Monday, December 17, 2012

နှလုံးသားထဲမှာ အမုန်းတရားတွေဝင်သွားရင်တော့ ကျွန်မရှုံးမှာ

ငါက ကဗျာတွေ ရေး
မင်းက မိန့်ခွန်းတွေ ပြော
ဒီမှာ ချစ်သူက ပန်းကန်တွေ ဆေး
သန့်ရှင်းတဲ့ ကမ္ဘာတော့
မရသေးဘူး
သန့်ရှင်းတဲ့ ပန်းကန်များ ရပါပြီ။
(သုခမိန်လှိုင်)
၁။ ကျွန်တော် ရန်ကုန်မြို့တွင် နေထိုင်ပါသည်။ ပညာရှိတစ်ဦး မဟုတ်ပါ။ ယုန်ကလေးတစ်ကောင်လို နားရွက်ထောင်ထားပါသည်။ ရန်ကုန်မြို့၏ ခေတ်ပေါ်ကဗျာကို ကျွန်တော် ဖတ်နေပါသည်။ တစ် ချိန်တည်းမှာပင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဆန္ဒ ထုတ် ဖော်မှုများကို ကျွန်တော့်ရင်ဘတ် နှင့်နားစွင့်နေပါသည်။
၂။ စံပယ်တွေကြွေပြီ အချစ်ရယ်။ စံပယ်တောင်လည်း ကြွေသွားပါပြီကွယ်။ ဆရာဦးအံ့မောင်သည် ချင်းတွင်းမြစ်ကမ်းနဖူးမှာ မတ် တတ်ရပ်လျက် တောင်များကို ကြည့်ရင်း ကြေကွဲနေသူတစ်ဦး ဖြစ်ပါသည်။ ကဗျာဆရာအံ့မောင်လိုပင် မုံရွာမြို့သူမြို့သားများသည် လည်း တောင်များကိုကြည့် ရင်း ကြေကွဲရသည်။
၃။ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း အနီးအနားမှာ နေထိုင်သူ ဝက်မှေးရွာသူ မအေးနက်၏ စ ကားလုံးများကို ကျွန်တော့် ရင်ထဲတွင် သိမ်းဆည်းထားပါသည်။ ၂ဝ၁၂၊ စက်တင်ဘာ ၂၄ ထုတ် The Voice ဂျာနယ် စာမျက်နှာ ပေါ်တွင် မအေး နက်နှင့် တွေ့ ဆုံ ခြင်းကို ကျွန်တော် ဖတ်ရှုခဲ့ရဖူးပါ သည်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒထုတ်ဖော်နေ မှုများတွင် ဦးဆောင်ပါဝင်ခဲ့ သူ မအေးနက်ကို ကျွန်တော် ရန်ကုန် မြို့မှ ဂုဏ်ပြုပါသည်။ ထို့အတူ မအေးနက်နှင့်အတူ တိုက်ပွဲဆင်နွှဲ ခဲ့သော မသွဲ့သွဲ့ဝင်းကို ကျွန်တော် ရန်ကုန်မြို့မှ ဂုဏ်ပြုပါသည်။
   ''ကျွန်မကို ရဲအရာရှိတစ်ယောက်နဲ့ ရဲမေသုံးယောက်က ဆွဲထုတ်တယ်။ ဆွဲလာတဲ့အချိန်မှာ ကျွန်မ ထဘီကျွတ်သွားတယ်။ နေ ပါဦး။ ထဘီဝတ်ပါရစေဦး။ ကားပေါ်ကို အေးအေးဆေးဆေး တက်မှာပါ။ ခင်ဗျားတို့ ပို့တဲ့ဆီကို အေးအေးဆေးဆေး လိုက်မှာပါ။ ထွက်မပြေးပါဘူးလို့အော်ပြီး စိတ်တိုလာတာနဲ့ ယမ်းလိုက်ရော။ ကျွန်မလည်း ထဘီကျွတ်သွားတယ်။ ဖမ်းခံရတဲ့ ညမှာပဲ ကျွန်မနဲ့ သွဲ့သွဲ့ဝင်း ကို အချုပ်ခန်းကနေ ထောင်ဘက် ကို ပြောင်းခဲ့တာပါ''
    မုံရွာမြို့ ဆုတောင်းပြည့် ဘုရားကြီးရှေ့ ဆန္ဒထုတ်ဖော်ပွဲမှ အပြန် နန်ချွန်ဆိပ်ကမ်းတွင် မအေးနက်နှင့် မသွဲ့သွဲ့ဝင်းတို့ ဖမ်းဆီးခံရ သည်။ ထိုနေ့သည် ၂ဝ၁၂ စက်တင်ဘာ ၁ဝ ရက် ဖြစ် ပါသည်။
    ''ဒီလက်ပံတောင်းတောင် က ကြေးနီစီမံကိန်းကတော့ ရပ်တန့်မှ ဖြစ်မယ်။ မိဘတွေက မွေးထားတယ်ဆိုပေမယ့် ဒီတောင်ကြီး ကို မှီခိုစားသောက်နေရတာ။ ဒီ လက်ပံတောင်းတောင် စီမံကိန်းကြီး ကို ရပ်တန့်စေချင်တယ်။ ကျွန်မ တို့ လယ်ယာမြေတွေ အပေါ် မြေ စာတွေ လာပုံရင်တော့ အခုပုံရင် အခု သွားတားမှာပဲ။ အသက်ပဲ လဲ ရ လဲရ ကျွန်မတို့က ကာကွယ် သွားမှာပဲ''
ဝက်မှေးရွာသူ မအေးနက်၏ ပြောစကား ဖြစ်ပါသည်။
သူမသည် ၂ဝ၁၂၊ စက် တင်ဘာ ၁၄ ရက်နေ့တွင် အချုပ် မှ ပြန်လည်လွတ်မြောက်လာပါ သည်။
    ''ပြန်လွတ်လာပြီး ရွာကို အပြန်လမ်းမှာ နှုတ်ဆက်ကြတဲ့လူတွေကိုတွေ့တော့ အတိုင်းထက်အလွန် ဝမ်းသာမိပါတယ်။ ပြန်လည် လွတ်မြောက်လာတဲ့ အချိန်မှာ ရွာက ဆွေမျိုးတွေကို ပြန်တွေ့ ခွင့်ရတဲ့အတွက် စိတ်ချမ်းသာတယ်။ လာနှုတ်ဆက်တဲ့ သူတွေ အများစုက လက်ပံတောင်းတောင်အရေး ဆက်လုပ်မှာလားလို့ မေးကြတယ်။ အထဲမှာ ဖမ်းဆီးခံထားရတဲ့ အချိန်ကတည်းက ဆက်လုပ်မယ်လို့ဆုံးဖြတ်ချက်ချပြီးသားပါ။ အခုလွတ်မြောက်လာတော့လည်း လက်ပံတောင်းတောင်အရေး ဆက်လက်လုပ်ဆောင် သွားမှာပါ''
   ဝက်မှေးရွာသူ မအေး နက်၏ ပြောစကား ဖြစ်ပါသည်။ ကျွန်တော်သည် ရန်ကုန်မြို့ တစ် နေရာမှ နေ၍ ဝက်မှေးရွာသူ မ အေးနက် ၏ စကားလုံးများကို အလေးအနက် နားဆင်ခဲ့ဖူးပါ သည်။
၎။ Myanmar Wanbao Ltd က တော့ ရွာသူရွာသားတွေ ဘယ်လိုပဲ ဆန္ဒပြပြ အမေရိကန်ဒေါ်လာ ၉၉၉ သန်း ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံထားကြောင်းပြောပြီး လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို ဆက်လက်ဆောင်ရွက်မြဲဆောင်ရွက်နေပါ သည်။ ကျေး ရွာသူရွာသားများက ထိုကြေးနီစီမံကိန်း ရပ် ဆိုင်းရန် ဆန္ဒထုတ်ဖော်ကြသည်။
   ကျေးရွာများ ဘုန်းကြီး ကျောင်းများ ရွှေ့ပြောင်းခံရသည်။ စာသင်ကျောင်းများ ရွှေ့ပြောင်းခံရ သည်။ သာသနိကအဆောက်အ အုံများကို ထိပါးလာသည်။ သစ်ပင်များ ခုတ်လှဲခံကြရသည်။ ရွာသူရွာ သားတို့၏ လယ်ယာမြေများ အသိမ်းခံကြရသည်။
၅။ ၂ဝ၁၂၊ စက်တင်ဘာ ၃ဝ တွင် ရန်ကုန်မြို့တော်ဝင်နှင်းဆီခန်းမမှာ လက်ပံတောင်းတောင်ဝန်းကျင် နှင့်ချင်းတွင်းအလှထိန်းသိမ်း ကာကွယ်ရေးဆွေးနွေးပွဲကျင်းပသည်။ ၈၈ မျိုးဆက်ကျောင်းသားများက ဦးဆောင်သည်။ ဝက်မှေးရွာသူ မသွဲ့သွဲ့ဝင်းနှင့် မအေးနက် တို့ လည်း တက်ရောက်ခဲ့ကြသည်။
   သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး၊ ဒေသခံ ပြည်သူတို့၏ ဘဝအိုးအိမ်နှင့် အသက်မွေးဝမ်းကျောင်းအရေး၊ အမျိုးသား အကျိုးစီးပွားအရေးတို့ ဖြင့် ရြော>ွပမ်းနေသော လက်ပံ တောင်းတောင်အရေး ဖြစ်ပါသည်။
၆။ ၂ဝ၁၂၊ နိုဝင်ဘာ ၂၃ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပုလဲမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က လက်ပံတောင်းတောင်အရေးကို လွှတ်တော်သို့ အဆိုတင်သွင်းပြီ။ ပြည်သူလူထုက ယုံကြည်ကိုးစားသည့် ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်း များ၊ ပြည်တွင်းပြည်ပ ပညာရှင်များ၊ အဖွဲ့အစည်းများ ပါ ဝင်သည့် လွတ်လပ်သော နိုင်ငံ တော်အဆင့် ကော်မရှင်တစ်ရပ် ဖွဲ့စည်း ကာ လက်ပံတောင်းတောင် အရေးကို စစ်ဆေးရန်၊ သုံးသပ်ပါ ရန်၊ အကြံပြုရန်၊ ထိုအချက်များကို ပွင့်လင်းမြင်သာစွာ ထုတ်ဖော်ကြေ ညာစေပြီးမှ လက်ပံတောင်းတောင် အရေးကို သမ္မတက အဆုံးအဖြတ် ပေးရန်။
၇။ ၂ဝ၁၂၊ နိုဝင်ဘာ ၂၆ ရက်ည တွင် မုံရွာမြို့မှ သံဃာတော်များ သည် ချင်းတွင်းမြစ်အနောက်ဘက် ကမ်းရှိ လက်ပံတောင်းတောင် သပိတ်စခန်းများရှိ သပိတ်မှောက် သံဃာတော်များနှင့် သွားရောက် တွေ့ဆုံပူးပေါင်းရန် ချင်းတွင်းမြစ် စက်လှေဆိပ်သို့ ရောက်ရှိ လာကြ ပြီး ထိုအချိန်မှာပင် အာဏာပိုင် များက မထွက်ခွာရန် တားဆီး လိုက်ကြသည်။ သံဃာတော်များ သည် တာရိုးပေါ်တွင် တစ် ညလုံး လုံး ထိုင်သပိတ်ဆင်နွှဲကြ၏။ နိုဝင် ဘာ ၂၇  နံနက်တွင် သံဃာတော် များသည် မုံရွာမြို့တွင်း စီတန်း လှည့်လည်ခဲ့ကြ၏။
၈။ လက်ပံတောင်းတောင် သပိတ် စခန်းများကို ယခုလ (နိုဝင်ဘာလ) ၂၇ ရက် ည ၁၂ နာရီနောက်ဆုံး ထား၍ ဖယ်ရှားရန် အစိုးရက ရုပ် သံလွှင့်ဌာနမှ အမိန့်ကြေညာချက် ထုတ်ပြန်သည်။
၉။ ၂ဝ၁၂၊ နိုဝင်ဘာ ၂၉ ရက် နံနက် ၃း၃ဝ တွင် ရဲတပ်ဖွဲ့က ကြေးနီစီမံကိန်းအနီးရှိ သပိတ် စခန်းခြောက်ခုကို အင်အားသုံးအကြမ်း ဖက်၍ ဖယ်ရှားရှင်းလင်း လိုက်၏။ သံဃာတော်နှင့် လူ ၇ဝ ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါ်ခင်စန်းလှိုင်က ပြောသည်။
''ပျောက်ဆုံးနေတဲ့ သံ ဃာတော်တွေလည်း ရှိပါတယ်''ဒေါ်ခင်စန်းလှိုင်ကပြော သည်။
''ရဲတွေက သံဃာတော်တွေကို ဒီလိုလုပ်တာ တွေးလေ တွေးလေ ရင်ဆို့လေပဲ။ မျက်ရည်ကျခဲ့တယ်။ သံဃာထုကို စော်ကားတာ စိတ်မကောင်းဘူး''
   အစိုးရဘက်မှ အင်အားသုံး အကြမ်းဖက်၍ ဖြိုခွင်းမှုကို မျက်မြင်ကြုံတွေ့ရသော သံဃာတော်တစ်ပါးက သတင်းထောက်များ ကို ပြောသည်။
၁ဝ။ ၂ဝ၁၂၊ နိုဝင်ဘာ ၂၉ ည ၈ နာရီ မိနစ် ၃ဝ တွင် ဒေါ်အောင် ဆန်းစုကြည်သည် မုံရွာမြို့ ဆေးရုံ ကြီးသို့ သွားရောက်သည်။ သပိတ် စခန်းများကို သက်ဆိုင်ရာက အင် အားသုံး ဖြိုခွင်းခဲ့ရာတွင် မီးလောင် ဗုံးသင့်ဒဏ်ရာနှင့် အခြားထိခိုက် ဒဏ်ရာ ရရှိသော သံဃာတော်များ အား ဒေါ်အောင်ဆန်းစုကြည်က သွားရောက်ဖူးမြော်သည်။ အားပေး စကားပြောကြားခဲ့သည်။
၁၁။ နိုဝင်ဘာ ၂၉ ရက် ညနေ ပိုင်းမှာ မုံရွာခရိုင် ဆားလင်းကြီးမြို့ နယ်၊ ကန်ကုန်းကျေးရွာတွင် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်း စကား ပြောကြားခဲ့သည်။
''ကျွန်မတို့ နိုင်ငံသားတွေက အေးအေးချမ်းချမ်းနေချင်တယ်ဆိုတာကို ကျွန်မယုံကြည်တယ်။ ကျွန်မတို့ နိုင်ငံသူ နိုင်ငံသားတွေက အချင်းချင်းကြားမှာ စေတနာမေတ္တာနဲ့ပဲနေချင်တယ် ဆိုတာလည်း ကျွန်မယုံကြည်တယ်။ ဒါ လူသားတိုင်းက ဒီလိုပါ ပဲ။ စေတနာမေတ္တာနဲ့ နေရတဲ့ ပတ်ဝန်းကျင်ဟာ အင်မတန်မှ အေးချမ်းပါတယ်။ ဒေါသတွေ ဟုန်းဟုန်းတောက်နေတဲ့ ပတ်ဝန်းကျင် ဆိုတာ မအေးချမ်းနိုင်ပါဘူး။ ဒါကြောင့် ကျွန်မတို့ရဲ့ နိုင်ငံကြီး အေးချမ်းဖို့အတွက် ကျွန်မ အစဉ် အမြဲပဲ ပြန်လည်ရင်ကြားစေ့ရေး လမ်းကို ကျွန်မလျှောက်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို လျှောက်တဲ့အခါမှာ ကျွန်မနဲ့အတူ ပြည်သူပါလာမှ ကျွန်မ လုပ်ငန်းတွေ ဟာ အောင်မြင်နိုင်မှာပါ''
၁၂။ နိုဝင်ဘာ ၃ဝ ရက်နေ့ နံနက် မှာ မုံရွာမြို့၊ အေးသာယာရပ်ကွက် ဇက်ဆိပ်သောင်ပြင်၌ ဒေါ်အောင် ဆန်းစုကြည်သည် မိန့်ခွန်း စကား ပြောကြားခဲ့သေး၏။
''ကျွန်မ တစ်ခုတော့ သတိပေးမယ်နော်။ ကျွန်မတို့ စိတ်ထဲမှာ အာဃာတတွေတော့ မထားပါနဲ့။ အာဃာတတွေ ထားလို့တော့ ကျွန်မတို့နိုင်ငံ တိုးတက်ရေးအတွက် အင်မတန်မှ ခက်ပါတယ်။ ကျွန်မတို့ ရုန်းကန်ခဲ့ရတယ်ဆိုတာ အနှစ် ၂ဝ ကျော်ပါပြီ။ ညတုန်း ကလည်း သံဃာတော်တွေကို တွေ့ဆုံခဲ့ပါတယ်။
   ဒီအနှစ် ၂ဝ ကျော် ရုန်း ကန်ခဲ့ရတဲ့အချိန်မှာ ကျွန်မစိတ်ထဲ မှာ ဘာရှိလဲဆိုတော့ ကျွန်မ နှလုံး သားထဲမှာ အမုန်းတရား ဝင်သွား ရင် ကျွန်မရှုံးတော့မယ်လို့ ကျွန်မခိုင်ခိုင်မာမာစွဲထားတယ်။ အမုန်းတရားဝင်သွားရင်တော့ ကျွန်မရှုံးမှာ။ ကျွန်မကို တိုက်ခိုက်နေတဲ့ သူတွေ ရှုံးမှာ မဟုတ်ဘူး။
   ကျွန်မ နှလုံးသားထဲကို ဘယ်တော့မှ အမုန်းတရား အဝင် မခံခဲ့ဘူး။ ကံကောင်းထောက်မလို့ လည်း ဝင်လည်း ဝင်မလာပါဘူး။
ကျွန်မတို့ ပြည်သူတွေ လည်း ဒီလိုပဲ ထားစေချင်တယ်။ မတရားတဲ့ ကိစ္စဆိုရင် မခံရဘူး။ ဒီလိုပဲ ကိုယ်ကနေ ပြန်ပြီး ကာကွယ် ရမယ်။ ကိုယ်ကနေ ပြန်ပြီး တုံ့ပြန်ရမယ်။ အမုန်းတရားတွေနဲ့ မဟုတ်ဘူး။ အမှန်တရားကို အခြေ ခံပြီး ခေါင်းအေးအေး ပြန်ပြီးတော့ တုံ့ပြန်ရမယ်''။
   လက်ပံတောင်းတောင် ကိစ္စနဲ့ ပတ်သက်လို့လည်း ကျွန်မ ဒီအတိုင်းပဲ လုပ်ချင်တယ်။ အမှန်တရားပေါ်မှာ အခြေခံပြီး တုံ့ပြန် မယ်။ အမုန်းတရားပေါ်မှာ အခြေခံပြီး ကျွန်မတို့ မတုံ့ပြန်ဘူး။ အာဃာတတွေပေါ်မှာ အခြေခံပြီး မတုံ့ပြန်ဘူး။ အဲဒီလို လုပ်တဲ့အခါ မှာ ပြည်သူလူထုရဲ့ ထောက်ခံမှုကို အများကြီးလိုလိမ့်မယ်''
ငြိမ်းချမ်းရေး နိုဘယ်လ် ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ပြောစကား ဖြစ်ပါသည်။
မောင်ကိုကို (အမရပူရ)
 

No comments: