးကို ချဲ့ယူတဲ့အနေနဲ့ စစ်ရုံးအုပ်ကို ပြောပြီး အာဆံကုန်းတ၀ိုက်မှာ ထင်းသွားခွေကြပါတယ်…အစပိုင်းမှာတော့ ဘယ်နားအထိဘဲသွား…သိပ်မကြာနဲ့ ဆိုတာမျိုးတော့ရှိပါတယ်….တလမှာ ၃ခါလောက်တော့ မဖြစ်မနေ ထင်းခွေရပါတယ်…
          အောက်တိုဘာ…နိုဝင်ဘာလောက်မှာတော့ KIA ကအရာရှိငယ်တွေ ကို အင်္ဂလိပ်စာသင်ကြားပေး ဘို့
အစီအစဉ်ဖြစ်လာပါတယ်….ကိုညီညီကို ကိုသံချောင်းတို့က တဆင့် ခေါ်တာဖြစ်ပါတယ်…မနန်းအောင်ထွေးကြည်
ကလဲ ဒီအစီအစဉ်ဖြစ်အောင် KIA ကိုတွန်းအားပေးခဲ့တာဖြစ်ပါတယ်…
          ရက်ပိုင်းလောက်တော့သွားလိုက်ပြန်လိုက် စာသွားသင်ပေမဲ့ နောက်ပိုင်းမှာ KIA ဘက်မှာအပြီး ရောက်ရှိ
သွားပါတယ်…
          နောက်သိပ်မကြာခင်မှာ ကျနော်ရယ်…ကိုကျော်နိုင်ဦးရယ်ကို ဒုတပ်ကြပ် အဆင့်တိုးမြှင့်လိုက်တယ်လို့
ပြောပါတယ်…ရဲဘော်တွေတန်းစီပြီး ပြန်တမ်းဖတ်ပြသွားတယ်လို့သိရတယ်…အခြားရဲဘော်တစ်ချို့လဲပါတယ်
ကြားပါတယ်…အကျယ်ချုပ်ဘ၀နဲ့ ဘုမသိဘမသိ…ရာထူးတိုးခဲ့ပါတယ်…မကြာပါဘူး ကိုအောင်နိုင်ကအလုပ်တခုပေးပါတယ်..
           သတင်းပြန်ကြားရေးက ရေဒီယိုနဲ့ BBC…VOA…AIR တို့ကနေလွှင့်တဲ့သတင်းတွေကို အသံဖမ်းရတယ်…  အရေးကြီးသတင်းတွေကိုစာနဲ့ ပြန်ရေးပြီး သူတို့ကိုတင်ပေးရတဲ့ အလုပ်ကို ခိုင်းပါတယ်…ပြန်ကြားရေးတဲသွားလုပ်လိုက် ကိုယ့်တဲကိုယ်ပြန်လာလိုက်ပေါ့…. ၅ ရက်လောက်လုပ်ပြီး ကျနော်လဲ အလုပ်မဆင်းတော့ပါဘူး…သန်းဇော်ကအမြဲရှိတယ်…  အချို့ရဲဘော်တွေနဲ့ ဆက်ဆံရာမှာလဲ ထောက်လှမ်းရေးဆိုတဲ့ အဟန့်အတားကရှိနေတယ်….
လုပ်ချင်ရာလုပ်တော့/ ဖြစ်ချင်ရာဖြစ်တော့ဆိုပြီး မသွားတော့တာပါ…အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှတော့ ထပ်မပြောတော့ပါဘူး…သူတို့ကလည်း ကျနော်တို့ကို စမ်းသပ်နေဆဲ…ဘယ်လိုလုပ်ရမလဲဆိုတာ ဝေခွဲ မရဖြစ်နေချိန်လို့ထင်ပါတယ်…ကိုယ့်ကိုယ်ကိုလဲ ရဲဘော်လား…အကျယ်ချုပ်အကျဉ်းသားလား မဆုံးဖြတ်တတ်
တော့ပါဘူး….ကြားထဲမှာ ကိုအောင်နိုင်၊ကိုသံချောင်း တို့ တဲကိုလာတတ်တာလဲရှိတယ်….
          နောက်ပိုင်း ကိုအောင်နိုင် မကြာမကြာလာတတ်တယ်….ညနေပိုင်းလောက်လာတယ်….လာရင်လဲ ကျနော်တို့က ဆေးလိပ်သောက်ပါ လောက်ပဲပြောဖြစ်တယ်…သူဘာပြောမလဲ ဘဲသိချင်တယ်….တခုခုပြောချင် နေပုံတွေ့ရပေမဲ့ ဘာမှမပြောဘဲ ပြန်ထွက်သွားတတ်တာများတယ်…. သူဘာကိုပြောချင်တယ်… ဘာကိုတွေးနေတယ်ဆိုတာ နဲနဲခန့်မှန်းလို့ရနိုင်ပေမဲ့ အတွင်းကျကျကတော့ သူသာလျှင်အသိဆုံးပါဘဲ…..
၁၉၉၃နှစ်ဆန်းလောက်ရောက်လာတော့ လွတ်လပ်မှုလေးတွေရှိလာပါတယ်….နေ့ကင်း ညကင်းတွေလဲ မရှိတော့ပါဘူး… အခြားရဲဘော်ရဲမေတချို့ ကျနော်တို့ဆီ လာလည်ကြတာရှိသလို တောထဲ သစ်၊၀ါး၊ထင်း ခွေ စိတ်ချလက်ချ သွားနေကြရပါပြီ…ဘိုဘိုကိုလဲ ၀ါဒဖြန့်ချီရေးက ကိုစောမြအောင်က တာဝန်ခံခေါ်သွားပြီး အလုပ်လုပ်စေပါတယ်…
          ဒီကြားထဲမှာကျနော်တို့လုပ်ဖြစ်တာက တဲရှေ့က အနက်၈ပေ အနံ ၁၂ပေအလျှား၂၀ပေလောက်ရှိတဲ့ လျှိုလေးကို ပိတ်လိုက်ပြီး ငါးကန်လုပ်ပြီး မြက်စားငါးကြင်းတွေမွေးတာပါ… တောင်စောင်းကကျလာတဲ့ စမ်းရေကိုတော့ ရေလွှဲလုပ်ပြီး ထားပါတယ်….အစပိုင်းမလုပ်တတ်ခင်က ရေလွှဲလုပ်မထားတော့ မိုးတွေကြီးလာပြီး တောင်ပေါ်ကစီးတဲ့ရေက များလာတယ်… ရေထွက်ပေါက်က သေးနေတော့ တာကျိုးပြီး ငါးသားပေါက် အကောင်၅၀၀လောက် ဆုံးရှုံးပါတယ်… အချို့ရဲမေတွေ က ဟင်းစားရလိုက်ပါတယ်…ပျော်ပြီးဝိုင်းကောက်ကြပါတော့တယ်…၃လက်မလောက် အကောင်လေးတွေဆို
ပေမဲ့လဲ့ အလုပ်ဖြစ်ပါတယ်…
          နောက်ပိုင်းစစ်ရုံးရှေ့မှာလဲ ကန်အကြီးတူးပြီး ငါးတွေမွေးဘို့ ရဲဘော်ရဲမေတွေ လုပ်ကြပါတယ်…
လိုအပ်တဲ့ ငါးသားပေါက်နဲ့ အစာတွေကိုတော့ ကိုသံချောင်းက မှာပေးပါတယ်…ဒါပေမဲ့ ငါးတွေက ကြီးထွား
မှုမရှိတာတွေ့ရပါတယ်…အရမ်းအေးလွန်းတာကြောင့်လဲဖြစ်နိုင်ပါတယ်…အမြင့်ပေကလဲ ၆၆၆၇ပေ ရှိပါတယ်..
နောက် ကြက်ကလေးတွေလဲ ခြံလုပ်ပြီး ၅ ကောင်လောက်မွေးထားကြပါသေးတယ်…
          ဒီကြားထဲမှာ ကိုကျော်နိုင်ဦးနဲ့ကျနော်က ၀ါးခုတ်နှီးဖြာ…ထရံယက်တဲ့ အလုပ်ကိုလုပ်ပါတယ်…
တပ်ထဲမှာလိုအပ်တဲ့နေရာလေးတွေ အတွက်ပါ….နောက်ကျောဘက်က ကုန်းကိုတက်သွားရင် ဆရာတော်
ဦးအိန္ဒြာစာရ သီတင်းသုံးတဲ့ ကျောင်းရှိပါတယ်…ကုသိုလ်ယူတဲ့သဘောနဲ့ ကျောင်းအတွက်လိုအပ်တဲ့ အကာတွေ၊
အခင်းတွေ ယက်လုပ်ပေးပါတယ်…
          အချို့ညတွေမှာတော့ ဂစ်တာလေးလဲရလာတယ်ဆိုရင် ဘိုဘိုကရောက်ရောက်လာတတ်ပါတယ်…
သီချင်းတွေညဘက်ဆိုဖြစ်ခဲ့ကြတယ်…ကိုမွန်းအောင်ရဲ့ ကျောင်းသားတော်လှန်ရေးသီချင်းတွေ…ပျံသာပျံပါ
ခွပ်ဒေါင်းနီ…ဧည့်ဆိုး…၈/၈၈ အင်းယားလိုသီချင်းတွေ…နာဇီစစ်တပ် ….သွေးမုန်တိုင်း… ငြိမ်းချမ်းရေးတိုက်ပွဲ….ကိုခင်ဝမ်းရဲ့မြားဘုရင်….နောက်ပြီး…ကိုတိုးကြီးရဲ့ သီချင်းတွေ…ကိုဖိုးချိုရဲ့ ညှို့မျက်ဝန်း
တို့လိုလဲပါတယ်ပေါ့….ခံစားချက်ပြင်းပြင်းနဲ့ဆိုပြီး သွားရင် ပေါ့သွားကြတာတော့ အမှန်ပါဘဲ….`
          ၁၉၉၃ ဖေဖေါ်ဝါရီ ဒုတိယပတ် လောက်မှာတော့ မနန်းအောင်ထွေးကြည် ဘန်ကောက်ကို ထွက်ခွာခွင့်
ရသွားပါတယ်…အစ်ကိုဖြစ်သူ ဦးစိုင်းထွန်းက လာရောက်ခေါ်ယူသွားတာပါ….အဲဒီအချိန်က ကျနော်တို့တွေ နဲနဲ
လွတ်လပ်တဲ့အခြေအနေရောက်လာပါပြီ….KIA လိုင်စင်ဘက် ကိုခွင့်တောင်းသွားရင်ပေးသွားပါတယ်…
          အားလုံးကိုမငယ်ကမှာလို့ သူမသွားခင်တစ်ရက်မှာ ကျနော်တို့တွေ့ဆုံခဲ့ကြပါတယ်…. သံလွင်ကထောင်ဘက်က ဆိုင်လေးတဆိုင်မှာပါ…နောက်ဆုံးနှုတ်ဆက်ခဲ့ကြပါတယ်… တချိန်ချိန်ပြန်ဆုံကြမယ်ထင်တယ်ပေါ့….မငယ်နဲ့ကျနော်တို့တွေအားလုံး နောက်ဆုံးတွေ့ဆုံ ခဲ့ကြတာပါ…..
          နောက်တော့ ကိုကျော်နိုင်ဦး က စက်ချုပ်တဲ့တပ်ကို ရောက်သွားပါတယ်… သူက စက်ချုပ်လဲ ကောင်းကောင်းရပါတယ်…ယူနီဖေါင်းတွေကိုအဓိကချုပ်ကြတာပါ…
          ထောက်လှမ်းရေးတဲမှာနေစဉ်က ညီညီအောင်နဲ့ ကြွက်တွေ ဖမ်းပြီးကင်စားတာလဲသတိရပါတယ်…
ထမင်းစားပွဲပေါ်ကိုကြွက်တွေက ညဘက်လာတတ်ပါတယ်…၀ါးကပ်နဲ့လုပ်ထားတဲ့စားပွဲပေါ်ကို ပလပ်စတစ်
ခင်းပါတယ်…ထမင်းကျန်….ဆန်စေ့လေးတွေပက်ထားပါတယ်…ဒန်အိုးအကြီးတလုံးကို တုတ်ထောက်ပြီး ဟထားတယ်…..တုတ်ကိုကြိုးအရှည်ကြီးနဲ့ ချည်ထားပြီး အိပ်ရာထဲကနေပြီး အမှောင်ထဲကစောင့်ပါတယ်…
ကြွက်တွေများများ ရောက်နေသံကြားရင် ကြိုးကိုဆွဲလိုက်တယ်… တုတ်ကဖယ်လိုက်တော့ ဒန်အိုးကြီးက ကြွက်တွေကိုအုပ်မိနေတာပေါ့…အဲဒီမှာ အောက်ကခင်းထားတဲ့ ပလပ်စတစ်စကို ဒန်အိုးဖင်နဲ့ အုပ်မိအောင်
ချည်ရပါတယ်……ဒန်အိုးကိုပက်လက်ပြန်လှန်တော့ ကြွက်တွေက ဒန်အိုးထဲရောက်လာပါပြီ…
                    ညီညီအောင်နဲ့ခင်မောင်ဇော်တို့က ကြွက်ကိုင်တာကျွမ်းကျင်ကြပါတယ်…..ပြီးတာနဲ့ မီးကောင်းကောင်းကင်ပါတော့တယ်….ကြွပ်ရွနေတဲ့ ကြွက်ကင်ကိုရပါတော့တယ်…
၁၉၉၃ မတ်လထဲရောက်လာတဲ့ အချိန်မှာတော့ ဘိုဘိုနဲ့ ညီညီအောင်တို့ရဲ့ မိခင်နှစ်ဦး ရောက်လာကြပါတယ်….အန်တီဒေါ်မြင့်မြင့်ကြည်နဲ့ အန်တီဒေါ်ခင်စန်းတို့ပါ…၀ဏ္ဏဇော်ရဲ့အမေကပါမလာပေမဲ့
သူ့သားကိုပါပြန်ထည့်ပေးလိုက်ဘို့ မှာလိုက်ပါတယ်…အရင်လာတဲ့အခေါက်က ၂လကြာရင်ပြန်လာမယ်ပြောခဲ့
ပေမဲ့ ၅၅ ယောက်ထွက်ပြေးပြီး သတင်းစာရှင်းလင်းပွဲ လုပ်ထားတာတွေလဲရှိနေတော့ အခြေအနေကို စောင့်ကြည့်
နေတာလဲ ပါခဲ့ပါတယ်…
          ပါဂျောင်မှာ ၃ရက်လောက်နေပြီးတော့ အရင်ပြောထားတဲ့ စကားတွေအရ ပြန်ထည့်ပေးဘို့ ကိုအောင်နိုင်
ကို မိဘတွေကပြောကြပါတယ်…ကိုအောင်နိုင်က ကိုသံချောင်းခရီးသွားနေလို့ ပြန်လာတဲ့အထိစောင့်ဘို့ ပြောပါတယ်…ကိုအောင်နိုင်က ဥက္ကဋ္ဌတယောက်အနေနဲ့ ဆုံးဖြတ်ချက်မပေးပါဘူး…အန်တီဒေါ်မြင့်မြင့်ကြည်က
မင်းတို့ ဂတိတည်ဘို့တော့လိုမယ်လို့ပြောတဲ့အခါမှာတော့ ကိုအောင်နိုင်က ဟုတ်ကဲ့…ဟုတ်ကဲ့ပါ…လို့သာပြန်
ပြောခဲ့ပါတယ်…..
          နောက်နေ့ ကိုသံချောင်းရောက်လာတော့မှ ပြန်ထည့်ပေးဘို့ကိစ္စအတည်ဖြစ်ခဲ့ပါတယ်…ပြန်ကြမယ်
ဆိုတဲ့အခါကြတော့ ဒီအတိုင်းပြန်လို့မရသေးဘူးဆိုပြီး သားသမီးတွေကို ကောင်းမွန်စွာလက္ခံရရှိပါတယ်လို့ လက်မှတ်ရေးထိုးပေးခဲ့ရပါတယ်…နောက်ပြီး ဘိုဘို၊ညီညီအောင်၊၀ဏ္ဏဇော်တို့ကို ABSDF မှ ထုတ်ပယ်ပစ်လိုက်တယ်ဆိုတဲ့ စာတွေကိုလည်း ရုံးအမိန့်ပုံစံ နဲ့ထုတ်ပြန်ပြီး မိဘတွေကိုပေးလိုက်ပါတယ်…
          နောက်နေ့မှာတော့ မိဘတွေနဲ့ဘိုဘိုတို့ ၃ ယောက် KIA ဘက်ကကားကိုငှားပြီးပြန်ကြပါပြီ…အား
လုံးကားနားထိလိုက်ပို့ကြတယ်…ဘိုဘို…တို့ကလူချစ်လူခင်များပါတယ်…မိန်းကလေးသူငယ်ချင်းတွေလဲ လိုက်ပို့
ကြတယ်…အန်တီဒေါ်မြင့်မြင့်ကြည်က ကျနော့်ကိုအနားခေါ်ပါတယ်…ကျနော့်ခေါင်းကို ကိုင်ပြီး မျက်စေ့မှိတ်ပြပြီး
ပြန်လာခဲ့တော့လို့ အသာလေးကပ်ပြောသွားပါတယ်…ကျနော်လဲခေါင်းညိမ့်ပြခဲ့ပါတယ်….
          ဒါကကျနော်တို့ချင်းသိတဲ့ကိစ္စပါ….အဲဒီရက်မတိုင်ခင်က ဘိုဘိုက ကျနော်တို့ကို သူသွားပြီးတဲ့ နောက်ပိုင်းပြန်ပြေးခဲ့ကြဘို့ စိတ်မချစွာမှာနေတာပါ… သူ့အမေဆီကလဲ ပိုက်ဆံနဲနဲ တောင်းထားပေးခဲ့မယ်ပေါ့…
သူ့အမေနဲ့လဲဘိုဘိုကတိုင်ပင်ပါတယ်…..အန်တီက ယင်ကျန်းရောက်ရင် အကူအညီတောင်းလို့ရနိုင်တဲ့ စားသောက်ဆိုင်တခု လဲတွေ့ထားခဲ့တယ်တဲ့…ကျနော်တို့နာမည်တွေပြောပြပေးထားခဲ့မယ်ပေါ့….ရောက်လာရင်
ရွှေလီထိရောက်အောင်ပို့ပေးဘို့ ပြောပေးထားခဲ့မယ်ပေါ့….အန်တီက အဲလိုစီစဉ်ပေးထားခဲ့တာပါ….
          ကျနော်တို့ ၄ ယောက်ရယ်…ဘိုဘိုရယ်တိုင်ပင်ကျတဲ့အခါမှာ ကိုကျော်နိုင်ဦးက သူမလိုက်ချင်ဘူး လို့
ပြောပါတယ်….ဘိုဘိုက အကိုလိုက်ခဲ့ပါလို့ အတင်းပြောပါတယ်…ကိုကျော်နိုင်ဦးက ခေါင်းဘဲခါပါတယ်…..
အဲဒီလိုအခြေအနေလေးတွေရှိခဲ့ပါတယ်…ကိုကျော်နိုင်ဦးဘာကြောင့် မပြန်ချင်လဲဆိုတာတော့ သူဘဲပိုသိမှာပါ…
          အဲဒီတုံးကစဉ်းစားမိတာက သူဘယ်သူ့ကိုများ သံယောစဉ် အမျှင်တန်းနေပါလိမ့်ပေါ့…..ဘိုဘိုတို့ပြန်
ပြီး သိပ်မကြာခင် ပြန်လိုက်ခဲ့ဘို့ကျနော်ပြောပါသေးတယ်…သူကမလိုက်ဘူးဘဲပြောနေပါတယ်…
          ပြေးကြဘို့အတွက် ရက်တွေ အချိန်တွေမသတ်မှတ်ရသေးပါဘူး….
တစ်ချိန်တည်းမှာဘဲ ကျနော်တို့အတွက် အမြန်ထွက်ပြေးဘို့ အကြောင်းကဖန်လာပါတယ်…ရဲမေ စိုးစိုးလွင်ရဲ့ မိခင်ကြီးနဲ့အတူ ဘုန်းတော်ကြီးတပါးရောက်ရှိလာပါတယ်…မိုးကောင်းကလို့သိရပါတယ်….မစိုးစိုးလွင်ရဲ့ မိခင်က
အားကိုးတကြီးနဲ့ ပင့်ခေါ်လာတာပါ….သက်တော်က ၃၀ကျော်လောက်လို့ မှတ်မိပါတယ်…အဲတာမယုံသင်္ကာဖြစ်ပြီး ကျနော်တို့တဲရဲ့အပေါ်က တဲမှာ စစ်ဆေးနေတယ်လို့ သိရပါတယ်…
ထင်းခွေသလို၊အရွက်ခူးသလိုနဲ့ ကုန်းပေါ်တက်သွားကြည့်ပါတယ်…တဲထဲကနေအပြင်ကို ခဏထွက်တာတွေ့ပါတယ်….အရပ်ဝတ်နဲ့ဖြစ်နေတာတွေ့ပါတယ်…တစုံတခုကိုစိုးရိမ်နေတာသေချာပါတယ်..
မျက်လုံးပြူး….နှာခေါင်းချွန်…အသားမဖြူမညို….မပိန်မ၀ပါဘဲ….ကတုံးနဲ့ပါ…ထလရ ကအောင်စိုးမြင့်က တဲပေါ်
တက်တက်သွားတာတွေ့နေရပါတယ်….စိတ်မကောင်းယုံကလွဲပြီး ဘာမှလုပ်မပေးနိုင်ခဲ့ပါဘူး…. နောက်ပိုင်းဘာတွေဆက်ဖြစ်လဲဆိုတာတော့ မသိရတော့ပါဘူး….
          ဒီလိုပြသနာတွေကစပြီး ဖမ်းဆီးမှုတွေ ထပ်လုပ်မှာစိုးရိမ်ရပါတယ်…
ဒါနဲ့ဘဲပြေးကြဘို့ကိစ္စကို အဓိကစဉ်းစားကြပါတော့တယ်….ကိုကျော်နိုင်ဦးကတော့ မလိုက်ဘူးပြောထားလို့
မတိုင်ပင်တော့တာပါ….ကျနော်တို့အတူနေ ၃ယောက်ဘဲတိုင်ပင်ပါတယ်….ကိုမိုးဇော်ထွန်း၊ကိုခင်မောင်ဇော်၊
ကိုရဲလင်း ၃ယောက်ဘဲ ဒီတဲမှာကျန်တော့တာပါ….မသင်းသင်းညီကိုစဉ်းစားပါတယ်…သူကရဲမေဆောင်မှာနေရ
တယ်….၁၉၉၁ အောက်တိုဘာထဲက လွတ်ထားပြီး ရဲမေပြန်ဖြစ်နေပါပြီ…. ခေါ်ထုတ်ဘို့လဲအစဉ်မပြေဘူးလို့တွက်ပါတယ်…ညဘက်ထွက်ရမယ်….ရဲမေဆောင်မှာ ခွေးလေးတွေ မွေး
ထားတဲ့အချိန်ဖြစ်နေတယ်…ကျနော်တို့တဲမှာ မွေးထားတဲ့ အိုက်ခမန်းဆိုတဲ့ ခွေးလေးကိုလဲ ဆေးဆရာမဘောက်မိုင်ကို ဒီခွေးလေးကတော်တော်တတ်နေပြီ…မွေးထားပါလားဆိုပြီး ပေးထားလိုက်ရတယ်…
          ပြေးတဲ့နေ့ကျမှနောက်ကလိုက်နေမှာစိုးလို့…..
မပြေးခင်ကာလတွေမှာ ဘုန်းကြီးကျောင်းသွားပြီး အခင်းတွေ ခင်း…အကာတွေပြင်ကြနဲ့လုပ်ကြတယ်… ကုသိုလ်ယူကြတယ်….နောက်ပြီး….ဘုန်းကြီးကျောင်းပေါ်ကိုတက်တဲ့ကုန်းတက်ကိုလည်း လှေကားထစ် အရှည်ကြီးဖေါက်ပေးကြတယ်…မြေလှေကားထစ်ကြီးပေါ့…ကဒ်တို့…တုတ်ရိုက်တာတို့လဲလုပ်ရတာပေါ့….
          အဝေးကကြည့်ရင်မြေလှေကားထစ်တွေကလုပ်ထားကာစမှာ အရမ်းလှတယ်….နတ်ပြည်တက်တဲ့
လှေကားလို မိုးပေါ်တက်သွားတာ……
          ကျနော်တို့ပြေးမဲ့ရက်ကို ၁၉၉၃ခုဧပြီလ ၈ ရက် မနက် ၂နာရီကိုရွေးပါတယ်…အဲဒီအချိန်က ဗေဒင်
လေးဘာလေးတတ်တဲ့ ကိုခင်မောင်ဇော်ကရွေးပါတယ်….ပြည်တော်ပြန်ကိန်းဆိုက်တဲ့အချိန်ပါ….စစ်ရဲ့သဘော
အရလည်း တိတ်တဆိတ်လှုပ်ရှားလို့ အကောင်းဆုံးအချိန်ပါ…တရုပ်ပြည်ထဲက အနီးဆုံးမြို့ဖြစ်တဲ့ ဆမားကို
ဆင်းပြီး ကားနဲ့ဆက်ထွက်မှာပါ…ယင်ကျန်မြို့လေးကိုရောက်ရင် ဘိုဘိုတို့ အန်တီဒေါ်မြင့်မြင့်ကြည်တို့ ပြောခဲ့
တဲ့ အကူအညီပေးနိုင်မဲ့ ဆိုင်လေးကို သွားလိုက်ရင်လွတ်ပြီပေါ့…သူတို့က ရွှေလီရောက်အောင်ကူညီနိုင်လိမ့်
မယ်လို့တွက်ထားကြပါတယ်….
          လိုင်စင်ဈေးနေ့မှာ ဘိုဘိုပေးခဲ့တဲ့ တရုပ်ငွေ ယွမ်၁၀၀ ထဲက ပေါင်မုန့်၊မီးခြစ် ၀ယ်ပါတယ်…အရေးပေါ်
ရင် သုံးရအောင်ပါ….တောလမ်းသုံးဘို့ပေါ်လာရင် အခက်အခဲမရှိအောင်ပါ…ပိုတဲ့ပိုက်ဆံကို ၃ပုံခွဲပြီး ယူထားလိုက်ကြတယ်….ဒါးက၂ချောင်းဘဲရှိတော့ နောက်တချောင်းကို ကိုကျော်နိုင်ဦးဆီက သွားငှားပါတယ်…
မပြေးခင်နေ့ မနက်ပိုင်း ကိုကျော်နိုင်ဦးက သူမွေးထားတဲ့ ၀က်ကလေးသေလို့ စားရအောင် ကျနော်တို့ ကိုပေးပါတယ်….၂လသားလောက်လေးပါ….ပေါ်စရာဒါးမရှိလို့ဆိုပြီး သွားငှားခဲ့ပါတယ်….
          သူလဲရိပ်မိချင်ရိပ်မိမှာပါ…. မပြေးခင်တရက်က ကျောင်းသားတပ်အ၀င်ဂိတ်မှာ ညဘက် ကင်းတပ်စိပ်မထားတော့တာသိထားပြီးပါပြီ…စုံစမ်းထားပြီးပါပြီ….KIA ဂိတ်ကိုရှောင်သွားရင်ရပြီပေါ့…..
တရုပ်ပြည်ထဲ ၀င်သွားလိုက်ရုံ ပါဘဲ….
အဲဒီညကကျောင်းသားတပ်မှာ VEDIO ၂ကားဆက်တိုက်ပြတယ်….ည၁၁နာရီလောက်ပြီးတယ်….
ကိုကျော်နိုင်ဦးကို VEDIO ရုံထဲမှာသွားပြောလိုက်တယ်….ကျနော်အိမ်ပြန်တော့မယ်လို့….သူရိပ်မိလား ဆိုတော့ သိပ်မသေချာဘူး….တဲကိုပြန်ရောက်ပြီး ၁၂နာရီခွဲတဲ့အထိ ကိုခင်မောင်ဇော်ပြန်မရောက်လာဘူး….
          ၂နာရီမှာ စထွက်မယ်ပြောထားပြီးသားကို….ဘယ်လိုဖြစ်သလဲပေါ့….ခဏနေတော့ လူသံကြားလို့ တကိုယ်လုံးစောင်နဲ့ပတ်ပြီး တံခါးဟပေးလိုက်တယ်… ကျနော်က ဖိနပ်ပါစီးထားပြီးသား… အ၀တ်အစားအစုံဝတ်ထားပြီးသား….ကိုခင်မောင်ဇော်ကိုသတင်းပြန်ကြားက ကိုကျော်ခိုင်က တွဲပြီးလာပို့တာ….
ခေါင်းမထူနိုင်တော့ဘူး…ကိုကျော်ခိုင်ကို အထဲအ၀င်မခံဘဲ ရပြီဆိုပြီးပြန်ခိုင်းလိုက်တယ်…
          ကိုခင်မောင်ဇော်ကို ဘယ်လိုဖြစ်သလဲ မေးတော့ သူငယ်ချင်းကိုခွဲရတော့မှာမို့ သွားနှုတ်ဆက်တာတဲ့
သောက်တာများသွားတော့တာပေါ့…ငါ့ကိုထားခဲ့ပြီး မင်းတို့ဘဲ သွားကြပါတော့တဲ့…စိတ်တိုကုန်တာပေါ့
ဘယ်လိုလုပ်ကြမလဲ….ဘာတွေစကားကျွံခဲ့မှန်းမသိ….၁နာရီထိုးတော့မယ်…ကိုမိုးဇော်ထွန်း လဲစိတ်တွေတိုနေပါပြီ.....ဘာလုပ်မလဲ…ဘာလုပ်သင့်လဲ….ကျနော်က ကိုမိုးကြီး ကျနော့်ကို ၄၅ မိနစ် လောက်
အချိန်ပေးပါ….ကျနော်ကြိုးစားကြည့်ပါမယ်လို့ …..သတင်းစာစက္ကူကိုပြာချ၊ ရေထဲမွှေပြီး ကိုခင်မောင်ဇော် ကို တိုက်ပါတယ်…၃ခါလောက်တိုက်ပြီး နာရီဝက်လောက်နေတော့ အန်ပါတော့တယ်…အစာတွေအများကြီး ထွက်ပြီး ၁၅မိနစ်လောက်နေတော့ လှုပ်လာတယ်…စကားပြောလို့ရတယ်….လန်းပြီလား…ဖြစ်လား…ခင်ဗျားမလိုက်လို့
မရဘူးပြောတော့ ….ရပြီဖြစ်တယ်တဲ့….ဒါဆိုထ….ကျောပိုးအိပ်ပြင် တော့ဆိုတော့ ယိုင်တိုင်တိုင်ထပါတယ်….
          ကျောပိုးအိပ်ပြင်ပါတယ်….သူလဲအားတင်း၊အားမွေးလိုက်ပုံရပါတယ်….၁၅ မိနစ်လောက်နေတော့
KIA ဂိတ်ဘက်က ၂နာရီသံချောင်းခေါက်ပါတယ်….အပြင်ကိုချောင်းကြည့်တော့ စခန်းတခုလုံးတိတ်ဆိတ်နေပါပြီ
တရေးနိုးအပေါ့အပါးထသွားတဲ့သူမရှိပါစေနဲ့ပေါ့…တံခါးမကြီးကို တွန်းဖွင့်လို့ရအောင်ဂျက်မထိုးဘဲ စေ့ထားခဲ့ ပါတယ်….မနက်အစော တယောက်ယောက်လာရင် ထင်းခွေသွားသလိုလို ဘာလိုလိုပေါ့…
          ကိုခင်မောင်ဇော်က ရှေ့ဆုံးကထွက်မယ်ပြောတယ်….အစောတည်းက ရည်ရွယ်ချက်နဲ့ လမ်းမဘက်
ခြမ်းကိုဆင်းတဲ့ဘက်မှာ ပြူတင်းပေါက်( ကဲလား ) တခုဖေါက်ထားကြတာ….အဲဒီကနေစထွက်ပြီး စခန်းအလယ်ကောင်က လမ်းမကြီး အတိုင်း မှောင်ရိပ်ခိုပြီးသွားကြတယ်…ကျနော်ကအလယ်က…ကိုမိုးကြီး
ကနောက်ကပေါ့…..ကိုကျော်နိုင်ဦး တို့တဲအပေါ် လမ်းမနေရာရောက်တော့ သူ့ကိုတွေးမိပါသေးတယ်….
          သင်္ချိုင်းကျော်လာပြီး ကျောင်းသားဂိတ်နားရောက်တော့ ကင်းတွေမထားတော့တာသိနေပေမဲ့…. ဒါးတွေထုတ်ပြီး သတိနဲ့ ချည်းကပ်ပါတယ်…ဂိတ်နောက်ကတောင်ကြောလေးကို ဆင်းပါတယ်…..KIA ဂိတ်ကို
ရှောင်ကြတာပါ….နောက်တော့ လိုင်စင်နဲ့ နယူးကမ့် ဆက်ထားတဲ့လမ်းဘက်ကို ထွက်ပါတယ်….ညာဘက်က
ခဲ ၂ ပစ်လောက်မှာ KIA ဂိတ်ရှိတယ်…..ဘယ်ဘက်မှာ နယူးကမ့်ဂိတ်က ဝေးပါတယ်….ရေချောင်းလေးကို
ကျော်လိုက်တာနဲ့ တောင်ကြောလေးတခုအကွယ်ကိုရောက်တယ်…..တရုပ်ပြည် နယ်စပ်အစနေရာပါဘဲ….
          ခဏနားကြပြီး စခန်းဘက်ကိုနားစွင့်တယ်….လူစုသံ…၀ီစီမှုတ်သံ မကြားဘူးဆိုတော့ မရိပ်မိတာ သေချာသွားပြီ…အနဲဆုံးမိုးလင်းမှဘဲသိတော့မယ်….အချိန်ရပြီ…လွတ်ပြီပေါ့….စိတ်နဲနဲပေါ့သွားတယ်…
XINXIN စီးကရက်တဘူးဝယ်ထားကြတာ ထုတ်သောက်လိုက်ကြသေးတယ်…ထူးဆန်းတဲ့ ဘ၀တခုလိုလဲ
ခံစားနေရတယ်…..
          အောက်ဆေးရုံအဟောင်းကိုဆင်းတဲ့ တောလမ်းအတိုင်းဆင်းခဲ့ကြတယ်… အောက်ဆေးရုံနေရာရောက်တော့…လမ်းပေါ်မှာကားသံမကြားရမှ လမ်းပေါ်တက်ခဲ့ကြတယ်….
မိနစ်၂၀ လောက်ဆင်းရင် KIA မိသားစုတွေနေတဲ့ ရှားဟော့ပါဆိုတဲ့ရွာလေးကိုဖြတ်ရမယ်….
ခပ်တည်တည်နဲ့ ခရီးသွားတွေလိုဘဲ အသွင်ယူပြီးဖြတ်တယ်….. တချို့အိမ်တွေက မီးလင်းနေတယ်….
ကချင်လို ၂ခွန်း၃ခွန်းပြောပြီး သွားလိုက်ကြတယ်….ရွာကိုကျော်လာမှဘဲ သက်ပြင်းချနိုင်ပါတယ်….
ရွာကိုမဖြတ်ခင်ကတည်းက ကိုခင်မောင်ဇော်က မရတော့ပါဘူး…ကျောပိုးအိပ်ကို ကျနော်ယူထားရပါပြီ။
သူ့ကိုတွဲခေါ်လာရတယ်….အစမို့သာအားတင်းပြီး ထလိုက်လာပေမဲ့ သူမဟန်နိုင်တော့ပါဘူး….
နောက်တနာရီခွဲလောက် ဆမားမြို့လေးရောက်တဲ့အထိ တွဲခေါ်လာရတယ်….လိုင်စင်ကို ဆန်ပို့တဲ့ ကားတွေ
လမ်းအတိုင်း တက်လာလို့ ပုန်းကြရသေးတယ်….
          ဆမားကနေ ယင်ကျန်မြို့ကိုနေ့ဝက်လောက်ကားစီးရင်ရောက်တယ်….လိုင်းကားကမနက်ပိုင်း၅နာရီမှာ ပုံမှန် ရဲစခန်းရှေ့ကထွက်တယ်…၀င်ခွင့်စာအုပ်စစ်တယ်…စီးလို့မဖြစ်ဘူးဆိုတော့….အစောကတည်းက
စဉ်းစားထားကြတဲ့အတိုင်း ရဲစခန်းကော မြို့ကိုပါ ကျော်သွားပြီး မြို့စွန်ကသွားစောင့်ကြတယ်…
၅နာရီ၁၅ လောက်ကားရောက်လာတော့ တားပြီးစီးခဲ့ကြတယ်….လွယ်လွယ်ကူကူပါဘဲ…မနက်စာစားချိန်လောက်
ယင်ကျန်းကိုရောက်တယ်….ကားနောက်က ခုံတန်းရှည်ကြီးမှာတော့ ကိုခင်မောင်ဇော်က အိပ်ရက်သားပါလာတော့တာပါဘဲ….
          ယင်ကျန်းရောက်တော့ ကျနော်တို့ကိုကူညီနိုင်မယ်ထင်တဲ့ ဆိုင်လေးကိုသွားကြတယ်….
ပိုင်ရှင်ကိုတွေ့တော့ ကျနော်တို့ကိုရွှေလီရောက်အောင်ကူညီပေးပါလို့ပြောခဲ့ကြတယ်…
          သူမကူညီရဲပါဘူးတဲ့…..ဟိုတလောပိုင်းက ရာကွတ်ဘိုင်ဆိုတဲ့ သူတယောက်ကိုလဲ ကျောင်းသားတပ်
ကခေါ်သွားတယ်တဲ့…နောက်သေသွားတယ်တဲ့….သူ့အနေနဲ့ မကူညီရဲဘူးလို့ ငြင်းပါတယ်…
          အဲလိုဖြစ်နေတုံး ကျောင်းသားတပ်က မောင်ညွန့်ဝင်လာတယ်….သူကအရင်ကရွှေလီချစ်လဘက်ရည်ဆိုင်
က…အခုယင်ကျန်းကဆိုင်ကိုရောက်နေတာ…ကျနော်တို့ငါးကန်နားကတဲမှာနေတာမြင်ဘူးထားတာ….
သူကဗဟိုမှာသင်တန်းလာတက်ထားတော့မြင်ဘူးနေတယ်….အကိုတို့ဘယ်တုံးကရောက်လဲတဲ့ ဆိုင်ကိုသွားကြမယ်လေတဲ့…ဘောက်မိုင်လဲရှိတယ်တဲ့…တို့အလုပ်ရှိသေးလို့ ညကြမှလာနိုင်မယ်….. ဘောက်မိုင်လဲပြောလိုက်…ညကြမှ လာမယ်ပေါ့….မောင်ညွန့်လဲ အကိုတို့လာဖြစ်အောင်လာခဲ့နော် ပြောပြီးပြန်ထွက်သွားလေရဲ့….အဲဒီဆိုင်ကဖွင့်တာမကြာသေးဘူး…သိပ်လဲဝေးပုံမရဘူးထင်ပါတယ်… ဘာဘဲဖြစ်ဖြစ်စိုးရိမ်သွားကြတယ်….
          သတင်းပေါက်နိုင်တယ်ပေါ့…KIA …ကျောင်းသား လက်လှမ်းမှီတဲ့နေရာမှာဘဲရှိနေကြသေးတယ်….
ဒါနဲ့ဆိုင်ရှင်ကို မေးလာမြန်းလာရင် ဘာမှမသိဘူးဖြေဘို့….အဓိက ကတော့ ဘယ်ဘက်ထွက်သွားတယ်ဆိုတာ
မပြောဘို့ ခြောက်ပြီးထားခဲ့ရတယ်…ပိုက်ဆံက ရွှေလီကိုကားငှားသွားဘို့မရှိဘူး…ယွမ် ၂၀၀လို့ပြောတယ်…
ယွမ်၄၀လောက်ဘဲရှိတော့တယ်….ဘတ်စ်ကားမစီးရဲဘူး…ယင်ကျန်ကထွက်ပြီးခရိုင်၂ခုကြားမှာစစ်ဆေးရေး
ဂိတ်ရှိတယ်…ဒါနဲ့ဒီနေရာကထွက်သင့်တယ်ဆိုပြီး ရွှေလီဘက်ထွက်တဲ့လမ်းမကြီး အတိုင်း
လျှောက်ဖြစ်ကြတယ်….ထရော်လာဂျီတစင်းလာလို့ တက်လိုက်သွားကြတယ်…ကျန်ဖေါင်ဆိုတဲ့မြို့သေးသေး
လေးရောက်တယ်…..ဆင်းပြီးတော့ ဘာလုပ်မလဲစဉ်းစားကြတယ်…ဘတ်စ်ကားစီးလို့မရဘူး…စစ်လို့တွေ့ရင်
KIA ဆီပြန်ရောက်သွားမှာ…လိုအပ်ရင်တော့ မြန်မာပြည်ထဲပြန်ဝင်ပြီး တောလမ်းအတိုင်း အနီးဆုံးစစ်တပ်ဆီ
သွားမလားပေါ့….စိတ်မချရဲဘူးဖြစ်တယ်….ရှေ့တန်းစခန်းတွေ ကမသေချာဘူး…. အခန့်မသင့်ရင်သေသွားမလားပေါ့…မယုံရဲဘူး….KIA တပ်တွေနဲ့ပြန်တွေ့နိုင်တယ်…
          ကုန်ကားတွေဖြတ်သွားနေတာတော့တွေ့တယ်….တစီးတားလိုက်တယ်….မရပ်ပေးဘူး….
နောက်တစီးကျတော့ ရပ်လိုက်တယ်…..ကျန်ဟောင်လို့ပြောတယ်…..
ရွှေလီမရောက်ခင်ကမြို့လေးကိုရောက်မယ်…လိုက်မယ်ဆိုပြီး ကိုခင်မောင်ဇော်…ကိုမိုးကြီးတို့ကိုလာလာဆိုပြီး
ခေါ်လိုက်တယ်…တရုပ်အလုပ်သမား ၁၀ယောက်လောက်ပြေးလာကြတယ်…လမ်းကြုံလိုက်လာကြတယ်….
          အားလုံးကားပေါ်ရောက်တော့ နောက်က ဖျင်စကြီးကိုဆွဲပိတ်ထားလိုက်ကြတယ်….ခေါင်းခန်းလေးနားက
အပေါက်ကနေကြည့်ပြီးလိုက်လာကြတယ်….ကိုခင်မောင်ဇော်ကတော့ အရက်နာကျပြီး ကြမ်းပြင်မှာ ပက်လက်ကြီးပါတယ်….တရုပ်တွေက ကွိစိကွစိလက်ညှိုးထိုးမေးကြတာပေါ့….အရက်သောက်သလို လုပ်ပြလိုက်ရတယ်…အားလုံးသဘောပေါက်သွားကြရော….
          အမှန်က ကိုခင်မောင်ဇော်က အရက်သောက်လေ့မရှိဘူး…ဘီယာသောက်ရင်တောင် မျက်နှာကြီးနီပြီး ဒေါင်ချာဆိုင်းမူးတတ်သူမျိုးပါ….အဲတာကိုပြန်ရတော့မှာဆိုပြီး ၀မ်းနဲလို့ သောက်လိုက်တာနေမှာပါ…အလွန်ဆုံး
သောက်ခဲ့ရင်လဲ…တစ်စိတ်လောက်ပါဘဲ…ကချင်အရက်ကတော့ပြင်းပါတယ်….
No comments: