Monday, October 22, 2012

မြောက်ပိုင်းမြေမှ ပုံရိပ်များ

 - ( ဇာတ်သိမ်း )

by Ko Lin Wai Aung on Monday, October 22, 2012 at 1:02pm ·

ကျန်ဟောင်ရောက်ရင် သတိထားဘို့ ကိုမိုးကြီးနဲ့တိုင်ပင်ဖြစ်တယ်….ကျောင်းသားတပ်က တစ်ချို့ ဆိုင်ကယ်ဝယ်ဘို့ ရောက်နေတယ်ဆိုတာသိထားတယ်….ကောင်းကောင်းပြောမရရင် လုပ်စရာရှိတာလုပ်ပစ်မယ်ပေါ့….အစောကတည်းကတိုင်ပင်ထားတာက KIA…ကျောင်းသား အဖမ်းမခံဘူး….လိုအပ်ရင် စတိုးဆိုင်တွေ…ကုန်တိုက်တွေ ရိုက်ခွဲလိုက်မယ်…တရုပ်ထောင်ထဲသွားနေမယ်…လွတ်ရင်
မြန်မာပြည်ကိုပို့ခိုင်းမယ်ပေါ့….
          ဒီလိုနဲ့ကျန်ဟောင်မြို့လေးကိုရောက်ပါပြီ….ကားခတောင်းလို့ပေးလိုက်တော့ လက်ထဲမှာ တရုပ်ငွေ
တစ်ဆယ်ကျော်လောက်ကျန်ပါတယ်….ရွှေလီကိုဆက်ဘို့စဉ်းစားနေတုံး လွယ်ဂျယ်….လွယ်ဂျယ်….ဆိုပြီး အော်နေတဲ့အသံကြားလို့ ကြည့်လိုက်တော့ မီနီဘတ်စ်လေးတွေကနေအော်နေတာ….
          လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးဖွင့်တာရေဒီယိုကကြားထားတယ်….လွယ်ဂျယ်မှာ အစိုးရစစ်တပ်ရှိတာ
သိထားတော့ လွယ်ဂျယ်ကိုသွားရင်ရတယ်လို့ တွေးမိတယ်….မေးကြည့်တော့ ပါတဲ့ငွေနဲ့လောက်တယ်…တယောက်ကို ၃ယွမ်လားမှတ်မိပါတယ်…ကားက ၁၅မိနစ်လောက်ဘဲမောင်းတယ်…
ရောက်ပါပြီ….နယ်စပ်မျဉ်းပေါ်မှာ ဘုရားပွဲလိုစည်နေပါတယ်…. ဆိုင်တန်းတွေအတိုင်းဝင်သွားရင်
လွယ်ဂျယ်ရွာကြီး ပါတဲ့….အစိုးရစစ်တပ်ရှိလား…ဘယ်နားမှာလဲဆိုတော့ ဘယ်သူ့မေးမေးမဖြေကြတော့ဘူး…
ဗမာစကားမတတ်ချင်ယောင်လဲ ဆောင်ကြတယ်…ဒါလဲထူးခြားမှုတခုပေါ့….
          နောက်မှစဉ်းစားမိတာက သူပုန်ရုပ်ပေါက်နေသူတွေက အစိုးရတပ်နေရာမေးနေတော့ မဖြေရဲကြဘူး
ဆိုတာပါဘဲ…ပြသနာရှိတယ်…အန္တရာယ်ရှိတယ်လို့မြင်ကြတယ်…
          ကျန်တဲ့ပိုက်ဆံ၃ယွမ်ကို ရွှေရင်အေးလေးဝယ်သောက်ရင်း တိုင်ပင်ဖြစ်တယ်….ကိုယ့်သဘောအတိုင်း
ဆုံးဖြတ်ကြပါပေါ့…ဘာလုပ်မယ်ဆိုတာကို….စစ်တပ်ဆီဝင်မလား….တရုပ်ပြည်ထဲလုပ်စားမလားပေါ့…
တရုပ်ပြည်ထဲမှာကနေရဘို့ မလွယ်ပါဘူး…KIA …နဲ့ ကျောင်းသားလက်လှမ်းမှီတယ်…တောင်ပိုင်းသွားဘို့ ကလဲမလွယ်ဘူး….ပိုက်ဆံကလဲမရှိဘူး…..
          နောက်ဆုံးရွေးစရာလမ်းက တခုထဲဘဲရှိပါတယ်…ညနေ ၄နာရီလောက်တော့ရှိပါပြီ….
ဈေးတန်းလေးကိုဖြတ်ပြီး လွယ်ဂျယ်ရွာဘက်ကို ၀င်ကြတယ်….ရွာလေးကျော်လာတော့ ကွင်းပြင်ကြီးရောက်လာတယ်…ရဟတ်ယာဉ် ဆင်းဘို့ အချက်ပြကွင်းလေးတွေ တွေ့တယ်….
ရဲဘော်၂ယောက်ကင်းစောင့်နေတာတွေ့လို့ တပ်ကဘယ်မှာလဲမေးတော့ ဘာအတွက်လဲမေးတယ်..
အကျိုးအကြောင်းရှင်းပြတော့ တယောက်က တပ်ကိုသတင်းသွားပို့တယ်…အရာခံဗိုလ်တယောက်လိုက်လာပြီး
လာခေါ်တယ်….မလိုက်သွားခင်ကျောပိုးအိပ်တွေထဲ ဘာပါလဲရှာတော့ ယူနီဖေါင်းတွေတွေ့သွားတယ်…သူတို့
ယူထားလိုက်တယ်….
          လွယ်ဂျယ်စခန်းထဲရောက်တော့ တပ်ရင်းမှူးနဲ့တွေ့ပါတယ်…ဗိုလ်မှူးမောင်မောင်ဋ္ဌေးပါ….ခမရ ၂၃၇ လို့
ထင်ပါတယ်..ဗန်းမော်ကို စစ်ကြောင်းရှိရင်ထည့်ပေးမယ်ပြောပါတယ်…အခက်အခဲရှိရင်ပြောပါဆိုတော့ ကျနော်တို့
ယူနီဖေါင်းတွေ ပစ္စည်းတွေကို ကင်းရဲဘော်က ယူထားလိုက်တယ်လို့ ကိုခင်မောင်ဇော်က ပြောလိုက်ပါတယ်…
သွားခေါ်စမ်းဆိုပြီး ရောက်လာတော့ ကျနော်တို့ရှေ့တင်အဲဒီရဲဘော်ကို ပါး၅ချက်လောက်ရိုက်ပစ်လိုက်ပါတယ်…
          စိတ်မကောင်းပါ…အားနာပါတယ်…ဒါပေမဲ့ မတတ်နိုင်ပါဘူး….
          ခဏနေတော့ ဆန်ဂိုထောင်ကြီးထဲမှာသွားနေရပါတယ်….
          နောက်ရက် လွယ်ဂျယ်မှာတာဝန်ကျတဲ့ ထောက်လှမ်းရေး ၂ ယောက်က လာခေါ်ပြီး ရွာထဲက သူတို့
အလုပ်ခန်း/အိမ်လေးမှာ ကိုယ်ရေးအချက်အလက် ယူပါတယ်….
          လွယ်ဂျယ်စခန်းက ကုန်းပြေပြေလေးမှာတည်ထားတာပါ….နောက်ဘက်မှာ သဲချောင်းတခုရှိတယ်…
ရေချိုးရင်အဲဒီမှာထွက်ချိုးကြတယ်…ရှေ့တန်းအထိုင်စခန်း တခုဆိုတော့ စခန်းတခုလုံးကို ကျားလှန်တွေ/
ကျားမှောက်တွေ ကာထားတယ်…အပြင်ဘက်မြေကြီးတွေမှာလဲ ၀ါးညှောင့်တွေအပြည့်ပါဘဲ…
          အဲဒီကနေ ကျော်မယ်ဆိုရင် ပတ်ခြာလည်မှာ လူတရပ်ကျော်နက်တဲ့ ကျင်း တွေအစီအရီတူးထားတယ်…
အတင်းပြေးတက်ရင် ကျင်းထဲကျမှာဘဲ….ကျင်းတွေထဲမှာ ၀ါးညှောင့်တွေက အသင့်စောင့်နေတယ်…နေရာလပ်မရှိဘူး….ဆက်ပြီးတက်လာရင် နောက်ထပ်စည်းရိုးတစ်တပ် ခံထားတယ်….
          အဲဒီစည်းရိုးကိုဖေါက်ဝင်နိုင်ရင် နောက်ဆုံးတွေ့ရမှာက ရှေ့ထွက်မိုင်းတွေ ဆင်ထားတာပါ…
အခြေအနေကြည့်ပြီး ကျင်းတွေထဲကနေ ရှေ့ထွက်မိုင်းကို အသုံးပြုကြတာပါ….လက်ပစ်ဗုံးတကမ်းလို့လဲ ပြော လို့ရပါတယ်…
          ၁၉၉၃ ဧပြီ ၁၀ ရက်နေ့ (မှတ်မှတ်ရရ ကျနော့ ၂၅နှစ်ပြည့်) မှာတော့ ဗန်းမော်ကိုထွက်တဲ့ စစ်ကြောင်း
ကားတွေနဲ့ လိုက်ရပါတယ်…တပ်ကြပ်ကြီးတယောက်က တာဝန်ယူပြီးလိုက်ပို့တယ်…ကားပေါ်မှာ တပ်ရင်းမှူး
က ရိုက်တာကိုခံရတဲ့ ရဲဘော်လဲပါလာတယ်….သူ့လက်ထဲမှာလဲ G3 နဲ့….ကွက်ကြည့်ကွက်ကြည့်နဲ့ ပါလာတာပါ
ဘဲ….အမုန်းတရားတော့ မတွေ့ရပါဘူး….သူ့ဘက်ကိုယ့်ဘက် ဖြစ်တတ်ကြတာ သဘာဝပါဘဲ….
          စိန်လုံ….မိုးမောက် ဖြတ်ပြီး နေ့ခင်းလောက် ဗန်းမော် ခလရ ( ၄၇ ) ကိုရောက်တယ်…အဲဒီမှာ ပါလာတဲ့တပ်ကြပ်ကြီးက စာရင်းတွေ နဲ့ ကျနော်တို့ကို ရုံးမှာအပ်ပါတယ်…
          ဘယ်မှာထားပြီး ဘယ်တော့အိမ်ပြန်ရမလဲ စဉ်းစားနေကြတာပေါ့….
ခဏနေတော့ လာကြဆိုပြီး ဗဟိုကင်းဘက်ကိုခေါ်သွားတယ်….၀င်ကြဆိုပြီး ဗဟိုကင်း အချုပ်ထဲကို ထည့်ထား လိုက်ပါတော့တယ်….
          အချုပ်ထဲမှာ စစ်တပ်ကတပ်ပြေးတွေအများကြီးဘဲ… ကျောင်းသားသင်တန်းဋ္ဌာန (နောင်ရာပါ)ကနေ ပြေးလာတဲ့ ရှမ်းအမျိုးသားလူငယ် ၂ယောက်ရှိတယ်….. ဖမ်းခေါ်တာခံရပြီး သင်တန်းကနေပြေးလာကြတာ….
နောက်  254 လို့ခေါ်တဲ့ KIA ဗဟိုကာကွယ်ရေးတပ်က ကိုမျိုးဦး၊ လားရှိုး ဦးမထုနော်ရဲ့ တပ်က ခွင့်ပြုချက်
မရဘဲနယ်ကျော်လာလို့ ဖမ်းထားတဲ့ ကချင်ရဲဘော်တယောက်….ကျနော်တို့ ၃ယောက်နဲ့ဆိုတော့ ၇ ယောက်အဖွဲ့ လေးဖြစ်သွာတယ်…
          ၁၀ရက်လောက်ကြာတော့ ကိုမျိုးဦးကို တပ် ထလရ ကခေါ်စစ်တယ်…ပြန်လာတော့ ကျနော်တို့ အားလုံးကို ရဲကိုလွှဲပြီး တရားရုံးတင်မယ်ပြောတယ်တဲ့….ခင်ဗျားက အလင်းဝင်တာမဟုတ်လားဆိုတော့ ဟုတ်တယ်တဲ့…လက်နက်မပါလို့ လို့ပြောတယ်တဲ့….ကိုမျိုးဦးက ကျနော်ဝင်လာတော့ လက်ပစ်ဗုံး ပါလာတယ်တဲ့…တပ်ကိုရောက်တော့ ခါးပုံစ ထဲကထုတ်ပေးလိုက်တာပါတဲ့….
          နောက်နေ့ကျနော်တို့ ၃ ယောက်ကိုခေါ်မေးပြီး ရဲကိုအပ်မယ်ဆိုတာသိလိုက်ရတယ်….
ဒါနဲ့မဖြစ်သေးပါဘူးဆိုပြီး အိမ်ကိုဆက်သွယ်ဘို့လုပ်ရတယ်….အချုပ်ခန်းနောက်က ကွက်လပ်မှာ ငွေတိုက်
တခုရှိတယ်….ဘဏ်ကလူတွေက မနက်ထုတ်….ညနေပြန်လာထည့်ကြတယ်… နယ်တွေမှာက ငွေကို အဲလို
မျိုးစစ်တပ်ထဲမှာ ငွေတိုက်လုပ်ပြီး ထားကြတာ…ကျနော်တို့က မနက်…နေ့လည်….အပြင်ထွက် အလုပ်လုပ်ရတယ်… အဲတာ ငွေလာထုတ်တဲ့အချိန် ကျတော့ အရာရှိထင်ရတဲ့ သူကို စီးပွားရေးဘဏ်ကလား
ရန်ကုန်ရုံးချုပ်ကလူတွေ သိလားမေးတော့ …သိတယ်တဲ့…အဖေနာမည်ပြောလိုက်တော့ သိတယ်တဲ့…
          မနှစ်ကတောင် စာရင်းစစ်လာရင်း သူ့သားတစ်ယောက် ဒီဘက်တောထဲမှာရှိတယ်ဆိုပြီး ပြောသွားသေးတယ်တဲ့….မိုးမောက်ဘဏ်က အဖေ့မိတ်ဆွေ တွေနဲ့တွေ့ရတာပါ….သူ့သားပါ ဆိုပြီး အကျိုးအကြောင်း ပြောပြတော့ ၀မ်းသာအားရဘဲ အိမ်ကိုအကြောင်းကြားပေးမယ် ပြောပါတယ်….

          ပိုပြီးသေချာအောင်ဆိုပြီး မနန်းစောဗန်းမော်မှာ ရှိနေတယ်…ချိတ်ကြည့်ရအောင်ဆိုပြီး ရဲဘော်တွေ ကို
မေးကြည့်ပါတယ်…မနန်းစောတို့ ၅၅ ယောက်က လွယ်ဂျယ်ကနေ ဗန်းမော်ရောက်ပြီး  (ခလရ ၄၇ ) ယ္ခု တပ်မှာဘဲ နေခဲ့ရပါတယ်… ရဲဘော်တချို့ကူညီကြပါတယ်…စုံစမ်းပေးကြပါတယ်… စာတစောင်ရေးပေးလိုက်ပါတယ်..နောက်ရက်ကျတော့ 555 စီးကရက်တစ်ဘူး…စားစရာတွေ…မုန့်တွေနဲ့
မနန်းစောရောက်လာပါတယ်….
          အိမ်ကို အကျိုးအကြောင်း စာရေးပေးဘို့ တိုင်ပင်ဖြစ်ကြပါတယ်….
နောက်နေ့မနန်းစော တခေါက်ပြန်လာတော့ တပ်ထဲမှာ ကျနော်တို့ မရှိတော့ပါဘူး….ရဲစခန်းပို့ လိုက်တယ်ဆိုတာသိရတော့ အိမ်ကို အရေးတကြီး စာရေးပါတော့တယ်….
          ရဲစခန်းအချုပ်ထဲ မထည့်ခင် စခန်းမှူးက မေးတာတွေလုပ်ပါတယ်….ကျနော်တို့က အားလုံး၇ယောက်ပါ…
တိုင်ပင်ကြတာက အချုပ်ခန်းထဲရောက်ရင်တန်းစီး ဆိုတဲ့ကောင်ရှိမယ်…တခုခုလုပ်ရင် ၀ိုင်းဆော်ပစ်မယ်ဆိုပြီး
တိုင်ပင်ကြတယ်…စခန်းမှူးက အခြေအနေသဘောပေါက်သွားတယ်ထင်ပါတယ်….ခင်ဗျားတို့ ထဲက အကြီး
ဆုံးကဘယ်သူလဲပေါ့…ကိုခင်မောင်ဇော်လို့ ပြောလိုက်ကြတော့….ဒါဆိုခင်ဗျားတို့အတွက်သူက တန်းစီးလုပ်ဆိုပြီးပြောတယ်…လာကြဆိုပြီးအချုပ်ခန်းကိုခေါ်လာတယ်…
          အထဲကတန်းစီးကိုခေါ်ပြီး သူတို့ကိုဘာမှမလုပ်နဲ့…ဘယ်လိုနေ ဘယ်လိုထိုင်ရမယ်ဆိုတာဘဲ ပြေပြ ထားလိုက်ဆိုပြီးမှာတယ်….၀က်ခြံလို အပေါက် ၂ထပ် ကနေ ၀င်ပြီးမှ အချုပ်ခန်းကိုရောက်တယ်…
          အဲဒီညက ဂျပိုးကိုက်တာလဲအလွန်ပါဘဲ…ဘာယာလုပ်တဲ့သူရဲ့အသံကလဲ ဆူနေတော့ ကောင်းကောင်း
အိပ်မရပါဘူး…. နောက်နေ့မှာ ကျနော်တို့ ၇ယောက်ကို ကားပြာကြီးနဲ့ လာခေါ်သွားပါတယ်…မိနစ်၂၀ လောက်
မောင်းပြီးတော့ ဗန်းမော်တရားရုံးကို ရောက်ပါတယ်….တရားရုံးအချုပ်ထဲမှာ ၁နာရီလောက်နေရပြီး တရားသူကြီး
ရှေ့ကို သွားရတယ်….တရားသူကြီးက ရမန်ယူပြီး နောက်တပတ်ကို တရားဆိုင်ဘို့ပြန်ချိန်းပါတယ်….
          ရဲက ကျနော်တို့အားလုံးကို ပုဒ်မ ၁၇(၁)၊ပုဒ်မ၁၇(၂) နဲ့ အရေးယူပေးဘို့ တရားရုံးတင်လိုက်တာပါ….
အားလုံးပြီးတာနဲ့ ကားပြာကြီးနဲ့ဘဲ ပြန်ထွက်လာကြရပါတယ်…နောက်တော့ ရဲစခန်းဘက်မမောင်းဘဲ တနေရာ
ကိုသွားနေတာ သတိထားလိုက်မိတယ်…ကားရပ်ပြီး အလှည့်ကျဆင်းကြရတော့ ကျနော်တို့တွေကို ဗန်းမော်
အကျဉ်းထောင်က ကြိုနေတာတွေ့ရပါတယ်…
          ထောင်ကိုရောက်တော့ အမြင်သစ်တွေနဲ့ အထူးအဆန်းတွေပါဘဲ….၀င်ဝင်ချင်းညာဘက်မှာ ရေတွင်း
ကြီးထဲကရေကို လှည်းဘီးထက်ကြီးတဲ့ အရွယ်ပမာဏ လောက်ရှိတဲ့ သံရစ်ဘီးကြီးနဲ့ အကျဉ်းသားတွေက လှည့်ပြီး ရေတင်နေကြတာတွေ့ရတယ်…အကျဉ်းသားတွေက ၂ ယောက်တတွဲတန်းစီထားပြီး ၂ယောက်စီ
အလှည့်ကျဝင်လှည့်ရတာပါ…ရစ်ဘီးလိုလက်ကိုင်ကနေ ဟိုဘက်တယောက် ဒီဘက်တယောက် လှည့်ကြရတယ်……အင်္ကျီတွေချွတ်ထားတော့ ကျေးပိုင်ကျွန်ပိုင်ခေတ်က မြင်ကွင်းမျိုးပါဘဲ….
          အချုပ်လူသစ်ဆောင်မှာ နေရမယ်ဆိုပြီး ၀င်ပေါက်နားရောက်တော့ ဖိနပ်ချွတ်…ဖိနပ်ချွတ်ဆိုပြီး ပြောတော့
ဖိနပ်ချွတ်ပြီး ကိုင်မယ်လဲလုပ်ရော တစ်ယောက်က ၀င်ပြီးဖိနပ်ကိုစီးတယ်…သူ့ဖိနပ်အစုပ်ကိုထားပြီး လစ်ပြေးသွား
ရော…သြော်…ထောင်ထဲမှာဒါမျိုးတွေလဲရှိတယ်ဆိုပြီး ပညာရလိုက်ပါတယ်…
          ညနေပိုင်းကျတော့ ဘာယာတွေက အိမ်သာတက်ချင်ရင်/အပေါ့သွားချင်ရင် ဘယ်လိုပြောရမယ်…. ဘုရားရှီခိုးရင် ဘယ်လိုတန်းစီရမယ်….အချုပ်ပုံစံကဘယ်လိုထိုင်ရတယ်…စသဖြင့်သင်ပေးတယ်…
တောပြန်တွေလဲဖြစ်တယ်…ကျောင်းသားတွေလဲဖြစ်တော့ မိုက်မိုက်ရိုင်းရိုင်း မဆက်ဆံပါဘူး… ကောင်းကောင်းမွန်မွန်ဘဲ အေးအေးဆေးဆေးပြောပြကြပါတယ်…သင်ပေးကြပါတယ်…
          နောက်တော့ ဘာယာတွေက သီချင်းတွေဘာတွေ ဆိုကြရအောင်ပြောတော့ ကျနော်ရယ် ကိုမိုးဇော်ထွန်း
ရယ် က စိတ်ပင်ပန်းနေတာရော…မထင်မှတ်ဘဲ ထောင်ထဲရောက်လာတာရောဆိုတော့ စိတ်တိုနေကြတာလဲပါတယ်….တိုင်ပင်ပြီး ကျောင်းသားသမဂ္ဂသီချင်းကို သံပြိုင်ဆိုပါတော့တယ်….
          အလုပ်ရုံဘက်ကထောင်ကျတွေရော…၁၇(၁) တွေရော…အခြားအကျဉ်းသားတွေပါ….
လက်ခုပ်တွေတီးပြီး အားပေးကြလို့….တန်းစီးတွေ…၀ါဒါတွေပြေးလာကြပါတယ်….ဘာမှတော့မလုပ်ပေမဲ့
နောက်ကိုဘာသီချင်းမှ မဆိုကြဘို့ တန်းစီးကပြောပါတယ်….သူလဲ သပိတ်ကာလက ပါခဲ့ပါတယ်တဲ့….အခြေအနေအရကြည့်နေရပါတယ်တဲ့….
          နောက်ရက်တွေမှာ ကျနော်တို့ကို ကြိမ်ထိုးတဲ့ အလုပ်ရုံမှာ တာဝန်ချလိုက်ပါတယ်…စစချင်းတော့
အလုပ်သင်သဘောပေါ့…ကလေးထိုင်တဲ့ ကြိမ်ခုံတွေ…ဆက်တီတွေကို ကြိမ်ထိုးရတာပါ….ဆွဲခြင်းတွေ…အလှအပ
တွေလဲပါတယ်….
          ဗန်းမော်ထောင်က အဲဒီအချိန်က ထောင်သေးလေးပါ….လူ၃၀၀လောက်ဆန့်တယ်….(ဃ) အဆင့်လို့ထင်ပါတယ်….မူးယစ်ဆေးဝါးနဲ့ ကျတာတွေများတယ်….သုံးစွဲသူတွေပေါ့….သူတို့ကို အဆောင်သပ်သပ် ထားတယ်….၂ထပ်သစ်သားဆောင် ၂ဆောင်ရှိတယ်….အချုပ် ၁ထပ်ဆောင်ကတခုရှိတယ်…
သီးသန့်အဆောင်တခုရှိတယ်….ယက်ကန်းအလုပ်ရုံတခုရှတယ်….တိုက်ခန်း တခုရှိတယ်….
          ကပ်လျှက်တံတိုင်းတခုအခြားမှာတော့ မိန်းမထောင်ရှိတယ်….
နောက်နေ့တွေကျတော့မှ ပိုသိလာရတာက ကျောင်းသားတပ်က မိုးဝေတို့ လင်မယားရောက်နေတယ်…
လွတ်ခါနီးဖြစ်နေပြီ….ဟိုဘက်အမျိုးသမီးထောင်မှာ မနန်းစောရဲ့ အမေထောင်ကျနေတာ လွတ်ကာနီး ပြီလို့
သိရပါတယ်….ကျောင်းသားတပ်နဲ့ ဆက်သွယ်လို့ကျနေတာလို့ ကြားသိရပါတယ်….
          ၁၀ရက်လောက်နေတော့ ထောင်မှူးတယောက်က နာမည်ခေါ်ပြီး စာတစောင်ပေးပါတယ်…ဖတ်ပြီးရင်
ပြန်ပေးရမယ်တဲ့….အဖေဆီကရေးလိုက်တဲ့စာပါ…နန်းစောဆီကစာလဲရကြောင်း…ဘဏ်ကမိတ်ဆွေမှလည်း
ဖုန်းဆက်အကြောင်းကြားတဲ့အတွက် သိရကြောင်း….အကျယ်ချုပ်မှထွက်ပြေးပြီး လွတ်မြောက်လာသူဖြစ်ကြောင်း ၅၅ယောက်နှင့်အတူ အဖမ်းခံခဲ့ရသူများဖြစ်ကြောင်း …. တရားရုံးတင်စွဲဆိုခြင်းမှ လွတ်ကင်းခွင့်ပေးဘို့အကြောင်း ….တပ်မတော်ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ဆီစာတင်ထားတဲ့အကြောင်း ရေးထားပါတယ်…ကိုမိုးဇော်ထွန်းမိဘတွေကလည်း စာတင်ဘို့ လုပ်နေတယ်ဆိုတာလဲ သိရတယ်….
          ဘာမှမမျှော်လင့်တာလဲသေချာပါတယ်…၂နှစ်ကတော့ချမှာသေချာတယ်တဲ့….ပုဒ်မ ၂ခု ထဲက တစ်ခုနဲ့
ဘဲချတာတဲ့…တခုကပြုတ်တယ်ပေါ့…နောက်တော့ ရုံးထုတ်တာတွေ လဲသွားရပါသေးတယ်…ရုံးထုတ်တာ
အားလုံး ၃ ကြိမ်ရှိပါတယ်….စွဲချက်တင်ဘို့ တရားရုံးကတော့ မဆုံးဖြတ်ရသေးပါဘူး….တရက်တော့တရား
သူကြီး( အမျိုးသမီး ) က ရက်ချိန်းပြောင်းပေးပြီး အခုလိုပြောပါတယ်….ရှင်တို့က ထောင်ကျမှာသေချာတယ်တဲ့
အဲတာ အိမ်ကမိသားစုတွေကိုအကြောင်းကြားလို့ရပါပြီတဲ့…အကြောင်းကြားထားလိုက်ကြပါတဲ့…..
          အံ့သြရတာက အမှုကိုဘာတခွန်းမှ မစစ်ရသေးပါဘူး…တရားလိုမလာလို့ ရက်ရွှေ့နေရတာပါ…အဲလို
ပြောတော့ ဘယ်လိုကြီးလဲပေါ့….ဒေါသထွက်ရမလား…ဘာပြောရမှန်းမသိကြဘူး….
          ၁၉၉၃ မေလ ၂၀ လောက်မှာ ကျနော်တို့ ၃ယောက်ကို ထောက်လှမ်းရေး ၂၁ ကလူတစ်ချို့က လာထုတ်ပါတယ်….. ထလရ ၂၁ ၀င်းထဲ ရောက်ပြီး ညနေပိုင်းလောက်ကျတော့ လူကြီးလာဘို့ရှိတယ်….
ဗိုလ်ချုပ်ခင်ညွန့်လာမယ်ဆိုပြီး  အလုပ်များမှာဖြစ်တဲ့အတွက် တနေရာပို့ထားမယ်ဆိုပြီး ပြောနေကြတယ်…
ညနေမှောင်ကာနီးကျတော့ ကားတစ်စင်းနဲ့ ဗန်းမော်ရဲစခန်းကို ခေါ်သွားပြီး
အချုပ်ထဲထည့်ထားလိုက်ပါတော့တယ်…ဒုတိယအကြိမ်ပြန်ရောက်ခြင်းပါဘဲ….တန်းစီးတွေကလဲ အံ့သြနေကြတယ်….ဘာဖြစ်တာလဲ….နောက်မှုတက်လို့လား..ဘာလားပေါ့….မေးကြတယ်….
          ၃ရက်လောက်နေတော့ ထောက်လှမ်းရေးတွေက လာထုတ်ကြတယ်….TE 11 ကားကြီးနဲ့ပေါ့…
ထောက်လှမ်းရေးဝင်းကို မ၀င်ဘဲ ကားကြီးက ထောင်ဘက်ကိုဘဲ သွားနေတယ်….ထောင်ရှေ့ရောက်တော့
မှစိတ်ဒုံးဒုံးကျပါတယ်….မလွတ်ဘူးဆိုကိုပေါ့…
          အထဲရောက်တော့ အချုပ်သားတွေက ခင်ဗျားတို့လွတ်သွားကြပြီထင်နေတာတဲ့….အိမ်တွေက စာတင်ထားတာကိုသူတို့သိကြတယ်….ဗိုလ်ချုပ်ခင်ညွန့်လဲ ဗန်းမော်လာတယ်….ကျနော်တို့ ကိုလဲ
ခေါ်ထုတ်သွားတယ်ဆိုတော့ သေချာပေါက်လွတ်သွားကြပြီပေါ့….
          ပြန်ရောက်လာတော့ အံ့သြနေကြတယ်….ရဟတ်ယာဉ်ကလဲ ထောင်ပေါ်ကကပ်ပျံသွားတာတဲ့….
ဗိုလ်ချုပ်ခင်ညွန့်ကိုယ်တိုင် ကျနော်တို့ ကို လာခေါ်သွားတာဆိုဘဲ….ပြောနေကြတယ်….
ကျနော်တို့ကို လက်တွေတောင်ထွက်ပြပြီး နှုတ်ဆက်လိုက်ကြသေးတယ်တဲ့….
          နောက်ရက်တွေကျတော့ ကြိမ်အလုပ်ရုံမှာဘဲ အလုပ်ဆင်းရတယ်….ရုံးတစ်ခါထွက်ရတယ်…..
၎ရက်လောက်နေတော့ ထောက်လှမ်းရေးတွေက လာထုတ်ပြန်ပါတယ်….TE 11 နဲ့ပါဘဲ….ထောင်အပြင် ရောက်တော့ အဖေ့သူငယ်ချင်း ဘဏ်ကအရာရှိက ကျနော့်နာမည်ခေါ်ပြီးပြေးလာတယ်….ပေးလို့ရလား
မေးပြီး အိမ်ကပို့လိုက်တဲ့ ဟင်းတွေ၊စားစရာမုန့်တွေနဲ့ တစ်ကျပ်တန်အသစ်ထုတ်လေး တစ်ထုတ် ကား
ပေါ်တင်ပေးတယ်….
          ဒီတခါတော့ ထောက်လှမ်းရေးဝင်းထဲ ခေါ်သွားပါတယ်….အဲဒီမှာ ဗိုလ်ကြီးဇော်ဝင်းနိုင်ဆိုတာ တွေ့
ရတယ်….သုဝဏ္ဏသားတဲ့….မင်းဒင်လမ်းမှာနေတယ်တဲ့….ကျနော်ကကောက်လျှင်လမ်းမှာနေပါတယ်…လို့
ပြောဖြစ်ပါတယ်….သုဝဏ္ဏသားတွေတွေ့ရတာတော့ ၀မ်းသာပါတယ်ပေါ့….ဒါပေမဲ့တွေးပုံခြင်းတွေ တော့ မတူကြပါဘူး…..နောက်တော့ ကျနော့ကို ကိုယ်ရေးအချက်အလက် ယူမဲ့သူနဲ့တွေ့ရတယ်….
          မျက်နှာချင်းဆိုင်မိ ကြတော့မှ သူကကျနော်တို့ အထက(သုဝဏ္ဏ) က ကျောင်းနေဘက်…..
ကျောင်းလမ်းမှာနေတယ်….တပ်ကြပ်ကြီးဖြစ်နေတယ်…..အံ့သြစရာတွေပါဘဲ…..
လုပ်စရာရှိတဲ့ အလုပ်ကိုလုပ်ပြီးမှ ကျောင်းတုံးက အကြောင်း သူငယ်ချင်းတွေ အကြောင်းပြောဖြစ်ကြပါတယ်…
၈၈ နောက်ပိုင်းမှာသူက တပ်ထဲဝင်သွားတာ…. သုဝဏ္ဏ က သူငယ်ချင်းတွေကိုပြောလိုက်ပါတဲ့…သူကသတိရ
နေပါတယ်လို့ မှာတယ်….သူတပ်ထဲဝင်သွားတော့ သူငယ်ချင်းတွေက ပြောတယ်တဲ့…မင်းလောက်မိုက်တဲ့
သူမရှိဘူးလို့ပြောတယ်တဲ့…..အခုလဲဆက်မိုက်နေတယ်လို့ဘဲပြောလိုက်ပါတဲ့…နာနာကြည်းကြည်းပြော
ပါတယ်.. သူ့စိတ်ခံစားချက်ကို နားလည်ပါတယ်… အေးပါကွာလို့ဘဲပြောရပါတယ်….
          နောက်၂ရက်လောက်နေတော့ တပ်မှူးနဲ့တွေ့ရပါတယ်…ရန်ကုန်ကို ဖုန်းဆက်ပြီး ပစ္စည်းတွေကို
ပါဆယ်နဲ့ပို့လိုက်မယ်ပြောတာကြားတယ်….သေချာသွားပါပြီ…ရန်ကုန်ကို တဆင့်ပြီးတဆင့်ပို့တော့မယ်
ဆိုတာ သဘောပေါက်ပါတယ်…
          နောက်နေ့ကျတော့ သင်္ဘောဆိပ်ကိုဆင်းရပါတယ်…..အရာရှိတယောက်ကလိုက်ပို့ပါတယ်…
ဗန်းမော်ဆိပ်ကမ်းကနေ ရေတိမ်သွား ၂ထပ်သင်္ဘော အဖြူလေးက တရွေ့ရွေ့ ထွက်ခွာပါပြီ…..
ရွှေကူကိုလဲဖြတ်ရတယ်….ကြက်တူရွေးနှုတ်သီးခေါ်တဲ့ အန္တရာယ်များတဲ့ ကျောက်ဆောင်…မြစ်ကျဉ်း
တွေကိုလဲ ဖြတ်ခဲ့ရပါတယ်….တဖြည်းဖြည်းတောင်ဘက်ရောက်လာလေ ကျောက်တုံးကျောက်ဆောင်တွေ
ကသေးလာလေ…နောက်တော့မြစ်ပြင်ကျယ်လာပြီး သဲသောင်တွေဘဲမြင်ရပါတော့တယ်…မြောက်ပိုင်း
ကုန်းမြင့်ဒေသကနေ တရွေ့ရွေ့ ဝေးလာခဲ့ပြီဆိုတာ သက်သေတွေပေါ့….
          ဘယ်လိုဘဲဖြစ်ဖြစ် ကျနော်တို့ယုံကြည်စွာတည်ဆောက်ခဲ့တဲ့….ABSDF မြောက်ပိုင်းရယ်…. ရင်းနှီး
ပေးဆပ်ခဲ့ရသူတွေရဲ့သမိုင်းကြောင်းတွေရယ် ကတော့ ပျောက်ကွယ်သွားလိမ့်မယ်လို့ မယုံကြည်ပါဘူး….
ကချင်ပြည်နယ် မြောက်ပိုင်းဒေသက စွန့်လွှတ်ခဲ့ကြရတဲ့ သူတွေရဲ့ သွေးချွေးတွေရယ်….ယုံကြည်ချက် တွေရယ်ကတော့ဖြင့် မှတ်တမ်းတခုအနေနဲ့တည်ရှိနေမှာပါ…..
          ပျောက်ပျက်မသွားနိုင်တော့တဲ့ မြောက်ပိုင်းမြေမှ ပုံရိပ်များ အဖြစ်ပါဝင်ပတ်သက်ခဲ့ကြတဲ့ ကျနော်တို့
ကျောင်းသားရဲဘော်ဟောင်းတွေရဲ့ရင်ထဲမှာ ထာဝစဉ်တည်တံ့ နေတော့မှာပါ……..




No comments: