Sunday, December 16, 2012

မာလီနိုင်ငံ၏ နိုင်ငံရေး အကျပ်အတည်း-

မာလီနိုင်ငံ၏ နိုင်ငံရေး အကျပ်အတည်း-
ကုန်းတွင်းပိတ်အနောက်အာဖရိကမှ မာလီနိုင်ငံမှာ ၁၉၆ဝ ပြည့်နှစ်တွင် ပြင်သစ်လက်အောက်မှ လွတ်လပ်ရေးရပြီးကတည်း က ယခုအခါ အဆိုး
ဆုံးသော မကြုံစဖူးနိုင်ငံရေးအကျပ်အတည်း နှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတစ် နိုင်ငံဖြစ်သည့် ဤနိုင်ငံ၏ မြောက်ပိုင်းကို အယ်လ်ခိုင်ဒါနှင့် ဆက်သွယ်မှုရှိသည့် အုပ်စုများအပါအဝင် သူပုန်တို့က ထိန်းချုပ် ထားသည်။ ပြည်သူက ရွေးကောက်တင်မြှောက်ထားသည့် အစိုးရက သူပုန်တို့နှင့် ပတ်သက်၍ ပျော့ညံ့သည်ဆိုကာ ၂ဝ၁၂ ခုနှစ် မတ် ၂၂ ရက်တွင် စစ်တပ်က အာဏာသိမ်းလိုက်သည်။ သို့သော် စစ်တပ်က အာရုံထွေပြားသောအခါ သူပုန်တို့က အလျင်အမြန် နယ်မြေ သိမ်းယူထိန်းချုပ်လိုက်ပြန်သည်။ အနောက်အာဖရိက ဒေသအုပ်စုဖြစ်သည့် အီကိုဝပ်၏ ကြားဝင်မှုဖြင့် သဘောတူညီမှု ရရှိကာ အရပ်သားအစိုးရ ပြန်တက်လာသည်။ မာလီလွှတ်တော် ဥက္ကဋ္ဌ ဒေါင်ကွန်ဒါထရောက်ရီသည် ဧပြီ ၁၂ ရက်တွင် ယာယီ သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုကာ ရာထူးလက်ခံခဲ့သည်။ သို့သော် နိုင်ငံရေးမတည်ငြိမ်မှုကား ရှိမြဲရှိနေသည်။ စစ်ဘက်က ရာထူးစွန့်ခိုင်းသဖြင့် နုတ်ထွက်သွားသော မာလီဝန်ကြီးချုပ် ချိတ်မိုဒီဘို ဒိုင်ယာရာ၏ နေရာကို ဝန်ကြီးချုပ် သစ်အဖြစ် ဂျန်ဂိုဆစ်ဆိုကိုအား သမ္မတထရောက်ရီက ၂၄ နာရီ အတွင်း အစားထိုးခန့်အပ်လိုက်သည်။ လက်ရှိ ပြဿနာအစက ဤသို့ ဖြစ်သည်။ ကျဆုံးသွားသော လစ်ဗျားခေါင်းဆောင် မွမ်မာကဒါဖီဘက်မှ ခုခံတိုက်ခိုက် ကြသည့် ရာပေါင်းများစွာသော မာလီတိုက်ခိုက်ရေးသမားများ ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် မာလီနိုင်ငံသို့ ပြန်လည်ထွက်ပြေး လာခဲ့ကြသည်။ ဆိုမာလီတိုက်ခိုက်ရေးသမားများ သယ်ယူ လာသော လက်နက်များကိုင်ဆောင်ကာ မာလီနိုင်ငံမြောက်ပိုင်း အဇာဝပ်ဒေသလွတ်မြောက်ရေးအတွက် အဇာဝပ်အမျိုးသား လွတ်မြောက်ရေးလှုပ်ရှားမှုအဖွဲ့ (အမ်အင်န်အယ်လ်အေ) ဟူ သော အမည်ခံလျက် အင်အားတောင့်တင်းသော တွာရက်သူပုန် အုပ်စုကို ထူထောင်လိုက်သည်။ တွာရက်များသည် တောင်ပိုင်းအစိုးရက ၄င်းတို့အား ခွဲခြားဆက်ဆံသည်ဟုဆိုကာ နှစ်ပေါင်းများစွာကပင် သုံးလေး ကြိမ်မျှ ပုန်ကန်ခဲ့ကြသူများဖြစ်သည်။ တပ်သားသစ်များနှင့်တကွ မာလီစစ်တပ်မှ ထွက်လာသူများပါ ပါဝင်သည့် အမ်အင်န်အယ်လ် အေ သူပုန်များသည် နှစ်လအတွင်းမှာပင် မြောက်ပိုင်းရှိ အချက် အချာမြို့ သုံးလေးမြို့ကို သိမ်းနိုင်ခဲ့သည်။ အမ်အင်န်အယ်လ်အေသူပုန်အုပ်စုသည် နိုင်ငံမြောက်ပိုင်းရှိ နယ်မြေတစ်ခွင်တစ်ပြင်ကြီးကို သိမ်းယူနိုင်ရုံမက၊ မာလီတပ် တွင်း ပုန်ကန်မှုကိုပင် ဖြစ်စေလောက်အောင် အင်အား တောင့် တင်းလှုပ်ရှားနိုင်ခဲ့သည်။ ထို့ပြင် နောက်ပိုင်း၌ မာလီနိုင်ငံမြို့ တော် ဘာမာကိုတွင် မတ်လ ၂၂ ရက်က အာဏာသိမ်းမှု တစ်ခု ဖြစ်ပေါ်စေခဲ့သည်။
မြောက်ပိုင်းအခြေအနေကို မိမိတို့ ထိန်းထားနိုင်ကြောင်း မာလီအစိုးရက ပြောဆိုနေစဉ် တိုက်ပွဲဝင်နေသည့် အရာရှိ မဟုတ်သော စစ်သည်များမှာ စစ်အသုံးအဆောင်နှင့် ရိက္ခာပါ လုံလုံလောက်လောက်မရရှိသဖြင့် စိတ်ဓာတ်ကျဆင်းကုန်ကြ သည်။ မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှုနှင့် အယ်လ်ခိုင်ဒါ အကြမ်းဖက်သမားများအရေးကို သမ္မတ အမာဒိုတူမာနီအနေဖြင့် ပြတ်ပြတ်သားသား မကိုင်တွယ်မဖြေရှင်းနိုင်သည့်ပြင် သူပုန် လှုပ်ရှားမှုများက ထပ်မံပေါ်ပေါက်လာသဖြင့် တပ်သားများမှာ ပိုမိုအားမလိုအားမရဖြစ်ရခြင်း ဖြစ်သည်။ထိုအတောအတွင်း သူပုန်တို့ သိမ်းထားသည့် သဲကန္တာရ ထူထပ်သည့် မြောက်ပိုင်းတွင် နိုင်ငံတကာတပ်ဖွဲ့များ ဖြန့်ကြက် ရေးကို မာလီနိုင်ငံက ပြင်ဆင်လျက်ရှိသည်။ အနောက်အာဖရိက အုပ်စုဖြစ်သည့် အီကိုဝပ်မှ တပ်ဖွဲ့ဝင် အများဆုံး ပါဝင်ဖွဲ့စည်းမည့် အင်အား ၃ဝဝဝ ကျော် ပါဝင်သော နိုင်ငံတကာ အရေးပေါ်တပ်ကို ဖြန့် ကြက်မည်ဖြစ်သည်။ မာလီတပ်ဖွဲ့ဝင်များပါဝင်သည့် အီကိုဝပ် ဦးဆောင်သည့် နိုင်ငံတကာတပ်ဖွဲ့ ဖြန့်ကြက်ခွင့်ပြုမည့် ကုလ သမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ချမည့် အရေးကို မာလီ ပြည်သူအများစုက စောင့်မျှော်လျက်ရှိသည်။ မာလီနိုင်ငံ၏ ပိုင်နက် နယ်မြေတည်တံ့ရေးနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ အုပ်ချုပ်ရေးကို ထိန်းသိမ်းထားနိုင်ရန် အစီအစဉ် အသေးစိတ်ကို လုံခြုံရေးကောင်စီက တောင်းဆိုသဖြင့် အီကိုဝပ်က ပြီးခဲ့သည့် လကုန်ပိုင်းကပင် အစီအစဉ်ရေးဆွဲခဲ့သည်။ ထိုသို့သော အခြေအနေတွင် မာလီဝန်ကြီးချုပ် ဒိုင်ယာရာ ရာထူးမှ ထွက်ရပြီး ဝန်ကြီးချုပ်သစ်အဖြစ် ဂျန်ဂိုဆစ်ဆိုကိုအား ယာယီသမ္မတက အမြန်ဆုံးအစားထိုးခန့်ခြင်းဖြစ်သည်။ ဝန်ကြီး ချုပ် ဒိုင်ယာရာအား ရာထူးမှ ထွက်စေသည့် မာလီစစ်တပ်ကို ကုလသမဂ္ဂနှင့်တကွ နိုင်ငံအများအပြားက ပြစ်တင်ဝေဖန်ကြ သည်။ သို့သော် မတ်လအတွင်းက အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ကြီးအမာဒိုးဆာနိုဂိုကမူ ဝန်ကြီးချုပ်ကို စစ်တပ်က ထွက်ခိုင်း ခြင်းမဟုတ်၊ ဝန်ကြီးချုပ် ဒိုင်ယာရာ ရာထူးမှ နုတ်ထွက်ရာတွင် အဆင်ပြေအောင်လုပ်ပေးခြင်းသာ ဖြစ်သည်ဟု ထုတ်ဖော် ပြောကြားလိုက်သည်။ ယာယီသမ္မတ ဒေါင်ကွန်ဒါ ထရောက်ရီအနေဖြင့် ကတိ ပြုသည့်အတိုင်း ဝန်ကြီးချုပ်သစ်ကို လစ်လပ်ပြီး ၂၄ နာရီအတွင်း တွင် အစားထိုးခန့်အပ်ပေးလိုက်သည်။ သို့သော် ယင်းသို့ လုပ်ရုံဖြင့် မာလီနိုင်ငံကို ဒီမိုကရေစီခရီးလမ်းကို ပြန်သွားစေရမည် ဟူသော နိုင်ငံတကာ တောင်းဆိုမှုများကို အပြည့်အဝဖြည့်ဆည်း ပေးနိုင်ပါမည်လော။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မာလီနိုင်ငံ၏ နောက်ဆုံး ဖြစ်ပေါ်ပြောင်းလဲမှုများအပေါ် သူများစွာ စိတ် အနှောင့်အယှက်ဖြစ်ရကြောင်း၊ ဤအဖြစ်က မာလီနိုင်ငံ၏ နိုင်ငံ ရေး အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရန် ပြည်တွင်းနှင့် နိုင်ငံတကာကြိုးပမ်းအားထုတ်မှုများ အရေးကြီးကြောင်းကို မီးမောင်းထိုးပြလိုက်ခြင်းဖြစ်သည်ဟု ပြောကြားလိုက်သည်။ မာလီနိုင်ငံ၏ ယခုဖြစ်ရပ်များမှာ ဒီမိုကရေစီလမ်းကြောင်းတွင် ဆုတ်ဆိုင်းမှုတစ်ရပ်အဖြစ် အမေရိကန်နိုင်ငံက သတ်မှတ်လိုက် သည်။ အီကိုဝပ်အဖွဲ့ကမူ ယင်းဖြစ်ရပ်ကို ပြစ်တင်ရှုတ်ချသည်။ မာလီမြောက်ပိုင်းမှာ မူးယစ်မှောင်ခိုများ၊ အယ်လ်ခိုင်ဒါ အကြမ်းဖက်သမားများနှင့် အစ္စလာမ္မစ်အစွန်းရောက်များက တွာရက်သူပုန်များနှင့် အပေးအယူမျှနေသည့် နေရာဖြစ်နေရာမှ လစ်ဗျားစစ်ပွဲမှ ချန်ရစ်သည့် လက်နက်ခဲယမ်းများက အားဖြည့် ပေးလိုက်သောအခါ မာလီနိုင်ငံအတွက် ပိုမိုရင်လေးစရာ ဖြစ် နေတော့သည်။ ။

**တိုး**
http://jacbaburma.blogspot.ca/

No comments: